မြန်မာပေစာ
ပေစာဆိုသည်မှာ ပေပင်မှရသော ပေရွက်ပေါ်တွင် အက္ခရာစာလုံးများ ရေးသောကြောင့် ပေနှင့် စာကို တွဲ၍ ပေစာဟုခေါ်သည်။ လက်ရေးစာ ဖြစ်သည်။ မြန်မာဆိုသည်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ တိုင်းရင်းသားများနှင့် မြန်မာစာကို ဆိုလိုသည်။ မြန်မာများ အသုံးပြုသော မြန်မာစာဖြင့် ရေးထားသည့် ပေစာဖြစ် သဖြင့် မြန်မာစာပေဟု ခေါ်ခြင်းပင် ဖြစ်သည်။ ပုံနှိပ်ခေတ် မတိုင်မီက လောကီလောကုတ္တရာ စာပေအားလုံးကို ပေစာများတွင် တွေ့နိုင်သည်။ ယခုတွေ့ရှိသော ရှေးခေတ်စာပေအား လုံလိုပင် ပေပေါ်တွင် ရေးသားထား ရှိခဲ့လေသည်။
ပေရွက်မှရသော ပေချပ်များကို များသောအားဖြင့် စာရေးရန် ပြုလုပ် သုံးစွဲကြသည်။ တခါတရံတွင ဘုရင်မင်း မြတ်အစရှိသော မင်းညီမင်းသားများသည် ရွှေ၊ ငွေ၊ ကြေးတို့ကို ပေရွက်သဏ္ဌာန် အပြားခတ်ကာ ရွှေပေ၊ ငွေပေ၊ ကြေးပေ အဖြစ် စာပေကို မှတ်တမ်းတင်ကြသည်။ ရေးသားကြသည်။ ပေပင်သည် အပူပိုင်း အရပ်ဒေသ၌ များသောအားဖြင့် ပေါက်လေ့ရှိသည်။ ထန်းပင်နှင့် အနည်းငယ တူသည်။ ပေပင်၏ အသီးသည်သေးငယ်သည်။ ပေပင်မှပေရည်ကိုရသည်။ ငန်သောအရသာရှိသည်။ ထန်းပင်ထက် လုံးပတ် ကြီး၍ အရွက်သည်လည်း ကြီးသည်။ ပေပင်၏ အသက်အနှစ် ၆ဝ ရှည်သည်ဟုဆိုသည်။ …ပေတသီး ကျီးသတားဆိုသော စကားပုံအတိုင်း ပေပင်သည် အသီးတကြိမ် သီးပြီးလျှင် သွေ့ခြောက်၍ သေသွားသည်။
ပေသုံးနည်း
[ပြင်ဆင်ရန်]ပေရွက်ကို ပေပင်ပေါ်မှ ခူးပြီးလျှင် ပြီးခြင်း ရေးရသည် မဟုတ်ချေ။ ပေရွက်ပေါ်တွင် ကညစ်ဖြင့် ရေးနိုင်သည့် အခြေတိုင်အောင် အဆင့်ဆင့် လုပ်ရသော လုပ်ငန်းသည် များလှသည်။ ပေပင်၏ အသက် ရှစ်နှစ်ခန့်တွင် ပေရွက်ကို ခူးနိုင်သည်။ ခူးပြီးလျှင် အလယ်ကြောမကို သင်၍ အရင်းအဖျား ဖြတ်ကာ ခွေ၍ နေပူ၌ အခြောက် လှမ်းရသည်။ ခြောက်သော် ခွေထားသော ပေကိုဆန့်၍ ပေချပ်များ တထပ်ချင်း ထပ်ပြီးလျှင် ပြန်ခွေရသည်။ ပေချပ် ထပ်သောအခါ ခွနိုင်အောင် ထပ်ရသည်။ ဤသို့ ခွေထပ်ပြီးသော် ပေခွေများ နစ်သည့်တိုင်အောင် ထည့်ရသည်။ ပေထည့်သည့် အိုးကို နေပူပူတွင် ရက်သတ္တ တပတ်၊ သို့မဟုတ် ရက်သတ္တတပတ်သာသာ ထားရသည်။ အဖုံးပိတ်မထားရချေ။ မပူဓာတ်ကြောင့် အမြှုပ်များထွက်လာလျှင် ပေကို ဆယ်ကြည့်ရသည်။ ပေရွက်၌ အစိမ်းကွက်များ ရှိသေးလျှင် မနပ်သေးသ ဖြင့် ထပ်၍ စိမ်ထားရသည်။ ပေရွက်များသည် ညိုနေမှသာလျှင် နပ်သည်။ သို့သော် အညိုလွန်လျှင်လည်း ဆေးသွားတတ်သည်။ အနေတော် နပ်မှသာလျှင် စာရေး၍ ကောင်းသည်။ ပေရွက်စိမ်လျှင် နပ်သင့်သလောက် စိမ်မိစေရန် အထူး သတိထားရသည်။ ပေရွက်စိမ်းခြင်းသည် အနံ့အလွန်ပြင်သဖြင့် လူသူကင်းဝေးရာ နေရာတွင် စိမ်ထားရသည်။ သို့စိမ်ခြင်းသည် စာရေးရာ၌ ပျော့ပျောင်းချောမွတ်စေ ရန် ဖြစ်သည်။ ယင်းသို့ ပေရွက်များ နပ်လာလျှင် ဆယ်ပြီးသော် ရေအေးနှင့် စင်အောင် ဆေးရသည်။ ထိုနောက် တရွက်ချင်း ပြန်ခွေပြီးလျှင် ထိုပေရွက်ခွေများ ကို အရိပ်၌ ထား၍ အခြောက်ခံရသည်။ ခြောက်လျှင် ပြန်ဖြန့်ပြီးနောက် ပေရွက် အထပ်လိုက် စည်းထားရသည်။ ပေရွက်ပြန်ဖြန့်ပြီးနောက် ပေရွက်အထပ်လိုက် စည်းထားရသည်။ ပေရွက်ပြန့်စေရန်ပင် ဖြစ်သည်။ ဖြန့်မရလျှင် နှင်းရည်ခံပြီး ဖြန့်ရသည်။ ပြီးလျှင် ပေရွက်၏ ပြတ်အကျယ် အကြီးအသေး ရွေးကာ ခွဲခြား၍ မျိုးတူချင်း ထားရသည်။ အမျိုအစား ရွေးချယ်ခွဲထားပြီးသော ပေရွက်များကို ကျမ်းဟုခေါ်သော ပေရွက်၏ အကျယ်အရှည်နှင့် ထပ်တူ ထပ်မျှသော သစ်သား နှစ်ခုဖြင့် အထက်အောက် ညှပ်ထားရပြန်သည်။ ကျမ်းသည် ပေရွက်၏ အနံ အလျားကို တိုင်းသော ပစ္စည်းလည်း ဖြစ်သည်။ ကျမ်း၏ အလျားကို ဗယ်ပြန် ညာပြန် သုံးချိုးတချိုး ထား၍ပမ္ဖင်ပေါက် နှစ်ခုရှိရသည်။ ပမ္ဖင် ပေါက်ကို စူးဖြင့် ဖောက်ထားခြင်းဖြစ်သည်။ ပေရွက်များကိုလည်း ဗယ်ပြန်ညာပြန် သုံးချိုး တချိုးထားပြီးသော် အပေါက်ကလေး နှစ်ပေါက် ဖောက်ရသည်။ ထိုသို့ ဖောက်သောအခါ အထက်ဖော်ပြခဲ့သော ကျမ်းခေါ် သစ်သားတချပ်ပေါ်တွင် ပေရွက်များတင်ပြီးလျှင် အပေါ်က ကျမ်းတခု ဖောက်ရသည်။ ပေဖောက်စူး၏ ထိပ်တွင် အပေါက်ကလေးရှိသည်။ ပေချပ်များ ထပ်သောအခါ၌ ပေပေါက်စူး၏ အင်အားကို ကြည့်ပြီးလျှင် ပေချပ်များ ထပ်ရသည်။ ပေချပ်တိုင်း ဗယ်တချက် ညာတချက် အပေါက်ကလေး ဖောက်ရသည်။ ပေချပ်ပေါ်ရှိ အပေါက်ကို ပမ္ဖင်ပေါက် ဟုခေါ်သည်။ ပမ္ဖင်ပေါက်သည် ပေချပ်များ ထပ်ထားလျှင် တိမ်းစောင်းခြင်း မရှိဘဲ၊ ညီညာရန် ပြုလုပ်ခြင်းဖြစ်သည်။ ပေစာ တစ်ထုပ်ကို များသောအားဖြင့် ပေအခေါ် ၂၅ အင်္ဂါ (ချပ်ရေအားဖြင့် ၃ဝဝ ချပ် ) ပြည့်လျှင် ပမ္ဖင်ပေါက် ဖောက်ပြီး ပေချပ်များကို ပမ္ဖင်တိုင်ခေါ် ကောင်းမွန်ချောမွတ်စွာ ပြုလုပ်ထားသော တစ်လက်မ၏ ဆယ်ပုံ ၁ ပုံခန့်သာ လုံးပတ်ရှိသော ဝါးတိုင် ကလေးနှစ်တိုင် သွင်း၍ ပေချပ်များ ခိုင်မြဲရန် ထိန်းပေးရသည်။ ထိုတိုင်ကလေး များကို ပမ္ဖင်တိုင်ဟု ခေါ်သည်။ အမြင့်မှာ တပ်ထားသော ပေချပ်၏ အမြင့်ကို လိုက်၍ အရှည်အတိုထားရသည်။ ပေစာတစ်ထုပ်၏ အမြင့်သည် လေးလက်မ၊ ခြောက်လက်မ၊ ခုနစ်လက်မ၊ ရှစ်လက်မ စသည်ဖြင့် ကျမ်းစာ၏ စာသားကိုချ၍ ရှိသည်။ သစ်သားဖြင့် ည|ပ်သွင်းကာ ပမ္ဖင်တိုင်စိုက်ပြီး ပေစာထုပ်ကို ပေရွက်များ ညီစေရန် ပေးထိုးဆောက်ဖြင့် ပေရွက်၏ ထိပ်နှစ်ဖက်ကို ဖြတ်ချ ရသည်။ ပေထိုးဆောက်သည် ကြေးစည်ပုံသဏ္ဌာန်ရှိ၍ ထက်မြအောင် သွေးထားရသည်။ ပေထိုးဆောက်လုပ်သော သံသည် အလွန်မျိုးကောင်းရသည်။ လှည်းမ ပျဉ်ဖြစ်စေ၊ အခြားတစ်မိုက်ခန့်ထူသော သစ်သားကို ဖြစ်စေ အလယ်က ထွင်းရသည်။ အလယ်ထွင်ထားသောကြောင့် ဘေးနှစ်ဖက် မောက်နေသည့်အထဲသို့ ထိပ်ဖြတ် ထားပြီး ပေချပ်များကို သွင်းရသည်။ ချောင်လျှင် သပ်ရိုက်သွင်း၍ ပေးထိုး ဆောက်ဖြင့် တစ်ဖက်ပြီးလျှင် တစ်ဖက် ထိုးရသည်။
ပေမျဉ်းပစ်နည်း
[ပြင်ဆင်ရန်]ပေချပ်များ တညီတည်း ဖြစ်လာသော်လည်း စာမရေးနိုင်သေးချေ။ စာရေးရန် မျဉ်းချရပေဦးမည်။ နှစ်ပေခန့် အရှည်ရှိ၍ နှစ်လက်မ၊ သို့မဟုတ် နှစ်လက်မခွဲ အကျယ်ရှိသော လက်သန်းလုံးခန့်ရှိသည့် ဝါး၊ သို့မဟုတ် သစ်သားကို မျဉ်းကြိုး တားရန် အထစ်ကလေးများ ထစ်ထားရသည်။ ဗယ်ညာနှစ်ဖက် ထစ်ရသည်။ သို့ထစ်ရာတွင် မျဉ်းတားလိုသောပေ၏ ပြက်အကြီးအသေးကို လိုက်၍ ရှစ်ကြောင်းမှ ၁၂ ကြောင်းထိ များသောအားဖြင့် ပြုလုပ်ကြသည်။ ဘောင်ရိုက်ထားသော သစ်သားဘေးနှစ်ဖက် အလယ်တိုင်ကို ကြိုးနှင့်ဖြစ်စေ၊ သံချောင်းနှင့်ဖြစ်စေ ခိုင်အောင် ပြုလုပ် ပြီးလျှင် ချည်ပွပွကလေးများကို ထစ်ကလေးများပေါ်တွင် ချည်ရသည်။ ထိုနောက် ကျမ်းညီညီပေါ်တွင် ပေရွက်ကိုချ၍ သစ်သားဘောင်ရှိ ထစ်ကလေးများမှ ကြိုးများကို နနွင်းရေဖြင့် သုတ်ရသည်။ အပေါ်က ပေရွက်တစ်ချပ် ထပ်လိုက်ပြန်လျှင် နနွင်းသုတ်ထားသော ကြိုးများသည် အလယ်ကနေပေမည်။ ထိုသို့ ပြုလုပ်ခြင်းကငို မျဉ်းပစ်သည်ဟု ခေါ်သည်။ နနွင်းသုံး ခြင်းသည် သာသနာတော်နှင့် လျော်ညီသည်ဟုလည်း ယူဆကြ သည်။ မျဉ်းပစ်ရာတွင် စုံခွန္ထမန္ထနင်းလုပ်ရသည်။ သဘောမှာ ပမ္ဖင်ပေါက်ကို မျဉ်းကြောင်းမထိဘဲ၊ မျဉ်းကြောင်းရှစ်ကြောင်း စုံထားသည် ဆိုပါက ပမ္ဖင်ပေါက်ကိုခွကာ တစ်ဖက်တစ်ချက် မျဉ်းကြောင်းလေးကြောင်း အညီအမျှ ထားရပေမည်။ ကိုးကြောင်း ဆိုသော် အလယ်ပမ္ဖင်ပေါက်ကို မျဉ်းတစ်ခု နင်းကျော် သွားပါမှရမည်။ နနွင်းသုတ်မျဉ်းကို ပေးပေါ်မှောက်ချပြီးလျှင် ထိုမျဉ်းပေါ် ပေချပ်ထပ်မှောက်၍ လက်နှင့် သပ်ပေးရသည်။ လက်နှင့် သပ်သောအခါ လက်ဝဲလက်ဖြင့် ဝဲဖက်သပ်ကာ ယာဖက်လက်ဖြင့် ယာဖက်သို့ သပ်ရသည်။ ပေချပ်များကို မျဉ်းချပြီးနောက် တစ်လက်မပတ်လည်ရှိ ပေတိုင်း သစ်သားကို လက်မဝက်ခန့် ကျန်ပေမည်။ ထစ်ထးသောဖက်တွင် ခဲသားဆန့်ရုံ သုံးလေးပေါက် အပေါက်ဖောက်ပြီးနောက် ခဲသားထည့်ကာ အရှည်အတို လိုသလောက် ကြည့်၍ မျဉ်းတားရသည်။ ထိုသို့ပြုလုပ်ခြင်းသည် ပေချပ်၏ ထိပ်နှစ်ဖက်တွင် ကွက်လပ်ချန်နည်း ( မာဂျင်တားနည်း ) ပင် ဖြစ်သည်။ ပမ္ဖင်ချပ်ခေါ် ပထမစာရေးသော မျက်နှာတွင်ကား ထိုနည်းကို မသုံးရချေ။ ပေရွက်ဖြင့်သာ ပေချပ်၏ ပမ္ဖင် ပေါက်အတွင်း တစ်ဖက်တစ်ချက်ကို တိုင်းရသည်။
စာစင်ခုံ
[ပြင်ဆင်ရန်]ပေချပ်ပေါ်တွင် စာရေးနိုင်ရန် အဆင့်ဆင့် လုပ်ငန်းများပြီးလျှင် စာရေးရပေမည်။ ပေစာရေးရန် စာစင်ခုံရှိ သည်။ စာစင်ခုံသည် နောက်မှီပါ အမြင့် တစ်ပေ ရှစ်လက်မခန့်ရှိ၍ ထိုင်၍ရေးရသည်။ ကြက်ခြေသဏ္ဌာန် ပြုလုပ်ထားသော ခြေထောက်နှစ်ဖက်ရှိ တိုင်များသည် သုံးလက်မခန့်အပေါ်သို့ တိုင်စွန်ကလေးများ ထွက်လျက် ရှိသည်။ ထိုခုံ၏ တစ်ပေခန့် အကျယ်ကို ကိုးလက်မ သစ်သားခင်း၍
သုံးလက်မ ချန်ထားသည်။ ထိုသစ်သားခင်းသည် အောက်တွင် လေးဖက်ကာရံ၍ အံပြုလုပ်ထားလေသေးသည်။ သုံးလက်မအတွင်း ချန်သောနေရာမှာ ပေစာရေးလျှင် အသုံးအဆောင် ပစ္စည်းများ ထည်သွင်း ထားရန် ဖြစ်သည်။ သစ်သားခင်း၏ အပြင်ဘက် ဟိုဖက် သည်ဖက် ကြက်ခြေတိုင် အပိုစွန်းတွင် အမှီ သစ်သား တန်းရှိသည်။ စာစင်ခုံ၏ အတွင်းဘက် လက်ဝဲဘက် ကြက်ခြေတိုင်စွန်း တစ်ခုတွင် မြန်မာအမျိုးသမီးများ အင်္ကျီချုပ်ရာတွင် အသုံးပြုသော ချုပ်ခုံ၌ မြင်ရလေ့ရှိသည့် အဝတ်ဖုလုံး၊ သို့မဟုတ် အဝတ်ကျပ်ထုပ်စည်းမျိုး ပြုလုပ်ရသည်။ လောလောဆယ် ကြည့်ကူးမည့် ပေချပ်ကို သစ်သားနောက်မှီတွင် ထောင်ထားပြီးလျှင် ကျန်ပေချပ် များကို သစ်သားခင်းပေါ်တွင် ထောင်ထားပြီးလျှင် ကျန် ပေချပ်များကို သစ်သားခင်းပေါ်တွင် စာပုလွေခံ၍ အလိုက်သင့် တင်ထားကာ ကူးရေးမည့် ပေရွက်ကိုမူ အဝတ်ဖုလုံးပေါ်တင် ၍ လက်စွပ်ကလေးဖြင့် လက်ည|ိုးတွင် စွပ်ကာ ညာဘက်လက်ည|ိုး လက်မဖြင့် ကညစ်ကိုင်ပြီး ရေးရသည်။ ပေချပ်ကိုကား ဝဲဖက်လက်မ လက်ခလယ်တို့ဖြင့် ည|ပ်ထားရသည်။ စာရေးလျှင် ဝဲဖက်လက်မကို လက်သည်းရှည်ထား၍ အခွက်ကလေးပြု ထားမှလျှင် ကညစ်ကို လက်သည်းပေါ်တွင် တင်ပြီးရေးနိုင်သည်။ ကညစ်ကို ထိန်းခြင်းသဘော ဖြစ်သည်။ ကညစ်ဆိုသည် မှာ ခဲတံလုံးခန့်ရှိ ထိပ်ဖျားချွန်သော သံချွန်ပင် ဖြစ်သည်။
စာရေးနည်း
[ပြင်ဆင်ရန်]စာရေးရာတွင် အရေးမှားခဲ့သော် မှားသောစာလုံး၏ အလယ်တွင် ဝတ်ဆံထည့် ခြင်းဖြင့် ဖျက်ပစ်လိုက်ခြင်း မည်သည်။ ရှေးကပေးကူးရေးရာဝယ် …… ကဖျက် ယဖျက် ဟူသော စကားပုံ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု သိရှိရသည်။ ပေကူးရာနှင့် ကျက်မှတ်ရာတွင် အမှတ်အသားကို နံနံစေ့ခန့် ပျားဖယောင်းဖြင့် စာကြောင်းကို တေးထားတတ်သည်။ ပေတွင် စာရေးသောအခါ သဘောတူ ထပ်တူထပ်မျှ အကြောင်းများ ပါလာလျှင်၊ ပေယျာလစာတမ်းထိုးပြီး ထားသည်။ ထို့ကြောင့် မြန်မာစကားတွင် ဆိုရိုးရှိသည်မှာ ချန်ခဲ့သောသဘောကို …… ပေယျာလကံ၊ ဝကွက်ချန်ဟု သုံးကြသည်။ အချို့ စာလုံးများ ကိုလည်း နိသျပြန် ပေစာများပေါ်တွင် အတိုချုံးရေးလေ့ရှိသည်မှာ …… မဟာရာဇ၊ ကြီး။ တွံ၊ သည် စသည်ပင်ဖြစ်သည်။ ပေချပ်များပေါ်တွင် မိမိလိုရာ ကျမ်းစာကို ကညစ်ဖြင့် ရေးသောအခါ စာသားများ ကောင်းစွာ ပြီသထင်ရှားခြင်း မရှိသေးချေ။ ရေနံ သုတ်ပြီးမှသာလျှင် ပေချပ်များကို ထပ်ကာကြိုးနှင့် စည်းပြီးသော် နေလှမ်းရသည်။ ရေနံအထဲသို့ စိမ့်မဝင် ရန် ဖြစ်သည်။ ရေနံသုတ်ခြင်းကို ရေနံကိုင်သည် ဟုခေါ်သည်။ ပေချပ်၏ ခွက်နေသည့် ဖက်ကို ဝမ်းဖက်၊ ခုံးနေသည့်ဖက်ကို ကျောဖက်ဟုခေါ်သည်။ ပေစာရေးလျှင် ပထမဆုံး ပေချပ်၏ ဝမ်းဖက်မျက်နှာကို စာရေးလျှင် ပမ္ဖင်ပေါက်နှစ်ခု၏ အတွင်း၌သာ စာရေးလေ့ရှိသည်။ ပေစာရေးလျှင် ပဌမဆုံးပေချပ်၏ ဝမ်းဖက်မျက်နှာကို စာရေးလျှင် ပမ္ဖင်ပေါက်နှစ်ခု၏ အတွင်း၌သာ စာရေးလေ့ ရှိသည်။ ကျောဖက်နှင့် ကျန်ပေချပ်များကိုကား ဘေးနှစ်ဖက် တလက်မခွဲခန့် ချန်၍စာအပြည့် ရေးရသည်။ အဆုံးပေချပ်၏ ကျောဖက်ကိုကား ပဌမ ပေချပ်ကဲ့သို့ ပမ္ဖင်ပေါက်အတွင်း နေရာ၌သာလျှင် စာရေးသည်။ ပေစာ၏ ပဌမဆုံး ပေခချပ်ကို ပမ္ဖင်ချပ် ဟုခေါ်သည်။ ထိုသဘောယူ၍ စာကား စပြောလျှင် စကား ပမ္ဖင်ခံသည် ဆိုကြသည်။
ပေကို မျဉ်းကိုင်ခြင်း
[ပြင်ဆင်ရန်]ပေချပ်များဖြင့် မိမိလိုရာ စာကို ရေးပြီးလျှင် မျဉ်းကိုင်ရပေဦးမည်။ မျဉ်းကိုင် ခြင်းကြောင့် ခန့်ညား သပ်သပ် လှပလာသည်။ ပေစာထုပ် အမျိုးအစားလည်း ကွဲပြားလေသည်။ (၁)မျဉ်းနက်၊ (၂)မျဉ်းနီ၊ (၃)ရွှေမျဉ်း ကြံဆစ်နှင့် (၄) ရွှေမျဉ်း ရွှေပိန်း တို့ပင်ဖြစ်သည်။ သစ္စေးနက် သုတ်ခြင်းကြောင့် မျဉ်းနက်ဟူ၍ဉ္ဇင်း၊ ဟသ‡ပြသုတ်၍ မျဉ်းနီဟူ၍ဉ္ဇင်း ခေါ်သည်။ ရွှေမျဉ်း ကြံဆစ်မှာ ပေစာထုတ်၏ ဘေးနှစ်ဖက် အလယ်တွင် သုံးလက်မခန့် ဟင်္သပြဒါး သုတ်ပြီးလျှင် ကျန်နေရာ များကို ရွှေချထားခြင်းဖြစ်သည်။ ရွှေပိန်းရွှေမျဉ်းပေမှာ ပေစာတထုပ်လုံး ရွှေချထားသည်။ ဖော်ပြပါ လေးမျိုးလေးစားမှအပ ကျန်ပေစာများကို ပေကြမ်းဟု ခေါ်သည်။ အထက်တွင် ဖော်ပြသော မျဉ်းကိုင်ခြင်းကို စာရေးပြီးမှသာလျှင် ပြုလုပ ်ရသည်။ ပေစာထုပ်၏ ပထမ ပေချပ်နှင့် နောက်ဆုံး ပေချပ်တို့ကို အပိုပေချပ် ၁ဝ ရွက်ခန့်စီထည့်၍ ပိုးကြိုးခြည်ကြိုးတို့ဖြင့် ပမ္ဖင်ပေါက်၌ သွင်းကာ အဖက ်တချက်စီ ချုပ်ရသည်။ ဗယ်ပြန်ညာပြန် ချုပ်ရသည်။ ဤသို့ ပေချပ်အပို ထည့်ခြင်းမှာ စာရေးထားသည့် ပေချပ်များအကြောင်း တစုံတခုကြောင့် ပျေက်ရှခဲ့သော် အစားထိုးရေထည့်ရန်ပင် ဖြစ်သည်။ ပေစာထုပ်ကို မျဉ်းကိုင်လျှင် ပေစာထုပ်၏အဖုံး ကျမ်းနှစ်ခုကို အချောကိုင်ရသည်။ ပေချပ်များ မတိမ်းစောင်းရန် ပမ္ဖင်တိုင်စိုက်ရသည်။ ဘေးနှစ်ဖက်ကို ပေထိုးဆောင်းဖြင့်ထိုးပြီးလျှင် ချောမွန်ရန် ရွေပေါ်ထိုးသည်။ ပြီးလျှင် ရေနံ ထုတ်ရသည်။ ရေနံထုတ်သည်ဆိုသည်မှာ တောင်ပို့မြေကြီးကို ရေနှင့် ဖျော်၍ ပေစာထုပ်၏ ဘေးနှစ်ဖက်ကို သုတ်ရသည်။ မထူမပါး သုတ်ရသည်။ သို့သုတ်ပြီးလျှင် နေလျမ်းရပြန်သည်။ ထိုအခါ ရေနံကိုင်စဉ်က ရေနံများ ဘေးဖက်ထိပ်ဖက်တွင် ရှိခဲ့လျှင် ကွက်လာမည်။ ကွက်သော နေရာကို တောင်ပို့မြေ ပြန်သုတ်ပြီးလျှင် နေလှမ်းရသည်။ ရေနံကွက်မပေါ်သည့် တိုင်အောင် ပြုလုပ်ရသည်။ ထိုနောက်မှ ပေရွက် နံဘေး စောင်းများ ချောမွန်ရန့် ထီးကျောက်ခေါ် ကျောက်ဖြင့် တိုက်သည်။ မှုန်ပြီး ချောမွတ်လာမှ သစ္စေးသုတ်သည်။ ပါးပါးသုတ်၍ သတွတ်ပင်မှ အရွက်နှင့် တိုက်ရသည်။ သို့တိုက်သောအခါ သတွတ်ရွက်ကို အခြောက်လှမ်းပြီးလျှင် ပေပေါ်က သစ္စေးနည်းနည်း ကျန်သည်အထိ တိုက်ရသည်။ ထိုကဲ့သို့ သစ္စေး သုတ်လိုက်၊ သစ္စေးအိပ်လျှင် (ခြောက်လျှင်) သတွတ်ရွက်ခြောက်နှင့် ပြန်တိုက် လိုက်ဖြင့် သုံးကြိမ်သုံးခါ ပြုလုပ်ရသည်။ ချောမွတ်စေရန် ဖြစ်သည်။ ပေစာထုပ်၏ နံဘေးစောင်များ ချောမွတ်လာမှ သစ္စေးသုတ်ရသည်။ မျဉ်းနက် လိုလျှင် သစ္စေးထူထူ သုတ်သည်။ မျဉ်းနီလိုလျှင် သစ္စေးပါးပါး သုတ်ကာ သစ္စေးခြောက်လျှင် သစ္စေးနှင့် ဟသƒပြဒါးရော၍ သုတ်ပါက အနီရောင်ရသည်။ အကယ်၍ ရွှေချလိုက်လျှင် သစ္စေးကို အနီရောင်ပေါ်မှာ ပါးပါးထပ်၍ သုတ် ရသည်။ ပြီးလျှင် သစ္စေးကို အဝတ်ခြောက်ဖြင့် ပြန်သုတ်ရသည်။ သစ္စေးပြန် နုတ်သည်ဟုခေါ်သည်။ ရွှေပြားကပ်၍ဖြစ်ရုံ သစ္စေးကျန်မှ ရွှေပြားကပ်သောရွှေချ သည်။ ကြံဆစ်ပေ လုပ်လိုလျှင် ဘေးနှစ်ဖက်အလယ်တွင် လက်လေးသစ်ခန့် ခန်ထား၍၊ ရွှေမျဉ်းရွှေပိန်းဆိုလျှင် တထုပ်လုံး အပြည့်ရွှေချရသည်။ ရွှေချသောအခါ ရွှေပြားသည် အချို့နေရာ၌ အပေါက်ကျန်နေတတ်သည်။ အစွန်းအစမညီ ရှိတတ်သည်။ ထိုကြောင့် ဂွမ်းဖြင့် လှိမ့်ပေးရသည်။ ဂွမ်းတကျပ်သားခန့် လောက်မှာ ရွှေတုံးကြီးပမာ ဖြစ်သွားတတ်သည်။
ပေရေးနည်း ရောက်လာပုံ
[ပြင်ဆင်ရန်]ပေပေါ်တွင် စာရေးခြင်းသည် အိန္ဒိယနိုင်ငံမှ ကူးရောက်လာဟန်တူသည်။ စာရေးခြင်းနှင့် အတူ ပေရွက်သုံးပုံနည်းသည်လည်း တခါတည်းပါလာဟန် ရှိသည်။ ရှေးဦးစွာ ပေနှင့်စာသည် ပျူလူမျိုးတို့ထံ ရောက်ခဲ့ပုံရသည်။ မြန်မာနိုင်ငံတွင် ရှေးအကျဆုံတွေ့ရှိရသော ပေစာမှာ ရှေးခေတ် (အေဒီ ၄ဝဝ−၆ဝဝ) ကသ ရေခေတ္တရာ နေပြည်တော် ဖြစ်ခဲ့ဘူးသော မှော်ဇာ နယ်မှ တူးဖော်ရရှိသောပေဖြစ်သည်။ ပေစာဆိုရသော်လည်း ပေရွက်သဏ္ဌာန်ကို ခပ်ထားသော ရွှေပြားအပေါ်တွင် စာရေးသားခြင်းပင်ဖြစ်သည်။ မျက်မြင် သက်သေသာဓက အထောက်အထားကြောင့် ပေစာသည် ကျောက်စာထက်ပင် ရှေးကျသည်။ မှော်ဇာနယ်က ရရှိသော ပေများပေါ်တွင် ရေးသားထားသည့် အက္ခရာများမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၃ဝဝ−၁၄ဝဝ ကျော်ကျော်က သုံးစွဲသော အက္ခရာများဖြစ်သဖြင့် ပုဂံခေတ်ကျောက်စာထက် နှစ်ပေါင်း ၄ဝဝ−၅ဝဝ ခန့် စောသည်။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက ရှေးအကျဆုံး ပေစာကို ပုံနှင့်တကွ ဒေါက်တာ ဂျေ အေ စတူးဝပ်က အရှေ့တိုင်းနှင့် အာဖရိကတိုက် ဘာသန္တရ ကျောင်းထုတ် စာစောင် (ရ) အပိုင်း (၃)မှာ ဖော်ပြ ရေးသား ထားသည်။ ပေရွက် သုံးပုံနည်းများကိုလည်း ဆာအီမာဆင် တင်းနင့်ရေးသော သီဟို။် နိုင်ငံသမိုင်းတွင်းလည်းကောင်း၊ အဲလဗတ် ဖိုက်ရေးသော အတိတ်နှင့်ပစ္စုပ္ပပန် မြန်မာပြည် အတွဲ ၁ တွင်လည်းကောင်း၊ ၁၉၅ဝ ပြည့်နှစ် ဩဂုတ်လထုတ် မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်၊ အတွဲ ၃၃၊ အပိုင်း ၂ တွင် ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေ ရေးဌာန စာတည်းမှူးဦးဝန် ရေးသည့် မြန်မာနိုင်ငံ ပေစာများအကြောင်း မှတ်စုတွင် လည်းကောင်း ဖော်ပြ ရေးသားထားသည်။ စာရေးပြီးသော ပေစာထုပ်များကို ဇာတ်နိပါတ်တော်မှ အခန်းများဖြင့် လှပသေသပ်စွာ ထုလုပ် ရုပ်လုံးဖော်ထားသော စာတိုက်ခေါ် သေတ္တာကြီးများတွင် ထည့်သွင်းထားလေ့ရှိသည်။ အချို့သော စာတိုက်ကြီးများကို ရွှေချထားသည်။ စာတိုက်ကြီး များသည် မြန်မာ အနုပညာတရပ်အနေဖြင့် ဂုဏ်ယူနိုင်သော ပစ္စည်းတခုဖြစ်သည်။ စာတိုက်မှာ အကြီးအသေးလိုက်၍ ပေစာထုပ် ၂ဝ မှ ၅ဝ ခန့်အထိ ထည့်သွင်းနိုင်သည်။
ပေစာထုပ်
[ပြင်ဆင်ရန်]စာတိုက်တွင် ထားသည့် ပေစာတထုပ်ကို ယူကြည့်လျှင် စာပုလွေဖြင့် ပတ်၍ အပေါ်က စာစည်းကြိုးခေါ် စာထုပ်ကြိုးဖြင့် ရစ်ပတ်ထားသည်ကို တွေ့ရပေမည်။ စာစည်းကြိုးသည် အနံလက်မဝက်၊ သို့မဟုတ် တလက်မ၏ လေးပုံ သုံးပုံ၊ သို့မဟုတ် တလက်မခန့်ရှိ၍ အလျား ၁၅ ပေရှိသည်။ ယခုအခါ ကချင်ပြည်နယ်၌ အများအပြား ယက်လေ့ရှိသော ဂျပ်ခုပ်နည်းမျိုးဖြင့် ခိုင်ခံ့ လှပ သပ်သပ်စွာ စာလုံးဖော်၍ ယက်ထားသည်။ စာများမှာ ပေစာလှူဒါန်းသူ အမည်၊ နေရပ်၊ လှူရသော ကောင်းမှုကြောင့် မည်သို့သောဆုကို ရပါလိုကြောင်း တောင်းဆုချွေကာ လင်္ကာဖြင့်၎င်း၊ စကားပြေဖြင့်၎င်း ရေးသားဖော်ပြထားသည်။ စာစည်းကြိုးကို ကြည့်ခြင်းဖြင့် ရှေးခေတ်က မြန်မာတို့၏ခြည်မျှင်ဖြစ်အောင် လုပ်ခြင်း၊ အထည်ယက်လုပ်ခြင်း၊ အိမ်တွင်းမှုအတတ် ဆေးအရောင်စပ်ခြင်း ပညာ၊ ပုံစံထုပ်လုပ်ပုံ အနုပညာ အဆင့်အတန်း မည်မျှမြင့်ကြောင်း သိသာနိုင်သည်။ စာစည်းကြိုးကို ဖြေပြီးလျှင် စာပုလွေ၊ သို့မဟုတ် စာထုပ် ပုဝါကို တွေ့ရပေသည်။ စာထုပ် ပုဝါကား အောက်ခံ အဝတ်ကြမ်းခံကာ အပေါ်မှ အဖိုးထိုက်တန်သော ပိုးဖဲကတ္တှီပါစများ ထပ်ချုပ်ထားသော ပစ္စည်းဖြစ်သည်။ စာပုလွေမှာ ဝါးများကို ယင်းသဖွယ် ယက်ထားသည်။ များသောအားဖြင့် အပေါ်မှအဝတ်ဖြင့် ထပ်၍ချုပ်ထားသည်။ အနံတစ်ပေ ခြောက်လက်မရှိ၍ အလျား တစ်ပေ ကိုးလက်မရှိသည်။ ပေချပ်များ မကျိုးစိမ့် ခြင်းငှာ ကာကွယ်သည်။ မိမိလိုရာ အပိုင်းကဏ္ဍကို ခွဲပြီးလျှင် စာပုလွေဖြင့် ပတ်ကာ အယူရလွယ်ရန်လည်း အသုံးကျသည်။ စာပုလွေပြီးလျှင် ပေစာထုပ်ကို ထိန်းထားသော ကွင်းလျှောကြိုး ရိုးရိုးရှိသည်။ ထိုကြိုး၏ အစကို သန်လျက်နှင့် တူသော ဆင်စွယ်၊ သို့မဟုတ် သစ်သားကို ပြုလုပ်ထားသော တလက်မခွဲ အကျယ်နှင့် အရှည်ကိုးလက်မ၊ သို့မဟုတ် ၁ဝ လက်မရှိသော ပစ္စည်းကို တဖက်အပေါက် ဖောက်၍ ချည်ထားသည်။ ပေချပ်ခွာသော ကရိယာဖြစ်သည်။ စာရေးပြီး မျဉ်းကိုင်ပြီး ပေစာထုပ်တွင် ပေချပ်များ ပူးကပ် ထပ်နေသည်ကို ခွာရန် အသုံးချရသည်။ ထို့ပြင် ကျမ်းအမည်ကိုလည်း ရေးထိုးခြင်းဖြင့် ကျမ်းအမည်ကို ချက်ချင်း သိနိုင်သည်။ ကွင်းလျှောကြိုးကို ဖြေပြီးလျှင် ကျမ်းကို ဖွင့်ရသည်။ ထိုကျမ်းကို အစွဲပြု၍ ယခုစာအုပ်ကို ……ကျမ်းစာဟု ခေါ်တွင်ကြသည်။ ပေစာ များ၏ အဖုံးကျမ်းသည် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း သစ်သားဖြစ်၍ ပေချပ် အနံအလျားကို လိုက်၍ ပြုလုပ်ရသည်။ အချို့မှာ လှပစွာ အလယ် ကထွင်း၍ ဟဿပြဒါးသုတ်သည်။ အချို့မှာကား ရွှေချထားခြင်း၊ ဆေးရေးရုပ် ချယ်ထားခြင်း ပြုလုပ်သည်။ သုံးစွဲသူ၏၊ သို့မဟုတ် လှူဒါန်းသူ၏ စေတနာ ငွေကြေးအလိုက် အချို့မှာ မှန်စီရွှေချ ပြုလုပ်ထားသည်။ သို့သော် ရှားပါးလှသည်။ အချို့မှာကား တန်ဆာဆင်ခြင်းမရှိ၊ ပေချပ်များ၏ အတိုင်းအထွာ အတိုင်းသာ ဖြစ်သည်။ စိတ်ဝင်စားစရာ တခုမှာကား စာစည်းကြိုးကိုလည်းကောင်း၊ ကျမ်းကိုလည်းကောင်း အရောင် ချယ်လျှင်အနီရောင်ကိုသာလျှင် အသုံးများကြခြင်း ဖြစ်သည်။ ကျမ်းကို ဖွင့်သောအခါ ပေချပ်များကို တွေ့ရသည်။ ပမ္ဖင်တိုင်မှ နုတ်၍ ဖတ်သည်။ အချို့စာပေစာအုပ်များ၌ ပေရွက် အလွတ်ချပ်ရေ လေးငါးချပ် တွေ့ပြီးလျှင် ပမ္ဖင်ချပ် တွေ့ရသည်။ ပမ္ဖင်ချပ်တွင် ဝမ်းဖက်၌ ပမ္ဖင်ပေါက် နှစ်ခု အတွင်း၌သာ စာရေးသားသည်။ ကျောဖက်နှင့် အခြား ပေချပ်များတွင်ကာ နံဘေး မျဉ်းကွက်လပ် ချန်သည်မှအပ အပြည့် ရေးသည်။ အဆုံးပေချပ်၏ ကျော်ဖက်တွင်လည်း ပထမပေချပ် ဝမ်းဖက်မှာကဲ့သို့ ရေးသည်။ ပေချပ်၏ ကျော်ဖက်တိုင်းတွင် ဝဲဖက်၌ စာမျက်နှာ၊ ယာဖက်၌ ကျမ်းအမည်ကို ရေးထိုးလေ့ရှိသည်။ စာမျက်နှာအရေအတွက်ကို ဂဏန်းသင်္ကေတမသုံးဘဲ ဗျည်းနှင့်သရ သံစဉ်တွဲ၍ သုံးသည်။ ဗျည်းနှင့်သရ တွဲပုံကား က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကေ၊ ကဲ၊ ကော့၊ ကော်၊ ကံ၊ ကား ဖြစ်သည်။ ထို ၁၂ လုံးပေချပ်ကို တအင်္ဂါဟုခေါ်သည်။ ထိုကဲ့သို့ က မှစ၍ ဗျည်း ၃၃ လုံးကိုသုံးသည်။ ၃၃ အင်္ဂါထက်ပိုသော ပေစာထုပ်ကိုကား၊ က ယ ပင့်ကျမှစ၍ သရအစဉ်လိုက် သုံးသွားသည်။ ပေချပ် တစ်ချပ်တွင် စာကြောင်းရေ လေးကြောင်းမှ စပြီးလျှင် ၁၂ ကြောင်းအထိ ရေးလေ့ရှိသည်။ သို့ရေးသည်ကို အစွဲပြု၍ ပေစာထုပ်ကို ကျမ်းအမည်နှင့် ယှဉ်တွဲကာ လေးကြောင်းရေး ပေ၊ ရှစ်ကြောင်းရေး ပေစသည်ဖြင့် ခေါ်ကြသည်။ နောက်ဆုံးပေချပ်တွင် ကျမ်းရေးသူ၏ အမည်၊ နေရပ်၊ ကျောင်းအမည်၊ ရေးသားသော သက္ကရာဇ်တို့ကို တွေ့နိုင်သည်။ ဘုရင့် စာချွန်တော်များကိုကား ထန်းဖူးပေါ်တွင် ရေးကြသည်။ ထန်းဖူးက ပေထက်ပို၍ ကြာရှည်ခံခြင်းကြောင့်ဟု ဆိုသည်။ ဘုရင့်အမိန့်တော်ဆိုလျှင် ထန်းဖူး၊ သို့မဟုတ် ပေချပ်ပေါ်တွင် တကြောင်းတည်း ရေးသည်။ မှူးကြီး မတ်ရာများက ထုတ်ဆင့်သည့် အမိန့်ဆိုလျှင် နှစ်ကြောင်းရေးသည်။ ထိုကြောင့် တကြောင်းစာချွန်တော်၊ နှစ်ကြောင်း စာချွန်တော်ဟု ခေါ်ဝေါ်ကြသည်။
ကျောင်းစာရေး
[ပြင်ဆင်ရန်]ပေစာကို ကျောင်းစာရေးခေါ် ပေစာရေးသူများက ရေးကြသည်။ များသောအားဖြင့် ရဟန်း ပုဂ္ဂိုလ် ပညာရှိများ၏ စီကုံးနှုန်းဖွဲ့ရေးသားမှုကို လိုက်ရေးရသူများသာ ဖြစ်သည်။ ကျောင်းစာရေးများသည် ဘုန်းကြီးကျောင်းများတွင် နေလေ့ရှိကြသည်။ ကျောင်းကပင် ထမင်းကျွေးလျှင် ပေကူးခအဖိုးငွေကို တိုးပေးရသည်။ ကောင်းမှုတော်ကြီး ကျောက်စာတွင် တောင်ဖီလာ ဆရာတော် ရေးခဲ့သည့် အတိုင်းပင် ကျောင်းစာရေးများသည် အက္ခရာ တတ်ရသည်။ မြဲမြံသောသတိ ရှိရသည်။ သို့မှသာလျှင် စာရေးရာ၌ အမှားအယွင်း အကျအပေါက် ကင်းဝေး ပေမည်။ ကျောင်းစာရေးသည် တနေ့လျှင် ပေခြောက်ရွက်၊ နှစ်ရက်မှာတအင်္ဂါ ရေးနိုင်သည်။ ရှေးခေတ်ကပေစာ တထုပ်ရေးလျှင် ငွေ ၃ဝ ကျပ်၊ ၃၅ ကျပ်ခန့် ကုန်ကျသည်။ ယခုခေတ်တွင်မူ ပေအရေးအသားသည် မရှိသလောက်ပင် ဖြစ်သည်။ ပုံနှိပ်စာအုပ် ထုတ်ဝေရန်သာလျှင် ပေမူကို ကော်ပီ စာအုပ်ထဲ့သို့ ကူးရေးခြင်းရှိသည်။ သို့ကူးရေးခမှာလည်း ယခုအခါ၌ စာကြောင်းရေကို လိုက်၍ ကိုးကြောင်းပေ ဆိုလျှင် တစ်အင်္ဂါ ကိုးကျပ် ပေးရသည်။ ပေစာအကူးမှား၍ သတ်ပုံချွတ်ယွင်းလျှင် စာအဓိပ္ပာယ်လည်း မှားသည်။ မြန်မာရှင်ဘုရင်များ နှောင်းခေတ်၌ ပေစာကူးသုတို့ ချွတ်ယွင်းချက် များသောကြောင့် သတိပေးသည့် အနေဖြင့် ……ခေါးတိရစ္ဆာန်၊ မဟာဒါန်၊ နဃာန်နှင့်ဝေး ကျောင်းစာရေးဟု ဆိုစမှတ် ပြုခဲ့ကြသည်။ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက်က ပေရေးပုံကို ကျည်းကန်ရှင်ကြီး မေတ္တာစာတွင် ……နောင်ရေးကိုလည်း မရှု၊ ခုရေးကိုလည်း မမြင်၊ ဉာဏ်လီဆင်၍၊ ချစ်ရှင်မိန့်မြတ်၊ ပိဋကတ်တွင်၊ ရေးမှတ်သည့် ကျမ်းဂန်မှာ၊ အဘိဓာတ် ဓာတုမာလာ၊ ဋီကာကျော် ပါဌ်နိသျတသွယ်၊ ရှစ်ဆယ်အင်္ဂါပေါင်း၊ ရှစ်ကြောင် တမျိုး၊ ကိုးကြောင်း တဝက်၊ လက္ခသုံးမူးတီး၊ သတီးမှာ လေးမူးနှင့်၊ သုံးဦးသောကျမ်းရပ်ကို၊ ရေးမှတ်၍ ပြီးပါပြီ။ ဤကုသိုလ်၏ အကျိုးကို၊ ဒုက္ခမျိုး ကင်းဝေးလျက်၊ စကြဝတေး၊ သဌေးမန္ဓတ်၊ သိကြားနတ်ကဲ့သို့၊ လူ့ရပ်နတ်ပြည်၊ ကြင် (ကျင်)လည် စုန်ဆင်၊ ချမ်းသာစံ၍၊ နိဃာန်ရမည့် အချက်ကို၊ ပဎ္ဎက်ဆုယူကာ၊ ဆရာပြုသော ကုသိုလ်စုတို့ကိုလည်း၊ သာဓုခေါ်မည့် အကြောင်းစသည်ဖြင့် ရေးသားထားသည်။
ရုပ်ပုံများ
[ပြင်ဆင်ရန်]ပေစာများနှင့်အတူ သရုပ်ဖော်ပုံများ ဆွဲထားသည့် ပေများမှာ အလွန်ရှားသည်။ နှစ်လက်မအကျယ်ရှိသော ပေရွက်ပေါ်တွင် ရုပ်ပုံများ ရေးဆွဲထားသည်မှာ အလွန် အံ့ဩခြီးမွမ်းရာ ကောင်းသည်။ ၃၁ ဘုံ ပေစာထုပ် (ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်)တွင် မြင်းမိုရ်တောင်ကို အလယ်ကထားပြီးလျှင် ကျွန်းကြီးလေးကျွန်း ရံနေပုံနှင့် ၃၁ ဘုံလုံးကို အစီအစဉ်ဖြင့် ရေးဆွဲထားသည်။ မြင်းမိုရ်တောင်နှင့် ကျွန်းကြီး လေးကျွန်း၊ ကျွန်းငယ်များရံနေပုံကို ဆွဲရသည်မှာ နှစ်လက်မ အကျယ် ပေဖြင့် မဆန့်သဖြင့်၊ ပေချပ်များကို ကြိုးဖြင့် တချပ်နှင့်တချပ် ဆက်ကာ ပုံဆွဲ ထားသည်မှာ ခြီးမွမ်းအဲ့ဩဖွယ်ရာ ကောင်းလှပေသည်။
ပေ၏အကျိုးပြုပုံ
[ပြင်ဆင်ရန်]ပေစာများသည် ဗုဒ္ဓဒေသနာတော်ကို မြန်မာနိုင်ငံတွင် အလွန် အကျိုးပြုသည်။ မိုင်းခိုင်းမြို့စား ရေးသားခဲ့သော ……ပိဋကတ်သမိုင်း စာတမ်းတွင် စာရင်းတပ် ခဲ့သော လောကီ၊ လောကုတ္တရာ စာပေအားလုံးသည် ပေရွက်ပေါ်တွင်သာ ရေးသား မှတ်တမ်းတင်ထားခြင်းပင် ဖြစ်သည်။ ရှေးခေတ် စာပေများကို ထိန်းသိမ်းလာသည်မှာ ပေစာပင် ဖြစ်သည်။ မြန်မာနိုင်ငံသို့ ၁၈၂၆ ခုနှစ်ခန့်တွင် ပုံနှိပ်စက်များ စတင် ရောက်ရှိလာသည် ဆိုသော်လည်း အောက်မြန်မာပြည် မော်လမြိုင်၊ ရန်ကုန်မြို့များမှာသာ ဖြစ်သည်။ အသုံးမများကြသေးပေ။ ဤကဲ့သို့ ပုံနှိပ်စက်များ ပေါ်ပေါက်လာသော်လည်း ပေပေါ်တွင် စာရေးခြင်းအလေ့သည် လျော့မသွားချေ။ ယခု တွေ့ရှိရသော ပေစာများတွင် သက္ကရာဇ် ၁၂ရဝ ကျော်အထိ ရေးသားထားသော ပေစာထုပ်များကို အထောက်အထားပြု တွေ့ရခြင်းကြောင့်ပင် ဖြစ်သည်။ ပေစာများကို လေ့လာလျှင် ရှေးခေတ်က မြန်မာနိုင်ငံတွင် စာပေရှိ၍ အယူဝါဒရေး စာပေမည်မျှ ထွန်းကားပုံကို သိရပေမည်။ စာစည်းကြိုးကို ကြည့်ခြင်းအားဖြင့် အိမ်တွင်း လက်မှုပညာ ရက်ကန်းရက်ခြင်းအတတ်၊ ဆေးဆိုးခြင်း အတတ်၊ ပုံစံဖော်ခြင်းအတတ်များ ကောင်းစွာ ဖြစ်ထွန်းနေသည် ကိုလည်း သိရှိနိုင်ပေသည်။ စာတိုက်များတွင်လည်း ပန်းပုပညာ ပြောင်မြောက်စွာ ထွင်းလုပ်ထားခြင်းကို တွေ့ရသဖြင့် မြန်မာ့အနုပညာ မည်မျှဆန်းပြားကြောင်း ခန့်မှန်းနိုင်ပေသည်။ ထိုကြောင့် ပေစာသည် မြန်မာယဉ်ကျေးမှု အဖြာဖြာကို ဖော်ထုတ်သော ရတနာ တစ်ပါးပင် ဖြစ်သည်။ မြန်မာစာပေ၊ မြန်မာယဉ်ကျေးမှု၊ အယူဝါဒရေး စာပေများကို ရင်းမြစ် တိကျစွာ လေ့လာလိုက်စားလိုလျှင်၊ ပေစာ နှင့် ကင်း၍ မရကောင်းပေ။ ယခုအခါ ရှေးက ရေးခဲ့သော ပေစာများသာလျှင် ရှိပြီးလျှင် ခေတ်၏ တိုးတက်မှုကြောင့် အသစ်ထပ်မံ ရေးမှုများ မရှိသလောက် ဖြစ်၍ ပေစာများကို အလေးတမူ ဂရုပြုကာ ထိန်းသိမ်းထားရှိရန် အလွန်ပင် အရေးကြီးပေသည်။ ရှေးခေတ်က မြန်မာများသည် ဤမျှလုပ်ငန်းဆောင်တာ အဆင့်ဆင့် များလှသော ပေစာဖြင့် အယူဝါဒရေးစာပေ၊ လောကီစာပေ စသည်တို့ကို ယခုခေတ် လူများ နည်းယူ မှတ်သား လိုက်နာလောက်အောင် ကျမ်းကြီး ကျမ်းဂန်များအဖြစ် ရေးထားခဲ့သည်မှာ ချီးကျူးရာကောင်း၍ ဂုဏ်ယူထိုက်သော အချက်ပင်ဖြစ်ပေသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)