ပျို့

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ပျို့သည် ပိုဒ်ရေများစွာပါဝင်သော လေးလုံးစပ် ကဗျာရှည်အမျိုးအစား ဖြစ်သည်။ အင်းဝခေတ်တွင် စတင်ပေါ်ပေါက်လာခဲ့ပြီး အင်းဝ၊ တောင်ငူညောင်ရမ်းနှင့် ကုန်းဘောင်ခေတ်တို့တွင် ထွန်းကားခဲ့သည်။ စတင်ရေးသားခဲ့သူမှာ အသက် ၁၆ အရွယ်ရှိ ရှင်မဟာရဋ္ဌသာရ ဖြစ်သည်ဟု ဆိုသည်။

အဓိပ္ပာယ်[ပြင်ဆင်ရန်]

ပျို့၏ အဓိပ္ပာယ်ကို နှစ်သက်ခြင်းဟု ဖွင့်ဆိုသည်။ ပျို့ရေးသားသူကို ပျို့စာဆို ဟု ခေါ်သည်။

လှေသင်းအတွင်းဝန်၏ ဝေါဟာရလီနတ္ထဒီပနီ၌ ပျို့-ဟူ၍ ခေါ်ဝေါ်ရေးသားကြသည်မှာ-

“မနံ ပိနေတီတိ ပျို့-ဟု ဝိဂြိုဟ်ပြုသည်။ အနက်ကား- ယံကဗျံ၊ အကြင်ကဗျာသည်၊ မနံ၊ စိတ်ကို၊ ပိနတိ၊ နှစ်သက်စေတတ်၏၊ ဣတိ၊ ထို့ကြောင့်၊ တံကဗျံ၊ ထိုကဗျာသည်၊ ပျို့၊ ပျို့မည်၏။ ထို့ကြောင့် ပျို့ဟူသည် နှစ်သက်ခြင်း၊ ပြည့်ဖြိုးခြင်း၊ ထွန်းလင်းသော အရောင်အဝါရှိခြင်း တည်းဟူသော စကားသုံးရပ်ဖြစ်ကြောင်းကို ပြသော ပေါရဏတွင် ဆိုသဖြင့် ဤအရာ၌ နှစ်သက်မြတ်နိုးစေတတ်သည် သဘောရှိသည်ဟု ဆိုသည်။ အထောက်အထားအဖြစ်လည်း ဘုံခန်းတွင် -

  • “စုံမက်လှည့်တို့ ပျို့ရရို့လျှင်၊ နှစ်လို့ချင်ဘွယ်၊ ရူပကာယ်ကား” ဟူ၍၎င်း
  • “သီးနုရှိလင့်၊ သီးမာရင့်လျက်၊ မှည့်နှင့်တချို့၊ နတ်မင်းတို့သည်၊ ချစ်ပျို့ လေးလေး မြတ်မြတ်တည်း” ဟူ၍၎င်း၊
  • “ကြည့်မိတုံတုံ၊ အာရုံပျို့ပျို့၊ နှစ်လို့ပျော်ပျော်၊ ရှေးထက်သော်လည်း” ဟူ၍၎င်း၊

ဟတ္ထိပါလတွင်-

  • “လေးယောက်ပျို့ပျို့၊ အင်မချို့တည့်၊ သားတို့ ထံရင်း” ဟူ၍၎င်း၊

တနည်းလည်း ရှေးရှေးသော ကျမ်းပြုဆရာဆရာတို့သည်- “ယဿဘဂဝတော၊ အကြင်မြတ်စွာဘုရားအား။ ပိနာ၊ ပျို့ကုန်သော။ ဥရက္ခံသဗာဟဝေါ၊ ရင်ညှပ်ပခုံးလက်ရုံးတို့သည်။ သန္တိ၊ ရှိကုန်၏”- ဟူ၍ အနက်ပြန်ဆိုတော်မူကြ၏။ ထို့ကြောင့်- ပိန- သဒ္ဒါကဖြစ်သော (ပျို့) ဟူ၍ ယူသင့်သည်။ ဤအရာ၌ သူတပါးတို့၏ နှလုံးကို ကြည်လင်နှစ်မြို့စေလျက် စိတ်ပျိုကိုယ်နုစေတတ်သော အဖွဲ့ဖြစ်ခြင်းကြောင့် ပျို့ဟူ၍ ခေါ်ဝေါ်ရေးသားကြသည်။[၁]


အမျိုးအစား[ပြင်ဆင်ရန်]

ပျို့ကို အခြေခံအမျိုးအစားအားဖြင့် ၂ မျိုးရှိသည်ဟု သတ်မှတ်သည်။ ထိုအမျိုးအစား ၂ မျိုးမှာ –

  1. ဇာတ်လမ်းပါသော ပျို့
  2. ဇာတ်လမ်းမပါသော ပျို့ တို့ဖြစ်သည်။

အရေးပါသောအစိတ်အပိုင်း[ပြင်ဆင်ရန်]

ပျို့တစ်ပုဒ်၏ နိဂုံးဖော်ပြချက်သည် အရေးပါသောအစိတ်အပိုင်း ဖြစ်သည်။ နိဂုံးပိုင်းတွင်

  • စာဆို၏ ဘဝ
  • စာဖတ်ပရိတ်သတ်အပေါ် သဘောထား
  • အကြောင်းအရင်း
  • ရေးဖွဲ့ပြီးစီးချိန် တို့ကိုတွေ့ရသည်။

ပျို့တွင် ဇာတ်လမ်းကျောရိုးတည်ရာပြည်ကိုဖွဲ့ရာ၌ ပျို့စာဆိုကျင်လည်ရာမြို့ကို ထင်ဟပ်ဖွဲ့ဆိုကြသည်။

ပျို့ဆိုင်ရာမှတ်ချက်များ[ပြင်ဆင်ရန်]

မြန်မာစာပေစတင်ဖွံ့ဖြိုးသော အင်းဝခေတ်တွင် ပျို့စာဆိုတို့သည် ဇာတ်တော်ကြီးဆယ်ဘွဲ့အပါအဝင် ဗုဒ္ဓစာပေ ဝတ္ထုဇာတ်လမ်းများကို ပျို့ ဟုခေါ်သော ကဗျာဝတ္ထုများအဖြစ် ဝေဝေဆာဆာ ရေးဖွဲ့ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာဇေယသင်္ခယာဘွဲ့ခံ လှေသင်းအတွင်းဝန်၊ “ဝေါဟာရလီနတ္ထဒီပနီ”၊ ဟံသာဝတီပုံနှိပ်တိုက်၊ ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ။
  2. http://www.hansann.com/?p=932