သံပိုင်း
သံပိုင်း
[ပြင်ဆင်ရန်]သံပိုင်းဆိုသည်မှာ မြန်မာဘာသာသက်သက်ဖြစ်၍ အစဉ်အဆက်ဖြစ်ခြင်း ဟူသောအဓိပ္ပာယ်နှင့် စာစောင်များ၏ အဆုံး၊ နိဂုံးလင်္ကာ ဟူသောအဓိပ္ပာယ်များကိုရသည်။
အစဉ်အဆက်ဖြစ်ခြင်းဟူသော အကြောင်းအရာကို သံပိုင်း ခေါ်ဝေါ်ရေးမှတ်ကြသည့်အ ထောက်အထားများမှာ ကိုးခန်းပျို့တွင် မနုသမ္မတ၊ ရှေးကသံပိုင်း၊ ကျင့်ရိုးခိုင်းလျက်၊ ဟူ၍လည်းကောင်း၊ စတုမဟာ၊ နတ်တို့ရွာ၌၊ တစ်ခါနတ်သက်၊ တစ်ထောင်ဝက်ကို၊ တွက်သော်လူနှင့်၊ ကိုးသန်း ဖြစ်သည်။ စင်စစ်သံပိုင်းတံထွာတည်း ဟူ၍လည်းကောင်းလာရှိသည်။ အဆုံးနိဂုံးလင်္ကာကို သံပိုင်း ခေါ်ဝေါ်ရေးမှတ်ကြသည့်အထောက်အထားများမှာ အင်းဝမြို့ကျောင်းတော်ကျောက်စာနိဂုံးတွင် ကျာကျာ ကျော်ဟိုး၊ စာရင်းထိုးသည်၊ ကျောက်ရိုးရွှေစာ၊ သံပိုင်းတည်းဟူ၍လည်းကောင်း၊ မဟာ သကျသီဟဘုရား၊ ခေါင်းလောင်း တော်စာနိဂုံးတွင် ဥပဒေကြံသိုင်း၊ လွှမ်းရိုက်လှိုင်းသည်။။ သံပိုင်းရွှေစာမော်ကွန်းတည်းဟူ၍ လည်းကောင်း၊ နန်းစဉ်စာတော်စာရင်းအမှတ်အသားများမှာလည်းပျို့၊ မော်ကွန်း၊ သံပိုင်း၊ လင်္ကာစသည်များနှင့် ကျောက်စာ၊ စဉ့်စာ၊ ခေါင်းလောင်းစာ၊ ဆုတောင်းစာစသည်များမှာ မည်သည့် စာကိုယ်စာသားပုဒ် ရေမည်မျှ၊ နိဂုံး၊ သံပိုင်းပုဒ်ရေမည်မျှ၊ နှစ်စုပုဒ်ရေမည်မျှဟူ၍လည်းကောင်း ခွဲခြားမှတ်သား ရေးထားလျက်ရှိသည်။
စကားပြေမှာဖြစ်စေ၊ လင်္ကာမှာဖြစ်စေ အဆုံးနိဂုံး သံပိုင်းတိုင်းမှာ လေးလုံးစပ်လင်္ကာနှင့်ရေးသားမြဲဖြစ်သော ကြောင့်စာကိုယ်နှင့်မတူဘဲအသံကိုပိုင်းခြားသည့်အတိုင်း သံပိုင်းဆိုသည်မှာအဆုံးနိဂုံးလင်္ကာကို မှတ်ရမည်ဟု ပိဋကတ်တော်အုပ် အတွင်းဝတ်မိုင်းခိုင်းမြို့စားများပြော ကြားအမိန့်ရှိဘူးသည်ဟုဆိုသည်။ ဤသို့အတွင်းဝန်မင်း အမိန့်ရှိသည့်အတိုင်း မှန်·မမှန်၊ မှတ်သင့်·မမှတ်သင့် များကိုစကားစပ်လျဉ်းမိ၍ ကျေးဇူးရှင်ဘုံးကျော်ဆရာတော် ဘုရားကြီးထံ လျှောက်ထားဖူးရာ'ယုတ္တိတန်၍ အထောက်အထားရှိပါလျှင် လိုက်နာသင့်ပါ၏။
သို့ရာတွင်အချို့နေရာများမှာ စာကိုယ်တစ်စောင်လုံးကိုပင် သံပိုင်းဆိုလိုသကဲ့သို့စပ်ဆိုသော အချက်များလည်းအနည်းငယ်ရှိသေးသည'်ဟု အမိန့်တော်ရှိဖူးသည်ဟုလည်းဆိုလေသည်။ သံပိုင်းသဘောအဓိပ္ပာယ်စပ်ဆိုသီကုံးပုံကို ထင်ရှားစေရန်ပုံစံမှာ။ ။ မျက်ရှင်ယောင်ပြို၊ ရှိန်းရှိန်းညိုသား၊ မြင်းမိုရ်ရပ်ခိုင်း၊ နှင်းပန်းနှိုင်းလျက်၊ စစ်ကိုင်းပင်းယ၊ အင်းဝအောင်စည်၊ မင်းပွဲပြည်ကို၊ ...ကျောက်ဆောင်လင်္ကာ၊ သံပိုင်းစာကို၊ မဟာသီလဝံသ ...ပြည့်ဖြိုးနိဒါန်းအပြီးတည်း (ရှင်မဟာသီလဝံသ စပ်ဆိုသီကုံးရေးသားတော်မူသည့် ရတနာဗိမာန် ကျောင်းတော်· ကျောက်စာနိဂုံး သံပိုင်း) ထို့ပြင်သံပိုင်းပုဒ်ကိုမော်ကွန်းပုဒ်နှင့်လည်း ရောနှောပြီးစပ်ဆို ကြသည်လည်း ရှိကြသေး၏။ ပုံစံ ကား၊ သက္ကရာဇ် ၁၂၂၂ ခုနှစ်တွင်ဆီးဘန်းနီဆရာတော်ဘုရား ရေးသားခဲ့သည့်မဟာဗောဓိကျောက် စာသံပိုင်း၌· ဗောဓိလင်္ကာ၊ ပွင့်ရွှန်းဖြာလျက်၊ စက္ကဝါအပိုင်း၊ မြမြလှိုင်းတည့်၊ ဆိုင်းဆိုင်းယှက်ပြီ..ဘုရင့် ဆရာ၊ ထေရ်မဟာလျှင်၊ အက္ခရာထင်းလင်း၊ မော်ကွန်းထွင်းသည်၊ သလင်းရွှေဆိုင်သံပိုင်းတည်း။ ဟုရေးသားစီကုံးထားသည်။
သံပိုင်းကဗျာကိုရှေးအစဉ်အလာအလေ့အထအားဖြင့်၊ ဘုရားစေတီ၊ ကျောင်း၊ ကန်၊ ပလ္လင်၊ ဗောဓိပင်စသည်တို့ကို ပြုလုပ်ပြီးစီးရာ၌ နိဂုံးချုပ်အားဖြင့်မှတ်ယူကြစေခြင်းမှာ ရေးသားကြရိုးရှိခဲ့လေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)