ရှေးဟောင်းမြန်မာဘာသာစကား

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ရှေးဟောင်းမြန်မာဘာသာစကား
Myazedi-Inscription-Burmese-cropped.png
ဒေသပုဂံပြည်
ခေတ်ကာလ၁၂ ရာစုမှ ၁၆ ရာစုအထိ
မြန်မာအက္ခရာ
ဘာသာစကားကုဒ်များ
ISO 639-3obr
obr
Glottologoldb1235[၁]

ရှေးဟောင်းမြန်မာဘာသာစကားသည် မြန်မာဘာသာစကားစတင်ပေါ်ပေါက်ရာ ပုဂံခေတ်၌ပြောဆိုခဲ့ကြသော ဘာသာစကားဖြစ်၍ မြန်မာဘာသာ၏ အစောဆုံးသောပုံစံလည်းဖြစ်သည်။ ထိုဘာသာစကား၏ကာလမှာ ၁၂ ရာစုမှ ၁၆ ရာစုအထိဖြစ်ပြီး ၁၆ ရာစုတွင် ခေတ်လယ်မြန်မာဘာသာစကားသို့ ပြောင်းလဲလာခဲ့ပါသည်။ ရှေးဟောင်းမြန်မာဘာသာစကားကို ပုဂံခေတ်ကျောက်စာများတွင် လေ့လာနိုင်ပါသည်။[၂] သဒ္ဒါနှင့်ဝေါဟာရတို့မှာ ခေတ်သစ်မြန်မာစာနှင့် ကွာခြားမှုရှိသော်လည်း အခြားစကားလုံးအသုံးအနှုန်းများမှာ ဆင်တူကြပါသည်။[၃]

ရေးသားမှုပုံစံများ[ပြင်ဆင်ရန်]

ဗျည်းတွဲသင်္ကေတများတွင် လဆွဲဗျည်းတွဲဟူ၍ရှိခဲ့ရာ ကဝဂ်နှင့်ပဝဂ်ဗျည်းများတွင် အသုံးပြုခဲ့ပါသည် (သာဓက- က္လ၊ ဖ္လစ်)။ နောက်ပိုင်းတွင် ကဝဂ်ကိုယပင့်အသံဖြင့်လည်းကောင်း ပဝဂ်ကိုရရစ်သံဖြင့်လည်းကောင်း ပြောင်းလဲရေးသားခဲ့ပါသည် (သာဓက- က္လ > ကျ၊ ဖ္လစ် > ဖြစ်)။

ဝစ္စပေါက်နေရာတွင် ဟသတ် (ဟ်) ဖြင့် ရေးသားခဲ့ပါသည် (သာဓက- သာဟ် = သား)။ အောက်မြစ်နေရာတွင် အသတ် (အ်) ဖြင့်သော်လည်းကောင်း "အ"ကိုအောက်၌ ဆင့်၍သော်လည်းကောင်း ရေးသားခဲ့ပါသည် (သာဓက- ပေအ် = ပေ့၊ နှင္အ် = နှင့်)။ "ဧ"သရကို လုံးကြီးတင်ယပက်လက်သတ်ဖြင့်ရေးသည် (ပိယ် = ပေ၊ ပေး)။ သဝေထိုးဝဆွဲကို တစ်ချောင်းငင်ယပက်လက်သတ်ဖြင့်ရေးသည် (ငုယ် = ငွေ)။

"အို"ကိုမူ သရအဖြစ်မသတ်မှတ်ထားခဲ့သောကြောင့် ဝသတ် ဖြင့်ရေးသားခဲ့ပါသည် (ထိုဝ် = ထို)။ ထို့အပြင် "အော်"သရမရှိခဲ့သောကြောင့် ဝသတ်ဖြင့်ရေးသားခဲ့သည် (ရခ္လေသဝ် = ရချေသော်)။ ၁၂ ရာစုနောက်ပိုင်းတွင် "အော်"သရကို ရှေ့ထိုးအဖြစ်ရေးခဲ့ပါသည် (စိယ်တိတ် = စေတီတော်)။

သဒ္ဒါ[ပြင်ဆင်ရန်]

ရှေးခေတ်မြန်မာစကားတွင် ပုဂ္ဂလနာမ်စားများရေးသားပုံမှာ "ငါ" ကို "ငာ"၊ "ငါတို့" ကို "အတိုဝ္အ်"၊ "သူ" ကို "အယင်" ဟူ၍ ရေးသားခဲ့ကြပါသည်။[၄]

မြန်မာစကားစတင်ပေါ်ပေါက်သည့်အချိန်မှာပင် "၏"၊ "၍"၊ "၌" တို့ကို အသုံးပြုထားသည်ကို တွေ့ရှိရပါသည်။[၅] "၏"ကို ထိုခေတ်အခါက "ဧအ်" ဟူ၍ရေးသားခဲ့ရာ စာကြောင်း၏အဆုံးစကားလုံးအဖြစ် သုံးနှုန်းခဲ့ပါသည်။ "၍"ကို "ရုယ္အ်"ဟူ၍ ရေးသားခဲ့ရာ စာကြောင်းနှစ်ကြောင်းဆက်ရာတွင် အသုံးပြုခဲ့ပါသည်။ "၌"ကို "နှိုက်"ဟု ရေးသားပြီး နေရာပြဝိဘတ်အဖြစ် အသုံးပြုခဲ့ပါသည်။

ထို့အပြင်ပါဠိဘာသာ၏လွှမ်းမိုးမှုကိုလည်းတွေ့ရှိရပါသည်။ ကြိယာအနက်ကိုငြင်းပယ်ရာတွင် "အ"ပစ္စည်းဖြင့် အသုံးပြုထားပါသည်။ သာဓကအားဖြင့် ရာဇကုမာရ်ကျောက်စာတွင် "မဖူးရစေနှင့်" ကို "အဖူးရစေ" ဟူ၍ရေးသားထားပါသည်။[၅] နောက်ပိုင်းတွင်မူ "မ" ကိုသာအသုံးပြုခဲ့ကြပါသည်။

ဝေါဟာရ[ပြင်ဆင်ရန်]

အလှူပြုကျောက်စာများတွင် ကျွန်နာမည်များ၏အရှေ့၌ အောက်ပါ‌ဝေါဟာရများဖြင့် အထူးပြုပါသည်။[၆]

  • နိုဝ္အ်စိုဝ္အ် - နို့စို့သောအရွယ်
  • ပုစု - နို့ညှာအရွယ်
  • စာတတ် - မိမိလက်ဖြင့်ထမင်စားတတ်သောအရွယ်
  • အမှုရ - တောက်တိုမယ်ရခိုင်းရသောအရွယ်
  • မြက်ရ - နွားကျောင်းသားအရွယ်
  • အိုဝ္အ်ဖုခိ - အိမိထောင်မကျသေးသောသူ
  • ဤမ်‌ထောင် - အိမ်ထောင်ကျပြီးသူ
  • ဖုတ် - မုဆိုးဖိုဖြစ်သောသူ
  • က္မယ် - မုဆိုးမဖြစ်သောသူ

သက္ကရာဇ်အမည်များမှာလည်း ယခုဝေါဟာရနှင့် ကွဲပြားပါသည်။[၆]

  1. ဇေယျ - စိတြ၊ စဲ၊ ဇယ်၊ စယ်၊ စည်၊ ဇည်၊ စေ
  2. ဝိသာခါ - ပိသျှက်၊ ဗေသာခ၊ ဗိသျှက်၊ ဗိသျှ၊ ပိသျှစ်
  3. ဇေဋ္ဌ - ဇိဿ၊ ဇိသ၊ စိဿ၊ စိတ္သ၊ စိသျ
  4. အာသဠီ - အာသန်၊ အာသဋ္ဌ်၊ အာသတ်၊ အာသဒ္ဓ၊ အာသတ်
  5. သရဝဏ် - သရဝဏ်၊ ဩဝဏ်၊ သရဝန်၊ ဩဝန်၊ သြွာန်
  6. ဘဒြ - ဘဿ၊ ဖဿ၊ ဖတ်သ၊ ဘတ်၊ ဘာတ်
  7. အဿယုဇ္ဇ - အသုက်၊ အာသုတ်၊ အသုစ်၊ အာသိတ်၊ အာသိန်
  8. ကြတ္တိကာ - ကြာတိုက်၊ ကြတိကာ၊ ကြတိုက်
  9. မိဂသီ - မိဂ္သီ၊ မြိက္ကသိုဝ်၊ မြိက္ကသို၊ မြိက်သိုလ်၊ မြိုက္ကသိုရ်၊ မြဂသေီရ်
  10. ဖုသျှ - ဖုဿ၊ ဖုဿ၊ ပုတ်သ၊ ပုတ္သ
  11. မာခ - မာဃ
  12. ဘရဂုဏ္ဏီ (ဖဂ္ဂုဏ) - ဘလကိုန်၊ ဖလကိုန်၊ ဖ္လဂိုန်၊ ဖလကုန်၊ ဖြကိုန်၊ ဖြကိုင်

နမူနာစာသားများ[ပြင်ဆင်ရန်]

ကျစွာမင်းမိထွေးတော်ကျောက်စာများမှ စာသားအချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

က္လစွာမင် ဟ္ရေတောင်တက်ပြီ။ ငါမိကိုဝ်ကာ ငါမသိလိုက်။ ငါမိထုယ်မုယ်ရုယ် ငါကြီဧအ်။ ငါမိထုယ်လျှင်တေ ငါမိဟုရုယ်။ ဤမ်ပ္လုနိယ်ပိယ်၏။ ဤမ်ထောင်ကျွန် လယ်လေ ပိယ်တဝ်မူဧအ်။

ထိုစာသားကို ယခုခေတ်ရေးအသားဖြင့် ပြောင်းရေးကြည့်ပါက အောက်ပါအတိုင်းရပါသည်။

ကျစွာမင်း ရွှေတောင်တက်ပြီ။ ငါအမိကိုကား ငါမသိလိုက်။ ငါ့မိထွေးမွေး၍ ငါကြီး၏။ ငါ့မိထွေးလျှင်တည်း ငါ့အမိဟူ၍။ အိမ်ပြုနေပေး၏။ အိမ်ထောင်ကျွန်၊ လယ်လည်း ပေးတော်မူ၏။

မြန်မာကျောက်စာများကို ဆရာကြီးဦးငြိမ်းမောင်သည် ကိုယ်တိုင်ဖတ်ရှုခဲ့၍ "ရှေးဟောင်းမြန်မာ ကျောက်စာများ" စာအုပ်များကိုထုတ်ဝေခဲ့ပါသည်။[၇] ထို့အပြင်နိုင်ငံခြားသားလေ့လာသူများသည်လည်း ထိုကျောက်စာများကို အင်္ဂလိပ်ဘာသာသို့အက္ခရာဖလှယ်ခြင်းဖြင့် ရေးသားထုတ်‌ဝေခဲ့ကြပါသည်။[၈]

ကိုးကားချက်များ[ပြင်ဆင်ရန်]

  1. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Old Burmese"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
  2. Herbert၊ Patricia; Anthony Crothers Milner (1989)။ South-East Asia: Languages and Literatures: a Select Guide။ University of Hawaii Press။ p. 5။ ISBN 9780824812676
  3. Wheatley၊ Julian (2013)။ "12. Burmese"။ in Randy J. LaPolla; Graham Thurgood (eds.)။ Sino-Tibetan Languages။ Routledge။ ISBN 9781135797171
  4. Bradley, David (Spring 1993). "Pronouns in Burmese-Lolo". Linguistics of the Tibeto-Burman Area 16 (1). Melbourne: La Trobe University. 
  5. ၅.၀ ၅.၁ Uta Gärtner, Jens Lorenz, ed. (1994)။ "3"။ Tradition and Modernity in Myanmar: Proceedings of an International Conference Held in Berlin from May 7th to May 9th, 1993။ Tradition and Modernity in Myanmar။ LIT Verlag Münster။ pp. 366–426။ ISBN 9783825821869
  6. ၆.၀ ၆.၁ ရှေးဟောင်းသုတေသနဦးစီးဌာန (၁၉၉၈)။ "နောက်ဆက်တွဲ"။ ငြိမ်းမောင်၊ ဦး (တည်းဖြတ်)။ ရှေးဟောင်းမြန်မာကျောက်စာများ။ ယဉ်ကျေးမှုဝန်ကြီးဌာန။
  7. ဦးငြိမ်းမောင် (၂၀၁၈)။ ရှေးဟောင်းမြန်မာကျောက်စာများ (Ancient Burmese Inscriptions)။ Zenodo http://doi.org/10.5281/zenodo.1202320
  8. U Nyein Maung, Lewis-Wong, Jennifer, Khin Khin Zaw, McCormick, Patrick, & Hill, Nathan. (2020). A Structured Corpus of Old Burmese Stone Inscriptions (Version 1) [Data set]. Zenodo. http://doi.org/10.5281/zenodo.4321314
  • "မြန်မာအဘိဓာန်" (ဒုတိယအကြိမ်)၊ ပညာရေးဝန်ကြီးဌာန (မြန်မာစာအဖွဲ့)။ "မြန်မာ့အက္ခရာသမိုင်း"။