ဇာတ်ကြီးဆယ်ဘွဲ့

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဇာတ်တော်ကြီး ဆယ်ဘွဲ့ ဆိုသည်မှာ ဗုဒ္ဓအလောင်းတော်ရှင်မြတ် ပါရမီရင့်ညောင်းပြီး ဘုရားအဖြစ် မရောက်မီ နောက်ဆုံး ဘဝဖြစ်စဉ် ဆယ်ခုကို ခေါ်သည်။ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားသည် မိမိ၏ အတိတ်ဘဝ များ၌ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပါဠိဂါထာဖြင့် ဟောကြားတော်မူခဲ့သည်။ ယင်းတို့သည် နိကာယ် ငါးရပ်အနက် ခုဒ္ဒကနိကာယ်တွင် ပါဝင်သည်။ စုစုပေါင်း (၅၄၇) ဇာတ်ရှိသော်လည်း အလွယ်တကူဖြစ်စေရန် (၅၅၀) ဇာတ်တော်ဟု ခေါ်ကြသည်။ ယင်းတို့ကို ဘုရားရှင် ဟောကြားရာ၌ တစ်ဂါထာဖြင့် ဟောကြားသောဇာတ်၊ နှစ်ဂါထာဖြင့် ဟောကြားသောဇာတ်စသဖြင့် ရှိ၍ ဂါထာတစ်ရာကျော် မှ တစ်ထောင်ကျော်အထိ ဟောကြားသော (၁၀)ဇာတ် ရှိသည်။ ယင်းဆယ်ဇာတ်ကို မဟာနိပါတ်ဟုလည်း ခေါ်ကြ သကဲ့သို့ ဇာတ်ကြီးဆယ်ဘွဲ့ ဟူ၍လည်း ခေါ်ဆိုကြသည်။

ဇာတ်ကြီးဆယ်ဘွဲ့မှာ ဘုရားဖြစ်ခါနီး နောက်ဆုံးဆယ် ဘဝ သို့မဟုတ် နောက်ဆုံးဆယ်ဇာတ် ဖြစ်သည်။ ယင်း ဆယ်ဘဝသည် ဘုရားအဖြစ်နှင့်လည်း အလွန်နီးကပ် သည်။ အခြားဘဝတို့ထက်လည်း ပိုမို၍ မြင့်မြတ်သည်။ ပါရမီလည်း ရင့်ကျက်သည်။ ထို့ကြောင့် ‘နုမှာငါးရာ၊ ရင့်မှာတစ်ကျိပ်’ ဟုခေါ်ဆိုကာ အခြားဇာတ်များကို ပါရမီနုစဉ်ဖြစ်ခဲ့သော ဇာတ်များဟု သတ်မှတ်၍ ဇာတ်ကြီး ဆယ်ဘွဲ့ကို ပါရမီရင့်စဉ်ဖြစ်ခဲ့သော ဇာတ်များအဖြစ် သတ်မှတ်ကြသည်။

ဇာတ်ကြီးဆယ်ဘွဲ့မှာ တေမိ၊ ဇနက၊ သုဝဏ္ဏသာမ၊ နေမိ၊ မဟောသဓာ၊ ဘူရိဒတ်၊ စန္ဒကုမာရ၊ နာရဒ၊ ဝိဓူရနှင့် ဝေဿန္တရာ ဇာတ်တော်ကြီးများ ဖြစ်ကြကာ ယင်းတို့ကို အလွယ်အကူ မှတ်သားနားလည်စေရန် တေ၊ ဇ၊ သု၊ နေ၊မ၊ ဘူ၊ စံ၊ နာ၊ ဝိ၊ ဝေ ဟူသော အက္ခရာသင်္ကေတအဖြစ် မှတ်သား ကြသည်။

ဗုဒ္ဓဘုရားရှင်သည် ပါဠိဂါထာဖြင့် ဟောကြားတော်မူခဲ့ သည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီး နှစ်ပေါင်း၉၃၀ ခန့်အကြာတွင် ရာဇဂြိုဟ်ပြည်သား အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် သီရိလင်္ကာကျွန်း အနုရာဓမြို့ တောင် ဘက်ရှိ မဟာဝိဟာရကျောင်းကြီး၌ သီတင်းသုံးတော်မူစဉ် ပါဠိဘာသာဖြင့်ပင် အကျယ်ဖွင့်ဆို၍ ရေးသားတော်မူခဲ့သည်။ ထို့နောက် သာသနာနှစ် ၉၃၀ ကျော်တွင် သီရိလင်္ကာကျွန်းမှ မြန်မာနိုင်ငံ သထုံပြည်သို့ ရောက်ရှိ လာခဲ့သည်။

ဝေါဟာရအနက်[ပြင်ဆင်ရန်]

စာရေးဆရာ မင်းယုဝေက 'ဇာတက' ဟူသော ပါဠိစကားကို မြန်မာတို့က ‘ဇာတ်’ ဟု ခေါ်ဆိုကြ၍ ဇာတ်သည် 'အဖြစ်' ၊ 'ဘဝ' ဟူ၍ အနက်ရသည်။ အဓိကအားဖြင့် ဂေါတမ ဗုဒ္ဓဘုရားလောင်း၏ အတိတ်ဝတ္ထု၊ အဖြစ်အပျက်၊ အကြောင်းအရာများကို ‘ဇာတ်’ဟု ခေါ်လေ့ရှိသည်ဟု ဆိုသည်။

နုမှာငါးရာ၊ ရင့်မှာ တစ်ကျိပ်[ပြင်ဆင်ရန်]

ဗုဒ္ဓဘာသာအလိုအရ သံသရာတလျောက် ဗောဓိဆုပန်ခဲ့သော အလောင်းတော်သည် ဘဝပေါင်းများစွာကို ကျော်လွန်ခဲ့ရသည်။ ပါရမီတော်ကို ဖြည့်ရာတွင် လွန်စွာအလှမ်းဝေးသော ဘဝများကို ချန်လှပ်၍ မဝေးလွန်း မနီးလွန်းသော ဘဝများတွင် ဖြစ်ခဲ့သည်များကို (၅၅၀) ဇာတ်တော်များအဖြစ် မှတ်တမ်းတင်ခဲ့သည်။ အစွန်းထွက်ကို ဖြုတ်၍ နုမှာငါးရာဟု မှတ်သားကြပါသည်။ ဤသို့ဖြင့် ပါရမီတော်များကို တစ်စတစ်စ ဖြည့်လာရာ ဗောဓိဆုနှင့် အလွန်နီးကပ်လာသော (တေမိယ) မှသည် (ဝေဿန္တရာ) ဘဝများကို ဇာတ်တော်ကြီး ဆယ်စောင် (သို့မဟုတ်) ရင့်လာဆယ်ဘဝဟု သတ်မှတ်ပြီး ရင့်မှာ တစ်ကျိပ် ဟုခေါ်ကြသည်။ [၁]

တေသုနေဘူစန်နာဝိဝေ ဟု အစီအစဉ်အလိုက်ဖြစ်အောင် အတိုကောက်မှတ်သားကြလေ့ရှိသည်။

တေမိဇာတ်=[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တေမိယဇာတ်တော်

ဘုရင်မလုပ်လိုပါက ဆွံအ နားပင်းဟန်ဆောင်၍နေရန် အကြံပေးခဲ့သဖြင့် တေမိမင်းသားလေး ကျင့်ကြံနေထိုင်ခဲ့ ပုံမှာ တစ်နှစ်သားအရွယ်မှစ၍ ၁၆ နှစ်သားအရွယ်ထိ အမျိုးမျိုးအဖုံဖုံ စမ်းသပ်ခဲ့လေသည်။ ဤဇာတ်တော်က နေက္ခမ္မပါရမီနှင့် အဓိဋ္ဌာန်ပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်သည်။

ဇနကဇာတ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဇနက္ကဇာတ်တော်

နတ်သမီး၊ လောက၌ လူတို့သည် ပျင်းရိ၍ မနေအပ်။ ကောင်းစွာသော လုံ့လဖြင့် အခါခပ်သိမ်းပင် ကိုယ်ဖြင့် တန်သည်၊ နှုတ်ဖြင့်တန်သည်၊ စိတ်ဖြင့် ကြံမည်ဟု ထောက်ချင့်၍ လုံ့လပြုအပ်လှသည်။ သင်ချစ်ခင်၍ ငါ့ကိုဆောင်ပါလျှင် ငါ့လိုအင်ဆန္ဒပြည့်ဝတော့အံ့။ သင်မဆယ်တင်၍ ဤတွင်ပင် ငါဆုံးပါးရသော်လည်း လုံ့လပြုရကျိုး ငါရရှိလေပြီ။ ငါသည် အစွမ်းရှိတိုင်း၊ အားရှိ တိုင်း မဆုတ်မဆိုင်းသောလုံ့လဖြင့် မဟာသမုဒ္ဒရာကမ်းသို့ ဆက်လက်ကူးခတ်အံ့”။ ဤဇာတ်တော်က ဝီရိယပါရမီ နှင့် နေက္ခမ္မပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်သည်။

သုဝဏ္ဏသာမဇာတ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သုဝဏ္ဏသာမဇာတ်တော်

ဒုကူလနှင့် ပါရိကာတို့၏ သားမှာ သုဝဏ္ဏသာမ ဖြစ်ပါ၏။ အဆိပ်လူးသောမြားဖြင့် ပီလိယက္ခမင်းကြီးက သုဝဏ္ဏသာမအား ပစ်ခဲ့မိရာ မြားဆိပ်တက်နေချိန်ဖြစ်ပါ ၏။ အဆိပ်ပြေစေရန် မိဘများက သစ္စာပြုခဲ့လေသည်။ ကုသိုလ်တရား ကျင့်လေ့ရှိသူ၊ မြတ်သောအကျင့် ကျင့်လေ့ ရှိသူ၊ မှန်သောစကားကို ဆိုလေ့ရှိသူ၊ မိဘကို လုပ်ကျွေး ပြုစုလေ့ရှိသူ၊ လူကြီးမိဘတို့ကိုရိုသေသူ ဖြစ်ခြင်းကြောင့် သစ္စာစကားတည်ပြီး အဆိပ်ပြေပါစေသား။ ဤ ဇာတ်တော်က မေတ္တာပါရမီနှင့် ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံ ကို သိမြင်နိုင်သည်။

နေမိဇာတ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - နေမိဇာတ်တော်

နေမိဇာတ်၏ အနှစ်သာရမှာ နေမိကိုယ်တိုင်ပြုသော ကုသိုလ်ကောင်းမှုသည်သာ မိမိကိုယ်ပိုင် ပစ္စည်းဥစ္စာဖြစ် သည်။ ကိုယ်၊ နှုတ်၊ နှလုံး စောင့်စည်းခြင်းဖြင့် ကောင်းကျိုး ချမ်းသာရနိုင်သည်။ ကုသိုလ်ကောင်းမှုပြုခြင်းဖြင့် စိတ်ရောကိုယ်ပါ ချမ်းသာနိုင်သည်။ အလှူပေးခြင်းဖြင့် ကုသိုလ်ကောင်းမှုကို ပြုပါဟူ၍ ဖြစ်သည်။ ဤဇာတ်တော် က ဒါနပါရမီနှင့် နေက္ခမ္မပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင် နိုင်သည်။


မဟောသဓာဇာတ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မဟော်သဓာဇာတ်တော်

‘မဟောသဓာ’ ဟူသော စကားသည် မဟာနှင့် ဩသဓ နှစ်ပုဒ်တွဲထားသော ပါဠိစကားဖြစ်သည်။ မဟာ= အာနု ဘော်ကြီးသော၊ ဩသဓ= ဆေးဟူ၍ အဓိပ္ပာယ်ရသည်။ မဟောသဓာသည် ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်သော ပညာရှိဖြစ်သည်။ နွားခိုးမှု၊ လည်ရွဲအမှု၊ ချည်လုံးခိုးအမှု၊ သားခိုးအမှု၊ ရထားခိုးအမှု စသည်တို့ကို ကောင်းစွာ စီရင် ဆုံးဖြတ်နိုင်သည်။

ဦးခေါင်းခွံပြဿနာ၊ မြွေပြဿနာ၊ ကြက်ပြဿနာ၊ ပတ္တမြားပြဿနာ၊ နွားလားဥဿဘပြဿနာ စသည့် ပြဿနာအရပ်ရပ်ကို ဖြေရှင်းတင်ပြနိုင်သည်။ ထို့ထက်မက များလှစွာသော အံ့ချီးဖွယ် မဟောသဓာ၏ စွမ်းရည် များကို ဖတ်ရှုနိုင်ပေသည်။ ဤဇာတ်တော်က ပညာပါရမီ၊ ဝီရိယပါရမီနှင့် ခန္တီပါရမီတို့ကို ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင် သည်။ (စာ-၁၃၅)


ဘူရိဒတ်ဇာတ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဘူရိဒတ်ဇာတ်တော်

ဘူရိဒတ်နဂါးမင်းသည် ဂေါတမမြတ်စွာဘုရား၊ ဓတရဌ နဂါးမင်းသည် သုဒ္ဓေါဒနမင်းကြီး၊ သမုဒ္ဒဇာမိ မိဖုရားသည် မယ်တော်မာယာ၊ သောမဒတ္တသည် အရှင်အာနန္ဒာ၊အဇမုခိ နဂါးမသည် ဥပ္ပလဝဏ်၊ သုဒဿနသည် အရှင်သာရိ ပုတ္တရာ၊ သုဘောဂသည် အရှင်မောဂ္ဂလာန်၊ ကာဏရိဌ် သည် သုနက္ခတ်၊ နေသာဒ မုဆိုးသည် ဒေဝဒတ် အသီးသီး ဖြစ်လာကြသည်။

ဤဘူရိဒတ်ဇာတ်တော်တွင် ဂေါတမဘုရားရှင်၏ သီလပါရမီ၊ ခန္တီပါရမီ၊ အဓိဋ္ဌာန်ပါရမီ တို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်ပါသည်။

စန္ဒကုမာရဇာတ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - စန္ဒကုမာရဇာတ်တော်

စန္ဒကုမာရ မင်းသည် တရားနှင့်အညီ မင်းပြုသည်။ စုတေသောအခါ နတ်ပြည်သို့ လားသည်။ စန္ဒကုမာရမင်း သည် ဂေါတမဘုရားရှင် ဖြစ်တော်မူပြီး ခန္တီပါရမီဖြည့် ဆည်းခဲ့ပုံကို ဤဇာတ်တော်တွင် သိမြင်နိုင်ပါသည်။

နာရဒဇာတ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - နာရဒဇာတ်တော်

နာရဒဇာတ်၏ အနှစ်သာရမှာ တရားမဟုတ်သည်ကို ရှောင်ကြဉ်ပါ။ တရားဟုတ်သည်ကို ကျင့်ပါ။ ထမင်း၊ အဖျော်၊ နံ့သာ၊ ပန်းမန်၊ အဝတ်ပုဆိုး၊ ထီး၊ ဖိနပ် စသည် တို့ကို အပြည့်အစုံစီရင်ပါဟု အင်္ဂတိမင်းကြီးအား နာရဒ ဗြဟ္မာကြီးက မှာကြားပုံကို အဓိကဖော်ပြသည်။ ဤဇာတ် တွင် ဂေါတမဘုရားရှင်သည် ပညာပါရမီ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်ပါသည်။

ဝိဓူရဇာတ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဝိဓူရဇာတ်တော်

ဤဇာတ်တော်၏ အနှစ်သာရမှာ “မင်းမှုထမ်းသည် စကားကို ပြောသင့်သည်ထက် ပို၍များများမပြောရ။ မပြောဘဲ နှုတ်ဆိတ်၍လည်းမနေရ။ ပြောခွင့် ဆိုက်သော အခါ လိုရင်းကို ပြတ်သားစွာ ပြောဆိုရာ၏။ အမျက်မထွက် ရာ။ ကုန်းမတိုက်ရာ။ အကျိုးမရှိသောစကားကို မဆိုရာ။ မှန်သောစကားကိုသာ ဆိုရာ၏” ဟူသော ကျင့်အပ်သော တရားကို အစချီသော အရာရာသော ပညာများကို သုခမိန် ပီသစွာ ဟောကြားခဲ့လေသည်။ ဤဇာတ်တော်က ပညာပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာန်ပါရမီနှင့် ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်သည်။

ဝေဿန္တရာဇာတ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဝေဿန္တရာဇာတ်တော်

ပုဏ္ဏားတို့သည် ဝေဿန္တရာမင်းထံရောက်သော် ဆင်ဖြူတော်ကို အလှူခံသည်။ ဝေဿန္တရာမင်းလည်း ဆင်ဖြူတော်နှင့်တကွ ဆင်ဖြူတော်၌ ဆင်ယင်ထားသော အဖိုးတန် အဆင်တန်ဆာတို့ကိုပါ ပေးလှူလိုက်သည်။ ထို့ပြင် ဆင်ထိန်းနှင့်တကွ ဆင်ဖြူတော်အား ပြုစုစောင့် ရှောက်ရသူများကိုပါ ပေးလှူလိုက်လေသည်။ ထိုအခါ မဟာပထဝီမြေကြီးသည် ပြင်းစွာတုန်ဟည်းလျက် ဒုတိယ အကြိမ် ငလျင်ကြီး လှုပ်လေသည်ဟု ဖော်ပြထား သော ဝေဿန္တရာ၏ ဒါနပါရမီ၊ ဥပေက္ခာပါရမီ၊ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံများကို သိမြင်နိုင်ပါသည်။

မြန်မာဘာသာဖြင့် ရေးသားခြင်းများ[ပြင်ဆင်ရန်]

ဇာတ်တော်ဘွဲ့တို့၏ အမည်အပြည့်အစုံနှင့် ရေးသားသူနှင့် ပြီးစီးခုနှစ်မှာ-

  1. စန္ဒကုမာရဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ ပြာသိုလ၊ (မောင်ထောက် တောင်းပန်လျှောက်ထား၍)
  2. နာရဒဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ တပေါင်းလ၊ (မောင်ထောက် တောင်းပန်လျှောက်ထား၍)
  3. ဝိဓူရဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ ဝါခေါင်လ၊ (မောင်ထောက် တောင်းပန်လျှောက်ထား၍)
  4. ဝေဿန္တရာဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလ၊ (မောင်ထောက် တောင်းပန်လျှောက်ထား၍)
  5. မဟောသဓာဇာတ်(ပ၊ဒု) (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၆-ခုနှစ်၊ တန်ဆောင်မုန်းလ၊ (မောင်ထောက် တောင်းပန်လျှောက်ထား၍)
  6. မဟာဇနက္ကဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၇-ခုနှစ်၊ နယုန်လ၊ ( ကျောင်းတကာ မောင်ဝ၏သား မောင်ထောက် တောင်းပန်လျှောက်ထား၍)
  7. နေမိဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၈-ခုနှစ်၊ ဝါဆိုလ၊
  8. ဘူရိဒတ္တဇာတ် (ရှင်နန္ဒမေဓာ)ကောဇာ-၁၁၄၈-ခုနှစ်၊ နတ်တော်လ၊ (ဥက္ကံအရှင် သုမဏေ တောင်းပန်လျှောက်ထား၍)
  9. တေမိယဇာတ် (မင်းဘူးဆရာတော် ဦးဩဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ တပို့တွဲလ၊ ( ကျောင်းတကာ မောင်ဝ တောင်းပန်လျှောက်ထား၍)
  10. သုဝဏ္ဏသာမဇာတ် (ဦးပညာတိက္ခ) ကောဇာ-၁၁၈၈-ခုနှစ်၊ နယုန်လ၊ ( စာရေးတော်ကြီး မောင်သာ တောင်းပန်လျှောက်ထား၍)

[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးမိုးမြင့်(ဘီအက်စ်စီ)ရေး ဗုဒ္ဓ၏ ဘဝဖြစ်စဉ် ဇာတ်ကြီးဆယ်ဘွဲ့
  2. ဦးဖေမောင်တင်၏ မြန်မာစာပေသမိုင်း