လွမ်းချင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သတိရအောက်မေ့ဖွယ်ရာတို့ကို လွမ်းဆွတ်တသ စပ်ဆိုထားသော သီချင်းတစ်မျိုးကို လွမ်းချင်းဟုခေါ်သည်။ လွမ်းချင်းများ သည် အလောင်းမင်းတရားကြီးလက်ထက်တော်ကပင် စတင်ပေါ်ပေါက်ခဲ့၏။ သို့သော် ထိုအခါက လွမ်းချင်းဟူသောအမည်နှင့် ခေတ်မစားခဲ့သေး ချေ။ မြောက်ဘက်သံဟူ၍သာ လူများခေါ်ဝေါ်နေကြ၏။ ရွှေဘိုမြို့မြောက်ဘက် ကျေးလက်တောရွာများတွင် စတင်ပေါ်ပေါက်သီဆိုကြသောကြောင့် မြောက်ဘက်သံဟု အမည်ပေးထားကြဟန်တူ၏။

ထိုသီချင်းမျိုးစတင် ပေါ်ပေါက်စဉ်က ဆင်းရဲသော တောသူတောင်သားများသာ မိမိတို့လွမ်းရာရာကိုတွေး၍ စီကုံးဖွဲ့နွဲ့သီဆိုခဲ့ကြ၏။ နန်းတွင်း၌ကား ခေတ်မစားခဲ့သေးချေ။ ကုန်းဘောင်ခေတ်သို့ရောက်သော် ရာသီဖွဲ့ကို ရတုဖြင့်တစ်မျိုး၊ လင်္ကာနှင့်တစ်တန်၊ ပျို့ဖြင့်တစ်ဖုံ၊ တေးထပ် ဖြင့်တစ်နည်း အမျိုးမျိုးဖွဲ့ဆိုခဲ့ဖူးပြီဖြစ်ရာ၊ ယခုလောလောလတ်လတ်ပေါ်နေသော မြောက်ဘက်သံ၊ သို့မဟုတ် လွမ်းချင်းဖြင့် ဖွဲ့ရသော် ကောင်းလတ္တံ့ဟု ယူဆကြပြီးလျှင် ၁၂ ရာသီဘွဲ့ လွမ်းချင်းများပေါ်မှလွမ်းချင်းဟူသော သီချင်းသည် နန်းတွင်းသို့ပေါက်ရောက်လာတော့၏။

လွမ်းချင်းစာကိုယ်တွင် အချိုးနှစ်ချိုးရှိ၍ အချိုးတို့၏အဆုံး၌ လေး ဟူသောညှင်ညှင်သာသာရွတ်ဆိုရသော အက္ခရာတို့ဖြင့် အရေး အသားများလေသည်။ အကြောင်းအရာမှာ လွမ်းဆွေးစရာကိုအရင်းခံ၍ စပ်ရ လေသည်။ ကုန်းဘောင်ခေတ်စာဆို နာခံတော်ဝေါကြီးမှူး ဦးြံခုံရေးသည့် ဂနိုင်စဆီက၊ ထိုင်ကြမယ်လိုလို၊ မိုင်တငယ်ငို၊ မြိုင်မကို မဝင်ခင်က၊ တသွင်သွင် မျက်ရည်ဥတွေနဲ့၊ ညက်ကျေနု တအားငယ်တယ်၊ သနားစဖွယ် တပင်နတ်မှာဖြင့်'အစချီကာ လွမ်းချင်းသည်လွမ်းချင်းများတွင် စံနမူထား လောက်အောင် ကောင်းမွန်လှသောကြောင့် စံတေး ဟုပင်ခေါ်ဝေါ်၏။ ထိုလွမ်းချင်းမှာ သီပေါမင်းနှင့်မိဖုရားအရှင်နှစ်ပါးတို့ ရွှေကြက်ယက်သို့ ထွက်စံတော်မူရာ တောတောင်ကန္တာရခရီး၌ လွမ်းစဖွယ်အခြင်းအရာများကို ဖွဲ့နွဲ့၍ ဦးခြုံက စပ်ဆိုရေးသားဆက်သသည်တွင် အလွန်ကျေနပ်တော်မူ၍ ဆုတော်တစ်ထောင်ပင် ချီးမြှင့်ခြင်းခံရသည့် အဖွဲ့ကောင်းတစ်ခုဖြစ်၏။ များသောအားဖြင့် ထိုလွမ်းချင်းတို့တွင် တောတောင်ရေမြေ၏ လွမ်းဆွတ်ကြေကွဲဖွယ်တို့ကို ဖွဲ့လေ့ရှိ၏။ တောရွာဓလေ့ထုံးစံတို့ကို သရုပ် ဖော်သောအဖွဲ့များပင်ဖြစ်လေသည်။ စာဆိုတော်ဦးကြီး၊ ဦးဆောင်းတို့သည် လွမ်းချင်းစာဆိုများဖြစ်ကြ၏။ [၁]

လွမ်းချင်း[ပြင်ဆင်ရန်]

လွမ်းချင်းဆိုသည်မှာ လွမ်းဆွတ်ကြည်နူးဖွယ်ကောင်းသော တေးသံဖြင့် ဖွဲ့ဆိုထားသည့် တေးကဗျာ ဖြစ်သည်။ ရွှေဘိုမြို့ မြောက်ဘက် ကျေးလက်တောရွာများမှ စတင်ပေါ်ပေါက်လာသောကြောင့် ယခင်က မြောက်ဘက်သံ ဟု ခေါ်တွင်ခဲ့ ကြောင်း သိရသည်။

လွမ်းချင်းစပ်နည်း[ပြင်ဆင်ရန်]

လွမ်းချင်းတွင် အချိုးနှစ်ခု ပါသည်။ အချိုး၏ အဆုံးများတွင် လေး ဟူသော စကားပါလေ့ရှိသည်။ စကား သုံးလုံး၊ လေးလုံး၊ ငါးလုံး၊ ခြောက်လုံး မှန်မှန်ပါတတ်၍ တစ်လုံးချိတ်ကာရန်ကို အသုံးများသည်။ ကာရန်ယူပုံမှာ လင်္ကာစပ်ကာရန် ယူပုံယူနည်းမျိုးပင် ဖြစ်သည်။ သို့ရာတွင် ပါဒအတွင်း၌ ပြန်ဂဟပ်ကာရန် ခေါ် ခြင်္သေ့လည်ပြန်ကာရန်ကိုလည်း အသုံးပြု ဖွဲ့ဆိုတတ်သေးသည်။ ပြန်ဂဟပ်ကာရန် ဆိုသည်မှာ ကာရန်တစ်ခုကို ခံထားပြီးနောက် ထိုကာရန်နှင့်မတူသော ကာရန်သစ် တစ်မျိုးကို ပြောင်းပြီးနောက် မူလကခံခဲ့သော ကာရန်ကို ပြန်အုပ်ခြင်းဖြစ်သည်။ ပြန်ဂဟပ်ကာရန်ယူပုံကို ခြင်္သေ့လည်ပြန် ဟုလည်း ခေါ်သည်။ လွမ်းချင်းသည် တေးဂီတဘက်သို့ တိမ်းညွတ်သော ကဗျာမျိုးဖြစ်သည်။ ရွတ်ဖတ်သောအခါ ဂီတသံ ပေါက်အောင် ရွတ်ဖတ်ရသည်။ စာလုံးရေ အနည်းအများထားပုံ၊ အသံသွား အသံလာ ပြေပြစ်အောင်ဖွဲ့ပုံ တို့ကို ရွတ်ဆိုကြည့်မှသာ ကျကျနန နားလည် သဘောပေါက်ပေမည်။[၂]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  2. မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)