ကန်တော်မင်းကျောင်းဆရာတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကန်တော်မင်းကျောင်းဆရာတော် (၈၀၀ ခန့်-၈၇၀ ခန့်)[ပြင်ဆင်ရန်]

ကန်တော်မင်းကျောင်းဆရာတော်ကို စစ်ကိုင်းမြို့စီရင်စု မြင်းမူမြို့မှ နှစ်မိုင်ခန့်ဝေးသော ထီးဆောင်းရွာ မြောက်ဘက် ကန်တော်ရွာ၌ ဖွားမြင်တော်မူသည်။ မိဘမည်ရည်နှင့် ဖွားသက္ကရာဇ် တို့ကိုမူ မသိရပေ။ လောကသာရ ဆုံးမစာပျို့ ကို ကန်တော်မင်းကျောင်းဆရာတော်က ရေးသားပြုစုခဲ့သည်။

ကန်တော်ရွာ၌ ရှေးအခါက ကျန်စစ်သားမင်း တူးဖော်ခဲ့သော ရေကန်ရှိသည်။ ထိုကန်ကို ကန်တော်ဟု ခေါ်ပြီး ကန်တော်အနီးရှိ ရွာကိုလည်း ကန်တော်ရွာဟု ခေါ်ကြသည်။ အင်းဝ၌ သက္ကရာဇ် ၈ဝ၄-ခုနှစ်တွင် နန်းတက်သော ထူပါရုံဒါယကာ နရပတိ သည် သမီးတော် မင်းလှထွတ်ကို ဦးရီးတော် မင်းရဲကျော်စွာ၏ သားဖြစ်သော စစ်ကိုင်းစား မင်းကြီးဖြူနှင့် စုံဖက်တော်မူသည်။ ထို့ကြောင့် မင်းလှထွတ်အား စစ်ကိုင်းမိဖုရားဟု ခေါ်သည်။ စစ်ကိုင်းစား မင်းကြီးဖြူနှင့် မင်းလှထွတ်တို့က ကန်တော်ရွာတွင် ကျောင်းဆောက်လှူဒါန်းသောကြောင့် ' ကန်တော်မင်းကျောင်း ' ဟုလည်းကောင်း၊ ထိုကျောင်းနေ ဆရာတော်အား ကန်တော်မင်းကျောင်းဆရာ တော်ဟုလည်းကောင်း ခေါ်တွင်လေသည်။ ဘွဲ့မည်မှာ သျှင်အဂ္ဂသာရဖြစ်သည်။

ကန်တော်မင်းကျောင်းဆရာတော်ကား မင်းလှထွတ်ကိုးကွယ်သော ဆရာတော် ဖြစ်သည်။ မင်းလှထွတ်သည် ဒုတိယမင်းခေါင်၏ အရီးတော် ဖြစ်သည်။ ထို့ကြောင့်ပင် ကန်တော်မင်းကျောင်းမေတ္တာစာ၌ အရီးတော်ဆရာ မဟာထေရ်ကျော် ကန်တော်မင်းကျောင်း မေတ္တာလောင်းသား အစချီ၍ ရေးသားတော်မူသည်။

ဆရာတော်သည် ပိဋကတ်စာပေနှင့်တကွ ဗေဒင်ကျမ်း၊ ဆန်းကျမ်းစသည်တို့ကိုလည်း တတ်ကျွမ်းတော်မူသည်။ ဆရာတော်၏ မေတ္တာစာအဖြေကို ရေးသားသော တောင်တွင်းမင်း ကျောင်းဆရာတော်ကလည်း -

ပိဋကတ်သုံးပုံ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ၊ အနု၊ ဆန်း ၊ အလင်္ကာ၊ သဒ္ဒါကျမ်း၊ နေတ္တိ၊ အဘိဓာန်၊ မောက္ကလာန်၊ ဂဠုန်ပျံ၊ ငမွဲ၊ ငကျွဲ၊ ဆုံးဖြတ်၊ ပိုင်၊ မိန်တောင်း၊ ဝိဒဂ်၊ ကလာပ်၊

ဗျဉ္စီ၊ ဒဏ္ဍီ၊ ဗြို့ဟဒ်၊ ရာဇမတ္တန်အစရှိသော ကျမ်းအပေါင်းတို့ကို တတ်တော်မူကြောင်း၊

ရေးသားထားလေသည်။

ကန်တော်မင်းကျောင်းဆရာတော်သည် လောကသာရပျို့၊ မေတ္တာစာနှင့် စေတီလှ ဘုရား ဝတ်မြေလှူကျောက်စာတို့ကို ရေးသားတော်မူသည်။ လောကသာရပျို့ကို မောင်းထောင် အမတ်ကြီးကမူ ရခိုင်ဆရာတော် ရေးသားသည်ဟု ဆို၏။ မုံရွေးဆရာတော်ကမူ အင်းဝ ပထမမင်းခေါင် လက်ထက် သျှင်မဟာဣန္ဒဂုတ္တစီရင်ကြောင်း မိန့်ဆိုသည်။ သို့ရာတွင် ကန်တော်မင်းကျောင်း ဆရာတော် ရေးသားသော ပျို့နိဂုံး၌ -

ကျင့်သုံးမှတ်ရာ၊ သင့်လှစွာကို၊ ပညာရှိသူ၊ မှတ်စိမ့်ဟူ၍၊ ဆုယူပတ္ထနာ၊ ကြိုက်ရာရှာ သည်၊ ထင်စွာအကျော်၊ ကန်တော်မင်းကျောင်း၊ မြတ်နံ့လှောင်းသား၊ စုပေါင်းမဟာ၊

သုပညာလျှင်၊

ဟူသော အဖွဲ့က ဆရာတော်ရေးကြောင်း ခိုင်မာစေခဲ့ပါသည်။ ဆရာတော်သည် မြင်စီးအရပ်၌ ရှိသော တောင်ပုထိုးဘုရားတွင် ရတနာရွှေစေတီကို ထုလုပ်လှူဒါန်းခဲ့သည်။ ထိုကုသိုလ်အတွက် ကျောက်စာရေးထိုးရာ၌ ဆရာတော်သည် မိမိ၏ ဆန္ဒကို ဤသို့ ဖော်ပြခဲ့သည်။

ကန်တော်မင်းကျောင်းမည်သော မဟာထေရ်သည် သံသရာ၏ အစုကုန်၍ ဘုရား

မြတ်စွာ မိတေယျာသည် သစ္စာလေးပါး တရားကို အောင်သောအခါ၍ ရဟန္တာဆုမြတ်ကို မငြိုမငြင် ရမြောက်ချင်ရကား သက္ကရာဇ် ၈၄၆-ခု မာဃနှစ် တပေါင်းလဆုတ် ၄-ရက် ၆- နေ့၊ မြင်းစီးအရပ်တွင် တောင်ပုထိုးဘုရားရှင်၏ အထံတော်၌ ဆန်းကြယ်စွာသော ရတနာ

ရွှေစေတီကို တည်၏။

ဆရာတော်၏ အတ္ထုပ္ပတ္တိကို ဤမျှသာ တွေ့ရပြီး ဆရာတော် ပျံလွန်တော်မူသော သက္ကရာဇ်ကိုလည်း မတွေ့ရဘဲ ရှိပါသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။

ဆက်လက်လေ့လာရန်[ပြင်ဆင်ရန်]

၁) ကန်တော်မင်းကျောင်းမေတ္တာစာ အဖြေ၊ ဆုံးမစာပေါင်းချုပ်၊ လောကသာရပျို့ နိဒါန်း၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မြန်မာစာညွန့်ပေါင်းကျမ်း- ပထမတွဲ၊ သာသနာလင်္ကာရစာ တမ်း၊ မြန်မာစာပေ အထွေထွေ၊