သဖြန်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သဖြန်[ပြင်ဆင်ရန်]

ဒွေးချိုး၊ တြိချိုးနှင့် လေးချိုးတို့ကို တခါတရံ သဖြန် ဟု အမည်တပ်၍ခေါ်သည်ကို တွေ့ဖူးပေမည်။ ထိုသို့ခေါ်သည်မှာ သီဆို တီးမှုတ်မှုဆိုင်ရာ ဂီတသဘောကိုလိုက်၍ ဖြစ်သည်။ ပတ်ပျိုး၊ ယိုးဒယား စသည်တို့ကို သီဆိုတီးမှုတ်၍ ပြီးဆုံးသောအခါ အသံကိုဖြန်ဖြေသော သဘောဖြင့် ဒွေးချိုးကိုဖြစ်စေ၊ တြိချိုးကိုဖြစ်စေ၊ လေးချိုးကိုဖြစ်စေ သီဆို၍ အဆုံးသတ်လေ့ရှိသည်။ ထိုအခါမျိုးတွင် ဒွေးချိုးသဖြန်၊ တြိချိုးသဖြန်၊ လေးချိုး သဖြန်ဟု ခေါ်လေ့ရှိသည်။[၁]

သဖြန်[ပြင်ဆင်ရန်]

သဖြန်ဆိုသည်မှာ ပတ်ပျိုးစသော အထက်သံသီချင်းကြီးများကို ဆိုပြီးနောက် အသံကိုသံမှန်သို့ပြန် ရောက်စေရန် သီဆိုရသောသီချင်းမျိုးဖြစ်သည်။ ယင်းသည် ပတ်ပျိုးစသောသီချင်းကြီးများပေါ်သည့်အခါကျမှ ပညာရှို မှည့်ခေါ်ကြဟန်တူသည်။

သဖြန်သည် အသံနှင့်အဖြန်ဟူသော စကားနှစ်လုံးကို ပေါင်းစပ်ထားခြင်းဖြစ်၍ သီချင်းသို့မဟုတ်အသံကိုပြန်စေ သောသို့မဟုတ်ပြန်ဖြေသောသီချင်းဟုအနက်ထွက်သည်။ ဒွေးချိုး၊ ဒွေးဆစ်၊ လေးချိုးလေဆစ်တို့သည်အဆစ်အပိုင်း အချိုးကိုစွဲ၍ ခေါ်သည့်အမည်ဖြစ်၍ သဖြန်သည်သီချင်းသံကိုအစွဲပြု၍ မှည့်ခေါ်ထားသောသီချင်းဖြစ်သည်။ များသောအားဖြင့်မူ ဒွေးချိုး၊ လေးချိုးစပ်သီချင်းမျိုးဖြစ်သည်။ ပတ်ပျိုးအချတွင် အဆိုများသည်။

သဖြန်ဆိုရာ၌ စည်းကိုက်ဝါးကိုက် ဆိုင်းတောနှင့် ဆိုရသည်။ လူပြိန်းတို့အဖို့သဖြန်သည် ခွန်းထောက်သံနှင့် မထူးခြားဟုထင်ရသည်။ သို့ရာတွင်သဖြန်ကိုငါးပေါက်သံဖြင့်ဆို၍ ခွန်းထောက်ကို ပုလဲပေါက်သံဖြင့်ဆိုရသည်။ ထို့ ကြောင့် ဦးပြုံးချို၏မဟာဂီတပေါင်းချုပ်၌‡ သဖြန်ငါးပေါက်၊ ခွန်းထောက်ပုလဲဆိုရိုးတည်းဟု ရေးသားထားခြင်းဖြစ် သည်။

သဖြန်အမျိုးအစားအမျိုးမျိုးရှိသည်။ ယင်းတို့မှာ (၁)သံထောက်သဖြန်၊ (၂) ခွန်းထောက် သဖြန်(၃)ကွန်း ထောက်သဖြန်၊ (၄)ရေလားသဖြန်၊ (၅)ရေခင်းသဖြန်၊ (၆)ပုလဲပေါက်သဖြန်တို့ ဖြစ်သည်။

သံထောက်သဖြန်ဆိုသည်မှာ တက်သံ၊ သက်သံ၊ နိမ့်သံ၊ တိုင်သံတည်းဟူသောအသံလေးသံတို့ကို တထောက်နှစ် ထောက်ရပ်နားပြီး ရွတ်ဆိုရသည့်သဖြန်မျိုးဖြစ်သည်။ ခွန်းထောက်သဖြန်ဆိုသည်မှာ သီချင်းကြီး၊ ပြဇာတ်၊ စကားတို့၏အကြားဝယ်နှုတ်ခွန်းဖြင့် ထောက်ပြန်၍ ပြောဆိုမေးမြန်းရသည့်သဖြန်မျိုးဖြစ်သည်။ ကွန်းထောက် သဖြန်ဆိုသည်မှာ ဇာတ်ပွဲသဘင်တို့၌ မင်းသားမင်းသမီးတို့ ခရိးသွားရာတွင် ယာယီတဲနန်းဘုံကွန်းဆောက်၍ ရပ်နား နေသည်ကို ကွန်းထောက်နားသည်။ ကွန်းထောက်ချသည်ဟု ဆိုသည်။ ထိုအခါတွင်ရွတ်ဆိုရသော၊ သို့မဟုတ် ထိုသို့ ကွန်းထောက်ချသည်နှင့်အတူဖြစ်သည့် အကြောင်းအရာများ ကိုဖွဲ့ဆိုရသောသဖြန်မျိုးဖြစ်သည်ဟု မြန်မာစာညွန့်ပေါင်း ကျမ်းကဆိုသည်။ သို့ရာတွင် ဝဇီရဗုဒ္ဓိဦးဖိုးစိန်အလိုအားဖြင့် ထိုသဖြန်မျိုးကိုမြိုင်ထဖြစ်စေ၊ လွမ်းခြင်းဖြစ်စေ ဆိုပြီးမှဆက်လက်ဆိုကြရသဖြင့် မင်းသားကိုနှုတ်ထောက်၍ လျှောက် တင်ရသောသဖြန်ဖြစ်သောကြောင့်ခွန်း ထောက်သဖြန်ဟုသာ ခေါ်ဆိုထိုက်၏။ ကွန်းထောက်ခြင်း၊ စခန်းချခြင်းနှင့် မည်သို့မျှ မဆိုင်သောကြောင့် ကွန်းထောက်သဖြန်ဟုခေါ်ဆိုသည်မှာ အမှားသာဖြစ်သည်ဟု ဆိုသည်။

ရေလားသဖြန်ဆိုသည်မှာ မြစ်ချောင်းအင်းအိုင်တို့၌ ရေကစားသွားလာသည်တို့ကို စပ်ဆိုရသောသဖြန် ဖြစ်၏။ ရေခင်းသဖြန်ဆိုသည်မှာလည်း ရေပြင်ပေါ်၌တပ်ခင်းပြီး စံစားပျော်ပါးနေသည်ကို ဖွဲ့ဆိုသောသဖြန်မျိုးဖြစ် သည်။ ပုလဲပေါက်သဖြန်ဆိုသည်မှာ အထက်ပါခွန်းထောက် သဖြန်ကိုပင် ပုလဲပေါက်အသံဖြင့်ဆိုသည့်အခါ မှည့်ခေါ် သောအမည်ဖြစ်သည်။

သဖြန်များကိုယင်းသို့ဖွဲ့ဆိုသောအကြောင်းအရာအလိုက် အမည်ပေးရုံသာမက စပ်နည်းနှင့် အနက်တို့ကို လိုက်၍လည်း မှည့်ခေါ်ကြသေးသည်။ အချိုးနှစ်ချိုးရှိသောဒွေးချိုးရိုးရိုးကဗျာကို မူလရေးရိုးရေးစဉ်ထက် အနည်း ငယ်ပိုလွန်ကာ အက္ခရာလုံးရေများခြင်း၊ အပိုဒ်ရှည်ရှည်ထားခြင်းတို့ဖြင့် စီကုံးစပ်ဟပ်ခဲ့ပါလျှင် ဒွေးချိုးသဖြန်ဟုခေါ်ကြ သည်။

ပုံစံ ။ ။ အို•ရှုမောဖွယ်၊ထားကေသွယ်၊ သည်ဝယ်ပုံသို့၊မကြံလေသေး။ ဖြူဝန်းငယ်ရာပြိုင်သည်၊ညာပင်တိုင်၊

ရွှေဗွေမြင့်ငယ်ကို၊ပြန်ခွင့်ကနှေး ။ ။ (မြဝတီမင်းကြီးရေးအီနောင်ဇာတ်မှဒွေးချိုးသဖြန်) အချိုးသုံးချိုးစပ်သောကဗျာတွင် ရေးရိုးရေးစဉ်ထက် နည်းငယ်ပိုကာ စပ်ဟပ်ခဲ့ပါလျှင်တြိချိုးသဖြန်ဟုခေါ် သည်။

ပုံစံ ။ ။ သားရွှေဝင်လူကလေးတို့နှင့် အမေလေးပါမောင့်ဖခင်၊တိုင်းပြည်ကနှင်။ မဆင်ခြင်ဗေဒင်ထွက်စကား။ ပုဏ္ဏားဆရာဆိုနှင့်ဦးညိုကိုဗေဒင်ဆေးတယ်ရှင်

(အမယ်မင်း)မေးချက်ကခြား။ ။(မုံရွာဆရာခရေးတြိချိုးသဖြန်) အချိုးလေးချိုးပါသော လေးချိုး၊ သို့မဟုတ်လေးဆစ် ကဗျာတွင် ရေးရိုးရေးစဉ်ထက် အနည်းငယ်ပိုကာ စပ်ဟပ်ခဲ့ပါလျှင် လေးချိုးသဖြန်၊ သို့မဟုတ်လေးဆစ်သဖြန်ဟု ခေါ်သည်။

ပုံစံ ။ ၊၊သူဖြူလျှင်၊အယူဖြောင့်နိုင်ငဲ့၊သူမှောင့်မှာစိုးမိတယ်။ သနားရင်ဖြင့်၊မြင့်ဖျားဟေမာနှင့်၊ ချောင်သေလာရွှေဝါကွေ့မှာတောမွေ့တော့မယ်။ မသေရုံရွေဘုံကြီးမှာလသစ်သီးနှင့်ပွဲတော်တယ်၊ ဖန်ချယ်တဲ့ဝတ်လဲ။ မွှေးလို့ရယ်လှိုင်၊အုပ်လုံးစမ္ပာယ် ကြိုင်တဲ့၊မြကေခိုင်မင်ရေမှဲ့ကို၊

ရှင်းမဲ့ကြံဆဲ။ ။(လှိုင်ထိပ်ခေါင်တင်ရေးလေးဆစ်သဖြန်) အထူးမှတ်သားရန်ကား ဒွေးချိုး၊ လေးချိုးတိုင်း သဖြန်ဖြစ်နိုင်သော်လည်း သဖြန်တိုင်းဒွေးချိုး၊ လေးချိုးဟု မဆိုနိုင်ခြင်းပင်ဖြစ်သည်။ ပုံစံအားဖြင့် မိဖုရားမမြလေးဆိုရှစ်စုံရွက်ကြာပတ်ပျိုးတွင်- သနားမကြင်ရက်ကယ်မို့၊သူ့ထွက်ဖန်ရာဆယ်၊ ရေးနှောင့်အချယ်။အိုဘယ်ခါနေ့ငယ်မှ၊ကိုယ်တွေ့သည် ပူနယ်က၊ အေးလွယ်သည်မှန်း၊ ဟူ၍ချထားရာ ယင်းကဗျာသည်ဒွေးချိုး လည်းမဟုတ် လေးချိုးလည်းမဟုတ်ချေ။ သို့ရာတွင် သီဆိုသံ ကားသဖြန်သံ ပင်ဖြစ်သည်ကိုတွေ့ရသဖြင့် သဖြန်ဟုသတ်မှတ် ရလေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)