နယား
အခြားနိုင်ငံများတွင် နဂါး (Dragon) သည် ခြေထောက်ပါလေ့ရှိသော်လည်း မြန်မာနိုင်ငံတွင် ခြေလေးချောင်းပါသော နဂါးကို နယားဟုခေါ်ဆိုသည်။ နယားနှင့်ပတ်သက်၍ ပျူခေတ်မှ စတင်ခဲ့သည်ဟု ဆိုရပေမည်။ ပျူယဉ်ကျေးမှု ထွန်းကားရာ အထက်အညာအရပ်များတွင် နယားလက်ကောက်၊ နယားလက်စွပ်၊ နယားခါးပတ် စသည့် ရှေးဟောင်းပစ္စည်းများကို တွေ့ရှိရခြင်းက သက်သေထူလျက်ရှိပေသည်။ နယားပုံတွင် ထူးခြားသည့်အချက်တစ်ခုမှာ အထက်မှ အောက်သို့ ဆင်းဟန်သာ တွေ့ရပြီး အောက်မှ အထက်သို့ တက်ဟန်ကိုမူ မတွေ့ရပေ။ အမှန်တကယ် နယားသည် လောကတွင် မရှိပေ။ လောကကို အလှဆင်သော အနုပညာရှင်များ၏ စိတ်ကူးမှ ပေါက်ဖွားလာသော အလှအယဉ် သတ္တဝါတစ်မျိုး ဖြစ်သည်။
နယားသည် မြန်မာမှုဆိုင်ရာ ရုပ်လုံး ရုပ်ကြွနှင့် ဆေးရေးပန်းချီ၊ ရွှေဇဝါရေးပန်းချီတို့တွင် တစ်မျိုးတစ်ဘာသာ ထူးခြားလျက် ရှိပေသည်။ နယားရုပ်ကို ကွက်ဖြည့်အနေဖြင့် ၊ အထောက်အကူအနေဖြင့် ထုလုပ်မွမ်းမံကြသည်။ အနုပညာမြောက်စေရန် ရည်ရွယ်၍ ပညာရှင်များက အဆန်းတကြယ် စိတ်ကူးဉာဏ်ကူးဖြင့် မွမ်းမံထုလုပ် တပ်ဆင်ကြသည်။
မြန်မာတို့ အထွတ်အမြတ်ထားသော စေတီပုထိုးတို့၌ ထီးတော်တွင် ငှက်မြတ်နားရှိရာ ယင်းငှက်မြတ်နားကို အမျိုးမျိုးအဖုံဖုံ စိတ်ကူးဉာဏ်ဖြင့် အနုပညာမြောက် လှပဆန်းကြယ် တင့်တယ်အောင် ပန်းချီဆရာ၊ ပန်းတဉ်းဆရာတို့က ပြုလုပ်ကြသည်မှာ
- ကနုတ်ပန်း ငှက်မြတ်နား
- ဟင်္သာရုပ် ငှက်မြတ်နား
- နယားရုပ် ငှက်မြတ်နား
- နဂါးရုပ် ငှက်မြတ်နား ဟူ၍ လေးမျိုးခန့် ပေါ်ထွန်းခဲ့သည်။
အင်းဝခေတ်နောက်ပိုင်းတွင် နယားရုပ်ခံ၍ ရွှေကွမ်းအစ်များ ပြုလုပ်ပြီး မိဘုရား၊ မှူးမတ်တို့၏ နန်းတော်၊ အိမ်တော်များတွင် အဆောင်အယောင်အဖြစ် ထားရှိခဲ့ရာ မင်းခမ်းမင်းနား တော်ဝင်ပစ္စည်းအဖြစ် ထင်ပေါ်ခဲ့သည်။ ထီးသုံး နန်းသုံး သလွန်များတွင် နယားရုပ်ခံ၍ ပြုလုပ်ခဲ့ကြသည်။ သဉ္စလီ (ကုလားထိုင်) အချို့တွင်လည်း နယားခြေတပ်ကြသည်။ ယင်းသဉ္စလီကို မင်းမိဖုရားများသာ အသုံးပြုခွင့် ရကြသည်။ သဉ္စလီတင်ပြီး လူထမ်းရသော ထမ်းစင်ကို ဝေါတော်ဟုခေါ်သည်။ မင်းညီမင်းသားများစီးသော သမ္ဗာန်တော်ကို နယားဦးရုပ် ခေါ်ကြောင်း မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း ပဉ္စမပိုင်းတွင် တွေ့ရသည်။ နယားသုံးကောင် ခံသည့် ပန်းပုကလပ်၊ နယားခံကွမ်းအစ်၊ ကွမ်းခွက်များကို တွေ့ရသည်။ ဗိသုကာပညာရှင်များကလည်း ပန်းပုဆရာများနှင့် ညှိကာ အဆောက်အဦများတွင် နယားရုပ်အမျိုးမျိုးကို လှပတင့်တယ်စွာ အသုံးပြုခဲ့ကြသည်။
တောင်ပံတပ်ထားသော နယားပျံများကို မြန်မာဆိုင်း ပတ်မကြီးထမ်းစင်တွင် နဂါးအစား အသုံးပြုလာကြသည်။ ဘုရားပလ္လင်၊ တံကဲ၊ လှေခါးအတက်အဆင်းဝဲယာများ၊ ခေါင်းလောင်းချိတ်များ၊ ပြာဿဒ်ရှိ လင်းနို့တောင်များ၊ တိုင်ဖုံးများ၊ တိုင်ဆင်းများ၊ ခန်းဆီးလိုက်ကာများ တွင် နယားရုပ်များ အသုံးပြုလာကြသည်။
ကျမ်းကိုး
[ပြင်ဆင်ရန်]- ↑ ရာမညကိုကိုနိုင်“အမွေခံထိုက်သော မြန်မာ့ပန်းပုပညာ”