မာတိကာသို့ ခုန်သွားရန်

မှာတမ်း

ဝီကီပီးဒီးယား မှ

မှာတမ်းဆိုသည်မှာ တစ်ဖက်သား၏ စိတ်နှလုံးကို ညွတ်နူး တိမ်းမက်စေလျက် မြတ်နိုးကြင်နာလာအောင် အောက်ကျို့ ချော့မော့၍ ရေးသားသော စာဖြစ်သည်။ တစ်နည်းဆိုသော် တစ်ဦးအပေါ်တစ်ဦးက ရည်ငံစေရန်ပေးသောစာ ဖြစ်သည်။ မှာတမ်းကို စကားပြေ ရိုးရိုးဖြင့် ရေးသည်ထက် ဒွေးချိုးလေးချိုးသဖြန် စသည်တို့ဖြင့် ချပ်ကာချပ်ကာ ကာရန်ယူလျက် ရေးသားကြသည်။ တစ်ဦးနှင့်တစ်ဦး ချစ်ခင်တမ်းတလျက် နွမ်းလျနေသည့်သဘောမျိုး ပါဝင်သောစာမျိုးဖြစ်၍ မှာတမ်းဟု ခေါ်ကြောင်းကို ကဗျာဗန္ဓသာရကျမ်းတွင် ဖော်ပြထားသည်။

တစ်ဦးနှင့်တစ်ဦး ရည်ငံသည့်အလျောက် ပေးသောစာမျိုးကိုသာ မှာတမ်းဟု ခေါ်သည် မဟုတ်သေး။ မြန်မာမင်းများလက်ထက်တော်အခါက ဗြဲတိုက်မှ လွှတ်တော်သို့လည်းကောင်း၊ လွှတ်တော်မှ ဗြဲတိုက်သို့လည်းကောင်း ပေးပို့ကြသော အမှာစာများကိုလည်း မှာတမ်းဟူ၍ပင် ခေါ်ဝေါ်ကြောင်း သိရသည်။

မှာတမ်း အရေးအသားသည် ကုန်းဘောင်ခေတ်တွင် ပေါ်ထွန်း၍ ခေတ်ထခဲ့သည်။ ကုန်းဘောင်ခေတ် စာဆိုတော် တစ်ဦးဖြစ်သူ ဦးစံသူ (ဦးစံတူလည်း ဟူ၏။)သည် ရွှေနန်းဘွဲ့ မှာတမ်း စာစုကို ရေးသားခဲ့၏။ ဦးစံသူသည် ကုန်းဘောင်ခေတ်တွင် မှာတမ်းရေးသားခြင်းဖြင့် ထင်ရှားသော စာဆိုဖြစ်သည်။ စလေ ဦးပုညသည်လည်း မှာတမ်းအများကို ရေးသားခဲ့သည်ဟု မြန်မာစာပေ ဂန္ထဝင်များတွင် ဖော်ပြပါရှိ သော်လည်း အပြည့်အစုံ မတွေ့ရသေးချေ။ လူကြီး၊ လူငယ်တို့ နှုတ်ကဆောင်လျက်ရှိသော ပန်းစမ္ပယ်၊ နန်းလယ်မှာ မပေါ်ခိုက်ဟာမို့၊ အလိုက်တော် တန်သင့်ရုံပ၊ ခံပွင့်ကိုကုံး။ နန်းရဝေ၊ မန်းမြေစမ္ပယ်လှိုင်တော့၊ ခံပန်းခိုင် ယာယီရွေ့တယ်၊ တောလေ့ရွာထုံး။ဆိုသည့် ဒွေးချိုးမှာ ဦးပုညရေးသားသော မြမန်ဂီရိန်၊ မဟီသိန်ဝယ်ချီ သည့် မယ်ဘွဲ့မှာတမ်းတွင် ပါဝင် သည်။ ထို့ပြင် အဆွေးနယ်ချဲ့သူတို့ ညည်းလေ့ရှိသည့် ကြင်ရ သူ၊ ဝဋ်ကယ်၊ ခွင့်မအား လင့်စားတွယ်တာလို့၊ ဘယ့်လောက် ကြာ ကမ္ဘာဆန်းကာမှ၊ သာခန်းတစ်ကြိမ်တွေ့မယ်လို့၊ အောက်မေ့မိတယ်။ ။ ခက်စရာ အပွေမှုတွင်ဖြင့်၊ စက္ကဝါ ကုဋေသုဟာမို့၊ ဆွေသမု မြစမ္ပယ်၊ ခတယ်လို့ ခွင့်မတုံး။ ။ မှိတ်လို့သာ လောရ၊ လိပ်ကျော ကြောင်ကလော်သို့၊ ပြောင်ချော်ချော် သည်အချစ်ကိုဖြင့်၊ တစ်ခေတ်တွင် တစ်ခါ တွေ့ရတယ်၊ ပြောရွှေ့မဆုံး ဟူသော လေးချိုးကိုလည်း ထိုမှာတမ်း၌ပင် တွေ့ရလေသည်။ ထိုမှာတမ်း ခွန်းတုံ့ပြန်သော မင်္ဂလာဇေယျုံ၊ ရွှေဘုံဇာတိချီသည့်မောင်ဘွဲ့ မှာတမ်းလည်း ရှိသေးသည်။ သို့ဖြင့် ဆရာတစ်ဦးတည်းပင် မယ်ဘွဲ့၊ မောင်ဘွဲ့များကို မောင်နှင့်မယ်များအတွက် အပြန်ပြန် အလှန်လှန် ရေးပေးတတ်ကြောင်း သိသာနိုင်သည်။ ကဗျာ ဗန္ဓသာရကျမ်းတွင် မန္တလေး မောင်ဘိုးရင် ဆိုသူရေးသည့် မောင်ဘွဲ့မှာတမ်းတစ်စောင်ကိုလည်း တွေ့ရသေးသည်။

ထိုနောက် မှာတမ်းရေးခြင်းဖြင့် ထင်ရှားသူ တစ်ဦးမှာ မင်းတုန်းမင်းလက်ထက်၊ ရတနာပုံ သတင်းစာ အယ်ဒီတာ ဦးထင်ခေါ် ဘိုးဝဇီရဖြစ်သည်။

ဘိုးဝဇီရမှာ ပထမဆုံး မြန်မာသတင်းစာ ဆရာကြီးလည်းဖြစ်၏။ သူသည် မှာတမ်းကို အမြောက်အမြား ရေးသားခဲ့လေသည်။ ဘိုးဝဇီရ၏ မှာတမ်းများမှာ အချစ်ရေးကို မဏ္ဍိုင်ပြု၍ ဆဲ့နှစ်ရာသီဘွဲ့များကို ရေးသားထားသော မှာတမ်းများဖြစ်သည်။ တစ်နည်းဆိုသော် ဘိုးဝဇီရသည် ချစ်မေတ္တာကို မတည်၍ ဆဲ့နှစ်ရာသီဘွဲ့မှာတမ်းများကို ရေးသားပြုစုခဲ့သည်။ ထိုကြောင့် သူ၏ မှာတမ်းများကို ဆဲ့နှစ်ရာသီဘွဲ့ မှာတမ်းများအပြင် မိတ်သင်္ဂဟများ တောင်းပန်သောကြောင့် ရေးပေးရသော ရည်းစားပေးမှာတမ်းများကိုလည်း ပြုစုခဲ့သေးသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)