အဲချင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အဲချင်း[ပြင်ဆင်ရန်]

အဲချင်းဟူသည် ဧချင်း၊ အိုင်ချင်း၊ အန်ချင်းတို့ကဲ့သို့ မြန်မာ့ယဉ်ကျေးမှု အနုပညာတစ်ရပ်ဖြစ်သော ကဗျာလင်္ကာစု၌ ပါဝင်၍ ဂီတသဘောသက်ဝင်သော အဖွဲ့အနွဲ့မျိုး ဖြစ်သည်။ အဲ ဟူသော စကားလုံးသည် မြန်မာစကားလုံးဖြစ်၍ ရပ်တံ့သည် ဟူသော အဓိပ္ပါယ်ရှိသည်။ ထို့ကြောင့် အဲချင်းသည် ရပ်တန့်၍ သီဆိုရသော ကဗျာတစ်မျိုးဟု ဆိုကြသည်။ ဥဒေါင်းမင်းပျို့တွင် ဗိုလ်ပါသူရဲ တံ့အဲမြင်းဆင် ဟုပါရှိရာ အဲ သည် ရပ်တံ့ သည်ဟူသော အဓိပ္ပါယ်ပေါ်သော်လည်း ကဝိလက္ခဏာ သံပေါက်တွင် သူကမိုးကဲ၊ လူတွေအဲ၊ ဆုတ်ရှဲတို့ကရှား ဟု လာရှိရာ လူတွေအဲ ဟူသော အဓိပ္ပါယ်သည် လူတွေရပ်တံ့ သည်ဟုလည်းဆိုနိုင်သည်။ လူအများအပြားဟုလည်း ဆိုနိုင် သည်။ ထို့ကြောင့် အဲချင်းသည် လူအများ ဝိုင်းဝန်း သီဆိုရ သော ကဗျာမျိုးဟုလည်း ဆိုကြပြန်သည်။


အဲချင်းသည် သီချင်းကဗျာတစ်မျိုးဖြစ်ကြောင်း ပြဆို သော အထောက်အထားများမှာ ရှင်မဟာရဋ္ဌသာရ၏ သံဝရပျို့ တွင် စောင်းငြင်းလိုက်၍၊ ဧရိုက်ခြည်းခြည်း၊ ဖြည်းဖြည်းည|င်း ညှင်း၊ သာချင်းရတု၊ ပျော်မှုတသီး၊ ရုပ်ကြီးရုပ်ငယ်၊ မီးဝယ် ကြည့်ပွဲ၊ အဲ့အဲမနိုင်၊ အဆိုင်ဆိုင်လျှင်၊ အဲတိုင်အဲခံ၊ အဲထောက် သံနှင့် ဟူ၍လည်းကောင်း၊ ကဝိလက္ခဏာသံပေါက်တွင် သီ ချင်းနှင့်အဲ၊ စောင်းနှင့်အဲ၊ မယ်နဲမိကန္နား ဟူ၍လည်းကောင်း အသီးသီး စပ်ဆိုထားလေသည်။


အခြားအယူအဆတစ်ခုမှာ အဲသည် အယျ ဟူသော ပါဠိမှ ဆင်းသက်လာသော စကားလုံးဟု ဆိုသည်။ အယျ၏ အဓိပ္ပါယ်မှာ အရှင်၊ သို့မဟုတ် သူကောင်းသားဟူသော အခေါ် အာလုပ်စကားဖြစ်၍ အရင်းက အာလုပ်စကား၊ သို့မဟုတ် အခေါ်စကားပါသော သီချင်းမျိုးကို အဲချင်းဟုခေါ်သည်။ သုံးဆယ့်ခုနှစ်မင်း နတ်သံများသည် အဲသီချင်းအမျိုးအစား၌ ပါ ဝင်ရာ ဝန်ကြီးပဒေသရာဇာရေးသည့် သိကြားမင်း နတ်သံဖြစ် သော မေရုငယ်မှရာဇာလေ... မှိုင်းညို့ညို့နှင့်၊ တို့နေရာ မှာ၊ သီးဒါငယ်မှတရစ်၊ လေးကျွန်းလယ်ခေါင်၊ မြတန်ဆောင် မှာ၊ တောင်တဆစ်နှင့်၊ ကသစ်ကယ်မှနီလွင်၊ ပင်လယ်ပန်းနှင့်၊ နန်းကြီးရှင်ကို၊ နှင်နှင်မမှတ်ကြနှင့် ဟူသော အပိုဒ်တွင် အာလုပ်စကားဖြင့် စတင်ထားသည်ကို တွေ့ရသည်။ အဲသည် ဟဲသည် ဟူသော မြန်မာစကားရင်းမှ ရွေ့ လျောလာဟန်တူ၍ ဟဲ၍ရွတ်ဆိုရသော သီချင်းမျိုးကို အဲချင်းဟု ခေါ်ဝေါ်ခြင်း ဖြစ်တန်ရာသည်ဟု အချို့က ဆိုကြ ပြန်သည်။ နတ်သံများကို ရွတ်ဆိုရာ၌ ဟဲ၍ရွတ်ရပုံ၌ ထင်ရှားသည်ဟု ဆိုလေသည်။

အဲချင်းကိုစပ်ပုံဆိုမှာ အလိုရှိရာအကြောင်းချင်းတတို့ကို တစ်ပုဒ်လျှင် အပိုဒ်လေးပိုဒ်ထား၍ စပ်ဆိုသီကုံးကြရာ သံဝရ ပျို့၌ အဲတိုင်အဲခံ၊ အဲထောက်သံနှင့် ဆိုသည်နှင့်အညီ အဲတိုင်ဟူသော အတိုင်ပိုင်းနှင့် အဲထောက်အဲခံဟူသော အချ ပိုင်းဟူ၍ နှစ်ပိုင်းရှိသည်။ ပထမပိုဒ်သည် အတိုင်ဖြစ်၍ ငါးပါဒ မှ ကိုးပါဒအထိ ပါရှိသည်။ တစ်ပါဒလျှင် များသောအားဖြင့် လေးလုံးပါရှိ၍ ရံဖန်ရံခါ ထို့ထက်ပို၍လည်း ထည့်သွင်းစပ်ဆို ကြသည်။ သို့သော် အစပါဒနှင့် အချပါဒကို ခုနစ်လုံးစီအမြဲ ထားပြီးလျှင် အချပါဒတွင် ခုနစ်လုံးမြောက် ဖြစ်သော နောက် ဆုံးစာလုံးကို လေ ဟူ၍လည်းကောင်း၊ လေး ဟူ၍ လည်းကောင်းထည့်ရသည်။ ဒုတိယ၊ တတိယ၊ စတုတ္ထပိုဒ်များ သည် အချပိုင်းဖြစ်၍ ခုနစ်ပါဒမှ ၁၉ ပါဒ အထိစပ်ဆို၍ တစ်ပိုဒ်တစ်ပိုဒ်တွင် အတွင်းစာသွား စကားကာရံ အသံအနေ အထား စပ်ဆိုပုံများမှာ တစ်ပါဒလျှင် လေးလုံးမှ ကိုးလုံးအထိ ဖြစ်ပြီးလျှင် ဆက်ရက်ခုန်၊ ခွာကာခွာကာ စီကုံး ကြရသည်။

အထက်ပါ စည်းမျဉ်းများနှင့်တကွ အခံ၊ အအုပ်၊ အဆုတ်အတက်၊ အသွာ၊ အလာ၊ ကာရံ အစပ်၊ အရပ်အတော၊ သဘောတူ သံတူကြောင်းကွဲ စနစ်များအရ စီကုံးစပ်ဆိုထားပုံကို သဘောပေါက်နိုင်စေရန် ကုန်းဘောင်ခေတ် အမျိုးသမီးစာဆို မယ်ခွေ၏ ၁၂ ရာသီဖွဲ့ အဲချင်းမှ မိဿရာသီ၊ တန်ခူးလဖွဲ့ စပ် ဆိုပုံကို ပုံစံအနေဖြင့် ဖော်ပြပေအံ့။

နေနတ်ကယ်မှ ရာဇာလေ။ အာသာဝဏီ၊ ကြယ်နှင့်ညီ လို့၊ စန္ဒီစိတြ၊ တူယှဉ်ပြိုင်ပကြတယ်၊ လအတာကိုတဲ့လေး။ (၁) သီတာငယ်မှပျံ့မွှန်း၊ သပြေမြရည်၊ တစ်သောင်းပြည်ကို၊ အောင် စည်ရွှမ်းလို့၊ ရေသွန်းမှခါချိန်၊ သောက်ရှူးဥကာ၊ ကြယ်နီလာ နှင့်၊ ရွှေဖာပေါက်လို၊ တိမ်ခိုးညိုနှင့်၊ ပြိုမည့်နှယ် ချိန်သည်၊ နဂါးလိမ် လွမ်းအိမ်ဖွဲ့လို့၊ မယ့်ဆီကိုမဲ။ (၂) သင်းတွဲမှရွှေ ရောင်၊ ကံ့ကော်ဝတ်မှုန်၊ မွှေးထုံထုံနှင့်၊ ရဂုံမြိုင်ပြား၊ တော တစ်လွှားလည်း၊ ငှက်ခါးတောင်လို၊ ပူအောင်မယ့်ကို၊ မိုးကြီး တစ်ဖွဲ့၊ လေတစ်လှဲ့နှင့်၊ တစ်ဆယ့်ခြောက်တိုင်း၊ မပြတ်ကယ် ဆိုင်းလို့၊ မှိုင်းမှိုင်းငယ်ညိုသည်၊ မ-ဖို သီတာဆိပ်ကယ်က၊ ချိပ်ရိပ်ညိုနွဲ့။ (၃) ပြင်နာရီကား၊ ငါးဖို့ထားလို့၊ ဖဝါးမှာသုံး အင်၊ မိဿခွင်မှာ၊ မရွှင်နိုင်တတ်၊ စန်းလွန်းပင် ပြတ်ခဲ့ပြီ၊ မြတ်ဆံကျင် တာရာက၊ တေဇာတော် မချီပါနှင့်တော့၊ ဝေသာ လီ ရွှေပြည်ကြီးမှာတဲ့၊ ထိန်ညီးရဲ့လေး။ ။


အဲချင်းတို့၏ နောက်ကြောင်းမူလအရင်းအမြစ်ကို စိစစ် ကြည့်ရာ၌ ဦးကုလားရာဇဝင်နှင့် မှန်နန်းရာဇဝင်တို့အရ အင်းဝ ခေတ် မင်းကြီးစွာစော်ကဲ လက်ထက်ကပင် အဲသီချင်းအဖွဲ့အနွဲ့ များ ပေါ်ပေါက်နေပြီဖြစ်ကြောင်း သိရသည်။ ကဗျာဗန္ဓသာရ ကျမ်း၌မူ ပုဂံခေတ်မှ ပုပ္ပါးစံကားပွင့် အလင်္ကာကို အဲချင်း၊ အချင်းငယ် ဟူ၍လည်းကောင်း ဖော်ပြပါရှိသည်။ အင်းဝခေတ် တွင် အင်းဝဘုရင် သီဟသူရလက်ထက်၌ ထိုမင်း၏သားတော် အနော်ရထာ၏ သမီးတော်သုံးပါးဖြစ်သော ရှင်စိုးမင်း၊ မင်းလှ မြတ်နှင့် မင်းဘုန်းထွတ်တို့ကို ရှင်မဟာရဋ္ဌသာရလောင်းဖြစ် သော ထိုစဉ်ကအသက် ၁ဝ နှစ်မျှသာရှိသေးသည့် မောင်မောက် က ရုတ်ခြည်းစပ်ဆိုလိုက်သော အဖွဲ့အနွဲ့ကို စည်းချက်ကိုက်၊ အဲရိုး၊ အချင်းနှင့် အချင်းငယ်ဟူ၍လည်း ခေါ်ဆိုကြသည်။ ယင်းမှာ အောက်ပါအတိုင်းဖြစ်သည်။


(ရှင်စိုးမင်းဘွဲ့) အိုဘဲ့ဘယ်၊ အိုဘယ့်သမီးတော်၊ ထင်ပေါ်ဘုန်းပျံ့သင်း။ ။ (မင်းလှမြတ်ဘွဲ့) အိုဘဲ့ဘယ်၊ အိုဘယ့်သမီးတော်၊ နတ်သော်ပုံမယွင်း။ ။ (မင်းဘုန်းထွတ်ဘွဲ့) အိုဘဲ့ဘယ်၊ အိုဘယ့်သမီးတော်၊ စန္ဒော် လနှယ်ဝင်း။ ။ တောင်ငူခေတ်တွင် အဲသီချင်းများရှိကြောင်းကို မင်းဇေ ယျရန္တမိတ်၏ ရတုတစ်ပုဒ်တွင် အဲသီချင်းနှင့် ပြည့်တင်းရည်ဆောင်၊ အဆောင်ဆောင် သည်၊ ခါညောင်မသွန်းလှည့်လေလော့ ဟု တွေ့ရှိခြင်းဖြင့် သိရပေသည်။ ထို့ပြင် ထိုခေတ်၏ အကျော်အမော်စာဆိုတော် တစ်ဦးဖြစ်သော ရှင်သံခိုကလည်း နန်းမြေဟံသာ၊ ပြန်ခဲ့လာ၍၊ အခါချိန်ထောက်၊ စခန်း ရောက်သော်၊ အဲထောက်သီချင်း ဟူ၍ ထည့်သွင်းစပ်ဆို ထားသည့် အထောက်အထားကိုလည်း တွေ့ရပေသည်။ ညောင်ရမ်းခေတ် တနင်္ဂနွေမင်းလက်ထက် ၁ဝ၈ဝ ပြည့်နှစ်တွင် ပေါ်ပေါက်ခဲ့သော အဲချင်းမျိုးကို ၈ဝ ပေါ်အဲဟု ခေါ်ဆိုကြသည်။ ကုန်းဘောင်ခေတ် စာဆိုမယ်ခွေ၏ အဲချင်း များကို ၈ဝ ပေါ်အဲဟုလည်း ခေါ်ဆိုကြလေသည်။ အဲချင်းအဖွဲ့အနွဲ့များသည် ကုန်းဘောင်ခေတ်တွင် ပိုမို ခေတ်စားလာသည်။ စဉ့်ကူးလက်ထက်မှစ၍ ဘိုးတော်မင်းတရား လက်ထက်တိုင်အောင် ထင်ရှားသော စာဆိုတော်တစ်ဦးဖြစ်သူ ဦးယာသည် အဲသီချင်းများ အရေးအသားကောင်းသဖြင့် အဲ မောင်ယာဟုပင် ထင်ရှားခဲ့လေသည်။


ဘိုးတော်ဘုရား လက်ထက်တွင် ရတု၊ လူးတား၊ တေး ထပ်၊ လေးချိုး၊ သဖြန် စသည့် အဖွဲ့အနွဲ့ အမျိုးမျိုးတို့ဖြင့် ၁၂ ရာသီ အဖွဲ့များကို ဖွဲ့နွဲ့ခြင်း ခေတ်စားသည်။ အမွေဝန်ကတော် မယ်ခွေသည် ၁၂ ရာသီဘွဲ့ကို အဲချင်းဖြင့် ဖွဲ့ဆိုသည်။ ထိုအဲ ချင်းသည် ၁၂ ရာသီဖွဲ့ကဗျာများတွင် အလွန်ထင်ရှားသည်။ အခြား ၁၂ ရာသီဖွဲ့ရတု၊ လူးတားတို့ထက်ပင် ပို၍ အရေးပါခဲ့ သည်။ အကြောင်းတစ်ခုမူ မယ်ခွေ၏ ၁၂ ရာသီဖွဲ့ အဲချင်းများ သည် အလွန်နက်နဲ၍ ရာသီအလိုက် ပန်းများ၊ ပွဲတော်များ၊ ရာသီဥတု အခြေအနေ စသည်တို့ပါဝင်၍ စုံစုံလင်လင် ရှိပြီး လျှင် ပြေပြေပြစ်ပြစ်လည်း ရှိသည်။ မယ်ခွေသည် မိမိ၏အဲ ချင်းတွင် ရာသီ၏အခြေအနေကို အမွှမ်းတင်၍ တော၊ တောင်၊ ရေ၊ မြေနှင့်ရာသီဥတု အခြေအနေတို့နှင့် လိုက်ဖက်သည်များကို ပေါ်လွင်အောင် စာပန်းချီချယ်ပြနိုင်သည်။ ရာသီ၏ စန်းယှဉ် နက္ခတာရာ၊ ဗေဒင် ဝေါဟာရ အသုံးအနှုန်းများ၌လည်း ကျန သေသပ်သည်။ ထို့ပြင် ရာသီအလိုက် လွမ်းစရာဆွေးစရာများ ကို တန်ဆာဆင်ထားသဖြင့်လည်း မယ်ခွေ၏ အဲချင်းသည် အခြားရာသီဖွဲ့များထက် တစ်မူထူးခြားလေသည်။


မယ်ခွေသည် ဩကာသလောကကြီး၌ စိတ်ဝင်စားပြီး လျှင် မိမိကိုယ်တိုင်ကလည်း နုနယ်သိမ်မွေ့သော မိန်းမသား ဖြစ်သဖြင့် မယ်ခွေ၏ အဲချင်းတွင်ပါဝင်သော အဖွဲ့အနွဲ့တို့မှာ နုနယ်သိမ်မွေ့ပေသည်။ မယ်ခွေ၏ အဲချင်းတို့ကို တူရိယာဖြင့် တွဲဖက်၍ စည်းကိုက် ဝါးကိုက်သီဆိုနိုင်သဖြင့် သဘင်သည်များ အတွက် ပို၍ကျေးဇူးရှိသော အဲချင်းများဖြစ်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)