ရွှေနန်းတော်ကျောင်း
ရွှေနန်းတော်ကျောင်း | |
---|---|
ရွှေကျောင်း | |
အချက်အလက်များ | |
ကိုဩဒိနိတ် | 22°0′2.5″N 96°6′49.3″E / 22.000694°N 96.113694°Eကိုဩဒိနိတ်: 22°0′2.5″N 96°6′49.3″E / 22.000694°N 96.113694°E |
ဘာသာရေး နှီးနွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
နိုင်ငံ | မန္တလေးမြို့၊ မန္တလေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ |
ဗိသုကာ | |
တည်ထောင်သူ | မင်းတုန်းမင်း၊ သီပေါမင်း |
ပြီးစီး | ၁၈၈၃ ခုနှစ် (၁၄၁ နှစ် အကြာက) |
ရွှေကျောင်းဟု လူသိများသော ရွှေနန်းတော်ကျောင်းသည် နှစ်ပေါင်း (၁၃၀) ကျော် သက်တမ်းရှိပြီး မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် ဒေါနဘွားရပ်ကွက် တွင်တည်ရှိသည်။ ကုန်းဘောင်ခေတ်(၁၉) ရာစု မြန်မာအနုပညာ ဗိသုကာလက်ရာစံပြု ကျောင်းကြီးဖြစ်သည်။ ရွှေနန်းတော်ကြီးမှာ အမိုးသုံးဆင့်၊ လယ်ပေါ်နှစ်ထပ်၊ စမြင်ပါသော ဇေတဝန်ဆောင်ဖြစ်သည်။ ကျောင်းကြီး တစ်ဆောင်လုံးတွင် အရှေ့အနောက်တိုင် (၁၅)လုံးတန်းနှင့် တောင်မြောင်(၁၀) လုံးတန်းရှိခြင်းကြောင့် တိုင်ပေါင်း(၁၅၀)တိုင်၊ နယားရုပ်ထောက်တိုင်ပေါင်း(၅၄)တိုင် နှင့် သရက်ကင်းအုတ် လှေကားငါးစင်းဖြင့် တည်ဆောက်ထားသည်။ ကျောင်းကြီးတစ်ခုလုံးတွင် မြန်မာမှု သစ်သားပန်းပု အခြေခံ ခြူးပန်း၊ ခြူးနွယ်အပြောက်အမွှမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးငှက် တိရစ္ဆာန်ရုပ်များ၊ နံရံကပ်ရုပ်ကြွများနှင့် အတွင်းမာရဘင် အရှေ့ပိုင်ကွန်းစင်တိုင် အခြေတွင် ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာပဒုမဇာတ်၊ ဥတေနဇာတ်တော်များကို စိတ်ဝင်စားဖွယ် လက်ရာမြောက်စွာ အနုစိတ်တပ်ဆင်ထားသည်။ [၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြနန်းစံကျော်ရွှေနန်းတော်ရှိ မှန်နန်းဆောင်၏ မြောက်ဘက်တွင် မင်းတုန်းမင်း စံမြန်းရာ နန်းဆောင်တစ်ဆောင်ရှိခဲ့သည်။ ၁ အောက်တိုဘာ ၁၈၇၈ တွင် မင်းတုန်းမင်း နတ်ရွာစံပြီး သားတော် သီပေါမင်းက ဖခင် မင်းတုန်းမင်း နတ်ရွာစံခဲ့သော နန်းဆောင်နှင့် စနုဆောင်ကို ၁၃ရက်နေ့တွင် ဖြုတ်သိမ်းခဲ့သည်။ ၃၁ အောက်တိုဘာ ၁၈၈၃တွင် ယခုရွှေကျောင်းရှိရာ နေရာကို ဘုန်းကြီးကျောင်းအဖြစ် ပြောင်းလဲဆောက်လုပ် လှူဒါန်းခဲ့သည်။ ၁၉ရာစု ကုန်းဘောင်ခေတ်ရှိ မြန်မာမှုဗိသုကာ လက်ရာများကို အစွမ်းကုန် အသုံးပြုထားပြီး ထိုခေတ်က ငွေဒင်္ဂါး တစ်သိန်းနှစ်သောင်းကျပ် ကုန်ကျခဲ့သည်။ နန်းတော်မှ ပြောင်းလဲလာခဲ့သည် ကျောင်းဖြစ်၍ ရွှေနန်းတော်ကျောင်းဟု အမည်ပေးခဲ့သော်လည်း ကျောင်းတော်အတွင်း အပြင်တစ်ခုလုံးကို ရွှေပိန်းချထားသည့်အတွက် ရွှေကျောင်း ဟု လူသိများလာသည်။[၂]
ဗိသုကာလက်ရာများ
[ပြင်ဆင်ရန်]ကျောင်းကြီး တစ်ဆောင်လုံးတွင် အရှေ့အနောက်တိုင် (၁၅)လုံးတန်းနှင့် တောင်မြောင်(၁၀) လုံးတန်းရှိခြင်းကြောင့် တိုင်ပေါင်း(၁၅၀)တိုင်၊ နယားရုပ်ထောက်တိုင်ပေါင်း(၅၄)တိုင် နှင့် သရက်ကင်းအုတ် လှေကားငါးစင်းဖြင့် တည်ဆောက်ထားသည်။ ရွှေကျောင်းတစ်ခုလုံး၏ အတွင်းအပြင် နေရာလပ်မကျန် ဗိသုကာပညာရပ်ကို အခမ်းနားဆုံး အသုံးပြုထားသည်။ ခြူပန်း၊ ခြူနွယ်၊ အပြောက်အမွမ်း၊ ရုပ်လုံးရုပ်ကြွ၊ နံရံကပ်ရုပ်ကြွ၊ ဇာတ်ကြီးဆယ်ဘွဲ့ထွင်းရုပ်ကြွများကို ကိန်းကြီးခမ်းကြီးစွာ တွေ့နိုင်သည်။ ကျောင်းထဲရှိ ကွန်းစင်တိုင်ခြေတွင် ဇာတ်ကြီးဆယ်ဘွဲ့ရုပ်ကြွတွေများကို တိုင်ခြေတစ်ခုစီမှာ ဇာတ်တစ်ခုစီ ထွင်းထားသည်။ ဝေဿန္တရာဇာတ်တော် ရုပ်လုံးရုပ်ကြွတွင် အောက်ပါအတိုင်း အသေးစိတ် ထွင်းထုထားသည်ကို တွေ့နိုင်သည် -
- ပုဏ္ဏားတို့က ဝေဿန္တရာမင်းကြီးထံမှာ မင်္ဂလာဆင်ဖြူ အလှူခံဟန်၊ (အလယ်တိုင်ရဲ့ ပထမအတန်း ညာဘက်ပုံ)
- ဝေဿန္တရာမင်းကြီးက ပုဏ္ဏားတွေကို မင်္ဂလာဆင်ဖြူတော် အလှူပေးလိုက်လို့ ပုဏ္ဏားတွေပျော်ပြီး ဆင်စီးသွားဟန်၊ (အလယ်တိုင်ရဲ့ ပထမအတန်း ညာဘက် ဒုတိယမြောက်ပုံ)
- မင်္ဂလာဆင်ဖြူလှူလိုက်လို့ တိုင်းသူပြည်သားတွေ မကျေမနပ်ဖြစ်တဲ့အတွက် မင်းကြီးက မိဖုရားနဲ့ သားသမီးကို မြင်းရထားပေါ်တင်ပြီး တောသို့ထွက်ဟန်၊ (အလယ်တိုင်ရဲ့ ပထမအတန်း ဘယ်ဘယ်ပုံ)
- တောထဲမှာ အစာရှာထွက်တဲ့ မိဖုရားကို နတ်သားသုံးပါးက ခြင်္သေ့၊ ကျား၊ ကျားသစ်အသွင် ဖန်တီးပြီး အိမ်အပြန်နောက်ကျအောင် ဟန့်တားဟန်၊ (ဒုတိယအတန်း ညာဘက်ကပုံ)
- သားနဲ့သမီးကို အခိုင်းအစေအဖြစ် အလှူလာခံတဲ့ ပုဏ္ဏားကို ကြေကွဲစွာ လှူဒါန်းလိုက်ဟန်၊ (ဒုတိယအတန်း ဘယ်ဘက်ကပုံ)
စသည့် ဘုရားလောင်းတို့ ကျင့်ကြံရသော စွန့်ခြင်းငါးပါးထဲမှ သား၊ သမီးရတနာကို စွန့်ခြင်း ပါရီမီဖြည့်ကျင့်ပုံကို ထွင်းထုထားသည်ကို တွေ့နိုင်သည်။[၃]
ပြုပြင်ထိန်းသိမ်းခြင်း
[ပြင်ဆင်ရန်]သက်တမ်း ၁၃ဝကျော်ပြီဖြစ်သော မန္တလေးတောင်ခြေရှိ သမိုင်းဝင် ရွှေကျောင်းကြီးကို တိုင်လုံးပေါင်း ၁၅၀ နှင့် ထောက်ကန်ထားခြင်းဖြစ်ပြီး ၂၀၁၃ခုနှစ် ဇူလိုင်လ အတွင်းမှ စတင်၍ အမေရိကန်နိုင်ငံ အခြေစိုက် ကမ္ဘာ့ အဆောက်အအုံ ထိန်းသိမ်းရေးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (World Monument Fund)မှ အမေရိကန် ဒေါ်လာ ၅ သိန်း ၅ ထောင် အကုန်အကျခံ၍ ပညာရှင်များဖြင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။ အဆိုပါ ပညာရှင်များ ပြုလုပ်ခဲ့သည့် လုပ်ငန်းများမှာ ရွှေနန်းတော် ကျောင်းကြီး နှင့်ပတ်သက်၍ လက်ရှိအခြေအနေကို သိရှိစေရန် Laser Scanning ရိုက်ကူးခြင်း၊ ဆင်ယင်ထားသည့် အမွမ်းအပြောက် ပန်းပုရုပ်လုံး ရုပ်ကြွများကို အသေးစိတ် လက်ဖြင့်ပုံဆွဲ မှတ်တမ်းတင်ခြင်း၊ ကျောင်းတိုင်များအတွင်း မိုးရေစိမ့်ဝင်ခြင်းနှင့် ခြစားခြင်းများကြောင့် ပျက်စီးမှုအခြေအနေကို စမ်းသပ် လေ့လာခြင်း၊ အဆောက်အအုံအတွင်း မိုးယိုခြင်းကြောင့် ဖြစ်ပေါ်လာလျက်ရှိသည့် ဆွေးမြေ့ပျက်စီးနေသည့် အပိုင်းများအား ထိန်းသိမ်း ဆောင်ရွက်ရေးအတွက် လေ့လာသုတေသနပြုခြင်း၊ ရွှေကျောင်း ဝန်းကျင် ရေစီးရေလာကောင်းမွန်စေရေး၊ မီးဘေး အန္တရာယ် ကာကွယ်ရေးဆိုင်ရာ ပညာပေးဆောင်ရွက်ခြင်းများရှိသည်။ World Monument Fund အနေဖြင့် နောက်ထပ်ရန်ပုံငွေ ရရှိပါကာ ရွှေနန်းတော် ကျောင်းတဝိုက် သာယာလှပစေရေး အတွက် မြေယာရှုခင်း(Landscapping) ပြုလုပ်ခြင်း၊ ကျောင်းအဆောက်အအုံ၌ ပျက်စီးနေသည့် သစ်သားထည်များကို ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်မည်ဖြစ်သည်။[၄]
ပြခန်း
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ သန်းဇော်မင်း(ပြန်/ဆက်) (၂၃ နိုဝင်ဘာ ၂၀၁၇)။ မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်း(ရွှေကျောင်း) အား ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လေ့လာမှု များပြားလျက်ရှိ။ MOI။
- ↑ Chan Myae Ei (ရိုးရာလေး) (၁၇ ဖေဖော်ဝါရီ ၂၀၁၇)။ အုတ်ကျစ်ကျော်အေး မန္တလေးမှ လည်ပတ်စရာများ။ YoeYarLay။ 18 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 September 2018 တွင် ပြန်စစ်ပြီး။
- ↑ Chan Myae Ei (ရိုးရာလေး) (၁၇ ဖေဖော်ဝါရီ ၂၀၁၇)။ သမိုင်းတန်ဖိုး သိပ်ကို ကြီးမားတဲ့ ရွှေကျောင်း။ YoeYarLay။ 18 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 September 2018 တွင် ပြန်စစ်ပြီး။
- ↑ ရန်ပိုင် (၂၁ နိုဝင်ဘာ ၂၀၁၄)။ မန္တလေး ရှေးဟောင်း ရွှေကျောင်း အစားထိုးပြင်ဆင်မှုများ ပြုလုပ်ရန် စီစဉ်။ ဧရာဝတီ။