ဥတ္တမကျော်၊ သျှင်

ဝီကီပီးဒီးယား မှ
(ရှင်ဥတ္တမကျော် မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

တဘောင်ပေါ်ထွန်းခြင်း[ပြင်ဆင်ရန်]

မိုးညှင်းမင်းတရားကြီးလက်ထက် စကြိုသူမြတ်နှင့် မင်းကျောင်းသူမြတ်တို့က ဗသျှုဆိုးမုနိကိန်းနှင့် ကြိုက်ကြုံသဖြင့် သက္ကရာဇ်ဖြိုတော်မူပါ၊ ဟု မိန့်ဆိုတော်မူ ကြသောကြောင့် မင်းတရားကြီးသည် သက္ကရာဇ် ၈ဝဝ-ပြည့်နှစ်တွင် ဖြိုတော်မူ၏။ ထိုနှစ်အတွင်းဝယ် တောင်တွင်းကြီးမြို့၌ ထူးခြားစွာ တဘောင်ပေါ်လာသည်။ ထိုတဘောင်ကား-

ဘုရားရှစ်သောင်း၊ လေးထောင်ဆောင်း၍၊ ကိန်းအောင်းစံရန်၊ စမ္မခဏ်သည်၊ သန်တောင်ဖြိုးမြင့် စွင့်စွင့်လေ။ ။

အကိုက်လေးဖော်၊ မြေမှပေါ်သည်၊ သျှင်ကျော်လေးဦး ခူးလိမ့်လေ။ ။
ခူးလည်း ခူးလတ္တံ့။ ကူးလည်း ကူးလတ္တံ့။ စူးလည်း စူးလတ္တံ့။ မြူးလည်း မြူးလတ္တံ့။ ။

ရနံ့ငယ်ကြိုင်လှိုင်၊ မွှေးပျံ့ဆိုင်၊ နှစ်ခိုင်ပွင့်လန်း၊ ပြည်သူ့ပန်း။

ဟူသတည်း။

ထိုတဘောင်သီချင်းသည် မြို့တွင်းမြို့ပြင် ထက်ဝန်းကျင်တို့၌ သီဆိုသူပေါ၍ အကျော်တစောဖြစ်နေလေသည်။ ထိုအခါ သက်ကြီးရွယ်ရင့် ပုဂ္ဂိုလ်တို့သည် တောင်တွင်းကြီးမြို့မြောက် ငှက်ပစ်တောင်၏အရှေ့၊ ထူပါရုံအရာမ်၏အနီး သီဟပတေ့ကြီး ဆောက်လုပ်လှူဒါန်းသော ရတနာဗိမာန်ကျောင်းတော်၌ သီတင်းသုံးသော ငှက်ပစ်တောင်ဆရာတော်ဟု၎င်း ထူပါရုံဆရာတော်ဟု၎င်း ထင်ရှားသော ဆရာတော် သျှင်သီလာစာရာဘိဓဇထံသို့ သွားရောက်၍ လျှောက်ထားကြလေသည်။

ထိုအခါ ဆရာတော်ဘုရားက ပေဟူသည်ကား စာဖြစ်သည်၊ ပေပင်မည်သောကြောင့် စာပေကျမ်းဂန်တွင် အထူးသိမြင်နှံ့စက်သော ကျမ်းတတ်ပုဂ္ဂိုလ်ဟု ယူရမည်၊ ယခုမူ ပေတစ်ပင် လည်း မဟုတ်၊ ပေလေးပင် ဖြစ်သောကြောင့် ပိဋကတ်တော်၌ ခြောက်ချားနိုင်သော သျှင်ကျော်လေးပါးတို့ ပေါ်လိမ့်မည်၊ ဟု မိန့်ကြားတော်မူ၏။ ထိုအခါမှစ၍ တောင်တွင်းကြီး တစ်မြို့လုံး၌ ပေလေးပင် သျှင်လေးပါး ပေါ်လိမ့်မည်ဟူသော စကားသည် အုတ်အုတ်ကျက်ကျက် ဖြစ်နေလေသည်။

သျှင်လေးပါး ဖွားမြင်တော်မူခြင်း[ပြင်ဆင်ရန်]

ထိုတပေါင်ပေါ်ပြီး၍ ၁၅-နှစ်မျှ ရှိသောအခါ သက္ကရာဇ် ၈၁၅-ခုနှစ်တွင် တောင်တွင်းကြီးမြို့ မြောက်ဘက်ရှိ မြို့လုလင်ရွာ၊ သတိုးထမ်းရွာနှင့် မန်ကျည်းယောင်ရွာတို့၌ နိမိတ်အဖြစ်ဖြင့် မြေမှ ပေစို့ကြီး လေးခု ပေါ်ထွက်လာရာ မြို့သူ မြို့သားတို့မှာ ဝမ်းသာအားရ ဖြစ်ကြကုန်၏။ ထိုသက္ကရာဇ်မှာပင် မြို့လုလင်အရှေ့ပိုင်း၌ အဖဦးသောကြာ၊ အမိဒေါ်နှင်းဆီတို့တွင် သျှင်ဥတ္တမကျော်လောင်းလျာ သတိုးသားကို ဖွားမြင်လေသည်။ နံတော် တနင်္ဂနွေသား ဖြစ်၍ ငယ်မည်ကို မောင်ဥက္ကာဟု ခေါ်လေသည်။


ထိုနေ့ရက်မှာပင် သတိုးထမ်းရွာ၌လည်း ရှင်အုန်းညိုကို ဖွားမြင်သည်။ ထို့နောက် ခြောက်ရက်မြောက်သောနေ့တွင် မြို့လုလင်အရှေ့ပိုင်း၌ပင် သျှင်မဟာသီလဝံသလောင်းလျာကို အဖဦးကြည်၊ အမိ နတ်ထိန်းကြီး ဒေါ်ဒွေးတို့မှ ဖွားမြင်သည်။ နံတော် သောကြာသား ဖြစ်၍ ငယ်မည်ကို မောင်ညိုဟု ခေါ်လေသည်။

မောင်ညိုကို ဖွားမြင်ပြီးနောက် လေးရက်မြောက်သော နေ့တွင် သျှင်ခေမာလောင်းလျာကိုလည်း မန်ကျည်းယောင်ရွာ၌ မွေးဖွားပြန်သည်။ နံတော် တနင်္လာသား ဖြစ်၏။ မိဘမည်ရည်နှင့် ငယ်မည်ကို မသိရပေ။

စာပေသင်ကြားခြင်း[ပြင်ဆင်ရန်]

သျှင်ဥတ္တမကျော်လောင်းလျာ မောင်ဥက္ကာသည် ခုနစ်နှစ်သားအရွယ်တွင် နတ်မှီးလင်းဆရာတော် သျှင်သီလာစာရာဘိဓဇထံ၌ စာပေတို့ကို သင်ကြားသည်။ မောင်ဥက္ကာသည် ငယ်စဉ်ကပင် ဉာဏ်ပဋိဘာန် ထက်သန်သူ ဖြစ်၍ လက်တန်းကဗျာများကို စပ်ဆိုနိုင်သူ ဖြစ်၏။ သျှင်မဟာသီလဝံသလောင်းလျာ မောင်ညိုသည်လည်း တစ်ကျောင်းတည်းသားချင်း ဖြစ်၍ ညီရင်းအစ်ကိုတမျှ ခင်မင်ကြလေသည်။

သာသနာ့ဘောင်သို့ သွတ်သွင်းခြင်း[ပြင်ဆင်ရန်]

မောင်ဥက္ကာသည် သက္ကရာဇ် ၈၃၁-ခုနှစ်၊ အသက် ၁၅-နှစ်သားအရွယ်တွင် သျှင်သာမဏေ ဘောင်အတွင်းသို့ သွတ်သွင်းချီးမြှောက်ခြင်း ခံရသည်။ ဘွဲ့မည်ကို သျှင်ဥတ္တမဟု မှည့်ခေါ်သည်။ သက္ကရာဇ် ၈၃၅-ခုနှစ်တွင် အသက်အရွယ်စေ့သဖြင့် ရဟန်းဘဝကို ယူတော်မူသည်။

ခုံတော်မောင်ကျဘမ်းနှင့် တွေ့ခြင်းနှင့် သျှင်ဥတ္တမကျော် အမည်တွင်ခြင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၈၅၉-ခုနှစ်တွင် ဆရာတော်သျှင်ဥတ္တမသည် ရတနာပူရ အင်းဝနေပြည်တော်သို့ ကြွရောက်တော်မူခဲ့၏။ အင်းဝမြို့သို့ ရောက်ရှိသည်တွင် မိတ်ဆွေဖြစ်သူ သျှင်သီလဝံသအား ရုတ်တရက် ရှာဖွေမရသဖြင့် ဓမ္မာရုံတစ်ခုသို့ ဝင်ရောက်တည်းခိုရလေသည်။ ထိုအခိုက် စကားတတ်သဖြင့် လွှတ်ရုံးငါးရပ်ကပင် ပယ်ထားခြင်း ခံရသော ခုံတော်မောင်ကျဘမ်းနှင့် တွေ့ရလေသည်။ မောင်ကျဘမ်းသည် ဆရာတော်၏ အသွင်အပြင်ကို ကြည့်၍ တောထွက်ရဟန်းကြီးဟု မှတ်ထင်သဖြင့် ဦးချဝတ်တွားခြင်း မပြုဘဲ ဆရာတော့်ရှေ့တွင် တင်ပလ္လင်ခွေထိုင်၍ မလေးစားသော အမူအရာဖြင့် ဦးပဉ္စင်းကြီး ၊ ဘယ်အရပ်က ကြွလာသနည်း၊ ဟု မေးသည်။ ထိုအခါ ဆရာတော်က ငါသည် တောင်တွင်းကြီးမြို့က ကြွလာခဲ့သည်၊ ငါသည် ဤရတနာပူရ အင်းဝနေပြည်တော်သို့ တစ်ခါတစ်ခေါက်မျှလည်း မရောက်ဖူးပါ၊ အသိမိတ်ဆွေ ဖြစ်သော ရဟန်းအပေါင်းအသင်းလည်း မည်သည့်ကျောင်းမှ နေသည်ဟု မသိရဘဲ ရှိသည်။ ဆွမ်းစားရန် အချိန်လည်း နီးကပ်လှပြီဖြစ်လို့ ဤအရပ်၌ ဘုန်းကြီးတစ်ပါးစာ ဆွမ်းကို ဖိတ်ကြားရလျှင် ရနိုင်မည်လား၊ ဟု မေးသည်။


ခုံတော်မောင်ကျဘမ်းကလည်း မိမိဝါသနာအလျောက် မောက်မာစွာဖြင့်ပင် သာသနာတော် နေလိုလလို ထွန်းပနေသည့် ဤအင်းဝနေပြည်တော်ကြီးမှာ ဆွမ်းတစ်အုပ်စာမျှကို အဘယ့်ကြောင့် မေးနေရသနည်း၊ ဦးပဉ္စင်းကြီး တစ်ပါးစာမျှကို မည်သူ့အိမ်မှာမဆို ပါးရိုက်ပြီး အလှူခံတော့ ရနိုင်သည်၊ ဟု မချေမငံ ပြောမိလေသည်။ ဆရာတော်သည် မောင်ကျဘမ်း၏ လျှောက်ထားချက်အတိုင်း မြို့တွင်းသို့ ကြွ၍ မောင်ကျဘမ်းအိမ်ကို ရှာပြီးလျှင် ဇနီးသည်အား ပါးကိုရိုက်၍ ဆွမ်းဖိတ်လေတော့သည်။


ဤကိစ္စနှင့် ပတ်သက်၍ ဆရာတော်နှင့် မောင်ကျဘမ်းတို့သည် အကြီးအကျယ် ပြဿနာဖြစ်ကြရသည်။ နောက်ဆုံး၌ ဆရာတော်ကသာလျှင် အနိုင်ရ၍ စကားအရာ၌ အလွန်အကွေ့အဝိုက်များသော မောက်ကျဘမ်းမှာ အရှုံးပေးလိုက်ရသည်။ မည်သူမျှ တုပ၍ မပြောနိုင်သော မောင်ကျဘမ်း၏ မာန်စွယ်ကို ချိုးနှိမ်လိုက်သောကြောင့် ဆရာတော်၏ နာမည်သည်လည်း နေပြည်တော်အင်းဝ၌ တစ်ဟုန်တည်း ကျော်ကြားလာသည်။ မောင်ကျဘမ်းသည်လည်း မာန်စွယ်ကျိုးရုံမျှ မကဘဲ ဆရာတော်အား ကြည်ညိုလာသဖြင့် ယနေ့မှ စ၍ တပည့်တော်အား ပစ္စည်းလေးပါး ဒကာဟူ၍ မှတ်တော်မူပါဘုရား၊ ဟု လျှောက်ထားလေသည်။ ထို့နောက် ဆရာတော်က ငါတည်းဟူသော မာန်မာန တက်ကြွထောင်လွှားသူတိုင်းသည် တစ်နေ့သောအခါ၌ မိမိအတွက် မာန်မာန ကျိုးပေါက်ဖွယ်ရာ ကြုံတွေ့လာပြီး အန္တရာယ် ရောက်တတ်ချေ၏၊ လောဘ ဒေါသ မောဟဆိုသည့် တရားများ ဖုံးလွှမ်းလာပါက နိဗ္ဗာန်သို့ ရောက်သင့်ပါလျက် မရောက်ဘဲရှိချေသည်၊ စသည်ဖြင့် ဓမ္မကထာကို ဟောကြားပြသလေသည်။


ခုံတော်မောင်ကျဘမ်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို နှိမ်နင်းတော်မူလိုက်သဖြင့် ဆရာတော်၏ ဘွဲ့မည်မှာလည်း သျှင်ဥတ္တမဘွဲ့တွင် ကျော် ပုဒ်ကိုထည့်၍ ' သျှင်ဥတ္တမကျော် ' ဟုထင်ပေါ်ကျော်စောလာလေတော့သည်။

အင်းဝခေတ်၊ ဒုတိယမင်းခေါင်ဘုရား လက်ထက် ထင်ရှားတော်မူကြကုန်သော သျှင်မဟာသီလဝံသ၊ သျှင်မဟာရဋ္ဌသာရ၊ သျှင်ဥတ္တမကျော်တို့ကို လေ့လာလျှင် သျှင်မဟာသီလဝံသနှင့် သျှင်မဟာရဋ္ဌသာရ ဆရာတော်တို့သည် မင်း၏ကိုးကွယ်မှုခံ နေပြည်တော် ဆရာတော်များ ဖြစ်လာကြသည်ကို တွေ့ရသည်။ သျှင်ဥတ္တမကျော်မှာ မူကား မင်းတရားက ကျောင်းဆောက်ကိုးကွယ်ပါရစေဟု အကြိမ်ကြိမ် ပင့်လျှောက်တော်မူသော်လည်း လက်မခံ။ ငြင်းပယ်တော်မူလျက် မိမိသတင်းသုံးရာ တောကျောင်းနှင့်သာ ရာသက်ပန် မွေ့လျော်တော်မူလေသည်။ [၁]

ဆရာတော်၏ စာပေနှင့် သီလဂုဏ်[ပြင်ဆင်ရန်]

ဒုတိယဘုရင်မင်းခေါင်လည်း ဆရာတော်၏ စာပေဂုဏ်သတ္တိကို မြတ်နိုးကိုးစားတော်မူသည့်အလျောက် သျှင်မဟာရဋ္ဌသာရနှင့် သျှင်မဟာသီလဝံသတို့ကဲ့သို့ ချီးမြှောက်ပူဇော်လိုရကား ရွှေနန်းတော်သို့ ပင့်ဖိတ်တော်မူပြီး နေပြည်တော်အင်းဝ၌ သီတင်းသုံးတော်မူပါရန် လျှောက်ထားလေသည်။ ထိုအခါ ဆရာတော်က မိမိသည် အရညကင်မှီ၍ တော၌ နေရသည်ကိုသာ နှစ်သက်သဖြင့် ရွှေမြို့တော်၌ မနေလိုကြောင်း မိန့်ကြားသည်။ ဘုရင်မင်းခေါင်လည်း မိမိဆန္ဒအတိုင်း မဖြစ်သော အခါတွင် ဆရာတော် တောင်တွင်းကြီးမြို့သို့ ပြန်ကြွသောအခါ များစွာသော ပူဇောသက္တာရတို့ကို ပြုတော်မူ၍ တောင်တွင်းကြီးမြို့ အရောက် ဝတ္ထုကံဆိုင်ရာ လူတစ်ကျိပ်တို့နှင့် ပို့ဆောင်စေလေသည်။

ဆရာတော် သျှင်ဥတ္တမကျော်သည် တောင်တွင်းကြီးမြို့သို့ ပြန်လည် ရောက်ရှိပြီးနောက်မိမိဝါသနာပါရင်းအတိုင်း တောရဆောက်တည်တော်မူလေသည်။ ထိုအခါ ဗုဒ္ဓဝံသအဋ္ဌကထာကိုကြည့်ရှုတော်မူ၍ မြတ်စွာဘုရားသခင်သည် ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော ကပ္ပိလဝတ်နေပြည်တော်သို့ ကြွချီတော်မူခန်းတွင် လောကဓာတ်အလုံး ညွတ်ပျောင်းပူဇော်ဟန်ကို ဖွဲ့ဆိုတော်မူ၍ တောလားလင်္ကာကြီးများကို ရေးသားတော်မူ၏။

ဆရာတော် ရေးသားသော တောလားလင်္ကာကြီးများမှာ ၉-ပုဒ်မျှ ရှိပေသည်။ ထိုတွင် စက်ဆယ့်နှစ်လီ၊ ဒွါဒသီတွင်၊ သုံးလီဥတု၊ လက်ဝဲလုသား၊ အစချီ လင်္ကာ ၈-ပုဒ်မှာ ကပ္ပိလဝတ်ပြည်ကြွခန်း တောလားများ ဖြစ်ပြီး ကျန်တစ်ပုဒ်မှာကား ဆရာတော်၏ ဆုပန်လင်္ကာ ဖြစ်သည်။ ဆရာတော်သည် ဘုရားဆုကို ပန်တော်မူကြောင်း ဖော်ပြ၍ အရိမေတ္တေယျဘုရားရှင် လက်ထက်၌ ဗောဓိလောင်းလျာအဖြစ် ဗျာဒိတ်တော် ခတ်နှိပ်ခံရပါလိုကြောင်းကို ကိုးပုဒ်သျှင်ပင်၊ အံ့ချီးတင်သည်၊ ငါလျှင်လည်းကောင်း၊ ဗောဓိလောင်းဟု၊ ငြိမ့်ညောင်း တံဆိပ်၊ ရွှေဗျာဒိတ်ဖြင့်၊ ခတ်နှိပ်သေချာ၊ နှုတ်ဩဘာသည်၊ ၊ မြဲစွာဖြစ်လိမ့် လမှန်တည်း။ [၂]ဟူ၍ ဖွဲ့ဆိုပန်ယူထားလေသည်။

သက္ကရာဇ် ၈၈၂-ခု ရွှေနန်းကြော့ရှင် နရပတိလက်ထက်တွင်လည်း မင်းတရားသည်ဆရာတော်အား ဖူးမြင်ကြည်ညိုလိုသဖြင့် နေပြည်တော်သို့ ပင့်ခေါ်စေလေသည်။ ထိုအချိန်တွင်ဆရာတော်သည် ဟံသာဝတီနယ်စပ်၊ ရိုးမတောင်ပြတ်၊ နွားဝန်တင်စခန်း ကမ္ဘားစောက်ရွာဟုခေါ်သော အိမ်ခြေ ၅ဝ-ခန့်ရှိသည့် ရွာကလေးကို အမှီပြု၍ တောရဆောက်တည်နေလေသည်။ ဆရာတော်သည် ထိုကျောင်းငယ်လေး၌ နေတော်မူစဉ် ဘုရင့်အမှုထမ်းများက လာရောက်ပင့်ဆောင်ကြသဖြင့် အင်းဝနေပြည်တော်သို့ ဒုတိယအကြိမ်မြောက် ကြွရောက်တော်မူရပြန်လေသည်။ ထိုအချိန်တွင် ဆရာတော်သည် သက်တော် ၆၇-နှစ်၊ ဝါတော် ၄၇-ဝါမျှ ရှိနေလေပြီ။

အင်းဝသို့ရောက်သည်တွင် ရွှေနန်းကြော့ရှင် ဘုရင်နရပတိမင်းတရားက ဒကာတော်ကို ချီးမြှောက်သောအားဖြင့် အင်းဝနေပြည်တော်၌ သီတင်သုံးတော်မူပါ၊ ဟု လျှောက်ထားသည်။ ထိုအခါ ဆရာတော်က ဒကာတော်မင်းကြီး၊ တောသုံးထောင်၌ ကျက်စား ပျော်မြူးလေ့ရှိသော ကေသရာဇာ ခြင်္သေ့မင်းအား နံ့သာအခိုးအထုံတို့ဖြင့် လိမ်းကျံ၍ ထီးဖြူအုပ်မိုးထားလင့်ကစား ပျော်မြူးနိုင်မည် မဟုတ်ပါ၊ မိမိကျက်စားရာ တောရပ်ခန်းဝါကိုသာ လွမ်းရှာလိမ့်မည်၊ ထို့အတူ ဆရာတော်သည်လည်း ခမည်းတော်မင်းတရား လက်ထက်ကပင် နေပြည်တော်ကဲ့သို့ မြို့ကြီးများတွင် မနေနိုင်သဖြင့် တောရပ်ဒေသသို့ ကြွရောက် သီတင်းသုံးခဲ့သည်၊ ယခုမူကား အသက်အရွယ်လည်း အိုမင်းရင့်ရော်လာပြီဖြစ်ရာ သာ၍ပင် နေပြည်တော်၌ မနေလိုတော့ပါ၊ သို့ဖြစ်၍ တောအရပ်သို့သာ ပြန်၍ တရားအားထုတ်ပါတော့မည်၊ ဟု မိန့်ကြားတော်မူသည်။ ထို့ကြောင့် မင်းတရားကလည်း ဆရာတော် စိတ်ချမ်းသာမည့် နေရာ၌သာ သီတင်းသုံးတော်မူပါဘုရား၊ ဟု ပြန်လည်လျှောက်ထားရတော့၏။

ဆရာတော်သည် နေပြည်တော်၌ သုံးလခန့်နေပြီး၍ မိမိနေရပ်ဇာတိဖြစ်သော တောင်တွင်းကြီးမြို့သို့ ပြန်လည်ကြွရောက်တော်မူခဲ့၏။ ရောက်လျှင် မိမိငယ်စဉ်က နေထိုင်ခဲ့သော ငှက်ပစ်တောင်အနီး ရတနာဗိမာန်ကျောင်းတော်၌ နေတော်မူ၏။ ရွှေနန်းကြော့ရှင်ဘုရင် နရပတိကလည်း ထိုကျောင်းတော်ကြီးကို ပြင်ဆင်ခြင်း၊ အသစ်တစ်ဖန် ဆောက်လုပ်ခြင်း စသော ကုသိုလ်တို့ကို အားတက်သရော ပြုလုပ်၍ ပစ္စည်းလေးပါးတို့ကိုလည်း အမြဲမပြတ် ပူဇော်လေသည်။

ဘဝနောက်ဆုံးအချိန်[ပြင်ဆင်ရန်]

ဤကဲ့သို့ သာသနာ့တာဝန်ကို ထမ်းဆောင်တော်မူရင်း သက္ကရာဇ် ၉ဝ၄-ခုနှစ်၊ သက်တော် ၈၉-နှစ်၊ ဝါတော် ၆၉-ဝါအရတွင် တောင်တွင်းကြီးမြို့၌ ပျံလွန်တော်မူလေသည်။

ဆရာတော်၏ စာပေလက်ရာများ[ပြင်ဆင်ရန်]

ဆရာတော် သျှင်ဥတ္တမကျော် ရေးသားသော စာပေဟူ၍ ယနေ့တွေ့ရှိနေရသည်မှာ တောလားလင်္ကာကြီး ၉-ပုဒ် ဖြစ်သည်။ ထို့ပြင်လည်း ဆရာတော်ရေးသားသော စာပေကျမ်းဂန်များ ဧကန်ရှိဦးမည်ဟု ယုံကြည်ကြ၏။ သို့ရာတွင် တိကျစွာ မပြောနိုင်ကြပေ။

ကဝိသေနင်္ဂဗျူဟာကျမ်းတွင်ကား ဆရာတော် ရေးသားခဲ့သည်ဆိုသော ကျမ်းများကို ဖော်ပြထား၏။ ထိုကျမ်းတို့မှာ ပဋိသမ္ဘိဒါမဂ်ပါဠိတော်နိသျ၊ မဟာနိဒ္ဒေသပါဠိတော်နိသျ၊ ပေဋကောပဒေသပါဠိတော်နိသျ၊ ဓမ္မသင်္ဂဏီပါဠိတော်နိသျ၊ ဝိနယသင်္ဂဟအဋ္ဌကထာနိသျ၊ သစ္စသံခိပ်ဋီကာသစ်နိသျ၊ ခုဒ္ဒသိက္ခာဋီကာသစ်နိသျ၊ အဘိဓမ္မာဝတာရ ဋီကာသစ်နိသျ၊ သဒ္ဒသာ ရတ္ထဇာလိနီစာကိုယ်နိသျ၊ ဝဇီရသာရတ္ထသင်္ဂဟစာကိုယ်နိသျ၊ ကစ္စာယနဘေဒစာကိုယ်နိသျ၊ ဝါစကောပဒေသစာကိုယ်နိသျ တို့ ဖြစ်ကြ၏။

ထို့ပြင် ' ဂန္ထကာရက္ကမပျို့' ကိုလည်း ရေးသားပြုစုသေးသည်ဟု ဆိုသည်။ ဖော်ပြပါ ကျမ်းဂန်များကို ဆရာတော်သျှင်ဥတ္တမကျော် ရေးသားခဲ့သော်လည်း နိဂုံး၌ စာပြုပုဂ္ဂိုလ်အမည် မထည့်သွင်းသောကြောင့် ဆရာတော် ရေးသားသည်ဟု မသိရဘဲ ရှိသည်။ ဂန္ထကာရက္ကမပျို့ကို ကြည့်သောအခါမှ ဆရာတော် ရေးသားကြောင်း သိရှိရသည်ဟု ဆိုလေသည်။ ဂန္ထကာရက္ကမပျို့တွင် ဆိုဟန်ကား - "ပဋိသမ္ဘိဒါ၊ မဟာနိဒ္ဒေသ၊ ပေဋကနှင့်၊ ဓမ္မသင်ခေါ်၊ ပါဠိတော်မှ၊ ဝိနယသင်္ဂဟာ၊ အဋ္ဌကထာပြင်၊ သစ္စာသံခိပ်၊ ခုဒ္ဒသိက်မည်ရှိ၊ အဘိဓမ္မ၊ ဝတာရလှစ်၊ ဋီကာသစ်မူ၊ ကျမ်းသုံးဆူမှ၊ သဒ္ဒသာရတ္ထဇာလိ၊ ဝဇိရသာရ၊ ကစ္စာယနဟု၊ ဝါစကောပဒေသ ခေါ်ဆို၊ စာကိုယ် နိဿရည်း၊ မှီရာနည်းကို၊ သိပ်သည်းသေချာ၊ ရှိစေငှာပ၊ သဒ္ဒါပုဒ်ပါဌ်၊ တည်းဖြတ်ပြုစု၊ ဗဟုပကာရ၊ ဖြစ်ကြစေလို၊ ပုဂ္ဂိုလ်ထင်ပေါ်၊ ဥတ္တမော်တွင်၊ ကျော်တစ်လုံးရ၊ ထင်နာမနှင့်၊ ... " [၃] ဟူဘိ၏။ သို့ရာတွင် ကဝိ သေနင်္ဂဗျူဟာကျမ်းဆရာ အထောက်အထားပြုသော ပျို့ကိုလည်း ယနေ့အထိ မတွေ့ရှိကြရသေး ပေ။ သို့ဖြစ်ရာ ထိုအဆိုကို ပယ်မြစ်နိုင်ခွင့်လည်း မရှိသေး။ လက်ခံနိုင်ဖွယ်လည်း မဟုတ်သေး။ တောလားလင်္ကာကြီးများကိုသာ ဆရာတော်၏ လက်ရာဖြစ်ကြောင်း ကောင်းစွာ လက်ခံကြရဦး မည်သာတည်း။

[၄]

ဥတ္တမကျော်၊ အရှင် (မြန်မာ ၈၁၅-၉ဝ၄ ခန့်)[ပြင်ဆင်ရန်]

ပေ လေးပင် ရှင်လေးပါး တစ်ဘောင်အရ အင်းဝခေတ်တွင် ပေါ် ပေါက်ထွန်းကားလာသော ရှင်လေးပါးတွင် ရှင်ဥတ္တမကျော် လည်း တစ်ပါးအပါအဝင် ဖြစ်သည်။ ရှင်ဥတ္တမကျော်သည် အင်းဝခေတ်တွင် ထင်ရှားသော ရဟန်းစာဆိုတစ်ပါး ဖြစ်လေ သည်။

အင်းဝနေပြည်တော်၌ နရပတိဘုရင် စိုးစံတော်မူစဉ် သက္ကရာဇ် ၈၁၅ ခုနှစ်တွင် တောင်တွင်းကြီးမြို့နယ် မြို့လုလင် ရွာ၏ အရှေ့ပိုင်း၌ အဖဦးသောကြာ၊ အမိဒေါ်နှင်းဆီတို့မှ ရှင် ဥတ္တမကျော်လောင်းကို ဖွားမြင်သည်။ တနင်္ဂနွေသားဖြစ်သည့် အတိုင်း ငယ်မည်မောင်ဥက္ကာတွင်သည်။ ရှင်လေးပါးဝင် ရှင် အုန်းညိုနှင့် တစ်နေ့တည်းဖွားမြင်၍ အချိန်နာရီမျှသာ ရှင်အုန်း ညိုက ငယ်သည်။ ( အုန်းညို၊ ရှင်။)

ရှင်မဟာ သီလ ဝံသထက်မူ ရှင်ဥတ္တမကျော်က ခြောက်ရက်ကြီးသည်။ ( မဟာသီလဝံသ၊ ရှင်။)

မောင်ဥက္ကာသည် ငယ်စဉ်ကပင် ဉာာဏ်ပဋိဘာန် လျင် သန်ထက်မြက်သူဖြစ်သည်။ ခုနစ်နှစ်သား အရွယ်ရောက်သော် မိမိကဲ့သို့ပင် ဉာာဏ်ထက်မြက်သော တစ်ရပ်တည်းနေ ရှင်မဟာ သီလဝံသလောင်း မောင်ညိုနှင့်အတူ တောင်တွင်းကြီးမြို့ နတ် မှီးလင်းဆရာတော်ဦးသီလာစာရထံတွင် မိဘတို့ကအပ်နှံ၍ စာ ပေသင်ကြားရသည်။

အသက် ၁၅ နှစ်အရွယ် ရောက်လတ်သော် နတ်မှီး လင်း ဆရာတော်ထံ၌ပင် ရှင်သာမဏေဝတ်စေရာ၊ ရှင်မည် ရှင်ဥတ္တမတွင်သည်။ သက္ကရာဇ် ၈၃၅ ခုနှစ်တွင်ရှင်ဥတ္တမသည် ရဟန်းအဖြစ်သို့ရောက်တော်မူသည်။

သက္ကရာဇ် ၈၅၉ ခုနှစ်တွင် လွန်ခဲ့သည့်လေးနှစ်ခန့် ကပင် အင်းဝမြို့သို့ရောက်နေသော ကျောင်းနေဖက်ဖြစ်သည့် ရှင်မဟာသီလဝံသထံကြွ၍ စစ်ကိုင်းထူပါရုံဘုရားအနီး ရတနာ ဗိမာန်ကျောင်းတွင် အတူတစ်ကွ သီတင်းသုံးတော်မူသည်။ ထို စဉ်အခိုက် စကားအရာ၌သူမတူအောင် ဆင်ခြေဆင်လက်သန်သူ ခုံတော်မောင်ကျဘမ်း၏ မာန်စွယ်ကို ချိုးပယ်နှိမ်နှင်းနိုင်သဖြင့် ဘွဲ့မည်ရင်းရှင်ဥတ္တမတွင် ဒကျော်ဒ တစ်လုံးတိုးကာ ဆရာတော် ရှင်ဥတ္တမကျော်ဟု ထင်ရှားလာခဲ့လေသည်။ ( ကျဘမ်း၊ မောင်၊ ခုံတော်။)

ရှင်ဥတ္တမကျော်၏ ဂုဏ်သတင်းကို အင်းဝဘုရင်ဒုတိယ မင်းခေါင် ကြားသိတော်မူလျှင် ရှင်မဟာသီလဝံသနှင့် ရှင်မဟာ ရဋ္ဌသာရတို့ကို ချီးမြောက်တော်မူသကဲ့သို့ တောင်တွင်းဆရာ တော်အား ချီးမြောက်တော်မူလိုသောကြောင့် ရွှေနန်းတော်သို့ ပင့်ဖိတ်ကာ အင်းဝနေပြည်တော်၌ပင် သီတင်းသုံးတော်မူပါမည့် အကြောင်း လျှောက်ထားတောင်းပန်သည်။ သို့ရာတွင် ဆရာ တော်သည် ငြင်းပယ်တော်မူ၍ တောင်တွင်းကြီးမြို့သို့ ပြန်ကြွ တော်မူကာ ငှက်ပစ်တောင်အနီး ရတနာ့ဗိမာန်ကျောင်း၌ သီတင်းသုံးတော်မူသည်။

တောင်တွင်းကြီးမြို့သို့ ပြန်လည်ရောက်ရှိ၍ တောရ ဆောက်တည်နေခိုက် သက္ကရာဇ် ၈၄၅ ခုနှစ် ခန့်တွင် မြတ်စွာ ဘုရားသည် ကပိလဝတ်ပြည်သို့ ကြွတော်မူရာတွင် လောက ဓာတ်အလုံး ညွှတ်ပျောင်းပူဇော်ဟန်ကိုပြဆိုသော ဒဒစက်ဆယ့်နှစ် လီ၊ ဒွါဒသီဝယ်ဒဒချီတောလားကဗျာရှစ်ပုဒ်နှင့် မိမိဘုရားဆုကို ပန်ကြောင်းပြဆိုသော ကဗျာတစ်ပုဒ်၊ ပေါင်းကဗျာကိုးပုဒ်ကို စပ်ဆိုစီကုံးတော်မူသည်။ ယခုထင်ရှားတွေ့ရသမျှသော ဤ တောလားကဗျာမှာ ကိုးပုဒ်သာရှိသော်လည်း ထို့ထက်အပို အလွန်ရှိသေးသည်ဟုလည်း အချို့ပညာရှင်များက ဆိုကြသည်။ ထင်ရှားတွေ့ရှိရသမျှသော တောလားအဖွဲ့များတွင် ရှင်ဥတ္တမ ကျော်၏ တောလားသည် ပထမတန်းစားကြီးဖြစ်သည်။ ( တောလား။)

သက္ကရာဇ် ၈၈၂ ခုနှစ်တွင် ဆရာတော်သည် ဒုတိယ မင်းခေါင်၏သားတော် ရွှေနန်းကျော့ရှင် ဘုရင်နရပတိ လက် ထက်အင်းဝနေပြည်တော်သို့ ဒုတိယအကြိမ် ကြွတော်မူသေး သည်။ ဘုရင်နရပတိက ဆရာတော်အား အင်းဝ၌ပင် သီတင်း သုံးနေတော်မူပါမည့်အကြောင်း ခမည်းတော်လက်ထက်ကနည်း တူ အကြိမ်ကြိမ်လျှောက်ထားတောင်းပန်သော်လည်း ရှေးကကဲ့ သို့ပင်ငြင်းပယ်ကာ၊ တောင်တွင်းကြီးသို့ ပြန်လည်ကြွသွား တော်မူခဲ့သည်။ ဘုရင်မင်းမြတ်လည်း ဆရာတော်သီတင်းသုံး သော တောင်တွင်းကြီးမြို့ရှိ ကျောင်းတော်ကို ပြင်ဆင်ခြင်း၊ ကျောင်းဦးဆောင်သစ် ထပ်မံဆောက်လုပ်လှူခြင်းပြုကာ ပစ္စည်း လေးပါး ဒါယိကာခံတော်မူ၍ လစဉ်မပြတ် အလှူတော်ဝတ် ထောက်တော်မူသည်။

ဆရာတော်သည် တောင်တွင်းကြီးကျောင်း၌ပင် သက္က ရာဇ် ၉ဝ၄ ခုနှစ်တွင် သက်တော် ၈၉ နှစ်၊ ဝါတော် ၆၉ ၌ ပျံလွန်တော်မူသည်။

ရှင်ဥတ္တမကျော် ပြုစုခဲ့သောစာဟူ၍ တောလားကဗျာ ကိုးပုဒ်သာအထင်အရှားတွေ့ရသည်။ သို့ရာတွင် ဤမျှကျမ်းဂန် တတ်သောပုဂ္ဂိုလ်သည် ပါဠိကျမ်းဂန်များကိုလည်း ပြုစုလိမ့်မည် ဟု အချို့ကယူဆကြသည်။ ကဝိသေနင်္ဂဗျူဟာကျမ်းတွင်ကား တောင်တွင်းဆရာတော် ရှင်ဥတ္တမကျော် ရေးသားစီရင်သည့် ကျမ်းဂန်တို့ကား ပဋိသမ္ဘိဒါမဂ် ပါဠိတော် နိသျ၊ မဟာနိဒ္ဒေသ ပါဠိတော် နိသျ၊ ပေဋကောပဒေသ ပါဠိတော် နိသျ၊ ဓမ္မ သင်္ဂဏီ ပါဠိတော် နိသျ၊ ဝိနယ သင်္ဂဟ အဋ္ဌကထာ နိသျ၊ သစ္စသံခိပ် ဋီကာသစ် နိ သျ၊ ခုဒ္ဒသိက္ခာ ဋီကာသစ် နိသျ၊ အဘိဓမ္မာ ဝတာရ ဋီကာသစ် နိသျ၊ သဒ္ဒသာရတ္ထ ဇာလိနီ စာကိုယ် နိသျ၊ ဝဇိရ သာရတ္ထသင်္ဂဟ စာကိုယ် နိသျ၊ ကစ္စာယန ဘေဒ စာကိုယ်နိသျ၊ ဝါစကော ပဒေသစာကိုယ် နိသျဟူ၍ ပါဠိအဋ္ဌကထာ ဋီကာကျမ်းတို့အပြင် ဒဒဂန္ထကာရက္က မပျို့ဒဒကိုလည်း ရေးပြုစီရင်ခဲ့သေးကြောင်းဆိုသည်။ သို့ရာတွင် အခြားအထောက်အထား အခိုင်အလုံကိုကား မတွေ့ရှိရသေးချေ။ မည်သို့ပင်ဖြစ်စေ၊ ဆရာတော်ကား ထိုတောလားကဗျာ ကိုးပုဒ်နှင့်ပင် မြန်မာ့စာပေလောက၌ နေတစ်ဆူလတစ်ပွင့် ဖြစ် ခဲ့လေသည်။ နောက်နှောင်းစာဆိုများ၏ ဆရာတစ်ဆူလည်းဖြစ် ခဲ့သည်။ နဝဒေး၊ နတ်သျှင်နောင်၊ ရှင်သံခို၊ ဖိုးသူတော်ဦးမင်း၊ လူဦးမင်း၊ ဝက်မစွတ်နဝဒေး စသော စာဆိုများစွာတို့သည် ဆရာတော်၏ တောလားထဲမှ အဖွဲ့အနွဲ့အချို့ကို နည်းမှီအတုယူ ကြရလေသည်။ ဆရာတော်သည် တောတောင်ရေမြေ၏ သဘာ ဝအလှကိုဖွဲ့ဆိုရင်း လယ်သမားယာသမား၊ တောင်ပေါ်သားတို့ ၏ အမူအယာကိုလည်းဖွဲ့ဆိုခဲ့သည်။ မြန်မာစာဆိုလောကတွင် တောင်ပေါ်သား တောင်ယာသမားတို့၏ အမူအရာကို ဖွဲ့ဆို သောစာဆိုအနည်းငယ်သာ ရှိခဲ့သည့်အနက် ဆရာတော်သည် ရှေ့ပြေးဖြစ်ခဲ့လေသည်။[၅]

ရှင်ဥတ္တမကျော်၏ အရိုးအိုးဂူကို ရှာဖွေတွေ့ရှိခြင်း[ပြင်ဆင်ရန်]

၁၉၅၅ ခုနှစ်၊ မေလ ၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပေလေးပင် ရှင်လေးပါးအပါအဝင် စာဆိုတော်ကြီး ရှင်ဥတ္တမကျော်၏ အရိုးအိုးဂူကို တောင်တွင်းကြီးမြို့ ၊ နတ်မှီတောရရှိ ဗုဒ္ဓတက္ကသိုလ်၏ ကုန်းမြင့် တစ်နေရာ၌ တူးဖော်ရရှိပြီဖြစ်ကြောင်း သတင်းဖော်ပြထားသည်။ ရှင်ဥတ္တမကျော်သည် မြန်မာသက္ကရာဇ် ၈၁၅ ခုနှစ် ၊ (ခရစ်နှစ် ၁၄၅၃) တွင် ဖွားမြင်ခဲ့ပြီး သက်တော် ၉၇ နှစ် အရောက် (ခရစ်နှစ် ၁၅၅၀) တွင် ပျံလွန်ခဲ့ကြောင်း သမိုင်းမှတ်တမ်းအရ သိရှိရ၏။ ဆရာတော်၏ အရိုးအိုးဂူမှ နှစ်ပေါင်း ၄၀ဝ ကျော်ကြာပျောက်ဆုံးနေရာမှ နတ်မီတောရတွင် အဆောက်အအုံ တိုးချဲ့ဆောက်လုပ်ရန် ကုန်းမြေကို ခုတ်ထွင်ရှင်းလင်း ဖြိုဖျက်စဉ် ပြန်လည်တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်ဟုဆိုပါသည်။ အရိုးအိုးဂူအတွင်း၌ အရိုးပြာအဖြူနှင့်အနက် နှစ်မျိုးကို အကန့်များနှင့် စနစ်တကျထားရှိသည်ဆို၏။[၆]

ပြုစုခဲ့သည် ကျမ်းများ[ပြင်ဆင်ရန်]

၁။ တောလားရတု ၉ − ပုဒ်၊

၂။ ပဋိသမ္ဘိဒါမဂ် ပါဠိတော်နိသျ၊

၃။ မဟာနိဒ္ဒေသပါဠိတော်နိသျ၊

၄။ ပေဋကောပဒေသပါဠိတော်နိသျ၊

၅။ ဓမ္မသင်္ဂဏီပါဠိတောနိသျ၊

၆။ နိနယသင်္ဂဟအဋ္ဌကထာနိသျ၊

၇။ သစ္စသံခိပ်ဋီကာသစ်နိသျ၊

၈။ ခုဒ္ဒသိက္ခာဋီကာသစ်နိသျ၊

၉။ အဘိဓမ္မာဝတာရဋီကာသစ်နိသျ၊

၁၀။ သဒ္ဒသာရရတ္ထဇာလိနီ စာကိုယ်နိသျ၊

၁၁။ ဝဇိရသာရတ္ထသင်္ဂဟ စာကိုယ်နိသျ၊

၁၂။ ကစ္စာယနဘေဒ စာကိုယ်နိသျ၊

၁၃။ ဝါစကောပဒေသ စာကိုယ်နိသျ။[၇]

ကိုးကား[ပြင်ဆင်ရန်]

  1. ရွှေမင်းဝန် ဦးဘုန်းမြင့် - တောရပုဂ္ဂိုလ်ကျော် သံဘိုဆရာတော်၏ စကားဆန်းပုံပြင်များ၊ ၁၉၉၅၊ ဧပြီလ၊ စာ-ဋ
  2. ရှင်ဥတ္တမကျော်တောလား
  3. စာဆိုတော်များအတ္ထုပ္ပတ္တိ၊ ရေးသားသူ - ဗိုလ်မှူးဘသောင်း
  4. ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
  6. မြန်မာ့အလင်း သတင်းစာ၊ (၅.၅ ၁၉၅၅)
  7. လှသမိန် (၁၉၆၁ ခုနှစ်). ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်. ၃၅၇၊ ဗိုလ်အောင်ကျော်လမ်း၊ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်, ၅၊ ၆။ 

ဆက်လက်လေ့လာရန်[ပြင်ဆင်ရန်]

၁) ကဝိသေနင်္ဂဗျူဟာကျမ်း၊ စာဆိုတော်များအတ္ထုပ္ပတ္တိ၊ မြန်မာစာညွန့်ပေါင်းကျမ်း-ပထမတွဲ၊ ဒေါ်မြင့်သန်းတည်းဖြတ်သော ပါရမီတော်ခန်းပျို့၊