သီလဝ (ရမည်းသင်းစား)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သီလဝ (သက္ကရာဇ် ???-၇၅၇) သည် အင်းဝခေတ်တွင် ရမည်းသင်း မြို့စားမင်း ဖြစ်သည်။ လက်ရုံးရည် ထူးချွန်ပြီး ဆင်စီး အလွန်တတ်သည်။

မွေးချင်း[ပြင်ဆင်ရန်]

ညီ မဟာပြောက်နှင့် ညီမ ခမည်းမိ ဟူ၍ မွေးချင်းနှစ်ယောက် ရှိသည်။ ခမည်းမိကို မင်းကြီးစွာစော်ကဲ တောင်နန်းတက်သည်။ မဟာပြောက်မှာ သီလဝလွန်သော် ရမည်းသင်းစား ဖြစ်လာသည်။

ရမည်းသင်းကို စားခြင်း[ပြင်ဆင်ရန်]

သတိုးမင်းဖျားလက်ထက် ရမည်းသင်းကို စားရသည်။ ဆင် ၆၀၊ မြင်း ၈၀၀ နှင့် ဗိုလ် ၁၀ ၀၀၀ ရှိသည်။

ဘဝရှင်အရာကို ပယ်ငြင်းခြင်း[ပြင်ဆင်ရန်]

သတိုးမင်းဖျား နတ်ရွာစံသော် မှူးမတ်အပေါင်းညီညွတ်ကြကာ သီလဝအား မင်းပြုရန် တောင်းပန်ကြသည်။ သီလဝလည်း ငါသည် တနေ့ စကားသုံးလေးခွန်းမျှမပြော၊ မင်းအဖြစ်ကို ငါလည်း အလိုမရှိ။ အမြင့်စား တရဖျားစောကဲသည် မင်း၏ယောက်ဖတော်လည်း ဖြစ်သည်။ နှလုံးလက်ရုံးလည်း ကုံသည်။ စော်ကဲကို မင်းမြှောက်လေဟု ဆိုကာ စည်းစိမ်ကို ငြင်းသည်။ ရည်ရွယ်ရင်းမရှိဘဲ သီလဝ၏ အကြံပေးချက်အရ စော်ကဲမင်းဖြစ်ရသည်ကို ရည်၍ မရွယ်ဘဲစော်ကဲမင်းဖြစ် ဟူသောစကား ပေါ်လာလေသည်။

မိုးညှင်းရှမ်းတို့ကို နှိပ်နင်းခြင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ရ၅၄ ခုတွင် မိုးညှင်းရှမ်းတို့သည် ဆင်မြင်းအလုံးအရင်းနှင့် ချီ၍ မြေဒူးကိုတိုက်ကာ ဗမာတို့ကို ထိပါးသည်။ မင်းကြီးစွာစော်ကဲသည် သိင်္ခသူစောနှောင်း၊ အင်းယဉ်တုရင်၊ လယ်ကိုင်းငခရာသား ငရွှေတို့နှင့်အတူ ကိုယ်တော်တိုင် ရေအားကြည်းအားဆန်၍ ခုခံရန်ချီတက်၏။ သို့ရာတွင်သိင်္ခသူစောနှောင်းနှင့် အင်းရည်တုရင်တို့သည် မြင်းကိုသာကျွမ်း၍ ဆင်မှာမကျင်။ လယ်ကိုင်းငခရာသား ငရွှေသည် ကာကိုသာတတ်၍ မြင်း၌မလည်သောကြောင့် ဗမာတပ်ပျက်၍ ဆုတ်ရသည်။ ထိုအခါ မင်းကြီးစွာလည်း အင်းဝကို ခိုင်ခံ့အောင် စီရင်တော်မူ၍ တောင်ငူစား၊ တောင်တွင်းစား၊ ရမည်းသင်းစား၊ ဝတီးစား၊ ညောင်ရမ်းစား၊ ပေါက်မြိုင်စား၊ ပင်လယ်စားတို့ကို စုရုံးသည်။ အများမရောက်မီ ရမည်းသင်းစားသီလဝသည် အပြင်းချီလာ၍ ထီးပေါင်းကားမှ ကူးပြီးလျှင် သိင်္ခသူစောနှောင်းကို မြင်းတင်၍ လက်ယာက နေစေ၏။ အင်းယဉ်တုရင်ကို မြင်းတင်၍ လက်ဝဲက နေစေသည်။ ငခရာသား ငရွှေနှင့်မယားယုံ တိတလတို့ကို ကာကိုင်စေ၏။ သီလဝမှာမူ စောရဲစွာဟူသောဆင်ကိုစီး၍ တိုက်လေသည်။ ရှမ်းတပ် ၁၅ တပ်လုံးပျက်၍ စစ်ကိုင်းမှ ရွာသစ်တိုင်အောင် အလောင်းအတိ ဖြစ်၏။ [၁]

သုံးခါသာ ရယ်ခြင်း[ပြင်ဆင်ရန်]

ဘဝတလျှောက်လုံး အောက်ပါ ၃ ကြိမ်တွင်သာ ရယ်ပြုံးဖူးသည်ဟု မှန်နန်း၌ ဆိုသည် −

  • တခါသော် တောတွင်းသားတယောက် ကြက်လက်ဆောင်ဆက်မည်ဟူ၍ လာသည်။ မင်းကိုမမြင်၍ လက်ဆောင်နှင့်ဆင်းသွားသည်ကို စောပုလဲမြင်လျှင် ငါရှိလျက် မပေးဘဲ ပြန်သည်။ မယားဟူသည်ကားယောက်ျားဘုန်းကိုမှီ၍ အသက်မွေးရချေသည်ဟု အသိဝင်သည်။ သီလဝလာသော် ဆီး၍ ရွှေဖလားနှင့် ခြေဆေးပေးသည်။ ထိုအခါ ငါ့မယားကား ယနေ့ အကြောင်းရှိမည်ဟု သိ၍ ပြုံးလေသည်။
  • တရံတွင် မြို့ထိပ်၌ နေဆာလှုံနေခိုက် လူထွက်တယောက် ဦးရစ်ဗေါင်းထုပ်နှင့်တကွ ကျုံးထဲတွင် ရေငုပ်၍ချိုးသည်ကို မြင်လျှင် ရယ်သည်။
  • တကြိမ်မှာ ရမည်းသင်းမြို့ဝန်းကျင် ရှမ်းစစ်သည်အထပ်ထပ် ရောက်လာသည်ကို ကြက်ပွဲက မထ။ စောပုလဲလည်း ရင်ဘတ်တီး၍ ရင်ဝတ်အကျွတ်ကျွတ် ဦးဆံဖားလျားဖြင့် လူအပြည့်ရှိသည့် မြို့ပြင်ကြက်ပွဲသို့ ပြေး၍ လာပြောသည်။ ဤတွင် "ငါ့မယား ဗျာပါကြီးလှလေသည်" ဟု ပြုံးရယ်ပြီးလျှင် သူရဲကောင်း မယားယုံ တိတလတို့နှင့် ထွက်တိုက်သည်။

မိသားစုဘဝ[ပြင်ဆင်ရန်]

မင်းကြီးစွာစော်ကဲ နှမရင်း စောပုလဲနှင့် စုံဖက်ရာ သမီး မင်းလှမြတ်ကို မြင်သည်။ မင်းလှမြတ်မှာ ဆင်ဖြူရှင်တရဖျား၏ မိဖုရားခေါင် ဖြစ်လာသည်။ ဆင်ဖြူရှင်လွန်သော် မင်းလှမြတ်အား မင်းခေါင်ကြီးမိုးညှင်းမင်းတရားတို့ မိဖုရားမြှောက်ကြောင်း ကျောက်စာတို့၌ ဆိုသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

သက္ကရာဇ် ၇၅၇ ခုတွင် ကံကုန်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)