ခေမာ၊ သျှင်

ဝီကီပီးဒီးယား မှ
(ရှင်ခေမာ မှ ပြန်ညွှန်းထားသည်)

သျှင်ခေမာ (၈၁၅-၈၆၅ ခန့်)သည် တောင်တွင်းကြီးမြို့နယ်၊ မန်ကျည်းယောင်ရွာ၌ မြန်မာသက္ကရာဇ် ၈၁၅-ခုနှစ်တွင် ဖွားပြင်ခဲ့သည်။ နံတော်တနင်္လာသားတည်း။ သျှင်ခေမာသည် ထိုနှစ်တွင် မွေးဖွားခဲ့သော 'ပေလေးပင် သျှင်လေးပါး' အဝင်အပါ ဖြစ်သည်။

သက္ကရာဇ် ၈၃၅-ခုတွင် ရဟန်းအဖြစ်သို့ ရောက်တော်မူ၍ ဘွဲ့မည်ကို နံသင့်ယူကာ သျှင်ခေမာဟု မှည့်ခေါ်လေသည်။ သျှင်ခေမာသည် သျှင်ဥတ္တမကျော်၊ သျှင်မဟာသီလဝံသ၊ သျှင်အုန်းညိုတို့ကဲ့သို့ စာပေကျမ်းဂန်တို့၌ တတ်ပွန်လိမ္မာတော်မူ၏။ ယင်းသို့ တတ်မြောက်တော်မူ သည့်အလျောက် ပိဋကတ်စာပေကျမ်းဂန်တို့ကို ရေးသားစီရင်တော်မူသည်ဟု ပိဋကတ်သမိုင်းတို့၌ အမှတ်အသားရှိသည်။ သို့ရာတွင် သျှင်ခေမာရေးသားသော ကျမ်းဟူ၍ မတွေ့ရချေ။ မည်သည့် စာပေကျမ်းဂန်တို့ကို ရေးသားသည်ဟုလည်း စာရင်းမျှကို ရှာဖွေမတွေ့ရသည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်ပေတော့သည်။

ရှေးအခါက ပညာရှင်အချို့သည် နေပြည်တော်နှင့် မဆက်စပ်ပါက ၎င်းတို့၏ ပညာအရည်အသွေးလည်း တိမ်မြုပ်ကြရ၏။ ထို့ပြင် ကျေးလက်ပညာရှင်တို့၏ စာပေများသည်လည်း ကျေးလက်ဒေသ၌ပင် တိမ်မြုပ်ပျောက်ကွယ်ကြရ၏။ သျှင်ခေမာရေးသားသော ကျမ်းစာတို့သည် လည်း ဤနည်းနှင်နှင်ပင် ဖြစ်ပေလိမ့်မည်။

သျှင်ခေမာသည် ကဗျာလင်္ကာနှင့် စပ်၍ကား မြန်မာစာပေသမိုင်း၌ သျှင်ခေမာသည် မြန်မာဘာသာဖြင့် ကဗျာလင်္ကာများကို ရေးသားခဲ့သည်ဟု မတွေ့ရပေ။ ရေးသားပြုစုလျက်နှင့် လုံခြုံစွာ သိမ်းဆည်းစုဆောင်းမည့်သူ မရှိ၍ ပျောက်ပျက်တိမ်မြုပ်သွားလေသလောဟု တွေးတောဖွယ်ဖြစ်ကြောင်း ရေးသားထားသည်။ သျှင်ခေမာ၏ ကျမ်းစာတို့သည် ဤမျှတိမ်မြုပ်နေခဲ့ရသည်မှာ နောင်အခါ၌ အရပ်ဒေသတစ်ခုတွင် နေထိုင်၍ ထိုအရပ်နာမည်ဖြင့် ကျမ်းစာများကို ပြုစုပြီး ကြာသော် သျှင်ခေမာနှင့်ဒေသအမည်တို့ ပေါင်းစပ်မရတော့သောကြောင့် ပျောက်ကွယ်သွားသလောဟု စဉ်းစားစရာ ဖြစ်သည်။ ထိုသို့ ရေးသားကြသော ဘွဲ့မည်နှစ်မျိုးရသည့် ပုဂ္ဂိုလ်များနှင့် နာမည်နှစ်မျိုးမက ဖြစ်နေသော ပညာရှင်တစ်ဦးတည်း၏ နာမည်များကို ပိဋကတ်သမိုင်းများ၌ တွေ့ရှိရ၏။ သျှင်ခေမာ၏ ကျမ်းစာများနှင့် ပတ်သက်၍ ဤသို့လည်း စဉ်းစားစရာ တစ်ကြောင်း ပါလေသည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ[ပြင်ဆင်ရန်]

၁။ ဂါထာခြောက်ဆယ်ပျို့၊

၂။ ပါရာဇိကဏ်အဋ္ဌကထာနိသျ၊[မှတ်စု ၁]

၃။ ပါစိတျာဒိအဋ္ဌကထာနိသျ၊

၄။ အဋ္ဌသာလိနီအဋ္ဌကထာနိသျ၊

၅။ ကင်္ခါဝိတရဏီအဋ္ဌကထာနိသျ၊[မှတ်စု ၂]

၆။ သင်္ခေပဋီကာနိသျ၊

၇။ ဋီကာကျော်နိသျ၊

၈။ ပဉ္စပကြိုဏ်အဋ္ဌကထာနိသျ၊

၉။ သမ္မောဟဝိနောဒနီအဋ္ဌကထာနိသျ။[မှတ်စု ၃][၂]

မှတ်စု[ပြင်ဆင်ရန်]

  1. ပိဋကတ်တော်သမိုင်းတွင် ပါရာဇိကဏ်အဋ္ဌကထာနိသျကို ရွှေဥမင်ဆရာတော်ပြုစုသည်ဟု ပြသည်။ နိသျနှစ်စောင်ရှိမည်လောဟု ထောက်ဆရန်ရှိ၏။
  2. ထို့အပြင် ကင်္ခါဝိတရဏီအဋ္ဌကထာကို ပထမကျော်အောင်စံထားဆရာတော်၏တပည့် အမည်မသိ မထေရ်က ရေးသည်ဟု ပြသည်။
  3. ထိုမှတပါး အဋ္ဌသာလီနိအဋ္ဌကထာနိသျဟောင်းကိုလည်းကောင်း၊ သမ္မောဟဝိနောဒနီအဋ္ဌကထာနိသျဟောင်းကိုလည်းကောင်း မဏိရတနဆရာတော်က စီရင်သည်ဟု ပြသော်လည်း ထိုမဏိရတနဆရာတော်သည် နောက်ကျသော ပုခန်းကြီးမြို့စီရင်စု နေရင်းရွာဇာတိ မဏိရတနာတိုက်နေ အရှင်အရိယာလင်္ကာရ နေရင်းဆရာတော် (တနင်္ဂနွေမင်းလက်ထက်) ဖြစ်နေသဖြင့် မှားယွင်းဖော်ပြမိဟန် တူသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။
  2. လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၆၊ ၇။

ဆက်လက်လေ့လာရန်[ပြင်ဆင်ရန်]

၁)စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မြန်မာစာပေသမိုင်း၊ ကဝိသေနင်္ဂဗျူဟာကျမ်း၊