အန်ချင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အန်ချင်း[ပြင်ဆင်ရန်]

အန်ချင်းသည် မြန်မာသက္ကရာဇ် ၇ဝဝ ကျော် ပထမအင်းဝခေတ်က စတင်ပေါ်ပေါက်ခဲ့သည့် ကဗျာတစ်မျိုးဖြစ် သည်။ မှန်နန်းရာဇဝင်အရ သက္ကရာဇ် ၇၅၉ ခုနှစ်၌ ဘုရင်မင်း ကြီးစွာသည် အင်းဝမှအထက်အညာ တကောင်းမြို့သို့ ဖောင်တော်ဖြင့် ဆန်တော်မူလေသည်။ ထိုအခါ ဖောင်တော်ကို ငင်သည့် လှေတော်သားတို့ သီဆိုစရာ ဖောင်ငင်ချင်း"ခေါ်အန်ချင်း" သည် စတင်ပေါက်ဖွား လာခဲ့သည်ဟု ဆိုလေသည်။


ဤအကြောင်းကို အခြေခံ၍ အန်ချင်းဟူသောဝေါဟာရ ၏ အနက်အဓိပ္ပာယ်ကို ကြံစည်ကြသော ပညာရှိများက ယင်း ဝေါဟာရသည် "အဏ္ဏဝ ဟူသော ပါဠိစကားလုံးမှ ဆင်းသက် သည်ဟု ဆိုကြသည်။ ပါဠိဘာသာအဏ္ဏဝသည် သမုဒ္ဒရာ၊ ပင်လယ်ဟု အဓိပ္ပာယ်ရသည်။ အဏ္ဏဝမှ ဏဝ ကျေပြီးလျှင် "အဏ်" ကိုကမှ မြန်မာဆန်ဆန်ရေးပုံသို့ ပြောင်းပြီးလျှင် "အန်" ဟုဖြစ်လာသည်။ အချို့ပညာရှင်များကလည်း ပါဠိဘာ သာ ရေ ဟောသည့် အဏ္ဏပုဒ်မှ ဏ ကျေပြီးလျှင် အဏ်၊ အန် ဖြစ်လာသည်ဟု ယူဆကြသည်။ ထို့ကြောင့် အန်ချင်းဟူသည် မှာ မူလကဘုရင်မင်းများ မြစ်အဏ္ဏဝါကြောတွင် ဖောင်တော် ဖြင့် ရေနန်းသဘင်ထွက်စံတော်မူစဉ် သီဆိုလျှောက်ထားရသည့် ကဗျာပင်တည်း။ သို့ရာတွင် ကဗျာဖွဲ့ဆိုသည့် အကြောင်းအရာ များသည် တစ်စထက်တစ်စ ကျယ်ဝန်းလာတတ်သောသဘော ရှိသည့်အတိုင်း နောက်ကာလကြာသောအခါ ရေနန်းသဘင်ပွဲ တွင်သာမဟုတ်တော့ဘဲ အခြားသောမင်းခမ်းသဘင်ပွဲများ၌ လည်း အန်ချင်းများကို ရေးဖွဲ့သီဆိုခဲ့ကြသည်။


အန်ချင်းများသည် သက္ကရာဇ် ၈၅ဝ ကျော် ပထမ အင်းဝခေတ်နောက်ပိုင်းတွင် အတော်ခေတ်စားလာသည်ဟု ဆိုရ ချိမ့်မည်။ သက္ကရာဇ် ၉ဝဝ ကျော် တောင်ငူခေတ်သို့ ရောက် လာသောအခါ အန်ချင်းသည် အကြောင်းအရာအားဖြင့် အင်းဝ ခေတ်ကထက် ပိုမိုကျယ်ဝန်းလာကာ မင်းခမ်းသဘင်ဖွဲ့ ကဗျာ သာမဟုတ်တော့ဘဲ အချစ်၊ အလွမ်းနှင့် ရာသီကိုပါ ဖွဲ့ဆိုသည့် ကဗျာအဖြစ်သို့ရောက်ရှိလာသည်။ တောင်ငူခေတ် စာဆိုတော် နဝဒေး၏ "ကျူးလှတည့်လေ" ချီ ရေလားရတု၌ " မြင်းတွင်း စိုးမှူး၊ ခံတိုင်ဦးတို့၊ သီကျူးအဲအန်" ဟူ၍ ကိုတံငါတို့ အဲချင်း အန်ချင်းများ သီဆိုကြောင်းတွေ့ရသည်။ ဆင်ရဲသားပြည်သူ လူတန်းစား၌ အဝင်အပါဖြစ်သော တံငါမောင်တို့သီဆိုကြသည့် အန်ချင်းများသည် ရွှေနန်းတော်ကြီး၏ အဆောင်အယောင် အခမ်းအနားများအကြောင်း ဖွဲ့ဆိုထားသည့် အန်ချင်းမျိုး မဖြစ် တန်ရာပေ။ မိမိတို့ဘဝပတ်ဝန်းကျင်နှင့် ဆက်သွယ်နေသည့် မောင်ဖွဲ့ မယ်ဖွဲ့၊ ရာသီဖွဲ့၊ အလွမ်းဖွဲ့၊ စသည်တို့သာဖြစ်ပေ လိမ့်မည်။


ရှာဖွေရသမျှအန်ချင်းများအနက် အစောဆုံးတွေ့ရသော အန်ချင်းများမှာ တောင်ငူခေတ်နောက်ပိုင်း သက္ကရာဇ် ၉၆ဝ ခန့် တွင် စာဆိုတော်ရဝေရှင်ထွေး ဖွဲ့ဆိုခဲ့သည့် အန်ချင်းများဖြစ် သည်။


ထိုထက်စောသည့် အန်ချင်းစာကိုယ်များကိုကား ယခုတိုင်ရှာဖွေမတွေ့ရသေး။ ရှင်ထွေး၏ အန်ချင်း များသည် တွေ့ရသမျှတွင် အစောဆုံးဖြစ်သည်သာမက အရေအတွက်လည်း အများဆုံး၊ အကြောင်းအရာလည်း အစုံဆုံးဖြစ် သည်။ နောက်ခေတ်စာဆိုတို့၏ အန်ချင်းများကို နှစ်ပိုဒ်၊ သုံးပိုဒ် စသည်ဖြင့်သာတွေ့ရသည်။ ရှင်ထွေး၏ အန်ချင်းများကို ကား ၈၅ ပိုဒ်မျှတွေ့ရသည်။ ဆံထုံးဖွဲ့၊ တံပက်ဖွဲ့၊ ဘုရားဖွဲ့၊ မောင်ဖွဲ့၊ မယ်ဖွဲ့ စသည်ဖြင့် အကြောင်းအရာလည်းစုံသည်။


ရှင်ထွေး၏ မောင်ဖွဲ့အန်ချင်းတစ်ပိုဒ်ကို အန်ချင်းနမူနာအဖြစ် ဖော်ပြလိုက်သည်။ စောလေး၊ ယနေ့ တဆက်၊ ယမန်ရက်တွင်၊ သန်လျက်ကိုင်ကာ၊ မယ်သို့လာသည်၊ မင်းလျာမြ ရည်၊ ဆီးခဲ့သည်ကား၊ ကြာချည်ပုဆိုး၊ တိမ်မီးခိုးသို့၊ တင့်နိုးအကျော်၊ အင်္ကျီတော်လည်း၊ ရွှေလှော်ဆင်းဝါ၊ ခတီပါတည့်၊ နှိုင်းရာမပြား၊ မြဖက်ခါးကို၊ များများ မဖော်၊ တစ်ခြမ်းပေါ်နှင့်၊ ပေါင်းတော်စိန်ပန်း၊ မြို့လွန် ထွန်းမျှ၊ ကြိုင်မွှန်းပျံ့လှောင်း၊ မွှေးပေါင်းနံ့ချည်း၊ ပန်း စည်းမဉ္စူ၊ ပန်တော်မူ၍၊ ဇမ္ဗူကျွန်းရှင်၊ မယ့်သက် တင်ကြောင့်၊ ထိပ်ပြင်ရှိလက်၊ လွမ်းသည့်ရက်ကို၊ လျှောက်မြွက်ရေစရှာ၏လေ၊ ၊ဖော်ချင်းတို့လေ ဖော်ချင်းတို့။ ရဝေရှင်ထွေး၏ခေတ်ကား အန်ချင်း၏အထွတ်အထိပ် ခေတ်ပင် ဖြစ်တော့သည်။


ဒုတိယအင်းဝခေတ် သက္ကရာဇ် ၁ဝဝဝ ကျော်တွင် အန်ချင်းများ ခေတ်မှိန်သွားသည်။ သက္ကရာဇ် ၁၁ဝဝ ကျော် ကုန်းဘောင်ခေတ်တွင်မူ အန်ချင်းကို ပြန်လည်တွေ့ရပြန်သည်။ သို့သော် ထိုအချိန်တွင် ဆင်းရဲသားပြည်သူတို့ နှုတ်ဖျားဝယ် သီဆိုစရာ တျာချင်း၊ လွှမ်းချင်း၊ ဗုံးကြီးသံ၊ တုံးချင်း၊ တေး ထပ် စသည်တို့ ပေါများနေရကား အန်ချင်းသည် ပြည်သူတို့ နှုတ်ဖျားမှ ကွယ်ပျောက်ကာ နန်းတွင်းကဗျာအဖြစ်သို့ ပြန် လည်ရောက်ရှိသွားခဲ့သည်။ ကုန်းဘောင်ခေတ်အလယ်ပိုင်းတွင် အန်ချင်းဖွဲ့ဆိုသူများမှာ စာဆိုတော် ဦးယာ နှင့် မြဝတီဝန်ကြီး ဦးစ တို့ဖြစ်ကြသည်။ ဦးယာသည် "မင်းချင်းလေ၊ ကုဿိန္နာရုံ"အစချီသည့် ပထမ၊ ဒုတိယနှင့် တတိယ သင်္ဂါ ယနာတင် အန်ချင်းသုံးပိုဒ်ကို ရေးသားခဲ့သည်။ မြဝတီဝန်ကြီး ဦးစကား "မယ်ယို့လေ၊ ၊အောင်သပြေရုံ" အစချီသည့် သကျ ရံသီ ဘုရားထီးတော်တင်ဖွဲ့ အန်ချင်းသုံးပိုဒ်ကို ဖွဲ့ဆိုခဲ့သည်။ အချို့သော ကဗျာကျမ်းများက ကုန်းဘောင်ခေတ် နောက်ပိုင်းတွင်ခေတ်စားလာသည့် "မလင်းမှောင်ဝေချီ" "ယမုန် နာ" ချီ လှေတော်သံများကို အန်ချင်းစာရင်းတွင် ထည့်သွင်း ပြထားသည်။ သို့သော် အန်ချင်းဖွဲ့ပုံ ဥပဒေစနစ်အရစိစစ်သော် အဆိုပါလှေတော်သံများကို အန်ချင်းဟုမယူထိုက်ကြောင်းတွေ့ရ ပေမည်။ ကုန်းဘောင်ခေတ်နောက်ပိုင်း၌ အန်ချင်းစစ်စစ်ရေးဖွဲ့ခဲ့ သူမှာ ဆီးပန်းနီဆရာတော်ဖြစ်သည်။ ဆီးပန်းနီဆရာတော် သည် ဦးယာ၏လက်ငုတ်ကို ဆက်ပေးသောအားဖြင့် စတုတ္ထနှင့် ပဉ္စမသင်္ဂါယနာတင် အန်ချင်းနှစ်ပိုဒ်ကို ဆက်လက်ရေးဖွဲ့ခဲ့ပေ သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)