ငတက်ပြား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
NaTetPyar.jpeg

မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သူ သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်း ရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ၏။ ၎င်းသူခိုးကြီးသည် အလွန်စွမ်း၍ ညဉ့်အခါ၌ စစ်ကိုင်းဘက်မှနေ၍ လှေဖြင့်ကူးကာ အင်းဝမြို့ မီးသွေးတိုက်တံခါးမှ ဝင်ပြီးသော် ဆင်းရဲသားအိမ်များ မဟုတ်ဘဲ မှူးမတ်၊ သူဌေးသူကြွယ်အိမ်များကိုသာ တက်ပြီးမှ ပစ္စည်းများကို သင့်တန် ရုံခိုး၍ စားသောက်နေထိုင်လေ့ ရှိသည်။ မှူးမတ်စသည်တို့ သိ၍ ဖမ်းဆီးကြသော်လည်း မမိနိုင်ချေ။

တစ်နေ့သော် သူခိုးကြီးငတက်ပြားသည် ဤသို့ ကြုံးဝါး၏။ `ငါ့ကို သတိုးမင်းဖျားရလျှင်သာ သတ်ရအံ့။ မရသော်ကား အဘယ်သူဝံ့အံ့နည်း´ဟုဆို၏။ ထိုစကားကို သတိုးမင်းဖျား ကြားသော် ဥပါယ်တမျဉ်ဖြင့် ဖမ်းအံ့ဟု ညဉ့်အခါ နန်းတော်ကဆင်းခဲ့၍ သူခိုးယောင်ဆောင်ပြီးလျှင် မီးသွေးတိုက်တံခါးမှ ထွက်လျက် ဧရာဝတီမြစ်ဆိပ်က သူခိုးငတက်ပြား အလာကို စောင့်နေလေသည်။ ငတက်ပြားလည်း လာနေကြလမ်းအတိုင်း လာ၍ မီးသွေးတိုက်ဆိပ်နားသို့ ရောက်သော် လှေပေါ်ကနေလျက် `ဟေ့ ကုန်းပေါ်က ဘယ်သူလဲ´ဟုမေးရာ၊ `ငါ ညဉ့်လူဟေ့´ဟု သတိုးမင်းဖျားက ပြန်ပြော၏။

ကုန်းသို့တက်မိလျှင် သတိုးမင်းဖျားက `ဆရာကြီးနှင့် အတူလိုက်လိုပါ၍ စောင့်နေပါသည်´ဟု ဆိုသောအခါ ငတက်ပြားလည်း အလွန်သဘောကျကာ နှစ်ယောက်လုံး မြို့တွင်းသို့ဝင်လျက် မှူးတော်၊ မတ်တော်များ၏ အိမ်သို့ဝင်၍ ပုတီး၊ နားတောင်း၊ လက်စွပ် စသည်များကို ခိုးယူပြီးလျှင် မြို့ပြင်မီးသွေးတိုက်သို့ ပြန်ခဲ့ကြသည်။ ထိုအခါ ငတက်ပြားလည်း အရက်သောက်လိုသည် ဖြစ်၍ သတိုးမင်းဖျားက အလွန်မူးယစ်အောင်တိုက်သဖြင့် လဲသောအခါမှ ခြေကျဉ်းခတ်၍ မီးသွေးတိုက်၌ သော့ခတ်ကာ ထားခဲ့၏။

နံနက်တွင် မှူးမတ်တို့ ပစ္စည်းပျောက်သည်ဟု အုတ်အုတ်ကျက်ကျက် ဖြစ်ကြကုန်၏။ သတိုးမင်းဖျားလည်း မှူးမတ်တို့၏ လက်စွပ်စသည်တို့ကို ဝတ်၍ ညီလာခံဝင်လေသည်။ မှူးမတ်တို့လည်း မိမိတို့လက်စွပ်ဟု သိသော်လည်း ဘုရင်ဖြစ်၍ မရိုးမစွပ်ဝံ့၊ တူသည်ဟူ၍သာ လျှောက်ကြကုန်၏။ သတိုးမင်းဖျားက `နင်တို့ သူခိုးငတက်ပြားကို ရအောင်မဖမ်းနိုင်၊ ညဉ့်က ငါဖမ်းမိပြီ၊ မီးသွေးတိုက်တွင် ယူချေ´ဟု စေလိုက်သည်။ ရှေ့တော်သို့ ငတက်ပြားရောက်သော် မင်းကြီးလည်း `နင့်ကို ငါမိပြီ၊ ရဲတင်း၊ ပုဆိန်၊ ဓားလှံ၊ တံကျင် စသည်တို့တွင် အဘယ်ကို အလိုရှိသနည်း´ဟု မေးတော်မူ၏။ ငတက်ပြားလည်း `အရှင်မင်းကြီး ကျွန်ုပ်ကို မိပြီဖြစ်သည်။ အလိုရှိသလို သတ်တော်မူတော့၊ အကျွန်ုပ် အလိုကို လျှောက်ရမည်ဆိုသော် မင်းကြီး မိဖုရား စောဥမ္မာကို အလိုရှိ၏´ဟု ရဲဝံ့ရွှင်ကြည်စွာ လျှောက်ပေသည်။ [၁]

သတ္တိရှိသူကို နှစ်သက်သော သတိုးမင်းဖျားသည် အမျက်ရှိတော်မမူဘဲ ငတက်ပြား၏ သတ္တိရှိမှုကို ကြိုက်နှစ်သက်သည်က တစ်ကြောင်း၊ ညဉ့်အခါက တစ်ဦးအသက်ကို တစ်ဦး ကယ်ဆယ်တမ်းဟု ကတိရှိသည်ကတစ်ကြောင်း စသည်တို့ကြောင့် မသတ်ဘဲ ကျွေးမွေးထားလေသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးဖိုးကျား၏ မြန်မာ့ဂုဏ်ရည်သူရဲကောင်းများ (သတ္တမအကြိမ်)
  2. ဗိုလ်ရှိတ် ၏ အင်းဝနန်းစံမင်းများနှင့် သမိုင်းဝင်နေရာများ၊ ပထမအကြိမ်၊ စာ-၇၂