မာတိကာသို့ ခုန်သွားရန်

တန်ခူးလ

ဝီကီပီးဒီးယား မှ

တန်ခူးလသည် မြန်မာပြက္ခဒိန်၏ ပထမဆုံးလဖြစ်သည်။ တန်ခူးလ၏ အမည်ကို စန္ဒြာမာသ ဟုလည်း ခေါ်သည်။ တန်ခူးလတွင် ၂၉ ရက်ရှိသည်။ ရက်မစုံသောလဖြစ်သည်။ တန်ခူးလကို တန်းခူးဟူ၍ရေးသည်လည်း ရှိ၏။ တစ်ခါတစ်ရံ ပျို့ကဗျာတို့၌ တာကူးလ ဟူ၍ရေးသည်ကို လည်းတွေ့ရ၏။ တာကူးဟူသောအရေးအသားမှာ မိန်ရာသီမှ မိဿရာသီသို့ ဂြိုဟ် ပြောင်းခြင်းကို စွဲ၍ ရေးသားကြောင်း ဝေါဟာရလိနတ်တဒီပနီကျမ်းပြုစုသူ လှေသင်းအတွင်းဝန်မင်းက ဆိုသည်။ ဤအဆိုကိုလိုက်၍ ဝေါဟာရ၏ ဇစ်မြစ်ကို ရှာဖွေသူတို့က တာကူးမှ တန်ခူးသို့ရွေ့လျားသည်ဟုကြံဆကြ၏။ သို့ရာတွင် ပုဂံကျောက်စာ၏ အရေးအသားတို့ကို အခြေခံ၍ သုတေသနပြုသော ဦးဖိုးလတ်ကမူ တာကူးဟူသောအသုံးအနှုန်းနှင့် တန်ခူးဟူသော အသုံးအနှုန်းသည် သူ့အဓိပ္ပာယ်နှင့်သူ တခြားစီဖြစ်သည်ဟုဆိုသည်။ တာ သည် အချိန်အခါ၊ ရာသီဥတု၊ နှစ်စသည်တို့ကိုဟောရာ ဤတာကူးဟူသော ဝေါဟာရ၌ နှစ်ကိုရည်ရွယ်သည်။ ထို့ကြောင့် တာကူးလသည် နှစ်ကူးသောလ ဟုအဓိပ္ပာယ်ရသည်ဟုဆိုသည်။ တန်ခူးဟူသော ဝေါဟာရ၌ တန်(ဝါ) တန်းသည် ပါဠိ တာလနှင့်အနက်တူသောထန်းဖြစ်သည်။ ခူး ကားဆွတ်ခူး သည်ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် တန်ခူးလဆိုသည်မှာ ထန်းသီး ဆွတ်ခူးသောလဟု မှတ်ယူရမည်ဆိုသည်။

တန်ခူးလသည် နှစ်၏အစ၊ နှစ်ဦးလဖြစ်သည်။ သို့ရာတွင် မြန်မာနှစ်ဆန်းတစ်ရက်သည် အခါခပ်သိမ်း တန်ခူးလအတွင်း၌သာကျရောက်သည်မဟုတ်ချေ။ ထို့ကြောင့် နှစ်သစ်မကူးမီ တန်ခူးလတို့၏ ရက်တို့ကို နှောင်းရက်၊ နှစ်သစ်ကူးပြီးနောက် နှစ်ဆန်းစ တန်ခူးလ၏ရက်တို့ကို ဦးရက်ဟုသတ်မှတ်၍ နှောင်းတန်ခူး၊ ဦးတန်ခူးဟူ၍ခေါ်ဝေါ်ကြသည်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အတွင်းကျရောက်တတ်သည်။

ခြောက်သွေ့ဒေသများတွင် ထန်းပင်များ များများ စိုက်ပျိုးကြသည့် မြန်မာတို့အတွက် တန်ခူးလ ဆိုသည့် ဝေါဟာရမှာ “ထန်းသီးခူးသည့် လ”ဟု အဓိပ္ပာယ် သက်ရောက်ပြီး သက္ကတဘာသာ “တာလ”မှ ဆင်းသက်သောအမည် ဖြစ်သည်။ ထို့ကြောင့် အဆိုပါ ထန်းပင်သည် အိန္ဒိယမှ မြန်မာနိုင်ငံအတွင်းသို့ ခရစ်နှစ် အစောပိုင်းလောက်ကပင် ရောက်ရှိခဲ့သည့်အပင် ဖြစ်သည်ဟု ခန့်မှန်းကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်း၏ ရာသီဥတုနှင့်ကိုက်ညီပြီး၊ ခန်းခြောက်ဒေသမှာပင် ကောင်းမွန်စွာပေါက်ရောက်နိုင်စွမ်း ရှိသည်။ ဘုန်းကြီးကျောင်း၊ ရေကန်၊လယ်ကွင်း ဝန်းကျင်တို့တွင် ထန်းပင်များအား အတန်းလိုက်စီပြီး စိုက်ထားလေ့ ရှိသည်။ ထန်းမှထွက်ရှိသည့် ထန်းလျက်ဖြင့် မုန့်အချိုပွဲများကို ပြုလုပ်ကြသကဲ့သို့ ယမကာ အဖျော်ကို ထန်းရည်ဖြင့် ပြုလုပ်ရသည်။ ရှေးမြန်မာတို့သည် မြေ အရောင်းအဝယ် ပြုပြီးသည့်အခါတွင်လည်းကောင်း၊ သားသမီးများ အိမ်ထောင်ချသည့်အခါ အခမ်းအနားတွင်လည်းကောင်း အများသိစေရန် ဖိတ်ကြားပြီး အမဲ၊ ကြက်၊ ဝက်နဲ့ သေရည်ပါတဲ့ စားသောက်ပွဲကြီး ပေးလေ့ရှိကြောင်း ပုဂံခေတ်ဆိုင်ရာ ကျောက်စာအထောက်အထားများအရ သိရှိရသည်။ ထိုသို့သောအခမ်းအနားများတွင် သေရည်နှင့်အတူ ထန်းရည်မှချက်လုပ်သည့် ယမကာ အဖျော်ကိုလည်း သောက်ကြကြောင်း အထောက်အထားများ တွေ့ရသည်။

ထို့အပြင်ထန်းရွက်ကိုလည်း အိမ်အမိုး၊ ရဟန်းဆောင်၊ ယပ်တောင်စသည်ဖြင့် အသုံးချကြသေးသည်။ ပေရွက်ကဲ့သို့ပင် ထန်းရွက်ပေါ်၌လည်း စာရေးနိုင်သည်။ ထန်းပင်စည်မှ ဖြစ်သော ထန်းလုံးဖြင့် အိမ်၊ အဆောက်အဦး၊ ကာကွယ်ရေး အတွက် ခံတပ် စသည်ဖြင့် ဆောက်လုပ်အသုံးချကြပါသေးသည်။ ဆည်ဖို့ရာ၌လည်း ထန်းလုံးများကို ဆည်ပိတ်ရာတွင် သုံးပြန်သည်။ တန်ခူးလသည် ခရစ်ပြက္ခဒိန်အရ မတ်လနှင့်ဧပြီလများအတွင်း ကျရောက်ပါသည်။ ကံ့ကော်ပန်း (Mesua ferrea)သည် တန်ခူးလ၏ အထိမ်းအမှတ်ပန်း ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]