မာတိကာသို့ ခုန်သွားရန်

ဘွဲ့သီချင်း

ဝီကီပီးဒီးယား မှ

ဘွဲ့သီချင်း

[ပြင်ဆင်ရန်]

ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုး အစရှိသည့် မြန်မာသီချင်းကြီးများ၏ အမည်နာမအခေါ် အဝေါ် များအနက် ဘွဲ့ ဟူသော ဝေါဟာရမှာ တျာဘွဲ့၊ တျာသံဘွဲ့ ဟူသော ဝေါဟာရစကားကို အတို ကောက် ခေါ်ဝေါ်သုံးစွဲ ကြရာမှ ဆင်းသက်ပေါက်ပွားလာသော ဝေါဟာရဖြစ်လေသည်။

ရှေးသီချင်းများနှင့် စပ် လျဉ်း၍ မှတ်သားခဲ့ကြသော ရှေးပေပုရ ပိုက်များကို လေ့လာကြည့်ရှုမည် ဆိုပါက ဘွဲ့ ဟူ၍ အတိုကောက် ရေးသားသော အသုံးအနှုန်းများ အလွန်နည်းပါး လျက် တျာဘွဲ့၊ တျာသံဘွဲ့ ဟူ၍သာ သုံးနှုန်း ရေးသား ကြသည်ကို တွေ့ရှိရပေမည်။ သို့သော် ဆင်ဖြူရှင်မင်း လက်ထက်၊ စလင်းစာဆိုတော် ရွှေတောင်နန္ဒသူ ရေးသားခဲ့ သည့် ငွေတောင် ရေကန်၌ လူယဉ်လူကြွ၊ ဆိုသမျှမှာ၊ တေးတျာကြိုးဘွဲ့၊ တကဲ့မင်းသုံး၊ နှုတ်ယဉ်သည့် ထုံးမှာ နှလုံး မွေ့လျော်အံ့ ဟူ၍ သီကုံးစပ်ဆိုခဲ့သည်ကို ထောက်ထားလျက် ဘွဲ့ ဟူသော အတိုကောက် အသုံးအနှုန်းမှာလည်း မည်မျှ ရှေးကျသည်ကို ခန့်မှန်းနိုင်ပေသည်။ တျာဘွဲ့၏ အနက်အဓိပ္ပာယ်နှင့် စပ်လျဉ်းလျှင် တျာ ၏ အနက်မှာ တီးမှုတ်ခြင်းဖြစ်၍ ဘွဲ့ ၏အနက်မှာ ဖွဲ့ဖွဲ့နွဲ့နွဲ့တီးမှုတ်ခြင်း ဟူ၍ အဓိပ္ပာယ်ရရှိလေသည်။

ဘွဲ့သီချင်းများသည် ပုဂံခေတ်အခါလောက်ကပင် ပေါ်ပေါက်ထွန်းကား နေပြီဟု ယူဆရသည်။ ယခုခေတ် ကြွင်းကျန်ခဲ့သော ဘွဲ့သီချင်းများအနက်၊ သက္ကရာဇ် ၆၇၄ ခုနှစ်တွင် ပင်းယ၌ နန်းတက်တော်မူသော သီဟသူမင်း လက်ထက်တွင်ရေးသားသည်ဟု မိုးလှိုင်ကိုယ်တော် ပေမူတွင် တွေ့ရှိရသည့် အောက်ဖော်ပြပါ ဘွဲ့သီချင်းမှာ ရှေးအကျဆုံးဘွဲ့သီချင်းတစ်ပုဒ် ဟူ၍ ယူဆရသည်။

ခါးပတ်တော်မှာ ရွှေခြည်စုံ၊ မှိုင်းလုံး ရွှေဝတ်လုံ။ ။ မလုံသာ ချမ်းအေးမြ။ ။ မိုးသောက်ထ ရောင်ဖြူ လာတယ် ကို၊ ထိပ်ပန်းငယ်၊ မြင်းခင်းကြွပါလို့လေး။ ။ အလှငယ် လာမည့် လမ်းငယ်ကို၊ မြော်ယောင်တမ်းလို့လေး။ ။ ရမန်လယ်တွင်၊ မြင်ပါလိုက်တဲ့ မယ့်ထိပ်တင်၊ မြင်းတဲ့ မြင်းဖြူရှင်။ ။ သျှောင်တွင်လေ တင့်ဆုံး၊ နားမှသာ အပြည့် သာဆင်၊ မြင်ပင်မြင်လိုက်ပါစလေ၊ မြင်ပင်မြင်လိုက်ပါစလေး။ ရွှေနန်းငွေနန်းသူ၊ ငယ်မူ ငယ်ရာ သားနှင့်၊ သနားချစ်စရာ။ ။ အထက်ပါ ဘွဲ့သီချင်း၏ သီကုံးစပ်ဆိုထားသော သီချင်းအပိုဒ်အနေအထားများကို လေ့လာကြည့်လျှင်၊ သီချင်း မချမီ အပိုဒ် ၃ ပိုဒ်သည် အတိုင်းမသိ ဘုန်းတော်ကြီးပါ ဘိသကို အစချီ ဝတ်တော်ရုံဘွဲ့သီချင်းနှင့် တရေးမက မိုးသောက်ထငယ်ကို အစချီ ဝတ်တော်ရုံဘွဲ့သီချင်းနှစ်ပုဒ် တို့၏ သီချင်းမချမီ အပိုဒ် ၃ ပိုဒ်လိုက် တေးသွားများကဲ့သို့ ဆင်တူယိုးမှားအလိုက် တေးသွားများ ဖြစ်နိုင်ရုံမျှမက၊ သီချင်း အချ ရွှေနန်း ငွေနန်းသူ၊ ငယ်မူငယ်ရာသားနှင့်၊ သနား ချစ်စရာ ဟူသော အပိုဒ်မှာလည်း အဆိုပါ ဝတ်တော်ရုံဘွဲ့ သီချင်း ၂ ပုဒ်၏ အချပိုဒ်များနှင့် စာသားများ ထပ်တူ ထပ်မျှ ဖြစ်နေသည်ကို တွေ့ရှိရသောကြောင့်၊ အထက်ပါ ခါးပတ် တော်မှာ ရွှေခြည်စုံ အစချီဘွဲ့သီချင်းမှာ ဝတ်တော်ရုံ ဘွဲ့သီချင်းဟူ၍ ယူဆရသည်။

ရှေးကျသော ဘွဲ့သီချင်းများကို လေ့လာရာတွင် သက္ကရာဇ် ၇၂၆ ခုနှစ် အင်းဝသတိုးမင်းဖျား လက်ထက် အမည်မသိစာဆိုတော်တစ်ဦး ရေးသားခဲ့သည့် အောက်ဖော်ပြပါ ဘွဲ့သီချင်းမှာလည်း ရှေးအကျဆုံး ဘွဲ့သီချင်း တစ်ပုဒ်ပင် ဖြစ်သည်။

ဆိတ်စာငယ်လေ မှတ်တမဲ့။ ငြီးငွေ့၍သာ။ စက်မေ့ ရာ။ မှေးကာပျော်မိခဲ့သည်နှင့်လေ။ မင်းပျိုနွဲ့ငယ်ကို။ တကယ် နိုင်လို။ မြင်းညိုကြီးငယ်နှင့်။ ။ သူရောက်ကယ်ကြွဝင်။ ပျော်ရွှင်နှစ်သက်။ ယဉ်ပါလှတယ်မွေ့ရာ။ တစ်တောင်ထွာ အသာနွှဲ၍ စက်သည်နှင့်လေး။ ။ သည်ဖြစ်ချက်ကယ်ကြောင့်။ အိပ်မက်ကယ်နှင့်ပင်၊ ထင်ပြန် မိတော့သည်။ သည်ဖြစ်ချက် ကယ်ကြောင့်။ အိပ်မက်ကယ်နှင့်ပင်၊ ထင်ပြန်မိတော့သည်။ ။ အထက်ပါ ဘွဲ့သီချင်း စပ်ဆိုသီကုံးထားသော အပိုဒ် အနေအထားများကို လေ့လာစစ်ဆေးကြည့်ရှုမည် ဆိုပါက၊ ဝန်ကြီးပဒေသရာဇာနှင့် ဘွဲ့သီချင်းအလိုက် တေးသွားအပိုဒ်မျိုး အတိုင်း ထပ်တူထပ်မျှ စပ်ဆိုထားသည်ကို တွေ့ရှိရပေမည်။

ထို့ပြင် ဝန်ကြီးပဒေသရာဇာနှင့်တကွ ကုန်းဘောင်ခေတ် စာဆိုတော်များ စပ်ဆိုခဲ့သော မိုးဦးကာလ အစချီ တောင် တက်ပိန်းဝင် တျာဘွဲ့၊ ဥကင်ဘုံမြင့် စချီ ပလ္လင်ရှစ်ခန်းနှင့် ဥကင်တော်ဘွဲ့၊ မင်္ဂလာသီရိ အစချီမန္တလေးမြို့တော်ဘွဲ့စသည့် အချို့ဘွဲ့ သီချင်းမျိုးများ၏အလိုက်တေးသွားများမှာ မိမိတို့ကိုယ်ပိုင်ဉာဏ်ဖြင့် တီထွင် စပ်ဆိုထားသော ဘွဲ့သီချင်းများ မဟုတ်ဘဲ၊ ရှေးက ရေးသား စပ်ဆိုပြီးဖြစ်သော ဘွဲ့သီချင်းအလိုက် တေးသွားများကို ထပ်တူ လိုက်၍ အပိုဒ်များ တိုးချဲ့ထွင်လျက် ရေးသားခဲ့ကြောင်း သိသာ ထင်ရှားလေသည်။

ယနေ့ကျန်ရှိနေသော ဘွဲ့သီချင်းများအနက်လိုက် တေးသွားအားဖြင့် ဘွဲ့သီချင်း အမျိုးအစားများကို အကြမ်း ခွဲခြား ကြည့်မည်ဆိုပါက၊ (၁) မြဝတီ မင်းကြီးရေးသားခဲ့သော ဥကင်ဘုံမြင့် အစချီ ပလ္လင်ရှစ်ခန်း နှင့် ဥကင်တော်ဘွဲ့ သီချင်းအမျိုးအစား၊ (၂) ဂန္ဓမာတောင် အစချီ မဉ္စူသက နတ်ပန်းဘွဲ့သီချင်းအမျိုး အစား၊ (၃) သုံးထပ်ဘွဲ့သီချင်း အမျိုးအစားနှင့် (၄) ဝတ်တော်ရုံဘွဲ့သီချင်းအမျိုးအစားဟူ၍ ၄ မျိုးလောက်သာလျှင် တွေ့ရှိရပေသည်။ အချို့မြဝတီမင်းကြီး ရေးသားခဲ့သော ဘွဲ့သီချင်းလယ်တွင် ရတုည|ပ်၍ စပ်ဆိုခဲ့သည့် မန္တလာဘုံ အစချီ မန္တလေးဘွဲ့သီချင်းမျိုး၊ သီချင်း အလယ်တွင် သံထောက်ည|ပ်၍ စပ်ဆိုခဲ့သည့် 0x100သဘာ မင်္ဂလာ အစချီဘုန်းတော်ဘွဲ့သီချင်းမျိုးနှင့် သီချင်းအချတွင် သဖြန်ဖြင့်ချသည့် ဘွဲ့သီချင်းမျိုး သုံးလေးပုဒ် လောက်သာလျှင် အနည်းငယ် ထူးခြားစွာ စပ်ဆိုထားသည်ကို တွေ့ရှိရသည်။

အထက်ပါ ဘွဲ့သီချင်းအမျိုးအစား ၄ မျိုးအနက်၊ သုံးထပ်ဘွဲ့သီချင်း အမျိုးအစားမှာ ဥကင်ဘုံမြင့် အစချီ ဘွဲ့ရိုးရိုး အမျိုးအစားနှင့် အလိုက်တေးသွားအားဖြင့် သိသိ သာသာ ကွဲပြားခြားနားအောင် စပ်ဆိုသီကုံးထားသော သဘော မျိုး မဟုတ်ဘဲ၊ ဘွဲ့ရိုးအက္ခရာအသံ ကာရန် ၂ လုံးရိုးနှင့် သုံးထပ်ဘွဲ့တို့၏ အချီနှင့် အချပိုဒ်များတွင် အက္ခရာအသံ ကာရန် အနေအထား ကွဲပြားခြားနားချက်ကို နှိုင်းရှည့်လေ့လာ ကြည့်မည် ဆိုပါက၊ သုံးထပ်ဘွဲ့သီချင်းအမျိုးအစား စပ်ဆို သီကုံးပုံကို ရိပ်စားနိုင်ပေမည်။

အချီပိုဒ်ဘွဲ့ရိုး သုံးထပ်ဘွဲ့

(၁)ဌင်ဘုံမြင့်၊ (၁)ရွှေဘုန်းပွင့်၊ နေနှုန်းမြင့်၊
(၂)သီဟာဘွေ၊ (၂)တောက်ထိန်ပြောင်၊
(၃)စိန်ကြောင်ရောင်လင်း၊(၃)မန်းဂီရီ-ဆန်းညီည|ိ
(၄)သစ်မင်းယမနေ။ ။(၄)နန်းသီရိလက်ယာတောင်။ ။

အချပိုဒ်ဘွဲ့ရိုး သုံးထပ်ဘွဲ့

(၁) ဆောင်ဆောင်နန်းငယ်နှင့်(၁)ရွှေမိုးငဲ့-ငွေမိုး၊
(၂) လေးခန်းငယ်ဒီပါ၊ (၂)ထစ်ကြိုးငယ်ပဲ့တင်၊
(၃) ချုပ်ကာစိုးရလေ။ ။ (၃)ထက်ခွင်ကျင်းတော့သည်။
သုံးထပ်ဘွဲ့သီချင်းမျိုးများသည် အလောင်းဘုရား လက်ထက်ကပင် ထွန်းကားပေါ် ပေါက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ ယနေ့ကျန်ရှိနေသော ဘွဲ့သီချင်း များနက်၊ ရွှေဘုန်းပွင့် - နေနှုန်းမြင့် အစချီအလောင်းဘုရား ယိုးဒယား ချီတော်မူမည့် အကြောင်းနှင့် စပ်လျဉ်း၍ သီကုံးထားသော ဘွဲ့သီချင်းနှင့် ရွှေဘုန်းတော်-နေနှုန်းလျော် အစချီ ဦးလွန်းပြေ ရေးသားစီကုံးခဲ့သော ဘွဲ့သီချင်း ၂ ပုဒ်လောက်သာလျှင် တွေ့ရှိ ရခြင်းအားဖြင့် သုံးထပ်ဘွဲ့သီချင်းများသည် ဘွဲ့ရိုးသီချင်းများ လောက် ခေတ်မစားဟု ယူဆရသည်။

ဝတ်တော်ရုံဘွဲ့သီချင်းများသည် အခြားဘွဲ့သီချင်း မျိုများနှင့် အလိုက် တေးသွားအားဖြင့် လုံးဝမတူ၊ တစ်မူ ကွဲပြား ခြားနားရုံမျှမက၊ သီချင်းအချီပိုဒ်များ၌ အများအားဖြင့် အခြားဘွဲ့သီချင်း အချီပိုဒ်မျိုးများကဲ့သို့အတွဲ့၂ ချက်စည်းမျိုး ဖြင့် မစဘဲ၊ ကြိုးသီချင်း အချီပိုဒ်များ၌ကဲ့သို့နရည်တစ်ချက် စည်းဖြင့် တစ်ခါတည်း စတင်သီဆို တီးမှုတ်ကြရသည်။

ထို့ကြောင့် ဝတ်တော်ရုံဘွဲ့သီချင်းများကို အချို့ပညာရှင်များက တစ်ချက်စည်းဖြင့် ကြိုးသီ ချင်းသဘောကဲ့သို့သီဆိုတီးမှုတ် သော အလေ့အထများ ထွန်းကားပေါ်ပေါက်လာခဲ့ရလေသည်။ ထို့ပြင် ဝတ်တော် ရုံဘွဲ့များ စပ်ဆိုသီကုံးကြရာ၌ သီချင်း အပိုဒ် တိုတိုတုတ်တုတ် စပ်ဆိုသီကုံးခဲ့ခြင်းမှာ အခြားဘွဲ့ သီချင်းများထက် ထူးခြားချက် တစ်ရပ်ပင် ဖြစ်လေသည်။

ဝတ်တော်ရုံ ဝေါဟာရ ခေါ်တွင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ခေါ်ပါယောင် နှင့် မျှော်ပါယောင်လေ အစချီ သီချင်းနှင့် တရေးမက သန်းကောင်၊ မိုးသောက်ထငယ်ကို အစချီ သီချင်း ၂ ပုဒ်ကို အထောက်အထားပြုလျက်၊ လှိုင်ထိပ် ခေါင်တင် မင်းသမီးသည် အိမ်ရှေ့မင်းသား အဆောင်တော်သို့ မကြွလာသဖြင့် စိန်ခြူးညာညောင်ဘောလယ်ရေးသားဆက်သွင်း သကဲ့သို့နန်းတွင်းသူ တစ်ဦးသည် အလည်ကြူးနေသော မိမိ ၏ လင်တော်မောင် အပြန်ကို စောင့်မျှော်နေရင်း၊ တစ်ကိုယ် တည်း အလွန်ချမ်းအေးလွန်းသဖြင့် အဝတ်များ အထပ်ထပ် ခြုံရရုံရသည့်အကြောင်း စပ်ဆိုသီကုံးဖွဲ့နွဲ့ရာမှ ဝတ်တော်ရုံ ဟူသော ဝေါဟာရ ထွန်းကား ပေါ်ပေါက်လာခဲ့သည်ဟု ယူဆရသည်။ ယနေ့အထိ ရှေးဝတ်တော်ရုံဘွဲ့သီချင်း ၅ ပုဒ်လောက်သာလျှင် ရှာဖွေ တွေ့ရှိရသည်။ ဘွဲ့သီချင်းများ အနက် ဝတ်တော်ရုံဘွဲ့သီချင်း အမျိုးအစားသည် ရှေးအကျ ဆုံးဟူ၍ ယူဆရသည်။

ဘွဲ့သီချင်းများကို စပ်ဆို သီကုံးကြရာ၌ အခြားသီချင်း များ စပ်ဆိုကြသည့်နည်းတူ အကြောင်းရာမျိုးစုံတို့ကို ဖွဲ့နွဲ့ သီကုံး ရေးသားသည်ကို တွေ့ရှိရငြားသော်လည်း၊ ကုန်းဘောင် ခေတ် ဘွဲ့သီချင်းများသည် အများအားဖြင့် ဘုရင်နှင့် သက်ဆိုင်ရာ မင်းခမ်းမင်းနား ပွဲသဘင်များနှင့် ဘုရင့် အသုံးအဆောင် ပစ္စည်းများအကြောင်းအရာနှင့် စပ်လျဉ်း၍ ဥကင်တော်ဖွင့် အခမ်းအနားဘွဲ့၊ ပင်ရှစ်ခန်းနှင့် ဥကင်တော် ဘွဲ့၊ ထီးရှစ်စင်းဘွဲ့၊ လက်ယာမင်းခမ်း တော်ဘွဲ့၊ မင်းခမ်း တော်စုံဘွဲ့၊ မြို့တော်တံခါး ဆယ့်နှစ်ရပ်ဘွဲ့၊ လယ်ထွန်မင်္ဂလာ ဘွဲ့၊ နားထွင်းမင်္ဂလာဘွဲ့၊ ဆံထုံး တော်မင်္ဂလာဘွဲ့၊ သင်္ကြန်တော် ဘွဲ့၊ ရေသဘင်ဘွဲ့၊ ငါးသိုင်းဘွဲ့၊ မြင်းခင်းတော်ဘွဲ့၊ ဂူလီသဘင် မြင်းခင်းတော်ဘွဲ့၊ နတ်ကြီး ဆယ့်ငါးပါး ပူဇော်သဘင်ဘွဲ့၊ မှန်စီဆိုင်းဝိုင်းတော်ဘွဲ့၊ စောင်းတော်ဘွဲ့အစရှိသည့် ဘွဲ့သီချင်း မျိုးများ အများအပြား ထူးခြားစွာ စပ်ဆိုသီကုံးခဲ့ကြသည်ကို တွေ့ရှိရလေသည်။

စာဆိုတော် ဝန်ကြီးပဒေသရာဇာ၊ မြဝတီဝန်ကြီး၊ ပြင်စည်မင်းသား၊ ဦးလွန်းပြေ၊ မယ်လုပ်တို့သည် ဘွဲ့သီချင်း များ သီကုံးစပ်ဆိုရာတွင် ထူးခြားဆုံး စာဆိုတော်များဟု ဆိုရပေမည်။ ဝန်ကြီးပဒေသရာဇာ သီကုံးဖွဲ့ဆိုခဲ့ သော ဘွဲ့သီချင်းများမှာ ခင်းခမ်းမင်းနား အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဖွဲ့ဆိုထားသော ဘွဲ့သီချင်းမျိုးများ မဟုတ်ဘဲ၊ ဆင်းရဲသား တောသူ တောင်သား၊ လယ်သမား၊ လှေထိုးသား၊ ထန်းတက်သမား စသည်များ၏ ဆင်းရဲပင်ပန်းကြီးစွာ ရှာဖွေ လုပ်ကိုင် စားသောက် နေထိုင်နေကြရသော ဘဝသရုပ်ဖော် အကြောင်းရာများကို ကွက်ကွက်ကွင်းကွင်း ဖွဲ့နွဲ့စပ်ဆိုခဲ့သည့် သီချင်းများသာ ဖြစ်လေသည်။ မြဝတီဝန်ကြီးသည် မင်းခမ်း မင်းနားနှင့် စပ်ဆိုင်သည့် ပွဲသဘင်အကြောင်း အရာများသာ မက၊ ဘုန်းတော်ဘွဲ့၊ မြို့ဘွဲ့၊ ကန်ဘွဲ့၊ ပန်းဘွဲ့၊ ရာသီဘွဲ့၊ အလွမ်း ဘွဲ့၊ မယ်ဘွဲ့စသည့် အကြောင်းအရာများနှင့် စပ်လျဉ်း ၍ စာဆိုတော်များအနက် ဘွဲ့သီချင်းများကို အများဆုံး သီကုံး စပ်ဆိုသွားခဲ့လေသည်။ ပြင်စည်မင်းသားနှင့် ဦးလွန်းပြေတို့မှာ ဘုန်းတော်ဘွဲ့၊ မင်းခမ်းမင်းနားဘွဲ့၊ မြို့တော် ဘွဲ့၊ ကန်ဘွဲ့ စသည့်အကြောင်းအရာမျိုးစုံ ဘွဲ့သီချင်းများ စပ်ဆိုခဲ့ကြသော် လည်း၊ မြဝတီဝန်ကြီး စပ်ဆိုခဲ့သော ဘွဲ့သီချင်းများနှင့် အရေ အတွက်အားဖြင့် နှိုင်းစားလျှင် အလွန်နည်းပါးလှသည်။

အမျိုးသမီး စာဆိုတော် မယ်လုပ် ရေးသား သီကုံးခဲ့သော ဘွဲ့သီချင်းများအနက်၊ မင်းကွန်းခေါင်းလောင်းတော် ဘွဲ့သီချင်း ၃ ပုဒ်နှင့် ဓားသိုင်းဘွဲ့၄ ပုဒ်တို့မှာ အကြောင်းအရာများဖြင့် ထူးခြားစွာ စပ်ဆိုသီကုံးထားသည်ကို တွေ့ရှိရသည်။

ငယ်တိုးဝန်၊ သံတော်ဆင့် ဦးအောင်ပန်း၊ ဦးမင်းအောင်၊ ဝတ်မြေဝန်တို့သည်လည်း ဘွဲ့သီချင်းများ အနည်းအကျဉ်း စပ်ဆိုသီကုံးခဲ့ကြသည်ကို တွေ့ရှိရသည်။

ဘွဲ့သီချင်းများကို သီဆိုတီးမှုတ်မည် ဆိုပါက အဆိုတော် မသီဆိုမီ တွဲဖက်တီးမှုတ်မည့်သူက ဘွဲ့ခံ ဟုခေါ်သော တီးလုံးပထမ တီးမှုတ်လေ့ရှိသည်။ ဘွဲ့ခံ တီးလုံးဆုံးမှသာလျှင် သီဆိုသူက ဘွဲ့သီချင်းကို သီဆိုရသည်။ ဘွဲ့ရိုးသီချင်း မသီဆိုမီ တီးမှုတ်ရသော ဘွဲ့ခံတီးလုံးနှင့် ဝတ်တော်ရုံးဘွဲ့အမျိုးစား မသီဆိုမီ တီးမှုတ်ရသော ဘွဲ့ခံ တီးလုံးတို့သည် အလိုက်တေးသွားအားဖြင့် လည်းကောင်း၊ နရည်စည်းဝါးအားဖြင့် လည်းကောင်း ကွဲပြားခြားနား လှပေ သည်။ ဘွဲ့သီချင်း အပိုဒ်တစ်ပိုဒ် ဆုံးတိုင်း တီးမှုတ်ရသော အတောကို ဘွဲ့တော် ဟူ၍ သီးခြားခေါ်ဝေါ် သတ်မှတ်ထားရှိ လေသည်။ ဘွဲ့သီချင်းကို စောင်းဖြင့် သီဆိုတီးမှုတ်မည် ဆိုလျှင် သံရိုးသံစဉ်ဖြင့်သာလျှင်သီဆိုတီးမှုတ်လေ့ရှိသည်။ ဘွဲ့သီချင်း ဆုံးလျှင် ကြိုးသီချင်းကို ဆက်လက်သီဆို တီးမှုတ်လေ့ရှိသည်။

ယခုခေတ်အခါတွင် ဘွဲ့သီချင်းများကို အထူးသဖြင့် မင်္ဂလာ အခမ်းအနားများ၌သာလျှင် သီဆိုတီးမှုတ်လေ့ရှိကြသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)