တောလား
တောလားသည် မြန်မာကဗျာ အဖွဲ့အနွဲ့တစ်မျိုးဖြစ်၏။ တောလားက အင်းဝခေတ်ကပင် စတင်တွေ့ရှိရသဖြင့် အင်းဝ ခေတ်တွင် စတင်ပေါ်ပေါက်သည် ဟု ယူဆရသည်။ တောလား ကဗျာနှင့်ပတ်သက်၍ ရှေးပညာရှင်များ အယူအဆ ကွဲပြား လျက်ရှိကြ၏။ အချို့က တောလားကို ရတုဖြစ်သည်ဟု ဆိုသည်။ အချို့ကမူ လင်္ကာဖြစ်သည်ဟုဆို၏။ တောလားဟူသော ဝေါဟာရအဓိပ္ပာယ်ကို စိစစ်လျှင်၊ တောမှာတောဒေသ ဖြစ်၍၊ လားမှာ (၁) သွားသည်၊ (၂) အလားအလာ အခြေအနေဟု အနက်ထင်သည်။ ထို့ကြောင့် တောလားမှာ (၁)တောတွင်သွား လာခြင်း၊ (၂) တော၏အလားအလာ အခြေအနေဟူ၍ နှစ်မျိုး ယူဆနိုင်လေသည်။ ရှင်မဟာရဋ္ဌသာရ၏ ရွှေစက်တော်သွားတောလားအစတွင် ‘အောင်ဇေယတု၊ ကျမ်းဂန်ရှု၍၊ ဂမုဓာတ်ရ၊ ဓာတွတ္တဖြင့်၊ ဂမနသဒ္ဒါ၊ ကြောင်းခြင်းရာကို၊ လင်္ကာကုံးသီ၊ လမ်းစဉ်စီအံ့။’ဟူ၍ ရေးသားထားခဲ့သည်။
ဤတွင် ဂမန ဟူသော ပါဠိစကားမှာ သွားခြင်းအနက်ထင်သဖြင့် ဆရာတော် သည် တောသို့သွားခြင်း အကြောင်းလမ်းစဉ်ကို လင်္ကာစီမည်ဟု ဆိုလေသည်။ သို့ဖြစ်၍ ဆရာတော်က တောသို့သွားခြင်း ဟူသော အနက်သဘောဖြင့် တောလားကို ရေးခဲ့ဟန်တူသည်။ မြန်မာစာပေသမိုင်းတွင်မူ ‘တောလားဟူသည်မှာ တောတောင်၏ အခြေအနေ အလားအလာကို ဖော်ပြသော ကဗျာအဖွဲ့တည်း။ လယ်ယာမြေကွက်များကို သတ်မှတ်ကြရာ၌ အရှေ့အလား အနောက်အလား စသည်ဖြင့် သတ်မှတ်ပိုင်းခြားသကဲ့သို့ တော လားအဖွဲ့တွင်လည်း အရှေ့ဘက်အလားတွင် တောစပ်တောင် ကုန်း၏ တည်နေပုံ၊ အနောက်ဘက်အလားတွင် တောစပ် တောင်ကုန်း၏ တည်နေပုံ၊ စသည်တို့ကို ထုတ်ဆိုညွှန်ပြ ပေသည်။ ထို့ကြောင့် တောလားဟူ၍ ခေါ်သည်။’ဟု ဖော်ပြထား သည်ကို တွေ့ရ၏။ ယင်းသို့ဖြစ်၍ တောလား၏ အဓိပ္ပာယ်ကို နှစ်မျိုးယူဆနိုင် လေသည်။
စင်စစ် တောလားကဗျာမှာ ဩကာ သလောကကြီး၏ သာယာကြည်နူးဖွယ်ကောင်းပုံတို့ကို စပ်ဆို ရေးသားထားခြင်းပင်ဖြစ်၏။ မြန်မာစာပေရှိ တောလားများတွင် ရှင်ဥတ္တမကျော်၏ တောလား ၉ ပုဒ်မှာ အထင်ရှားဆုံးဖြစ်၏။ ရှင်ဥတ္တမကျော်သည် မြန်မာမှုတွင် ဤတောလားတစ်ခုကိုသာပြုစုခဲ့၏။ ဤတောလား တစ်ခုကပင် ထိုဆရာတော်အား မြန်မာစာပေနယ်၌ ပထမတန်း စာဆိုတော်အဖြစ်သို့ ပို့ဆောင်ပေးခဲ့လေသည်။ ရှင်ဥတ္တမကျော်၏ တောလားမှာ သက္ကရာဇ် ၈၄၅ ခုနှစ်ခန့်က ပေါ်ပေါက်ခဲ့၏။ ရှင်ဥတ္တမကျော်သည် မြတ်စွာဘုရား ကပိလဝတ်ပြည်သို့ ကြွချီရာတွင် လမ်းခရီးသဘာဝ၏ သာယာပုံကို စာပန်းချီကား ရေးခြယ်ထားခဲ့ခြင်း ဖြစ်၏။ ထိုသို့ ရေးခြယ်ရာတွင်လည်း မိမိ၏ ပွင့်လျှမ်းသော ဉာဏ်ဆီဉာဏ်နှစ်တို့ကိုသုံးလျက် မြတ်စွာ ဘုရား၏ ဂုဏ်တော်ကိုဖွင့်လေသည်။
မြတ်စွာဘုရား ဒေသစာရီကြွချီရာ ခရီးစဉ်၌ မြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် လမ်းတစ်လျှောက်ရှိ သစ်ပင်ပန်းမာလ်တို့ သီးပွင့်လျက် ပူဇော်ကြဟန်ကို ‘ငှက်ပျောသခွား၊ သဖန်း ခါးနှင့်၊ သျှစ်သျှားသမ္ဘရာ၊ ဩဇာသရက်၊ ဖက်သက်တရော်၊ မြတ်ရှင်တော်ကို၊ ပူဇော်လို့ငှာ၊ သီးကြရှာ၏။’ဟူ၍လည်းကောင်း၊ ‘ပင် မြင့်ပင်လတ်၊ ပင်ပျပ်ပင်စောက်၊ ဖူးညှောက်ကိုက်နု၊ စည်းဝေး ပြု၍၊ သီးမှုသန္ဓေ၊ သုံးလူ့ဆွေကို၊ ရိုသေလှစွာ၊ လူ့ပမာသို့၊ ကမ္ဘာလိုလိုက်၊ စရိုက်အားကိုး၊ ညွန့်ညွန့်ဖြိုးသည်၊ သီးမျိုး ခိုင်ညှာ၊ လပြွတ်တည်း။’ဟူ၍လည်းကောင်း၊၊ တောတွင်းရှိ ကျေးငှက် သတ္တဝါတို့သည် မြတ်စွာဘုရားအား ဖူးမြော်ကြဟန်ကို ‘ဟင်္သာ သောင်တင်း၊ ပိန်ညင်းဇင်ရော်၊ ငှက်တော်ကြိုးကြာ၊ သာရကာ နှင့်၊ တမာကြက်တော၊ ဥဩငှက်ကျား၊ ငှက်ငနွားလည်း၊ ဝတ် တွားဘီလုံး ရွှေငုံးချိုးခါ၊ သူတို့မှာမူ၊ မြတ်စွာဘုရား၊ သုံးလူ့ ဖျားကို၊ တတ်အားသမျှ၊ ဖူးကုန်ကြလျက်၊ ရှိစုံဆက်သည်။‘ဟူ၍ ၎င်း၊ ေ၇နေသတ္တဝါများသည်လည်း မြတ်စွာဘုရားအား ဖူးကြ ဟန်ကို ‘မကာရ်းလိပ်ငါး၊ ရွှင်မြူးစားလျက်၊ ပျော်ပါးစံပ၊ ရွေ မျော့တသင်း၊ တွင်းရွှေဂုဟာ၊ လိုဏ်နန်းသာက၊ ကက္ကဋာမွန်၊ ရွှေပုစွန်လည်း၊ အားသွန်ညွတ်ခ၊ သုံးလူ့ဘကို၊ ဖူးကြသောဟန်၊ ရေနန်းစံခဲ့။’ဟူ၍လည်းကောင်း၊ကောင်းကင်ရှိနက္ခတ်တာရာတို့လည်း မြတ်စွာဘုရားအား ပူဇော်ဖူးမြော်ကြဟန်ကို ‘ကရဝိတ်တွန်ကျာ၊ ချိန်တာရာလည်း၊ ကြယ်အာဒိစ္စ၊ ဟဿတနှင့်၊ စိတြမုနိ၊ သွာတိချက်ဗွေ၊ ဆံကျင် ရွှေဝယ်၊ ကုဝေယက္ခ၊ ဂုံဘန်၊ ဘုမ္မဖြိုးမြင့်၊ တန်ခိုးလွှင့် လျက်၊ ဝိုက်လင့်ပတ်ဖြာ၊ ဝိသာခါနှင့်၊ နုရာဓရှေ့၊ ဇေဋ္ဌရွေ့၏၊ ဘုန်းဟေ့မြတ်စွာ၊ စောသတ္ထာကို၊ ကြယ်တာရာများ၊ ဦးညွတ် တွားခဲ့’ဟူ၍လည်းကောင်း၊ သိကြားဗြဟ္မာ စသည်နတ်များ နဂါးဂဠုန်၊ ဂုမ္ဘာန်ယက္ခ စသည်တို့ကလည်း မြတ်စွာဘုရားအား ပူဇော်ဖူး မြော်ကြဟန်ကို ‘သုရာနာဂ၊ သက္ကဗြဟ္မာ၊ ဘုမ္မာဒေဝ၊ ယက္ခ နတ်မွန်၊ တိရစ္ဆာန်က၊ မြိုင်ယံခိုအောင်း၊ သားအပေါင်းလည်း၊ ညွတ်ပျောင်းပူဇော်၊ ဖူးကြသော်လျှင်။’ဟူ၍လည်းကောင်း၊ သစ်ပင်ပန်း မာလ်၊ ကျေးငှက်သတ္တဝါ၊ ရေနေသတ္တဝါ၊ နက္ခတ်တာရာ၊ သိ ကြားဗြဟ္မာစသည်တို့က မြတ်စွာဘုရားအား ဖူးမြော်ပူဇော်ကြ လေဟန်ကိုဖွဲ့လျက် မြတ်စွာဘုရား၏ ဂုဏ်တော်ကို ဖွင့်ထား လေသည်။[၁]
ထိုတောလားတွင် ရှင်ဥတ္တမကျော် သုံးနှုန်းသော စကားလုံး တိုင်းသည် အသက်ပါသည်ဟု ဆိုစမှတ်ပြုကြ၏။ စကားလုံး များကို နိုင်နင်းစွာသုံးလျက် ဖွဲ့နွဲ့ထားသည်ကို တွေ့ရသည်။ တူရိယာသံ ထင်အောင်လည်း ဖွဲ့နွဲ့ထားသည်။ ရှင်ဥတ္တမကျော် ကား စာပန်းချီခြယ်ရာတွင် ဧကစံဖြစ်လေသည်။ ရှင်ဥတ္တမ ကျော်နှင့် တခေတ်တည်းပေါ်သော ရှင်မဟာရဋ္ဌသာရ (မဟာရဋ္ဌသာရ၊ သျှင်) ၏ ရွှေစက်တော်သွားတောလားမှာ ရှင်ဥတ္တမကျော်၏ တောလား လောက် မထင်ရှားချေ။ ရည်ရွယ်ချက်ခြင်းလည်း ကွာခြားလှ ၏။ ရှင်ဥတ္တမကျော်က မြတ်စွာဘုရား၏ ဂုဏ်တော်ကို ဖွင့်ဆို ရန်ရည်ရွယ်လျက် ဖွဲ့ဆိုခြင်းဖြစ်၍၊ ရှင်မဟာရဋ္ဌသာရကမူ ရွှေ စက်တော်သွားရာ လမ်းတစ်လျှောက်၌ တွေ့မြင်ရသော တော တောင် ရေမြေသဘာဝအခြေအနေတို့ကို ဖွဲ့နွဲ့ထားခြင်း ဖြစ်လေ သည်။ ရှင်မဟာရဋ္ဌသာရ၏စိတ်၌ ခံစားမှုကို ‘ဖိုမလင်းပြာ၊ တွန်သံသာနှင့်၊ ဆပ်ပြာစမ်းတွင်၊ တွေ့ကြိမ်မြင်သော်၊ စုံလင်ဖိုမ၊ နိမိတ်ပြ၏၊ ဉာဏကဝိ၊ ပဏ္ဍိတစစ်၊ ငါတည်းဖြစ်မူ၊ အနှစ်သာ၇၊ သုံးပုံမျှရှင့်၊ အစအလယ်၊ အဆုံးဝယ်၌၊ ဓိပ္ပါယ် ကျွမ်းသိ၊ မှတ်သားမိလျက်၊ ဇာတိလိုက်လျော်၊ ချိုးနှစ်ဖော်မူ၊ ရှင်ပျော်စမြဲ၊ လည်ချင်းတွဲ၍၊ မကွဲတူကွ၊ နေသည်ဆသော်၊ ကာမလူ့ဘောင်၊ မရှောင်နိုင်ချေ၊ ညာကြေကျော်စော၊ သဘော စင်စစ်၊ ရှင်၏ဖြစ်မှ၊ တဆစ်လူ့ခွင်၊ ဝင်လဦးမည်၊ ချစ်ကြည် မျိုးနွယ်၊ ဥစ္စာကြွယ်သည်၊ လူဝယ်လူကောင်း၊ အကြောင်းရုံး စည်း၊ ဖြစ်မည်တည်းဟု၊ စနည်းနိမိတ်၊ ချိုး၏ဟိတ်ကို၊ တိတ် တိတ်မှတ်ယူ၊ နှစ်လိုမူကား၊ မပူမဆာ၊ ရေသီတာသို့၊ မျက်နှာ ရွှင်လန်း’ဟူ၍ ရေးသားစပ်ဆိုခဲ့သည်ကို တွေ့ရ၏။ ယင်းသို့ စာဆိုတော်၏ အတွင်းစိတ်သန္တာန်ကို ပေါ်လွင်အောင် စပ်ဆို နိုင်ခဲ့ခြင်းပင်လျှင် ထိုတောလားသည် အခြားတောလားများထက် ထူးခြားခြင်းပင် ဖြစ်ပေသည်။
အထက်အဆိုပါ တောလား ၂ ခုတို့အပြင်၊ အခြားစာဆို တို့၏ တောလားများလည်း ရှိသေး၏။ ထိုကျန်စာဆိုတို့၏ တောလားများအနက် ထင်ရှားသောတောလားများမှာ ရှင်ဇယန္တာ ဘိဓဇ၏ တောလား၊ နဝဒေကြီး၏ တောလားနှင့် စိန္တကျော်သူ ဦးဩ၏တောလား စသည်တို့ဖြစ်သည်။ ရှင်ဥတ္တမကျော်၏ တောလားမှာ ယခုအခါ ၉ ပိုဒ်ကိုတွေ့ရ၏။ ရှင်မဟာရဋ္ဌသာရ ၏ ရွှေစက်တော်သွားတောလားမှာ ၄ ပိုဒ်ရှိလေသည်။ ကျန် စာဆိုတော်သုံးဦး၏ တောလားများမှာ သုံးပိုဒ်စီရှိသော ပိုဒ်စုံ ရတုများဖြစ်၏။ ရှင်ဇယန္တာဘိဓဇ၏ တောလားတွင် ‘ကြူးဓွန့်ရှည်၍၊ ဖူးညွန့်စည်၍၊ ကျူးရင့်မြည်၍’ဟူသော အပိုဒ်သုံးပိုဒ်အစတွင် အချီညီနှင့်ချီကာ ‘ပျော်မြူးရဂုံ ပေ သကား။ ခေါ်ထူးအစုံပေသကား။ မြော်ဘူးမကြုံလေ သကား။’ဟူ၍ သုံးပိုဒ်အဆုံး၌ အချညီဖြင့် ချထားသည့် ရတု ပိုဒ်စုံမျိုးဖြစ်သည်။ ထိုအတူ စိန္ဒကျော်သူဦးဩ၏ တောလားမှာ လည်း ‘ထွေတလာလျှင်၊ ဟေမဝါလျှင်၊ ဘွေကရှာလျှင်‘ဟူ၍ အချီညီချီလျက်၊ ‘လွမ်းရေးနောင့်ဝယ်ဖြစ်သကား။ သမ်းမြှေး မှောင့်ဆွယ် ထင်သကား။ ချမ်းဧဆောင့်နှယ်ပင်သကား’ဟူသော အချညီချထားသည့် ပိုဒ်စုံရတုဖြစ်လေသည်။ သို့သော်နဝဒေကြီး ၏တောလားမှာ ‘ထူးတစ်လည်လျှင်၊ သားနိုးပျော်ရွှင်၊ တပြည်း ပျံ့ပျံ့’ ဟူ၍ချီကာ ‘လွမ်းခွင့်နောင်တွင်ဖြစ်တကား။ လူ၌တူပင် ဆင်တကား။ အလွမ်းပြည်ပြင်ပြင်တကား။’ဟူသော အချများ ဖြင့်ချထား၏။ ထို့ကြောင့် နဝေးဒေးကြီး၏ တောလားမှာ ရတု ပိုဒ်စုံဖြစ်သော်လည်း၊ အချီအချညီ စပ်ထားသည်မဟုတ်ပေ။ ထို စာဆိုသုံးဦး၏တောလားများသည် တောတောင်အတွင်းရှိ ကြက် ငှက် သားကောင်တို့နှင့် ယင်းတို့ မြည်တွန်ကြသံများကိုသာ အဓိကထား၍ ရေးစပ်ထားခြင်းဖြစ်လေသည်။
ရှင်အုံးညို၏ ဂါထာ ၆၀ ပျို့သည် ပျို့ဟူ၍ခေါ်သော်လည်း တောလား၏သဘောပင်ဖြစ်သည်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ရှင်ဥတ္တမကျော်တောလား
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)