ဆင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဆင်
African Elephant.jpg
ကုန်းနေအကြီးဆုံး နို့တိုက် သတ္တဝါ၊ အာဖရိကဆင်
သဘာဝထိန်း​သိမ်းခြင်းအခြေအနေ
[[Image:|250px]]
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက တိရစ္ဆာန်
မျိုးပေါင်းစု Chordata
မျိုးပေါင်း နို့တိုက်သတ္တဝါ
မျိုးစဉ် Proboscidea
မျိုးရင်း Elephantidae
မျိုးစု
မျိုးစိတ်
ဒွိနာမ
အမည်ကွဲ
[[Image:|250px]]
{{*အာဖရိကတိုက် ဆင်မျိုး

ရှေးပဝေသဏီအခါက ကမ္ဘာမြောက်ဘက်ခြမ်း၌ ဆင်ကြီးများ ကျက်စားခဲ့ကြသည်။ ယခုအခါ ထိုဆင်ကြီးမျိုးမှ ဆင်းသက်သော ဆင်အမျိုးနှစ်မျိုးကိုသာလျှင် တွေ့ရှိနိုင်တော့သည်။ ယင်းတို့မှာ 'အဲလီဖတ် အာဖရိကန်နပ်'ခေါ် အာဖရိကဆင်မျိုးနှင့် 'အဲလီဖတ် အာရှတိကပ်'ခေါ် အာရှဆင်မျိုးတို့ဖြစ်သည်။ အဆိုပါဆင်မျိုးနှစ်မျိုးတွင် အနွယ်အများအပြားပါဝင်သည်။

ဆင်သည် ကုန်းသတ္တဝါအပေါင်းတို့တွင် ကိုယ်ထည်အကြီးဆုံးဖြစ်သည်။ ခွန်အားလည်း အကြီးဆုံးဖြစ်၏။ လူတို့က ဖမ်းဆီးချုပ်နှောင်၍ စေခိုင်းသည်ကို ခံရသောအခါ အံ့ဩဖွယ်ကောင်းလောက်အောင် စိတ်ရှည်၏။ သင်ရလွယ်၏။ စေခိုင်းသည်ကို လွယ်ကူစွာပင် နာခံတတ်သည်။

အာဖရိကဆင်သည် အာရှဆင်ထက် ပို၍ကြီးမားသည်။ တစ်ခါတစ်ရံ ၁၁ပေမျှအထိပင် မြင့်သည်။ အာရှဆင်မျိုးသည် အရပ် ၁ဝ ပေထက် မကျော်ပေ။ အာဖရိကဆင်မျိုးသည် ဦးထိပ်လုံး၍ နားရွက်ကြီးသည်။ အာရှဆင်မျိုးသည် ဦးထိပ်ခွက်၍ နားရွက်သေးသည်။ အာဖရိကဆင်မျိုး၏နှာမောင်း၌ ညီညာသော အရစ်များပါရှိသည်။ ထိုနှာမောင်းများတွင် လက်ညှိုးလုံးလောက်ရှိသော နှုတ်ခမ်းနှစ်ခုလည်းရှိ၏။ အာရှဆင်မျိုး၏ နှာမောင်းသည် ပြောင်ချော၍အဖျားသို့ တစ်ဖြည်းဖြည်းသွယ်သွားသည်။ အဖျား၌ နှုတ်ခမ်းတစ်ခုတည်းသာ ရှိသည်။ အာရှဆင်နှင့် အာဖရိကဆင်တို့တွင် အခြားကွာခြားချက် များစွာရှိသေး၏။ ထိုကွာခြားချက်များကြောင့် ဇီဝဗေဒပညာကျော်များသည် ထိုဆင်များကို မျိုးစိတ်ခွဲ၍ သီးခြားနာမည်ပေးထားကြသည်။

အာဖရိကဆင်မျိုးသည် အာဖရိကတိုက် အတွင်းဖက်ကျသော တောနက်ကြီးများထဲတွင်သာ ကျက်စားလေ့ ရှိသည်။ အာရှဆင်မျိုးကို အိန္ဒိယဆင်မျိုးဟူ၍လည်း ခေါ်ကြသေး၏။ သို့သော်လည်း ထိုဆင်မျိုးကို အိန္ဒိယနိုင်ငံ၌သာမဟုတ်၊ မြန်မာနိုင်ငံထိုင်းနိုင်ငံသီရိလင်္ကာနိုင်ငံဆူမတြားကျွန်းမလေးရှားကျွန်းဆွယ် စသော အရပ်တို့တွင်လည်း အနှံ့အပြားတွေ့ရပေသည်။ ထိုဆင်နှစ်မျိုးသည်အကျင့်စာဂအားဖြင့် အလွန်တူညီသည်။ ဆင်ဟူသရွေ့သည်အပေါင်းအသင်းကိုကြိုက်သည်။

အချုပ်အနှောင် မခံရဘဲ၊ လွတ်လွတ်လပ်လပ်နေရလျှင်အစုအအုပ်နှင့်သာ သွားလာကျက်စားတတ်သည်။ ဆင်အုပ်တစ်အုပ်တွင်အကောင် ၁ဝ ကောင်မှ အကောင် ၁ဝဝ အထိ ရှိတတ်သည်။ အများအားဖြင့် ဆင်မကြီးက ဦးစီးခေါင်းဆောင်ပြုလေ့ရှိ၏။ ဆင်များကို တောထဲတွင် စမ်းချောင်းများအနီးအပါး၌ တစ်စုတစ်ရုံးကြီးတွေ့ရတတ်၏။ မိုးရာသီတွင် လွင်တီးခေါင်သို့၎င်း၊ တစ်ခါတရံ တောင်ပေါ်သို့၎င်း ပြောင်းရွှေ့သွားလေ့ရှိသည်။ ဆင်ထီးများသည် မုန်ယိုတတ်သည်။ မုန်ယိုနေသောအခိုက်တွင် ဆင်အုပ်ထဲမှ ခွဲ၍နေတတ်သည်။ မုန်ယိုသော ဆင်သည် လူကို ရန်မူတတ်၏။

ဆင်သည် အများအားဖြင့် ရာသီအပြောင်းအလဲကိုလိုက်၍ အစာရှာရန် ကောင်းမည့်နေရာသို့ ပြောင်းရွှေ့နေထိုင်လေ့ရှိသည်။ ဆင်သည် မြင်းကဲ့သို့ မတ်တတ်သော်၎င်း၊ ဝပ်လျက်သော်၎င်း အိပ်နေနိုင်သည်။ ညသန်းကောင်အချိန်နှင့် အပူပြင်းသည့်နေ့ဖက် အချိန်တို့တွင်သာ အများအားဖြင့် အိပ်လေ့ရှိသည်။ လူတို့၏ အချုပ်အနှောင်ကို ခံနေရသည့် အချိန်တွင် ဆင်သည် ရက် သတ္တပတ်ပေါင်းများစွာ မလဲမလျောင်းဘဲ နေတတ်သည်။ ငါး နှစ်မျှ မလဲလျောင်းဘဲနေနိုင်သောဆင်များရှိသည်ဟုသိရသည်။ ဆင်သည် ရေကူးကျင်လျင်သည်။ ပေ ၃ဝ ကျော်မျှနက် သောရေထဲတွင် ၆ နာရီမျှ နေနိုင်ကြောင်းအမှတ်အသားများရှိ သည်။ ဆင်သည်ခြေ ၄ ချောင်းစလုံး မြေကြီးမှကြွအောင် မခုန်နိုင်ချေ။ သို့သော်လည်းပြေးလွှားရာတွင်အံ့ဩဖွယ်ကောင်း လောက်အောင် မြန်ဆန်ပေသည်။

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ဆင်ကို လေးလံသော ဝန်ကို သယ်ဆောင်ရသည့် အလုပ်များလုပ်ကိုင်စေရန်ရွေးချယ် ၍ ခိုင်းစေသည်။ ခိုင်းစေသောအလုပ်တွင် ဆင်သည်တာဝန် ကျေပြွန်အောင် ဆောင်ရွက်နိုင်သည်။ ဆင်ကို သစ်တုံးများ ဆွဲစေရန်၎င်း၊ လေးလံသော ဝန်တို့ကိုမတင်သယ်ဆောင်စေ ရန်၎င်း အသုံးပြုသည်။ မျက်နှာပြင် ညီညာသောအရပ်ဒေသ များတွင် ဆင်သည် အလေးချိန်တတန်ခွဲမျှကိုသက်သာလွယ် ကူစွာသယ်ဆောင်သွားနိုင်ပေသည်။ အလွန်လေးလံသောဝန်ကို ဆွဲရန်အတွက် ဆင်လည်ပင်းတွင် သားရေကြိုးပြားကြီးရစ် ပတ်ပေးရသည်။ ထိုသားရေကြိုးပြား၌ ဝန်ကိုဆွဲယူရန်လွန် ကြိုးတစ်ချောင်း တပ်ထားရသည်။ အချို့ဒေသတို့၌ ဆင်ကို သစ်ဆွဲရန်သာမဟုတ်ဘဲ၊ တစ်ခါတစ်ရံ လယ်ထွန်ရန်၊ တစ်ခါတစ်ရံ ကုန်တွဲကြီးများ ဆွဲဆောင်ရန် စေခိုင်းကြသည်။ မြန်မာနိုင်ငံသစ်လုပ်ငန်းတွင် ဆင်မပါလျှင်မပြီးနိုင်သလောက်ပင် ဖြစ်သည်။

ဆင်ကို ယာဉ်အဖြစ်ဖြင့်လည်း အသုံးချနိုင်သေးသည်။ ဆင်၏ ကျောက်ကုန်းပေါ်တွင် ကုန်းနှီးတွဲကိုတပ်ဆင်ရ၏။ ထိုကုန်းနှီးတွဲပေါ်တွင် လူစီးနင်းလိုက်ပါနိုင်ရန်လေးဖက်လေး တန် အကာအရံပါသော ထိုင်စရာကို လုပ်ပေးရသည်။ ဆင် ဦးစီးသည် ဆင်၏လည်ပင်းပေါ်တွင်ထိုင်လျက်လိုက်တတ် သည်။ အိန္ဒိယနိုင်ငံ၌ မဟာရာဇာများသည်ကျားပစ်ထွက်သော အခါ ဆင်စီး၍ တောကစားကြသည်။ ရှေးအခါက စစ်တိုက် ရာတွင် ဆင်ကို များစွာအသုံးပြုသည်။ မြန်မာသမိုင်းတွင် ကျော်ကြားသော စီးချင်းတိုက်ပွဲများ ရှိခဲ့သည်။ ဆင်ကိုအိန္ဒိယ၊ မြန်မာ၊ ထိုင်းစသည့်နိုင်ငံများ၌ မင်းခမ်းမင်းနားများတွင် ရှေးကသုံးခဲ့သည်။

အများအားဖြင့် ဆင်မှာ မည်းညိုသော အရောင်ရှိသော် လည်း၊ ဆင်ဖြူများရှိသေး၏။ ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ တို့တွင် ဆင်ဖြူကို အတွေ့ရများသည်။ ဆင်ဖြူကို ဆင်မည်း နှင့် တန်းတူမထားဘဲ၊ မြင့်မြတ်သည်ဟူ၍ ယူဆယုံကြည်ကြ သည်။ 'မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ဆင်ဖြူကို အထွတ်အမြတ်ထားကြသည်။ မြန်မာဘုရင်တို့သည်ဆင်ဖြူ ရှင်ဟူသော ဘွဲ့ကို အလွန်နှစ်သက် လိုလားကြသည်။


ထို့ကြောင့် မြန်မာမင်းတို့၏ ရာဇဝင်၌ ဆင်ဖြူတော်ကို အကြောင်းပြု၍ စစ်မက်ဖြစ်ပွားကြသည်များ ရှိ၏။ ဆင်သည် သူ့နဂိုသဘာဝအတိုင်း နေရလျှင် ရုတ်တစ်ရက် မသေဘဲ၊ အတော်ပင်အသက်ရှည်သည်။ နှစ်တစ်ရာကျော်လောက်အထိ နေနိုင်သည်။ ဆင်မသည်သားမွေးလျှင်အရေ အတွက် ခပ်နည်းနည်းမွေးသည်။ ထို့ကြောင့် ဖမ်းဆီးခံရသော ဆင်တို့ အသေအဆုံးများလာလျှင် အစားထိုးရန် ၁ဝ နှစ် တစ်ကြိမ်၊ သို့မဟုတ် ၁၂ နှစ်တစ်ကြိမ်ခန့် ထပ်မံ၍ဖမ်းဆီး ရန်စီစဉ်ရသည်။ ဆင်ဖမ်းမည့်လူစုသည် ဆင်များကိုမဖမ်းဆီးမီ ရက်သတ္တပတ်ပေါင်း များစွာကပင်ကြိုတင်၍တောနက်ထဲတွင် လှည့်လည်ကာ ဆင်များကို လိုအပ်သည့်နေရာသို့ရောက် အောင်ကြံဆောင်၍ မောင်းယူကြရသည်။

နောက်ဆုံး၌ ကျုံးသွင်းရန် အဆင်သင့်ဖြစ်သောအခါ ဆင် များကို ရုတ်တစ်ရက် လန့်ဖျပ်သွားအောင် ကျယ်လောင်စွာ ညာသံပေး၍၊ လိုသောနေရာသို့စုရုံးရောက်ရှိစေရသည်၊ မကြာမီပင် ဆင်ရိုင်းကြီးများသည် ချောင်ထဲပိတ်မိနေ၍ ကြိုးကြီးများဖြင့် အချည်အနှောင်ခံကြရသည်။ ဤနည်းဖြင့် ဆင်ရိုင်းကြီး များကို ဖမ်းဆီးပြီးနောက်၊ ဆင်ယဉ်များဖြင့် ရောပြွမ်းထားကာ တစ်ဖြည်းဖြည်း ယဉ်ပါးလာအောင် လုပ်ယူကြသည်။ ရှေးအခါကတည်းကပင် ဆင်များကို ဆင်စွယ်အလို့ငှာ အများအားဖြင့် သတ်ဖြတ်ခဲ့ကြသည်။


မကြာသေးမီအချိန်လောက်အထိ၊ အာဖရိကဆင်များကို တစ်နှစ်လျှင်အကောင် ၄ဝဝဝဝ ကျော်မျှ သတ်ဖြတ်ခဲ့ကြသည်။ ယခုအခါ၌မူ ဆိုင်ရာနိုင်ငံအစိုးရတို့သည် ဆင်များအား စည်းကမ်းမဲ့သတ်ဖြတ်ခြင်းကို တားမြစ်ထားကြသည်။

ကျမ်းဂန်လာ မြန်မာဆင်[ပြင်ဆင်ရန်]

မြန်မာကျမ်းဂန်တို့တွင် ဆင်များကို အစွယ်ပေါက်ပုံသို့ လိုက်၍

  1. အစွယ် လုံးဝမရှိသော ဟိုင်းမျိုး၊
  2. သေးသွယ်သောအစွယ်၊ တိုသောအစွယ်ရှိသည့် ဟံမျိုး၊
  3. အစွယ် တစ်ချောင်းသာရှိသော တည်မျိုး၊
  4. အစွယ် နှစ်ချောင်းစုံရှိသော တံမျိုးဟူ၍ အမည်လေးပါးဖြင့် ခွဲခြားထားသည်။


ထို့ပြင် ဗလအား ခြားနားပုံသို့ လိုက်၍လည်း ဆယ်မျိုးခွဲခြားခေါ်ဝေါ် ပြန်လေသည်။ ယင်းတို့မှာ အစဉ်အတိုင်း တစ်မျိုးထက်တစ်မျိုးက ဆယ်ဆအားရှိလေရာ -

  1. လူဆယ်ယောက်အားရှိ၍၊ ညင်းညင်းအော်မြည်တတ်သော ဆင်မည်းတစ်မျိုးဖြစ်သည့် ကာဠာဝကဆင်၊
  2. ဂင်္ဂါမြစ်ပတ်ဝန်းကျင်တစ်ဝိုက်၌ ရှိကြ သည့် ဂင်္ဂေယျဆင်၊
  3. ဝါဖျော့ဖျော့ အရောင်ရှိသောပဏ္ဍရ ဆင်၊
  4. ကြေးနီရောင်အဆင်းရှိသော တမ္ဗဆင်၊
  5. ကြောင်သောအဆင်းရှိသည့် ပိင်္ဂလဆင်၊
  6. အနံ့မွှေးသောဂန္ဓဆင်၊
  7. တင့်တယ်စွာ သွားတတ်သော မင်္ဂလဆင်၊
  8. ရွှေရောင် အဆင်းရှိသော ဟေမဆင်၊
  9. ဖြူသောအဆင်းရှိ၍၊နှာမောင်း အမြီး လှပရှည်သွယ်ပြီးလျှင် ကောင်းကင်၌ကျက်စားတတ်သော ဥပေါသထဆင်၊
  10. ဘော်ငွေအဆင်းရှိပြီးလျှင် ညီညွှတ်သော အစွယ်နှစ်ချောင်းမှ ရောင်ခြည်ခြောက်မျိုးထွက်ကာ အမြီးဦးခေါင်းရှည်သွယ်၊ အလုံးစုံသော ကြန်အင်လက္ခဏာနှင့် ပြည့်စုံ

လျက် ကောင်းကင်၌လည်း ပျံသွားနိုင်သည့် ဆဒ္ဒန်ဆင်ဟူ၍ ဖြစ်လေသည်။

ဆဒ္ဒန်ဆင်မင်း[ပြင်ဆင်ရန်]

ဆဒ္ဒန်ဆင်သည် ဆင်တကာတို့၏ အထွတ်အမြတ် ဖြစ် သည်။ မြန်မာစာပေတွင်ဆဒ္ဒန်ဆင်ကို စာဖွဲ့လေ့ရှိသည်။ အထူး သဖြင့် ငါးရာငါးဆယ်နိပါတ်တော်လာ အလောင်းတော် ဆဒ္ဒန်ဆင်မင်း၏ အကြောင်းမှာ ကြေကွဲဖွယ်ရာ ဖြစ်သောကြောင့် မြန်မာတို့ နှစ်ခြိုက်ကြသည်။ ယင်းဇာတ်ဝတ္ထုကို စလေဦးပုည စာပေဂုဏ်မြောက်စွာ ဖွဲ့နွဲ့ရေးသားလိုက်သောအခါ ပိုမိုကြည် နူးလွမ်းဆွတ်ဖွယ်ရာ ဖြစ်လာပြီးလျှင် မြန်မာစာပေ လိုက်စားသူတိုင်းသည် ယင်းဝတ္ထုကို အထူးကြိုက်နှစ်သက်ကြလေ သည်။ ဆဒ္ဒန်ဆင်မင်းအကြောင်းကား ဤသို့ဖြစ်၏။

ရှေးလွန်လေပြီးသောအခါ မြတ်စွာဘုရားအလောင်းသည် ဟိမဝန္တာတောကြီးအလယ်၌ တောတဆယ့်ခြောက်ထပ်၊ တောင် စဉ်ခုနစ်ထပ် ရံထားသော ဆဒ္ဒန်အိုင်ကြီး၏ အနောက်မျက်နှာ တွင် တဆယ့်နှစ်ယူဇနာရှိသော ရွှေဂူ၌ ဆဒ္ဒန်ဆင်အမျိုးပေါင်း ရှစ်သောင်းခြံရံလျက် ဆဒ္ဒန်ဆင်မင်း ဖြစ်တော်၏။ ထိုဆဒ္ဒန် ဆင်မင်း၏ အရပ်ကား တဆယ့်ရှစ်တောင်၊ အလျားကား အတောင်တစ်ရာ့နှစ်ဆယ်၊ နှာမောင်းကား အလျား ငါးဆယ့် ရှစ်တောင် အစွယ်ကား လုံးပတ်အားဖြင့် တဆယ့်ငါးတောင်၊ အလျားအားဖြင့် အတောင်သုံးဆယ်ဟူ၍ အသီးသီးရှိ၏။ခြေ ဖျား၊ လက်ဖျား၊ နှုတ်ဖျားတို့သည် ချိပ်ရည်သွေးကဲ့သို့ နီမြန်း ၏။ ကိုယ်အလုံးသည် ငွေလမင်းကဲ့သို့ ဆွတ်ဆွတ်ဖြူ၏။ အစွယ်သည် ညိုရွှေနီစက်၊ ပြိုးပြက်ဖြူမောင်းသော အရောင် ခြောက်ပါးနှင့် ပြည့်စုံ၏။ ဆဒ္ဒန်ဆင်မင်းသည် မိုးအခါ၌ ရွှေဂူတွင်စံလျက် နွေအခါတွင်မူ ညောင်နန်းတွင် စံနေတော်မူ တတ်၏။ ဆဒ္ဒန်ဆင်မင်း၌ မဟာသုဘဒ္ဒါ၊ စူဠသုဘဒ္ဒါဟူ၍ မိဘုရားနှစ်ပါးရှိ၏။ တစ်ရံရောအခါ ဆဒ္ဒန်ဆင်မင်းသည် ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်ပျိုအောက်၌ ခိုလှုံရပ်နား နေခိုက်၊ လက်ျာတော်လေအောက်က မဟာသုဘဒ္ဒါ၊ လက်ဝဲ တော်လေညာက စူဠသုဘဒ္ဒါတို့ ခစားနေစေလျက်၊ အင်ကြင်း ပင်ကို ဦးကင်းဖြင့်ဝှေ့၍ ပန်းမိုးရွာစေ၏။ ထိုအခါ သစ်ခြောက် ကိုင်းတို့နှင့်တကွ ပရွက်ခါချဉ်တို့သည် စူဠသုဘဒ္ဒါအပေါ်သို့ လှုပ်တိုင်း ကျလာ၏။ မဟာသုဘဒ္ဒါအပေါ်၌ကား ပန်းပွင့် ပန်းမှုန်တို့မှာ လေညာမှလွင့်၍ စုပုံကျလာကုန်၏။ ထိုအခြင်း အရာကြောင့် စူဠသုဘဒ္ဒါသည် ဆင်မင်းသည် ချစ်ခြင်းမညီဟု သဘောထားကာ အငြိုးကြီးစွာ ထားလေ၏။ တစ်ဖန် အိုင် အတွင်းသို့ သက်ဆင်း၍ ရေကစားသည်တွင် ပဒုမ္မာကြာမှုန် တို့၏ဝတ်ဆံတို့ကို ကြဲဖြန့်ကစားတော်မူ၍၊ ကြွင်းသောကြာပန်း တို့ကို မဟာသုဘဒ္ဒါ တစ်ဦးတည်းကိုသာ ပေးမိပြန်သဖြင့် ဒုတိယအကြိမ် ရန်ငြိုးဖွဲ့ပြန်၏။ ထို့နောက် စူဠသုဘဒ္ဒါသည် ရှင်ပစ္စေကဗုဒ္ဓါ ငါးရာတို့အား ကြာစွယ်ကြာရင်းတို့ကို ဆက် ကပ်လှူဒါန်း၍ 'အကျွန်ုသည် ယခုဘဝမှ စုတေခဲ့သော်၊ ဧကရာဇ်မင်း၏ ရှုမငြီးသော မိဘုရားကြီးဖြစ်လျက် ဇာတိဿရ ဉာဏ်ကိုလည်း ရပါစေသော။ ထိုအခါ ဤဆဒ္ဒန်ဆင်မင်း၏စွယ် တော်အစုံကို ဖြတ်ပိုင်း၍ ယူနိုင်ပါစေသော' ဟု ဆုတောင်း၏။

ထို့နောက် အစာရေစာ မစားဘဲ၊ အားပြတ် စုတေ့လေသော်၊ ဆုယူသည့်အတိုင်း မဒ္ဒရာဇ်မင်း၏ သမီးတော်ဖြစ်လာ၏။ ထို သမီးတော်အရွယ်ရောက်လတ်သော် ဗာရာဏသီမင်း၏ မိဘုရား ဖြစ်လာ၏။ မိဘုရားလည်း မိမိ၏ အတိတ်ဘဝကို အောက်မေ့ ၍ မိမိဆုတောင်းခဲ့သည့်အတိုင်း ဖြစ်မြောက်စေရန် ညှိုးငယ် သော အသွင်ကိုဆောင်၍နေလေ၏။ ထိုအခြင်းအရာကို မြင် လတ်သော် မင်းကြီးက မေးမြန်းလေ၏။ မိဘုရားလည်း မင်း ကြီးအား ဆဒ္ဒန်ဆင်မင်း၏ စွယ်တော်ကို နားတောင်းအဖြစ် ပန်ဆင်လို သည်ဟု တင်လျှောက်လတ်သော်၊ မင်းကြီးသည် ဆဒ္ဒန်ဆင်မင်းကို ရှာဖွေစေရန် သောနုတ္တရမုဆိုးကို ဆင့်ဆို တော်မူ၏။ မိဘုရားလည်း ထိုမုဆိုးအားမိမိကိုယ်တိုင်လမ်းညွှန် ၍ ဆင်မင်းကို အဆိပ်လူးသောများဖြင့် ပစ်သတ်လျက် အစွယ် တော်ကိုဖြတ်ယူခဲ့ရန် စေလွှတ်လေ၏။ မုဆိုးလည်း ခုနစ်နှစ်၊ ခုနစ်လ၊ ခုနစ်ရက်ကြာမှ ဆဒ္ဒန်ဆင်အိုင်သို့ ရောက်လေ၏။ ထို့နောက် ဆင်မင်း၏နေရာ အသွားအလာလမ်းများကို မှတ် သား၍ ဆင်မင်းရပ်တည်မည့်နေရာ တည့်တည့်၌ ဥမင်တူးကာ၊ ဆင်မင်း၏ ချက်နှင့်ချိန်လျက် မြားပစ်ရန် အပေါက်ဖေါက်ထား ၏။ မိမိကိုယ်ကိုလည်း သင်္ကန်းဝတ်ရုံထားလေသည်။ နောက် တစ်နေ့ ဆင်မင်းနှင့် ဆင်မိဘုရားတို့ ယင်းအရပ်၌ ရေစစ်ရန် ရပ်တန့်ခိုက်တွင်ပင် မုဆိုးက ဆိပ်လူးမြားဖြင့်ပစ်လတ်သော် ဆင်မင်းသည် တောတောင်အလုံး ပဲ့တင်ဟီးမျှ သုံးကြိမ် ဟစ် အော်ညည်းညူတော်မူရာ၌ ဆင်အပေါင်းကလည်း ရန်သူကို ချေမှုန်းပစ်အံ့ဟု တောတောင်ပတ်လည် လှည့်လည်ရှာဖွေကြ၏။

ဘုရားလောင်းသည် မြားလာရာလမ်းကို ကြည့်သဖြင့် သိတော်မူ ရကား၊ မဟာသုဘဒ္ဒါအား ထပ်မံထိခိုက်မည်စိုး၍ အခြားသို့ ဖယ်ရှားစိမ့်သောငှါ အမျက်ထွက်လေဟန်ဖြင့် ရန်သူကိုရှာစေ လေ၏။ ဆင်မင်းသည် မြားလာရာ အောက်အရပ်သို့ ခွာတော် နှင့်ရှပ်သဖြင့် ဥမင်ထဲရှိမုဆိုးကို မြင်သောအခါ နှာမောင်းဖြင့် ဆွဲယူတော်မူ၏။ မုဆိုးလည်း မိမိကိုယ်မှ သင်္ကန်းကိုခွာလျက် နှာမောင်းပေါ်သို့ တင်လိုက်၏။ ဆဒ္ဒန်ဆင်မင်းသည် သင်္ကန်း ကိုမြင်ရုံမျှနှင့်ပင် အမျက်ပွားမိသည်ကို ချုပ်တည်း၍မုဆိုးအား အကြောင်းအရင်းကို မေးမြန်းလေ၏။ ထိုအခါ မုဆိုးသည် သုဘဒ္ဒါမိဘုရားက ဆဒ္ဒန်ဆင်မင်း၏ စွယ်တော်ကိုအလိုရှိ၍ စေခိုင်းကြောင်းကို လျှောက်ထားလေရာ၊ ဘုရားလောင်းဆင်မင်း သည် မိမိ၏အစွယ်ကို မိမိဖြတ်၍၊ သဗ္ဗညုတဉာဏ်၏ ရရာရ ကြောင်း အထောက်အပံ့ဖြစ်စေသတည်းဟု ဆုတောင်းလျက်၊ မုဆိုးအားပေးလှူပြီးသော် 'အဆွေတော် သောနုတ္တိုရ်၊ မောင်မင်း သခင်၊ ပလ္လင်ညာရံ၊ စံပေသည့်နတ်၊ မယ်သုဘဒ်ကို၊ ဆတ် ဆတ်သဘော၊ ငါမှာတိုင်းပြောပါလေ။ တောဟေဝန်ချောင်၊ မြိုင်သာခေါင်တွင်၊ ငွေတောင်ကြီးသွင်၊ ခင်မလင်ကို၊ အရှင် လတ်လတ်၊ သင်စေ၍သတ်ခဲ့ပြီ။ စွယ်တော်ဓာတ် နှစ်ချောင်း၊ ခြောက်ရောင်မောင်းကိုလည်း၊ ၎င်းဆင်ကြီး၊ မသေခင်ဖြတ်လှီး ၍၊ သွေးစီးသံထွက်၊ နာကျင်စွာနှိပ်စက်ပြီးမှ၊ အသက်ဆုံးစေခဲ့ ပါပြီ။ ဤစွယ်တော်စုံကို ရွှေဘုံသူ မှန်ကူ၊ သုံးရက်တော်မူသေး လျှင်၊ ရန်သူကြီးအစွယ်ကို၊ ရွှေလက်ဝယ် သပါမည်။ အားရ စိတ်ရွှင်၊ ကျေနပ်အောင်စီရင်၍၊ ပြုချင်တိုင်းပြုတော်မူပါတော့ ဘုရားဟူ၍၊ မောင်မင်းသခင်၊ မုန်းပင်စိုက်ပျိုး၊ ပြေချိန်တိုင်၍မှ မပြေနိုင်ငြိုးတတ်သည့်၊မုဆိုးတစ်ပိုင်း၊မိန်းမရိုင်းကြီးကို၊ငါမှာ တိုင်းပြောပါလေ' ဟု မှာကြားလေ၏။ထို့နောက် ဆဒ္ဒန်ဆင် ကောင်း၊ ဘုရားလောင်းလည်း၊ မယားဟောင်းလက်ချက်နှင့် အသက်ဆုံးတော်မူလေသတည်း။

မုဆိုးကား ဗာရာဏသီသို့ပြန်၍၊ စွယ်တော်ကို သုဘဒ္ဒါ မိဘုရားအား ဆက်သပြီးလျှင် ဆဒ္ဒန်ဆင်မင်း၏ မှာစကားကို ပြန်ကြားလေ၏။ ထိုအခါ သုဘဒ္ဒါမိဘုရားသည် 'စကားရှေ့ နောက်၊ ပြန်လှန်ကာထောက်လတ်သော်၊ နောက်နောက်ကျိကျိ၊ နှလုံးတော်ရှိလှ၍၊ မဏိခြယ်စီ၊ သိင်္ဂီရိုးညှောက်၊အံ့လောက် ဆန်းပြား၊ ရွှေယပ်မားဖြင့်၊ သနားစိတ်ဝင်၊ခံယူတင်ပြီးလျှင်၊ ရင်ခွင်တော်၌၊ စွယ်တော်ကိုပိုက်ပြန်၍၊ တစိုက်စိုက်ရှုယင်းပင်၊ ပြုမိသည့်ဖြစ်ထွေ၊ လင်သေသည့်အကြောင်း၊ ဘဝဟောင်းက၊ ငယ်ပေါင်းပြီပြီ၊ လည်ချင်းမှီ၍၊ နာရနီခိုင်၊ မြဆိုင်ပညောင်၊ ရွှေဂူချောင်မှာ၊ ဆွေမောင်နှင့်မယ်၊ ကျီစယ်သမှု၊ ပန်းခိုင်လု လျက်၊ ကယုကယင်၊ ချစ်တုံ့တင်သဖြင့်၊ ကြင်ကြင်လည်လည်၊ ပျော်ဘူးသည်များကို ကြံစည်စေ့စေ့၊ တစိမ့်စိမ့်အောက်မေ့၍၊ တငွေ့ငွေ့ဆင်ခြင်၊ ပူစကိုငင်မိလျှင်၊ ပူပင်လယ်ဝေ၊ လှိုင်းဘောင် ဘင်မွှေသောကြောင့်၊ မဖြေနိုင်မဆည်နိုင်၊ သည်းဆိုင်မှာလောင် ခြစ်၍၊ ကျမည်ရည်ချောင်းဖြစ်အောင်၊ အော်ဟစ်၍ငိုဆဲတွင်၊ နဂိုရ်တော်ဖေါက်လဲ၍၊ ဗာရာမင့်လည်ဆွဲသည် ရင်ကွဲနာနှင့် နတ်ရွာစံတော်မူလေ၏။' [၁]

မြန်မာ့ဆင်‌[ပြင်ဆင်ရန်]

ဆင်နှင့် မြန်မာ့သမိုင်း[ပြင်ဆင်ရန်]

ဆင်သည် မြန်မာ့သမိုင်းတွင် အရေးပါသော သတ္တဝါ ဖြစ်သည်။ ရှေးခေတ်က မြန်မာဘုရင်များ စစ်မက်ဖက်ပြိုင်ရာတွင် ဆင်ကို စစ်အင်အားတစ်ခုအနေဖြင့် အသုံးပြုကြသည်။ ထိုမျှသာမက မြန်မာဘုရင်များသည် မိမိတို့ ပိုင်ဆိုင်သော ဆင်ဖြုအရေအတွက်ကို ဂုဏ်ယူဖွယ်တစ်ရပ်အနေဖြင့် ဘွဲ့အမည်တွင် ထည့်သွင်းမှည့်ခေါ်ကြသည်။ ဘုရင့်နောင်ကျော်ထင်နော်ရထာ၊ မြေဒူးမင်း စသူတို့သည် ဆင်ဖြူရှင် ဘွဲ့အမည်နှင့် ထင်ရှားကျော်ကြားသည်။

ဆင်နှင့်သစ်ထုတ်လုပ်ငန်း[ပြင်ဆင်ရန်]

ဆင်သည် မြန်မာ့သစ်ထုတ်လုပ်ရေးတွင် အရေးပါသော သတ္တဝါတစ်ကောင် ဖြစ်သည်။ စက်ယန္တရားများ မဝင်ရောက်နိုင်သော ဒေသများတွင် ဆင်ကို အသုံးပြု၍ သယ်ယူပို့ဆောင်မှု ပြုကြသည်။ ယနေ့ထက်တိုင် ဆင်များကို သစ်လုပ်ငန်းများတွင် အသုံးပြုဆဲ ဖြစ်သည်။

ဆင်အမျိုးအစားများ[ပြင်ဆင်ရန်]

အစွယ်အမျိုးအစားပေါ် မူတည်၍ ဆင်ထီးများကို လေးမျိုးလေးစားခွဲခြားနိုင်သည်။ အစွယ်နှစ်ဖက်ပါရှိသော ဆင်ကို စွယ်စုံဆင်ဟု ခေါ်သည်။ အစွယ်တစ်ဖက်သာပါရှိသောဆင်ကို တေဆင်(တယ်လူး)ဟုခေါ်ပြီး အစွယ်လုံးဝ မပါရှိသောဆင်ကို ဟိုင်းဆင်ဟု ခေါ်ဝေါ်ကြသည်။ အစွယ်အနည်းငယ်(တစ်မိုက်ခန့်)ရှိသော ဆင်ကို ဟန်ဆင်(ဟန်ကုပ်) ဟုခေါ်ပါသည်။ ဆင်မ များတွင် အစွယ်ရှိသော်လည်း စွယ်ဖုံးအပြင်သို့ မထွက်သောကြောင့် မမြင်ရချေ။

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ဆင်အမျိုးအစားများ (မြန်မာ)

ဆင် ( ၁၀ ) မျိုး[ပြင်ဆင်ရန်]

မုံရွေးဇေတဝန် ဆရာတော်ကြီး၏ ဥတိန္နပျို့ ပုဒ်ရေ (၃၂) တွင် ဆင်များကို အချုပ်အားဖြင့် (၁၀) မျိုး ပြသထားသည်။

  1. ကာဠာ၀ကဆင် = ဆင်မည်း၊ ညင်းညင်းသာသာ မြည်တက်သော အသံရှိသည့်ဆင်။ ယောက်ျား (၁၀) ဦး၏ အားအစွမ်းနှင့် ညီမျှသော အားရှိသည်။
  2. ဂင်္ဂေယျဆင် = ဂင်္ဂါမြစ်အနီး၌ ပေါက်ဖွားသောဆင်။ ယင်းဆင်သည် သရက်ရွက်နုနု အဆင်းရှိသည်။ အပေါင်းအသင်းတို့နှင့် မွေ့လျှော်တက်သောကြောင့်လည်းကောင်း၊ ဥဒေါင်းမြီးစည်းနှင့်တူသော တင့်တယ်သော အမြီးရှိသောကြောင့် ကာလာပ ဟုခေါ်တွင်သေး၏။ ကာဠာ၀ကဆင် (၁၀) စီးအားနှင့် ညီမျှသော အားရှိသည်။
  3. ပဏ္ဍရဆင်= သစ်ရွက်ရော်အဆင်းရှိ၏ (ဝါဖန့်ဖန့် အရောင်အဆင်းရှိသည်)။ ဂင်္ဂေယျဆင် (၁၀) စီးအားနှင့် ညီမျှသောအားရှိသည်။
  4. တမ္ပဆင်=ကြေးနီရောင် အသွင်နီကြင်ကြင် အဆင်းရှိသည်။ ပဏ္ဍရဆင် (၁၀) စီးအားနှင့် ညီမျှသောအားရှိသည်။
  5. ပိင်္ဂလဆင်=ဖြူနီရောင် စသည်တို့နှင့် ရောပြွန်းကြောင်ကြားနေသော အဆင်းရှိသည်။ တမ္ပဆင်(၁၀) စီးအားနှင့် ညီမျှသောအားရှိသည်။
  6. ဂန္ဓဆင်=မွေးကြိုင်သင်းပျံ့ ကောင်းသောရနံ့ရှိသောရှိသောဆင်၊ အရောင်သည် အပြာရောင်၊ အဖြူရောင်ရောသော နှမ်းဆွတ်ဆုပ် အဆင်းနှင့် တူသော အဆင်းရှိသည်ဟု လောကီကျမ်းအချို့၌ အဆိုရှိသည်။ ပိင်္ဂလဆင်(၁၀) စီးအားနှင့် ညီမျှသော အားရှိသည်။
  7. မင်္ဂလဆင်=တင့်တင့်တယ်တယ် ဖွယ်ဖွယ်ရာရာ သွားလာတတ်သော ဆင်၊ နက်မှောင်သော အဆင်းရှိလျှက် ကြန်အင်လက္ခဏာနှင့် ပြည့်စုံသည်ဟု လောကီကျမ်းတို့၌ အဆိုရှိသည်။ ဂန္ဓဆင်(၁၀) စီးအားနှင့် ညီမျှသော အားရှိသည်။
  8. ဟေမဆင်=ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အဆင်းရှိသည်။ မင်္ဂလဆင်(၁၀) စီးအားနှင့် ညီမျှသောအားရှိသည်။
  9. ဥပေါသထဆင်=ဥပေါသထဆင်မျိုး၌ ဖြစ်သောကြောင့်လည်းကောင်း ဆန့်ကျင်ဘက် ရန်သူတို့ကို နိုင်စေတက်သည်။ လျှောက်ပတ်သောအရပ်၌ ချဉ်းကပ်နေထိုင်တတ်သောကြောင့်လည်းကောင်း ဥပေါသထဆင်ဟုခေါ်သည်။ ရှည်သွယ်ညီညွတ်သော အစွယ်လဲရှိသည်။ ဟေမဆင်(၁၀) စီးအားနှင့် ညီမျှသော အားရှိသည်။
  10. ဆဒ္ဒန်ဆင်=အစွယ်၌ အရောင် ၆ မျိုးရှိသည်(အစွယ်မှ အရောင်ခြောက်မျိုးထွက်သည်)။ ဥပေါသထဆင်နှင့် ဆဒ္ဒန်ဆင်တို့၏

အရောင်သည် ဘော်သားအတူ ဖြူဖြူဖွေးကြသည်။ ဥပေါသထဆင် (၁၀) စီးအားနှင့် ညီမျှသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)