မြန်မာသဒ္ဒါ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သဒ္ဒါ မတတ်- စာမတတ် ဟူရာ၌ စာဟူသည်ကား စက္ကူ ပေါ်တွင် ရေးသားထားသော အက္ခရာကိုသာ ဆိုသည်မဟုတ်။ အက္ခရာအသံကိုသာ ဆိုသည်လည်းမဟုတ်။ ရေးသူ၏စိတ်ကူး စိတ်သန်း များကို အက္ခရာအသံတို့ဖြင့် နေရာကျနစွာ ဖော်ပြ သော အသုံးခံကို ဆိုသည်။ သို့ဖြစ်၍ စာတတ်သည်ဟုဆိုလျှင် စာအားဖြင့်ဖော်ပြထားသော စိတ်ကူးစိတ်သန်းများကို နားလည် သည် ဟုဆို၏။ စိတ်ကူးစိတ်သန်းများကို နေရာတကျ ရေးသားဖော်ပြနိုင်အံ့သောငှာ ဝါကျဟုခေါ်သော အဓိပ္ပာယ် ပေါ်အောင် စကားစုကို ဖွဲ့တတ်ရမည်။ လိုရင်းအနက်အဓိပ္ပာယ် ပေါ်အောင် ဝါကျတွင် စကားလုံးများကို မည်သို့စီစဉ်ရမည် နည်း။ ဝါကျတွင် ပါဝင်သော စကားလုံးများသည် တစ်ခုနှင့် တစ်ခု မည်သို့ ဆက်စပ်ကြသနည်း ဟူသော အချက်များသည် သဒ္ဒါနှင့်စပ်ဆိုင်သော အချက်များ ဖြစ်ရကား သဒ္ဒါတတ်ရန် လိုသည်။ သဒ္ဒါတတ်မှ စာတတ်သည် မည်၏။ သို့ဖြစ်၍ မြန်မာသဒ္ဒါ၌ အရေးကြီးသောအချက်များကို ဤတွင် အတို ကောက် ဖော်ပြပေအံ့။

အခြေခံဝါကျများ[ပြင်ဆင်ရန်]

လူ၊ ငါး၊ ယောကျာ်း အစရှိသည်တို့ကဲ့သို့သော အမည်စကားလုံးကို နာမ် ဟုခေါ်သည်။ စား၊ သေ၊ ရှိ အစရှိသည်တို့ကဲ့သို့သော ပြုခြင်း ဖြစ်ခြင်း ရှိခြင်းကို ပြသည့် စကားလုံးကို ကြိယာဟု ခေါ်သည်။ နာမ်နှင့် ကြိယာကို အချင်းချင်းဖြစ်စေ၊ သင့်လျော်သော နောက်ဆက်ဖြင့် ဖြစ်စေ ပူးတွဲလျှင် လိုရာဝါကျကို ရ၏။ မြန်မာဝါကျသည် ကြိယာနှင့် အဆုံးသတ်သည်။ စကားလုံး တစ်ခုနှင့်တစ်ခု မည်သို့ စပ်ဆိုင်သည်ကို ပြလိုလျှင် လိုအပ်သော နောက်ဆက်ဖြင့် ပြ၏၊ ပြယုဂ်-နေပူသည်-၌ 'ပူ'သည် ကြိယာဖြစ်ကြောင်းကို 'သည်' နောက်ဆက်က ပြသည်။ မောင်ဘသည် စာရေးဖြစ်၏-၌ 'မောင်ဘ'သည် ကတ္တား ဖြစ်ကြောင်းကို 'သည်'နောက်ဆက်က ပြသည်။ နောက်ဆက်မဲ့ 'စာရေး'သည် 'မောင်ဘ'ဟူသော ကတ္တား၏ အဖြစ်ကို ဖော်ပြ သော အဖြည့်စကားလုံး ဖြစ်သည်။ 'ဖြစ်'သည် ကြိယာဖြစ် ကြောင်းကို '၏' နောက်ဆက်က ပြသည်။ ခွေးသည် လူကို ကိုက်၏- 'ကို'သည်'လူ'ဟူသော ကံ နောက်က တွဲသော နောက်ဆက်ဖြစ်သည်။ အစိုးရသည် မောင်ဘကို မြို့အုပ် ခန့်၏-၌ နောက်ဆက်မဲ့ 'မြို့အုပ်'သည် 'မောင်ဘ'ဟူသော ကံအား တစ်စုံတစ်ခု ပြုလုပ် သည်ကို ဖော်ပြသည့် အဖြည့်စကားလုံး ဖြစ်သည်။ လူကလေးသည် လက်ဆောင်ကို ဆရာအား ပေး၏-၌ 'ဆရာ'သည် လက်ခံသူ ဖြစ်ကြောင်းကို 'အား' နောက်ဆက်က ပြသည်။ သူတို့သည် ရန်ကုန်မှ မန္တလေးသို့ သွားကြသည်-၌ 'ရန်ကုန်'သည် ထွက်ခွာရာ ဖြစ်ကြောင်းကို 'မှ' နောက်ဆက်က ပြသည်။ 'မန္တလေး'သည် ရှေးရှူရာ ဖြစ်ကြောင်းကို 'သို့'နောက် ဆက်က ပြသည်။ မိုးကြိုးနန်းမှာ ကျသည်-၌ 'နန်း'နောက်ကတွဲသော 'မှာ' သည် နေရာကိုပြသည့် နောက်ဆက် ဖြစ်သည်။ ဤအိုင်သည် ရှေး၌ မရှိ-၌ 'ရှေး' နောက်ကတွဲသော '၌' သည် ကာလကို ပြသည့် နောက်ဆက် ဖြစ်သည်။ ငါ့ကြောင့် မင်း ဆင်းရဲပေသည်-၌ 'ငါ့'နောက်ကတွဲသော 'ကြောင့်'သည် အကြောင်းပြသည့် နောက် ဆက် ဖြစ်သည်။

နာမ်ပေါင်းကြိယာ[ပြင်ဆင်ရန်]

နောက်ဆက်မဲ့ နာမ်နှင့် ကြိယာပေါင်း၍ ဖြစ်သော ကြိယာများလည်း ရှိသေး၏။ ပြယုဂ်-တောင်တို့သည် အခိုးထွက်ကုန်၏-၌ 'တောင်'သည် ကတ္တား၊ 'အခိုးထွက်'သည် ကြိယာ ဖြစ်၏။ ယင်းကြိယာ၌ 'အခိုး'ဟူသောနာမ်ကို 'ထွက်'ဟူသော ကြိယာနှင့် ပေါင်းထား၏။ တောင်တို့မှ အခိုးသည် ထွက် ၏-ဟု မဆိုဘဲ၊ တောင်တို့သည် အခိုးထွက်ကုန်၏-ဟု ဆိုခြင်း ဖြစ်သည်။ ထိုနည်းအတူ ရတနာ ကျောက်သည် အရောင်ထွက်၏-ဆိုရာ၌ 'အရောင်ထွက်'သည် နာမ်ပေါင်း ကြိယာဖြစ်၏။ ငါသည် တန်ခိုးကြီး ၏။ ငါ့သန်လျက်ကား သံကောင်း၏။ ဤပန်းသည် အဆင်းလှ၏ အစရှိသည်တို့၌ လည်း 'တန်ခိုးကြီး'၊ 'သံကောင်း'၊ 'အဆင်းလှ'တို့သည် နာမ်ပေါင်းကြိယာများ ဖြစ်ကြ၏။

နာမ်စား[ပြင်ဆင်ရန်]

နာမ်၏အစားသုံးသော စကားလုံးကို နာမ်စားဟု ခေါ်၏။

(၁) ပြောသူက မိမိကိုယ်ကို ညွှန်သော နာမ်စား။ ငါသည် မိခင်ဘခင်တို့ကို လုပ်ကျွေး၏။ ကျွန်ုပ်သည် ညောင်စောင့်နတ်ကို ထမင်း ပို့ပါမည်။ ရထားနောက်က အကျွန်ုပ် လိုက်ပါမည်။ (၂) ပြောဆိုသူက နာခံသူကို ညွှန်သောနာမ်စား။ ငါ့ကြောင့် မင်း ဆင်းရဲပေသည်။ နင့်ကိုသာ ငါလိုလှ၏။ သင့်ကို ငါမခေါ်။ ညည်းနှင့် ငါလိုက်ပါရစေ။ ခင်ဗျားတို့ နိုင်ငံတွင် ကျွန်ုပ်တို့ မနေနိုင်ပါ။ ပြောဆိုသူနှင့် နာခံသူတို့ ပြောဆိုရာ ပြောဆိုကြောင်း ဖြစ်သော အပြောခံ ပုဂ္ဂိုလ်အရာဝတ္ထုကို ညွှန်သောနာမ်စား။ သူတို့ ပြေးကြလေပြီ။ ချင်း၏ စကားကို မယုံအပ်။ ယင်းကို ငါတို့ မနှစ်သက်ကြ။ သင်းလာမှ ငါသွားမည်။ လူတို့သည် မိမိတို့ အိမ်မှ ထွက်ပြေးကြ၏။ ကြိယာနာမ်။ ။နာမ်သဘော သက်ရောက်သော ကြိယာကို ကြိယာနာမ်ဟု ခေါ်သည်၊ နာမ်၏အစား သုံးနိုင်သည်။ (၁) ကြိယာရှေ့က 'အ'ကို ထားလျှင် ကြိယာနာမ် ဖြစ်၏။ ဤမြို့၌ အစားအသောက် ပေါ၏။

ကြိယာနောက်က 'ခြင်း'ကို ထားလျှင်လည်း ကြိယာ နာမ် ဖြစ်၏။ ဆံပင်တို့သည် ကျွတ်ပြတ်ခြင်းကြောင့် နည်းပါးကုန်၏။ (၃)ကြိယာနောက်က 'ရန်'၊ 'ဘို့'၊ 'ဘွယ်'၊ 'ဘွယ်ရာ'၊ 'ရာ'၊ 'စရာ' တို့ဖြင့် တွဲသော ကြိယာနာမ် သဘော သက်ရောက်သည့် အဖွဲ့များလည်း ရှိသေး၏။ ပြယုဂ်- သင်၌ ကြောင့်ကြရန် မရှိ။ ပြောဘို့ ဟောဘို့ကား လိုရင်း မဟုတ်။ ဤခဲဘွယ် ပြစ်တင်ကဲ့ရဲ့ဘွယ်ရာ ဖြစ်သနည်း။ သူတို့၌ မှီခိုရာ မရှိ။ စားစရာ ရောက်လာပြီ။

နာမဝိသေသန[ပြင်ဆင်ရန်]

နာမ်ကို ထူးခြားစေသော ပုဒ်ကို နာမဝိသေ သနဟု ခေါ်သည်။ (၁) ဂုဏ်အရည်အချင်း ပြသည့် နာမဝိသေသန။ ကောင်းသောလူ ဟူသည့် ဂုဏ်အရည်အချင်းပြသော နာမဝိသေန၌ ထူးခြားစေသော ကြိယာ 'ကောင်း' နှင့် ထူးခြားအပ်သောနာမ် 'လူ'ကို 'သော' နောက်ဆက်က ဆက်ပေး၏။ 'ကောင်းသောလူ'ဟူ၍ မဆိုဘဲ 'လူကောင်း'ဟူ၍လည်း ကြိယာကို နာမ်နောက်က နောက်ဆက် မပါဘဲလည်း ထားနိုင်သည်။ (၂) အညွှန်းနာမဝိသေသန။ မည်သည့်ပုဂ္ဂိုလ် အရာဝတ္ထုကို ဆိုလိုသည်ဟု ညွှန်ပြသော နာမဝိသေသနကို အညွှန်းနာမဝိသေသနဟု ခေါ်သည်။ နာမ်ရှေ့က ကပ်၍ ထားရသည်။ (က) 'ထို'သည် ဖော်ပြပြီးသောနာမ်ကို ညွှန်ပြသည်။ သိဝိရာဇ်မင်းကြီး မင်းပြု၏။ ထိုသိဝိရာဇ်မင်းကြီး၏ သားတော်ကား သိဉ္စည်း အမည်ရှိ၏။ (ခ) 'ဤ'၊ 'သည်'တို့သည် အနီးရှိနာမ်ကို ညွှန်ပြကြသည်။ ဤအရုပ်ကား အဘယ် အရုပ်နည်း။ သည်သူကို ငါမသိ။ မှတ်ချက်။ ။ထိုသို့သော အစာကို မစားနှင့်-ဟု ဆိုလျှင် 'ထိုသို့သော'သည် အထက်က ဖော်ပြချက်နှင့် ညီသော ဟု အနက်ရ၏။ ဤသို့သော ဂုဏ်လည်း ရှိ၏-ဟု ဆိုလျှင် 'ဤသို့သော' သည် ယခု ဖော်ပြချက်နှင့် ညီသောဟု အနက်ရ၏။ (ဂ) '၎င်း'နှင့် 'ယင်း'သည် 'ထို' နှင့် အသုံး၏တူ။ ၎င်း သင်္ဃာတော်များကို မင်းကြီးက ဆွမ်း ကပ်လှူ၏။ ယင်း စကားကိုလည်း ပြောဆိုပေမည်။ (ဃ) ညွှန်ပြထားသော နာမ်ကို သေချာစွာ မဖော်ပြလျှင် 'အကြင်'ကို သုံးသည်။ များသောအားဖြင့် 'အကြင်'ဝါကျကို 'ထို' ဝါကျဖြင့် ဟပ်၏၊ အကြင် မိန်းမတို့၌ အပြစ်ခြောက်ပါး ရှိ၏။ အကြင်အရပ်၌ ဤစာကို ငါ ရ၏။ ထို အရပ်သို့ ငါ သွားအံ့၊ (၃) မေးခွန်း နာမဝိသေသန။ ဤသူကား အဘယ်သူနည်း။ ဘယ်သူ ကြံဆောင်ပေလိမ့်နည်း။ ငါတို့အဆွေငါးများ အတီအရပ်မှ လာကြသနည်း။ ငါ၏ မိဖုရား ဖုဿတီ မည်သည့်အရပ်မှာ ဖြစ်လေသနည်း။


အရေအတွက် အတိုင်းအတာကို ပြသော နာမဝိသေသန။ ထိုသူမှာ သားနှစ်ယောက် ရှိ၏။ ထိုနေ့၌ပင်လျှင် ငါးရာသော အမှူးအမတ်တို့ အိမ်ဝယ်လည်း သတို့သား ငါးရာတို့ကို ဖွားမြင် လေကုန်၏။ လူအပေါင်းတို့သည် ဝမ်းမြောက်ကြကုန်၏။ တစ်စုံတစ်ယောက် သူတို့မျှ မမြင်ချေ။ ဆရာသည် အလုံးစုံသော ပရိသတ်တို့အား ဟောကြား၏။ သူတကာကို မပြောနှင့်။ လူခပ်သိမ်းတို့ ရောင့်ရဲလွယ်ကုန်သည်။ မင်းကြီးလည်း အသီးသီးသော မြို့ရွာသို့ တမန် စေလွှတ်တော်မူ၏။ ကုန်သည် တစ်ဦး၊ ပုတီး နှစ်ကုံး၊ နွား သုံးကောင်၊ မျဉ်းလေးကြောင်း၊ လက်စွပ် နှစ်ကွင်း၊ ခုံ တစ်ခု၊ ဖျာ နှစ်ချပ်၊ အပ် သုံးချောင်း၊ ကြိုးတစ်ခွေ၊ စကား တစ်ခွန်း၊ မြင်းငါး စီး၊ လှေသုံးစင်း၊ ထင်း တစ်စည်း၊ စာတစ်စောင်၊ ဘိနပ် တစ်စုံ၊ ဘုရားတစ်ဆူ၊ အိမ်နှစ်ဆောင်၊ ကြက်သွန်တစ်တက်၊ စပျစ်သီး တစ်တွဲ၊ ဆပ်ပြာနှစ်တုံး၊ အုတ် နှစ်ထပ်၊ အင်္ကျီ နှစ်ထည်၊ ညောင်လေးပင်၊ ရဟန်း သုံးပါး၊ ပိုက်ဆံ တစ်ပြား၊ ငှက်ပျော တစ်ဖီး၊ ခြေ နှစ်ဖက်၊ ကိုယ်စိတ် နှစ်ဖြာ၊ သေနတ် ငါးလက်၊ တောင်း နှစ်လုံး၊ စက္ကူ သုံးလွှာ၊ မြစ် နှစ်သွယ်၊ လူ တစ်ယောက်၊ ခြေစွပ် တစ်ရံ၊ နွား တစ်ရှဉ်း ဟူ၍ 'ဦး'၊ 'ကုံး'၊ 'ကောင်' အစရှိသော သင့်လျော်သည့် စကားလုံးဖြင့် နာမ်၏ အမျိုးအစားကို လိုက်၍ အရေအတွက်ကို ပြသည်။ တောတစ်တော၊ အိမ်တစ်အိမ် ဟူ၍ တစ်ခါတစ်ရံ နာမ်ကို ထပ်၍လည်း သုံးနိုင်သည်။ အောက်ပါတို့သည် နာမဝိသေသနသဘော သက်ရောက် သော အဖွဲ့များ ဖြစ်ကြ၏။

(၁) '၏သည် ပိုင်ဆိုင်ရာ ပြသော နောက်ဆက် ဖြစ်သည်။ သင်၏စာအုပ်ကို ငါ မယူပါ-၌ 'သင်၏'သည် စာအုပ်ကို ပိုင်ဆိုင်ခြင်းအနက်ဖြင့် ထူးခြားစေ၏။ '၏' ကြေလျှင် အောက်မြစ်သံ ကျန်ရစ်ခဲ့၏။ သင့်စကားကို ငါနားထောင်မည်-၌ 'သင့်'သည် 'သင်၏'ကို ဆိုလိုသည်။


ပုဂ္ဂိုလ်တစ်ဦးကို ဂုဏ်ဖြင့် တစ်မျိုးတစ်မည် ဆင့်၍ ခေါ်သောအမည်။ ဂေါတမ မြတ်စွာဘုရား-၌ 'ဂေါတမ'သည် 'မြတ်စွာဘုရား'၏ အမည်ဖြစ်၍ နာမဝိသေသန သဘော သက်ရောက်၏။ (၃) ရှေ့နာမ်က နောက်နာမ်ကို ထူးခြားစေသည်၊ ရွှေလက်စွပ်-ဟုဆိုလျှင် 'ရွှေ'သည် 'လက်စွပ်'ကို နာမဝိသေသနကဲ့သို့ ထူးခြားစေသော နာမ် ဖြစ်သည်။


'ဘွယ်ရန်ရာစရာ' တွဲသော ကြိယာနာမ်တို့လည်း နာမဝိသေသနကဲ့သို့ နောက်ကနာမ်ကို ထူးခြား စေသည်။

သင်တို့အား ဆိုဘွယ်အပြစ် မရှိ၊ သောက်ရန် ရေ ရှိသလား။ အကျွန်ုပ်နေရာ ဗိမာန်ကို မဖျက်ပါနှင့်။ ဆန် ထည့်စရာ အိုးတစ်လုံး ဝယ်ခဲ့ပါ။


ကြိယာဝိသေသန[ပြင်ဆင်ရန်]

ကြိယာကို ထူးခြားစေသောပုဒ်ကို ကြိယာ ဝိသေသနဟုခေါ်သည်။ (၁) နောက်ဆက်မဲ့ ကြိယာဝိသေသန သက်သက်။ နက်ဖြန် ငါ လာမည်။ ချက်ချင်း သွားပါ။ ယခု ငါ မပြောနိုင်သေး။ အလကား အိပ်မနေနှင့်။ ဤမိန်းကလေး အလွန် ချောသည်။ အမှန် ငါ သိသည်။ ဘုရား ဧကန် ဖြစ်လိမ့်မည်။ (၂) ကြိယာနောက်က 'စွာ'နောက်ဆက်တွဲသော ကြိယာ ဝိသေသန။ သားသည် မိခင်အား ကောင်းမွန်စွာ လုပ်ကျွေး၏။ သူတို့ ညီညွတ်စွာ နေထိုင်ကြ၏။ (၃) နှစ်လုံးထပ် ကြိယာဝိသေသန။ မြန်မြန် လာပါ။ တိုးတိုး ပြောပါ။ အမျက် ချောင်းချောင်း ထွက်၏။ ငါ့စာအုပ်ကို လျင်လျင် ပေးလိုက်ပါ။ (၄) နှစ်လုံးထပ်ရှေ့က 'အ'တွဲသော ကြိယာဝိသေသန လူကလေးတို့သည် အချင်းချင်း ရိုက်ပုတ်ကြသည်။ ဤသို့ အကြိမ်ကြိမ် မပြုပါနှင့်။ သစ်ပင်တို့သည် အပိုင်းပိုင်း ပြတ်ကုန်၏။ (၅) နှစ်လုံးထပ်ရှေ့က 'တ'ကိုလည်း တွဲနိုင်သည်။ သူသည် သူခိုးကို တစိမ့်စိမ့် ကြည့်၏။ လျှပ်စစ်တို့သည် တညီးညီး ပြက်ကုန်၏။ စစ်သားတို့သည် တဖြည်းဖြည်း ချီတက်ကြ၏။

များသောအားဖြင့် စကားထပ်သော လေးလုံးစပ် ကြိယာဝိသေသန။ သူသည် အိမ်မှ အလျင်တဆော ထွက်သွား၏။ တစ်မြို့လုံး အုတ်အုတ်ကျက်ကျက် ဖြစ်၏။ လူအပေါင်းတို့သည် သောင်းသောင်းအုတ်အုတ် ငိုကြွေး ကြ၏။ မေ့မေ့လျော့လျော့ မနေနှင့်။ သူတို့ ကတိုက်ကရိုက် သွားကြ၏။ (၇) 'အ'တွဲ ကြိယာနာမ်ကို ကြိယာဝိသေသနကဲ့သို့ သုံးနိုင်သည်။ အကြည်အနူး ခွင့်တောင်း၏။ အသာတကြည် ခွင့်လွှတ်တော်မူပါ။ သူတို့သည် အမေ့အကျန် နေကြသည်။

အများပြနောက်ဆက်။ ။ငါတို့ အဆွေ ကျောင်းသားများသည် အဘယ်သို့ သွားကြသနည်း-ဟူသောဝါကျမှာ ကဲ့သို့ အများပြ ဗဟုဝုစ်သဘောကို ပြလိုလျှင် နာမ် နာမ်စားနောက်က 'တို့'၊ သို့မဟုတ် 'များ'ကို ထည့်၍၊ ကြိယာနောက်က 'ကြ'ကို ထည့်ရသည်။ ကြိယာနောက်က 'ကုန်' 'ကြကုန်'ကိုလည်း ထည့်နိုင်သည်။ ပြယုဂ်- သူတို့သည် မျက်စိ ကွယ်ကုန်၏။ လူအပေါင်းတို့သည် တောင်းပန်ကြကုန်၏။ 'ကြ'သည် အသီးအသီး ပြုသည် ဖြစ်သည် ရှိသည်ကို အထူးသဖြင့် ထင်ရှားစေလိုသော နောက်ဆက် ဖြစ်သည်။ 'ကုန်'သည် အားလုံးပြုသည် ဖြစ်သည် ရှိသည်ကို အထူးသဖြင့် ထင်ရှားစေလိုသော နောက်ဆက် ဖြစ်သည်။ 'ကြကုန်'သည် အသီးအသီး အားလုံးပြုသည် ဖြစ်သည် ရှိသည်ကို အထူးသဖြင့် ထင်ရှားစေ လိုသော နောက်ဆက် ဖြစ်သည်။ 'များ'နှင့် 'တို့'ကို တစ်ရံတစ်ခါ ပူးတွဲ၍လည်း သုံးနိုင်သည်။ ငါး များတို့သည် ညဉ့်နံက် အမြဲ ခစားကုန်၏။

ကာလနောက်ဆက်။ ။ဤစာတမ်းတွင် အထက်ပါဝါကျများ၌ တွေ့ရသော '၏သည်'တို့သည် ဖြစ်ဆဲကာလ ကိုသော်၎င်း၊ ဖြစ်ပြီး ကာလကိုသော်၎င်း ပြသော ကြိယာနောက်ဆက်များ ဖြစ်ကြသည်။ အောက်ပါတို့သည်လည်း ကာလနောက်ဆက် များ ဖြစ်ကြသည်။ ပြီ။ ။(၁) ကြိယာ ဖော်ပြသော အခြေအနေ တစ်မျိုးသို့ စင်စစ်ရောက်ရှိကြောင်းကို ပြသည်။ ငါအောင်ပြီ။ သင်သည် ငါ့အစာ ဖြစ်ပြီ။ (၂) ကြိယာ၏ လုပ်ငန်းကို အဆုံးတိုင်ရောက်ကြောင်းကို ပြလိုလျှင် 'ပြီးပြီ'ကို အသုံးပြု၏။ ဤစာကို ရေးပြီးပြီ။ ထမင်း စားပြီးပြီ။ (၃) 'ပြီ'ကို'မ'နှင့်တွဲလျှင် စိတ်ပြဋ္ဌာန်းခြင်းကိ ပြသည်။ သူနှင့် မတွေ့ရသမျှ ဤနေရာမှ ငါ မသွားပြီ။ ဟုတ်သည်အတိုင်း မဆိုသော် သင့်အသက် မရှိပြီ။

မည်။ ။(၁) ဖြစ်လတ္တံ့ကာလ သက်သက်ကို ပြသည်။ အကြောင်းတစ်ပါး ရှိမည်။ (၂) စိတ်ပြဋ္ဌာန်းခြင်းကို ပြသည်။ ငါနောက်မှ လာမည်။ ဤအိမ်တွင် ငါနေမည်။ (၃) စည်းကမ်းထားခြင်းကို ပြသည်။ အရှင်ကောင်းမှ ကျွန်ကောင်းမည်။ ငွေရမှ ငါသွားမည်။

အံ့။ ။စိတ်ပြဋ္ဌာန်းခြင်းကို ပြသည်။ ငါနတ်ပြည်သို့ သွားအံ့။ ရှင်ရဟန်းကို ငါပြဿနာ မေးအံ့။

လတ္တံ့။ ။ ဖြစ်လတ္တံ့ကာလ နောက်ဆက် 'လိမ့်'သည် 'လေအံ့'နှင့် အသုံးတူ၏။ များသောအားဖြင့် 'လိမ့်မည်'ဟူ၍ တွေ့ရသည်။ အကြောင်းဘယ်လို ရှိပါလိမ့်။ အောင်ပွဲခံလိမ့်မည်။

မေးခွန်းဝါကျ။ ။(၁)ဟုတ်သည် မဟုတ်သည်ဟူ၍ အဖြေ လိုသော မေးခွန်းဝါကျကို 'လော'၊ သို့မဟုတ် 'လား'နှင့် အဆုံးသတ်သည်။ သူခိုးကို နင်တို့ တွေ့၏လော။ နင်နှင့် ငါနှင့် တူသလော။ ဤသို့ မဟုတ်လော။ ပြေးရသော် မကောင်းလော။ ရွှေနန်းကိုသော်လည်း ပေးအပ်မည်လော၊ စစ်ပွဲသော်လည်း ပြိုင်ဆိုင်မည်လော၊ ထီးနန်းကို သိမ်းယူနိုင်ရာအံ့လော၊ မိုးရွာမည် ထင်သလား။ သံတော်တို့ ပျော်ပါ၏လား။ ဘုန်းတော်ကြီး ကျန်းမာတော်မူပါလား။ သူတို့နှင့် သွားမည်လား။ အမျက် ပြေပြီလား။ (၂) ဟုတ်သည် မဟုတ်သည် ဟူ၍ မဖြေနိုင်သော မေးခွန်းဝါကျကို 'နည်း'၊ သို့မဟုတ် 'လဲ'နှင့် အဆုံး သတ်သည်။ အဘယ်ကြောင့် ငါ့ကို ရိုက်သနည်း။ ဤမြို့ကား အဘယ်မြို့နည်း။ အဘယ်သို့ ပြုလုပ်မည်နည်း။ အဘယ်အကျိုး ရှိအံ့နည်း။ ထုံးစံ ဘယ်မှာရှိသလဲ။ ဘယ်ပြု မလဲ။ ဘယ်လဲ။

မဟုတ်ဝါကျ။ ။'မ'သည် မဟုတ်ကြောင်း စကားလုံး ဖြစ်သည်။ ဆရာသည် မည်သို့မျှ မဆို။ သူတို့ ယနေ့တိုင် မလာကြသေး။ သင်သည် ဤမြို့၌ နေရတော့မည် မဟုတ်။ ငါသည် ရေမသောက်ဘဲ အိပ်လေ့မရှိ။ သူ မလာမီ ငါသွားအံ့၊ ငါ မသွားဘူး။ ရန်ကုန်မြို့သို့ မရောက်ဘူးဘူး။ ငါ့အိမ်သို့ မလာနှင့်။ ဆရာ မကြောက်လင့်။ ဤသို့ မပြောရ။

ညွှန်ကြားခြင်း။ ။ညွှန်ကြားခြင်းပြသောဝါကျကို နောက်ဆက် မဲ့ကြိယာ၊ သို့မဟုတ် 'လော့' 'ရမည်' 'ခဲ့စေ'တစ်ခုခုနှင့် အဆုံးသတ်သည်။ ဤနေရာမှာ ထိုင်။ ထမင်းစားပြီးမှ လာကြ။ စာအုပ်ကို ငါ့အား ပေးလော့။ ထိုင်ကြလော့။ လူမိုက်ကို ဆုံးမရမည်။ ငါနှင့် လိုက်ခဲ့ကြ။ ငါ့ထံ ထားခဲ့လော့။ အပြစ်လွှတ်စေ။

ခွင့်ပန်ခြင်း။ ။ဤအနက်ကို ပြလိုလျှင် 'ပါရစေ'နှင့် အဆုံးသတ်သည်။ ကျွန်တော်သွားပါရစေ။

ကျိန်ဆဲခြင်း၊ ဆုတောင်းမေတ္တာပို့ခြင်း၊ သစ္စာပြုခြင်း။ ။ဤအနက်တို့ကို ပြလိုလျှင် 'ပါစေစေသား' 'စေသောစေသတည်း'တို့နှင့် အဆုံးသတ်သည်။ ဒုက္ခရောက်ပါစေ။ စာမေးပွဲ အောင်ပါစေသား။ သက်တော်ရာကျော် စံတော်မူသည် ဖြစ်စေသော။ မင်းကြီးအား အောင်ခြင်းမင်္ဂလာ ဖြစ်စေသတည်း။

အတူတကွဆောင်ရွက်ခြင်း။ ။ဤအနက်ကို ပြလိုလျှင် 'စို့' ကိုသုံးသည်။ ကျောင်းတက်ကြစို့။

ကြိယာအထောက်အပံ့။ ။ကြိယာနောက်က နေ၍ ကြိယာ၏ အဓိပ္ပာယ်ရင်းကို ပြောင်းလဲစေသည့် အထောက်အပံ့ စကားလုံး များလည်း ရှိကြ၏။ (၁)အပ်။ ။(က) ဆောင်ရွက်သင့်သည်ကို ပြသည်။ လူမိုက်ကို ဆုံးမအပ်၏။ (ခ) ဆောင်ရွက်ခြင်း ခံပြီးကြောင်း ပြသည်။ ယမန်နေ့၌ ငါသည် တစ်ယောက်သော ပုဏ္ဏားအား သားသမီးနှစ်ယောက်တို့ကို လှူအပ်ပြီ။ (၂)အား။ ။(က) ဆောင်ရွက်ရန် အချိန်အခွင့် ရှိသည်ကို ပြသည်။ ငါ သွားအားသည်။ (ခ) ငဲ့ညှာခြင်း ကင်းသည်ကို ပြသည်။ ပြုတော်မူ အား ရန်ကော့၊ မျက်ထားတော်သုန်။


ဦး။ ။အခြားအမှုကို မဆောင်ရွက်မီ၊ ဖော်ပြထားသောအမှုကို အလျင်ဆောင်ရွက်သည်ကို ပြသည်။ ပွဲကြည့်ပါဦး။ လျှောက်ပါရစေဦး။


ကောင်း။ စကောင်း။ ။ဆောင်ရွက်ရန် သင့်လျော်သည်ကို ပြသည်။ ဤအသီး မစားကောင်း။ အစိုးရသောသူနှင့် ခိုက်ရန် မပြုစကောင်း။ (၅) ခဲ။ ။ဆောင်ရွက်ရန် မလွယ်သည်ကို ပြသည်။ မိတ်ဆွေကောင်းကို အလွန်ရခဲ၏။


ခဲ့။ ။(က) ပြုမူ ဖြစ်ပျက်ရာ နေရာမှ ကတ္တားထွက်ခွာသော သဘော သက်ရောက်သည်။ သူ့ကို တော၌ ထားခဲ့၏။ (ခ) ညွှန်ကြားသူထံ၌ ရှိစေလိုကြောင်းကို ပြသည်။ စာအုပ်ကို ငါ့ထံ ထားခဲ့လော။ (၇) ချင်။ ။အလိုရှိသည်ကို ပြသည်။ ငါထမင်း စားချင်သည်။ (၈)ချေ။ ။အခါအခွင့် ဆိုက်ရောက်သည်အခိုက် ပြုမူဖြစ်ပျက်သည့်သဘော သက်ရောက်သည်။ ထိုဆရာထံ၌ ပညာသင်ချေ။ ငါ့ကို သင်မရိုက်ပိုင်ချေ။ (၉)စမ်း။ ။ပြုလုပ်ရုံမျှ ပြုလုပ်ရန် တိုက်တွန်းသည့်သဘော သက်ရောက်သည်။ ဟောကွဲ့ ကြည့်စမ်း။ (၁ဝ)စေ။ ။ဆောင်ရွက်ဖြစ်အောင် ပြုလုပ်သည်၊ ခွင့်ပြုသည်ကို ပြသည်။ သူနာကို ထမင်းစားစေ၏။ (၁၁)တတ်။ ။(က) ဓမ္မတာ အတိုင်း ဖြစ်သည်ကို ပြသည်။ ခွေးကိုက်တတ်သည်။ (ခ) ကျွမ်းကျင်ခြင်းကို ပြသည်။ စောင်း တီးတတ်သလား။ (ဂ) စွမ်းခြင်းကို ပြသည်။ ငါသည် ဈာန်ဝင်ခြင်းငှာ မတတ်နိုင်။ (၁၂) တော့။ ။(က) ညွှန်ကြားရာ၌ လိုက်လျောခြင်း သဘောရောက်သည်။ အချိန်ကျပြီ၊ သွားတော့။ (ခ) ဆောင်ရွက်ချိန် နီးကြောင်းကို ပြသည်။ (ဂ) အဓိပ္ပာယ် လေးနက်စေသည်။ လူမိုက်ကို ဆုံးမသင့်လှပါတော့သည်။ ဤမျှသာ ပြောပါရစေတော့။ (ဃ) 'မ'နှင့် တွဲလျှင် 'တော့'သည် ဆက်လက် မပြုလုပ်ရန် တိုက်တွန်းခြင်းကို ပြသည်။ ရေမချိုးနှင့်တော့။ (၁၃) တုံ။ ။အလှည့်ကျ ပြုမူ ဖြစ်ပျက်သည့်သဘောသက်ရောက်သည်။ မင်းကြီးလည်း မြင်းလေးစီးသားတို့ကို ရှေ့က ပေါက်တုံ၊ လက်ဝဲပေါက်တုံ၊ လက်ယာပေါက်တုံ၊ သုံးကြိမ်နှင်နှင် စီးပြီးမှ မြို့တော်သို့ ပြန်တော်မူလေ၏။ (၁၄) တိုက်။ ။ဆောင်ရွက်ရန် သင့်လျော်ကြောင်း ပြသည်။ ဤအဝတ်မျိုးကို သူဝတ်ထိုက်၏။ (၁၅) နေ။ ။ဆက်လက် လုပ်ကိုက်လျက် ရှိသည်ကို ပြသည်။ မိခင် အိပ်နေသည်။ (၁၆) နိုင်။ ။ဆောင်ရွက်ရန် စွမ်းသည့်၊ အခွင့်ရသည့် သဘော သက်ရောက်သည်။ ဤသို့သော သူကို ချစ်နိုင်ပါမည်လား။ အလိုရှိရာ သွားနိုင်သည်။ (၁၇) နှင့်။ ။ကြိုတင် ပြုမူဖြစ်ပျက်သည်ကို ပြသည်။ ငါဈေးက စောင့်နေနှင့်မည်။ (၁၈) ပါ။ ။ယဉ်ကျေးမှုကို ပြသည်။ ငါနှင့်အတူ လိုက်ခဲ့ပါ။ (၁၉) ပေ။ ။ဝန်ခံသောအနေ၊ သဘောကျသော အနေကို ပြသည်။ ဟုတ်ပေသည်။ ဆရာကြီးကား ပညာ ကြီးပေသည်။ (၂ဝ) ပိုင်။ ။ပြုလုပ်ခွင့် ရှိကြောင်း ပြသည်။ ငါ့ကို သင် ရိုက်ပိုင်သည်။ (၂၁) ပြန်။ ။တဖန် ထပ်မံ ပြုလုပ်သင့်သည့် သဘော သက်ရောက်သည်။ ကျောင်း တစ်နေ့ ပိတ်ပြန်ပြီ။ (၂၂) ဖြစ်။ ။ကိစ္စ ပြီးမြောက်သည်ကို ပြသည်။ မန္တလေးသို့ သွားဖြစ်သလား။ (၂၃) ဘူး။ ။တွေ့ကြုံ ဖြစ်ပျက်ပြီးသည်ကို ပြသည်။ တရုတ်ပြည်သို့ ရောက်ဘူးသလား။ (၂၄) မိ။ ။(က) မပြုသင့်ဘဲ ပြုသည်ကို ပြသည်၊ သူ့ကို ငါ ဆဲမိသည်။

ထိထိရောက်ရောက် ပြုသည့် အခြေအနေကို ပြသည်။ ငုပ်မိ သဲတိုင်၊ တက်နိုင် ဖျားရောက်။ (၂၅) မြဲ။ ။ရှေးကအတိုင်း ဆက်၍ ဆောင်ရွက်သည်ကို ပြသည်။ သူတို့သည် လာမြဲ လာကြသည်။ (၂၆) ရ။ ။(က) မလွှဲသာသည်ကို ပြသည်။ ဘုန်းတော်ကြောင့် ဆင်တော်ရောက် လာရသည်။ (ခ) အခွင့်အရေးကို ပြသည်။ သူ့ကျေးဇူးကြောင့် ငါ ချမ်းသာစွာ နေရသည်။ (ဂ) 'မ'နှင့်တွဲလျှင် 'ရ'သည် တားမြစ်ခြင်းကို ပြသည်။ (၂၇) ရက်။ ။ငဲ့ညှာခြင်း မရှိသည်ကို ပြသည်။ ငါ့ကို ဤသို့ ပြောဆိုရက်သည်။ (၂၈) ရစ်။ ။နောက်ချန်နေပြီး ပြုမူဖြစ်ပျက်သည်ကို ပြသည်။ သည်တောမှာ နေရစ်တော့။ (၂၉) ရာ။ ။(က) ဆောင်ရွက်သင့်သည်ကို ပြသည်။ မိခင်ကို လုပ်ကျွေးရာ၏။ (ခ) ဖြစ်ပျက်နိုင်သည့် သဘော သက်ရောက်သည်။ သူတပါးတို့ ကဲ့ရဲ့ရာ၏။ (၃ဝ) ရှာ။ ။ကရုဏာ သဘောကို ပြသည်။ ငါ့မိတ်ဆွေကြီး သေရှာလေပြီ။ (၃၁) လတ်။ ။စကားပြေပြစ်စိမ့်သောငှာ သုံးသည်။ တစ်ရံရောအခါ ဥရောပတိုက်၌ စစ်ကြီး ဖြစ်လတ်၏။ (၃၂)လေ။ ။(က) စကားပြေပြစ်စိမ့်သောငှာသုံးသည်။ တစ်နေ့သ၌ မုဆိုးသည် ဆင်ရိုင်းတစ်စီးနှင့် တွေ့လေ၏။ (ခ) ညည်းတွားခြင်း သဘော သက်ရောက်သည်။ ဖြစ်ရလေ၊ မိတ်ဆွေရယ်။ (ဂ) တိုက်တွန်းခြင်း သဘော သက်ရောက်သည်။ ထမင်းစားလေ။ (၃၃) လို။ ။ဆန္ဒရှိကြောင်းပြသည်။ ဤအရပ်သို့ ငါ သွားလိုသည်။ (၃၄) လိုက်။ ။(က) ဆောင်ရွက် ပြီးမြောက်သည့် သဘော သက်ရောက်သည်။ မိခင်သည် သားကို ဆရာထံသို့ စေလွှတ်လိုက်၏။ (ခ) ဆောင်ရွက် ပြီးမြောက်အောင် စေခိုင်းခြင်းကို ပြသည်။ (၃၅) လွယ်။ ။ဆောင်ရွက်ရန် မခက်သည်ကို ပြသည်။ ဤတော၌ သစ်သီး သစ်မြစ် ရလွယ်ပါ၏။ (၃၆) လှ။ ။အမြောက်အမြား သဘော သက်ရောက်သည်။ ခရီးဝေးလှသည်။ (၃၇) ဝံ့။ ။ဆောင်ရွက်ရန် ရဲရင့်သည့်သဘော သက်ရောက်သည်။ ဤအရပ်သို့ ငါသွားဝံ့သည်။ (၃၈) သင့်။ ။ဆောင်ရွက်ဖို့ ကောင်းကြောင်းပြသည်။ ဤစကားဆိုသင့်သည်။ (၃၉) သာ။ ။ဆောင်ရွက်ရန် အခါအခွင့် ကောင်းသည်ကို ပြသည်။ ဤမြို့၌ နေသာပါသည်။ (၄ဝ)သေး။ ။(က) ယခုတိုင် ပြုမှု ဖြစ်ပျက်လျက်ရှိသည်ကို ပြသည်။ ဤသူငယ် ကစားတုန်းပင် ရှိသေးသည်။ (ခ) ဖော်ပြ ထားသော ကြိယာကိုလည်း ဆောင်ရွက်သည့် သဘော သက်ရောက်သည်။ ခွေးကိုလည်း ရိုက်သေးသည်။ နာမ်ပုဒ်စု။ ။နောက်ဆက်ကို နာမ် နောက် တွဲသကဲ့သို့ ပုဒ်စု ဟုခေါ်သော ကတ္တားကြိယာပါသည့် စကားစုနောက်ကလည်း တွဲနိုင်သည်။ ပြယုဂ်။ ခွေးကို ငါမြင်၏-၌ 'ခွေး'နာမ်သည် 'မြင်'ကြိယာ၏ ကံဖြစ်ကြောင်းကို 'ကို'နောက်ဆက်ကပြသည်။ ခွေးပြေးသည်ကို ငါမြင်၏-ဟူသော ကြိယာနှစ်ခုဝါကျ၌ကား၊ မိမိကတ္တား ကြိယာပါသော 'ခွေးပြေးသည်' ဟူသည့် ပုဒ်စုသည် 'မြင်' ကြိယာ၏ ကံဖြစ်သည်။ သို့ဖြစ်၍ 'ကို'နောက်ဆက်ကို 'ခွေး'ဟူသော နာမ်နောက် က တွဲသကဲ့သို့၊ ခွေးပြေးသည် ဟူသော ပုဒ်စုနောက်ကလည်း တွဲနိုင်သည်။ နာမ်သဘော သက်ရောက်သော ယင်းပုဒ်စုကို နာမ်ပုဒ်စု ဟုခေါ်သည်။ ဘဏ္ဍာကျီကြ ယုတ်သည် ဖြစ်ရာ၏-၌ 'ဘဏ္ဍာကျီကြ ယုတ်သည်'ဟူသော နာမ်ပုဒ်စုသည် 'ဖြစ်ရာ၏' ဟူသော ကြိယာ၏ ကတ္တားဖြစ်သည်။ နက်ဖြန် ငါလာမည်ဟု အဖေက ပြောသည်-၌ 'နက်ဖြန် ငါလာမည်'နာမ်ပုဒ်စုသည် 'ပြောသည်' ကြိယာ၏ကံဖြစ် ကြောင်း 'ဟု' စကားလုံးက ပြသည်။

နာမမဝိသေသနပုဒ်စု။ ။နာမဝိသေသန နောက်ဆက် ဖြစ်သည့် 'သော'ကို ဆိုင်ရာ နာမ်ရှေ့က ထားရကြောင်းကို အထက်က ဖော်ပြခဲ့ပြီ။ နာမဝိသေသန သဘော သက်ရောက်သော ပုဒ်စုကိုလည်း ဆိုင်ရာ နာမ်ရှေ့က 'သော'နှင့်ဆက်စပ်နိုင်သည်။ ပြယုဂ်။ မင်းသည် မေးအပ်သော ပြဿနာ အပေါင်းတို့ကို ဝိဓူရ သုခမိန်သည် ဖြေပေ၏-၌'မင်းသည် မေးအပ် သော(သည်)' ဟူသော ပုဒ်စုသည် 'ပြဿနာအပေါင်းတို့ကို'ထူးခြား စေသည်ဖြစ်၍ နာမဝိသေသနသဘော သက်ရောက်သည်။ စင်စစ်ကား 'သော'ဟူသော နာမဝိသေသန နောက်ဆက် သည် 'သည်' ဟူသော အစား'သည်'၊ သို့မဟုတ် အောက် မြစ်သံ ပါသော 'သည့်'ကိုလည်း သုံးနိုင်သည်။ ပြယုဂ်။ ဤရတနာ သုံးလုံးသည် မောင့်ခမည်းတော် လက်ထက် တွင်သာ ပေါ်ပေါက်လာသည့် ရတနာမဟုတ်။ ထိုနည်းအတူ ဖြစ်လတ္တံ့ကာလကို ပြလိုလျှင် 'သည့်'အစား 'မည့်'ကို သုံးသည်။ ပြယုဂ်။ ဤသူငယ်ငယ်သည် ယခုကပင်လျှင် ငါ့ကို အကျွမ်းတဝင် ရုန့်ကြမ်းမည့် လက္ခဏာရှိ၏။

ကြိယာဝိသေသနပုဒ်စု။ ။မိုးကြောင့် အဝတ်ဆိုသည်-ဟူသော ဝါကျ၌ 'မိုး'သည် အဝတ်ဆိုခြင်း၏ အကြောင်းဖြစ်ကြောင်းကို 'ကြောင့်'နောက်က ပြသည်။ မိုးရွာသောကြောင့် အဝတ်ဆိုသည်-ဟူသော ကြိယာနှစ်ခု ဝါကျ၌ကား 'မိုးရွာသောကြောင့်'ဟူသော ပုဒ်စု သည် အဝတ် ဆိုခြင်း၏ အကြောင်းဖြစ်၏။ 'ကြောင့်'နောက်ဆက်ကို 'မိုး' ဟူသော နာမ်နောက်က တွဲသကဲ့သို့ 'မိုးရွာသော (သည်)' ဟူသော ပုဒ်စုနောက်ကလည်း တွဲနိုင်သည်။ သို့ဖြစ်၍ 'မိုးရွာသောကြောင့်'ဟူသော ရှေးပြေးပုဒ်စုသည် 'စိုသည်' ဟူသော အဆုံးသတ်ကြိယာနှင့် အကြောင်းပြရာ၌ ကြိယာ ဝိသေသနသဘော သက်ရောက်သည်။ အောက်ပါပြယုဂ်အသီးအသီး၌လည်း ကြိယာဝိသေသန သဘော သက်ရောက်သော ရှေ့ပြေးပုဒ်စုသည် အဆုံးသတ် ကြိယာနှင့် မည်သည့်အနက်၌ သက်ဆိုင်သည်ကို ကွင်း အတွင်းရှိ မှတ်ချက်ဖြင့် သိနိုင်သည်။ သူဌေးကြီး သေခဲ့သည်ရှိသော် ရွှေငွေဥစ္စာကျွန် နွား စသည့် ပရိက္ခရာတို့ကို မင်းကြီးလျှင် ရလေ သတည်း။ ('သော်' နောက်ဆက်ဖြင့် အချိန်ကာလကို ပြသည်။) မြေနိမ့်ရာ လှံစိုက်။ ('ရာ'နောက်ဆက်ဖြင့် နေရာကို ပြသည်။) သူငယ် နှစ်ယောက်ကို သူမသိအောင် ဖျောက်လေ။ ('အောင်' နောက်ဆက်ဖြင့် အကျိုးမျှော်သည်ကို ပြသည်။) ထိုမိန်းမကိုရမှ ဤအိမ်က ငါထမည်။('မှ'နောက်ဆက်ဖြင့် စည်းကမ်းသတ်မှတ်ခြင်းကို ပြသည်။) သူသည် ငါ့ကို ခေါ်သော်လည်း၊ ငါမသွား။ ('သော်လည်း'နောက်ဆက်ဖြင့် ဆန့်ကျင်ဖက်ကို ပြသည်။) မင်းသမီးကို ကောင်းမွန်စွာ ငါလုပ်ကျွေးပါသကဲ့သို့ ငါ့ကိုလည်း အဆွေ လုပ်ကျွေးပါဦး။ ('ကဲ့သို့' နောက်ဆက်ဖြင့် နှိုင်းဆ ဖော်ပြခြင်းကို ပြသည်။) သမင်ကို ရှာလျက် ငါသွား၏။ (ကြိယာ နှစ်ခုကို တစ်ပြိုင်နက် ပြုကြောင်းကို 'လျက်'နောက်ဆက်က ပြသည်။) ငှက်လင်းတ တစ်ခုသည် သားတစ်ကို ချီ၍ နန်းတော်တွင် နားလာသည်။ ('ချီ'ကြိယာကို ပြုလုပ်ပြီးမှ 'နား'ကြိယာကို ပြုလုပ်ကြောင်း '၍'နောက်ဆက်က ပြသည်။)

စကားဆက်။ ။ဝါကျနှစ်ခုကို ဆက်ပေးထားသောစကားဆက်။ သူနာသည် အတော်အတန် သက်သာ လာပြီ၊ သို့သော်လည်း ထမင်း မစားရသေး။ (ဆန့်ကျင်ဖက် သဘော) သူလာသည်၊ သို့ဖြစ်၍ သူတို့ မလာကြ။ (အကြောင်းပြ) မောင်ဘ ကျောင်းပြေးသည်၊ ထို့ကြောင့် စာမေးပွဲ မအောင်။ (အကြောင်းပြ)

သမ္ပန်ငယ်ကို ရွက်တိုက်၍၊ သို့မဟုတ် ထိုးခတ်၍ ကူးပို့ကြသည်။(တစ်ခု မဟုတ် တစ်ခု ပြုလုပ်သည်ကို ပြသည်။ ထပ်ဆင့်စကားဆက်။ ။ အောက်ပါ စကားလုံးတို့ကို နှစ်ခါဖြစ်စေ၊ နှစ်ခါမက ဖြစ်စေ ထပ်ဆင့် သုံးနိုင်သည်။ လည်း။ ။အကျုံးဝင်သည့် သဘော သက်ရောက်သည်။ ကျားကိုလည်း ကြောက်ရ၊ ကျားချေးကိုလည်း ကြောက်ရ။နာလည်း လုပ်ကျွေး၊ သေလည်း သင်္ချိုင်းပို့။ နီးစွာလည်း မထားအပ်၊ ဝေးစွာလည်း မခွာအပ်။ ညံ့လွန်းလျှင်လည်း မကောင်း၊ ထက်လွန်းလျှင်လည်း မကောင်း။အဘယ်ကြောင့် ငိုလည်းငို၊ ရယ်လည်း ရယ်သနည်း။လည်းကောင်း(၎င်း)။ ။'လည်း'ကို 'ကောင်း' ဖြင့် လေးနက်စေသော စကားလုံး ဖြစ်သည်။ အကျုံးဝင်သည့် သဘော သက်ရောက်သည်။ ဤအမဲကင်ကို လူသည်၎င်း၊ ခွေးသည်၎င်း စွန့်ပစ်လေပြီ။ ညီတော်သည် နောင်တော်ပြုကျင့်သည်ကို၎င်း၊ ခမည်းတော်သည် ရဲမက်တာ် အမှုထမ်းတို့ကို အပေးအကမ်း နည်းသည်ကို၎င်း နှလုံးနာ၏။ သော်လည်း။ ။ဖော်ပြထားသည်တို့တွင် တစ်ခု မဟုတ် တစ်ခု ပြုမူဖြစ်ပျက်ခြင်းအနက်ကို ပြသည်။ ရွှေနန်းကိုသော်လည်း ပေးအပ်မည်လော၊ စစ်ပွဲသော်လည်း ပြိုင်ဆင်မည်လော။ ကဲ့ရဲ့သော်လည်း ကဲ့ရဲ့လတ္တံ့။ သတ်သော်လည်း သတ်လတ္တံ့။ သော်လည်းကောင်း။ ။'သော်လည်း' ကို 'ကောင်း'ဖြင့် လေးနက်စေသော စကားလုံး ဖြစ်သည်။ ဖော်ပြထား သည်တို့တွင် တစ်ခုမဟုတ် တစ်ခု ပြုမူ ဖြစ်ပျက်ခြင်း အနက်ကို ပြသည်။ သားသော်၎င်း၊ သမီးသော်၎င်း တစ်ယောက် သေ၏။ သူတစ်ပါးတို့ ဆောင်ရွက်သော်၎င်း၊ မဆောင်ရွက်သော်၎င်း ငါသည် မချွတ်မလွဲ ဆောင်ရွက်ပေအံ့။ဖြစ်စေ။ ။ဖော်ပြထားသည် တို့တွင် တစ်ခု မဟုတ် တစ်ခု ပြုမူ ဖြစ်ပျက်ခြင်းအ နက်ကိုပြသည်။မြေပြန့်ဖြစ်စေ၊ ကုန်းမြေဖြစ်စေ၊ တောင်ဖြစ်စေ တစ်ကွက်တစ်ရပ် လစ်လပ်သည် မရှိ။ မြို့သို့ ဝင်သည် ဖြစ်စေ၊ မဝင်သည်ဖြစ်စေ အလိုရှိရာသို့ သွားနိုင်ပါသည်။


ကြိယာနှစ်ခု မက ဝါကျကို ပုဒ်ခွဲပြခြင်း။ ။ ပေါလဇနကမင်းထံ ခစားထမ်းရွက်ဘူးသော အမှုထမ်း အမတ် သူရဲတို့သည်၎င်း (၁)၊ ထိုမှတစ်ပါး ပေါလဇနကမင်းကို မြတ်နိုးကုန်သော အမတ်သူရဲတို့သည်၎င်း (၂) အိမ်ရှေ့မင်း ချီလာကြောင်းကို ကြားလျှင်ပင်(၃)၊ မိမိတို့၌ ရှိသော ဆင်မြင်း စသည့် လက်နက်နှင့်တကွ မြို့မှ ထွက်လာလတ်၍(၄) ပေါလ ဇနကမင်းထံ ဝင်စားလာကြကုန်၏။ (၅)။ ..အမှုထမ်းအမတ်သူရဲတို့သည်၎င်း(၁)၊..အမတ်သူရဲ တို့သည်၎င်း (၂)၊..ကြားလျှင်ပင် (၃)၊..ထွက် လာလတ်၍(၄)၊..ဝင်စားလာကြကုန်၏(၅) ဟူ၍ ကတ္တားနှစ်ခု၊ ကြိယာသုံးခုတို့က ပြသော ဝါက လမ်းကြောင်း သည် ထင်၏။ 'ကြားလျှင်ပင်'(၃) သည် 'ထွက်လာလတ်၍'(၄)နှင့် အချိန်ပြအနက်၌ သက်ဆိုင်၏။ ထွက်လာလတ်၍ (၄) ဟူသော ကြိယာကို ပြုလုပ်ပြီးမှ 'ဝင်စားလာကြကုန်၏'(၅) ဟူသော အဆုံးသတ်ကြိယာကို ပြုလုပ်ကြောင်း '၍'နောက်ဆက်က ပြသည်။

အပိုင်း၁။ ။'ပေါလဇနကမင်းထံ ခစား ထမ်းရွက်ဘူးသော'သည် 'အမှုထမ်း အမတ်သူရဲတို့'ကို ထူးခြားစေ သော နာမဝိသေသနပုဒ်စု ဖြစ်သည်။ ယင်း၌ 'ခစား ထမ်းရွက်ဘူး'ဟူသော ကြိယာပါသည်။ 'ပေါလဇနကမင်းထံ'သည် နေရာပြသောပုဒ် ဖြစ်သည်။ အပိုင်း၂။ ။'ထိုမှတပါး ပေါလဇနကမင်းကို မြတ်နိုးကုန်သော'သည် 'အမတ်သူရဲတို့'ကို ထူးခြားစေ ကုန်သော နာမဝိသေသနပုဒ်စုဖြစ်သည်။ ယင်း၌ 'မြတ်နိုး'ဟူသော ကြိယာပါသည်။ 'ပေါလ ဇနကမင်းကို'သည် 'မြတ်နိုး'ကြိယာ၏ ကံ ဖြစ်သည်။ 'ထိုမှတစ်ပါး'သည် ကြိယာဝိသေသန ဖြစ်သည်။ အပိုင်း၃။ ။'အိမ်ရှေ့မင်း ချီလာကြောင်းကို'သည် 'ကြား' ကြိယာ၏ ကံပုဒ်စု ဖြစ်သည်။ ယင်း၌ 'အိမ်ရှေ့ မင်း'သည် ကတ္တား၊ 'ချီလာ'သည် ကြိယာ ဖြစ်သည်။ 'လျှင်'သည် '

ကြား'ကြိယာနောက်က ကာလနောက်ဆက် ဖြစ်သည်။ 'ပင်'သည် လေးနက်စေသော စကားလုံးတည်း။ အပိုင်း၄။ ။'မိမိတို့၌ ရှိသော'သည် 'ဆင်မြင်း စသည့် လက်နက်'ကို ထူးခြားစေသော နာမဝိသေသနပုဒ်စု ဖြစ်သည်။ ယင်း၌ 'ရှိ' ကြိယာပါသည်။ 'မိမိတို့၌'သည် နေရာပြပုဒ် ဖြစ်သည်။ 'နှင့်တကွ'သည် တစ်ပါးတည်း အနက်ရှိသော စကားစု ဖြစ်သည်။ 'မြို့မှ'သည် ထွက်ခွာရာပြသောပုဒ် ဖြစ်သည်။ အပိုင်း၅။ ။'ပေါလဇနကမင်းထံ'သည် နေရာပြပုဒ် ဖြစ်သည်။ 'ဝင်စားလာကြကုန်၏။'သည် အဆုံးသတ် ကြိယာ ဖြစ်သည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)