မာတိကာသို့ ခုန်သွားရန်

ဗြဲတိုက်

ဝီကီပီးဒီးယား မှ
၀၄:၂၉၊ ၂၉ နိုဝင်ဘာ ၂၀၂၀ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ရိုဘော့ - မြန်မာ့ သမိုင်း ကို မြန်မာနိုင်ငံ၏ သမိုင်း ဖြင့် အစားထိုးနေသည်) တည်းဖြတ်သည့်မူ

ဗြဲတိုက်ဟူသည်မှာ မြန်မာဘုရင်များလက်ထက် လွှတ်ရုံးငါးရပ်အနက် တစ်ရပ်အပါအဝင်ဖြစ်သည်။ နန်းမြို့တော်အတွင်း ဇေတဝန်ဆောင်၏ မြောက်ဖက် သီဟာသနပလ္လင်ရွှေနန်းပြသာဒ်တော်ကြီး၏ မြောက်ဖက်တွင် တည်ရှိသည်။ ဘုရင်စံတော်မူရာ နန်းတော်နှင့် တဆက်တည်း ဖြစ်သည်။ဗြဲတိုက်ဟူသော ဝေါဟာရမှာ မွန်ဘာသာစကား ပတိုက်ဗြဲမှ လာကြောင်းဖြင့် ရွှေဘုံနိဒါန်း၌ ဆိုသည်။ မွန်ရေးထုံးကျကျ ရေးလိုမူ တိုက်ဗဲလ္လာဟု ဖြစ်သည်။ တိုက်သည် အဆောင်ဖြစ်၍ ဗဲလ္လာသည် လူပျိုဖြစ်သည်။ အဓိပ္ပါယ်မှာ လူပျိုတော်တို့စွဲမြဲခစား ထမ်းရွက်နေထိုင်ရသော အဆောင်တော်ဟုဖြစ်သည်။ ဟံသာဝတီ ဆင်ဖြူရှင် လက်ထက် မွန်လူပျိုတော်များ မြဲစွဲခယမ်း ထမ်းရွက်ခဲ့ဖူးသည်ကို ရည်ရွယ်၍ နောက်မင်းများလက်ထက် လူပျိုတော်များ မနေသော်လည်း ရှေးခေါ်မြဲအတိုင်း ဗြဲတိုက်ဆောင်ဟု ခေါ်ကြသည်။ အင်္ဂလန်ရှိ Privy Council သဘောမျိုးဆောင်သည်။

ဖွဲ့စည်းပုံ

ဗြဲတိုက်သည် ခပ်လျားလျားဖြစ်၍ တောင်မြောက် အလျား ကွန်းဆယ်လုံး၊ သုံးထပ်လယ်ပေါ်နှင့် မြောက်ဖက်က အနိမ့်၊ တောင်ဖက်က အမြင့်ထားပြီးလျှင်ဆောက်လုပ်ထားသည်။ထိုအမြင့်ပိုင်းကို အထက်ဗြဲတိုက်ဟုခေါ်၍ အနိမ့်ပိုင်းကို အောက်ဗြဲတိုက်ဟုခေါ်သည်။ အထက်စံတိုက်တွင် စံကားသားဖြင့် ပြုလုပ်၍ ဆင်ရုပ်များ ခံထားသော ဂဇာသနပလ္လင်ရှိသည်။ အောက်ဗြဲတိုက်ကို မြေမှ ၅ပေခန့်မြင့်ပြီး အုတ်ခံသမံတလင်း စိန်တောင်များနှင့် ပြုလုပ်ထားသည်။ပန္နက်ပုံများအရ အောက်ဗြဲတိုက်သည် နန်းတော်အုတ်ခုံကို မေးတင်ထားသကဲ့သို့ ရှိသည်။ အဆောက်အဦးမှာ သစ်သားဖြင့် ဆောက်လုပ်ထားသကဲ့သို့၍ ဇေတဝန်ဆောင်များကဲ့သို့ ပိန်းချ မဟုတ်ဘဲ အနီခံ ရွှေရေး၊ သို့မဟုတ် အနီတစ်ဝက် ရွှေတစ်ဝက် ချထားသော အဆောင်ဖြစ်သည်။

ရာထူးခန့်ထားပုံနှင့် တာဝန်များ

ဗြဲတိုက်တွင် ယေဘုယျအားဖြင့် အတွင်းဝန် ၄ပါး၊ သံတော်ဆင့် ၄ယောက်၊ ဗြဲတိုက်သံဆင့် ၄ယောက်၊ စာရေးတော် ၃ယောက်၊ သံတိုက်စိုး ၁ယောက်၊ သံတိုက်စာရေး ၁ယောက် ခန့်ထားမြဲဖြစ်သည်။ သို့ရာတွင် ဘုရင်များ သဘောအတိုင်း အပိုအလျော့ ရှိတတ်သည်။ သီပေါဘုရင်မင်းမြတ် လက်ထက်တွင် အတွင်းဝန် ၆ပါး၊ သံတော်ဆင့် ၃၀၊ ဗြဲတိုက်သံဆင့် ၂၅ယောက် စသဖြင့် ခန့်ထားခဲ့ဘူးသည်။ သီပေါမင်း လက်ထက် ဗြဲတိုက်သံဆင့်များမှာ အခြားရာထူးများနှင့် တွဲဖက်ဆောင်ရွက်ကြရသည်။ ယင်းတို့သည် ဗြဲတိုက်အရာရှိများဖြစ်၍ လက်အောက်အမှုထမ်းများလည်း ရှိသေးသည်။ ဗြဲတိုက်က အမြဲစေခိုင်းရသော အမြဲအမှုထမ်း ၂မျိုးမှာ ဖွားဖက်ကျော်နှင့် ဒိုင်းတော်ဟူ၍ ဖြစ်သည်။ ဖွားဖက်ကျော်တို့သည် အသာအယာ ဆင့်ခေါ်ရ၍ ကြိုးကြိမ် မကိုင်ရချေ။ ဒိုင်းတော်များသည် ကြိုးကြိမ်ကိုင်၍ လူများကို ရိုက်နှက် ဆင့်ခေါ်နိုင်သည်။ ဗြဲတိုက်တော်က အလျင်အမြန် စေခိုင်းရန် ရှိလျှင် ခြေလျှင်တော်များကို စေခိုင်းရသည်။ ခြေလျှင်တော်များသည် ဗြဲတိုက်တော်သို့ အလှည့်ကျ လာရောက်စောင့်နေထမ်းရွက်ရသည်။ ဗြဲတိုက်အတွင်းဝန်များသည် လွှတ်တော်ဝန်ကြီးများလောက် ရာထူး မကြီးသော်လည်း၊ တနည်းအားဖြင့် ဘုရင်မင်းမြတ်နှင့် နီးစပ်သည့်အတွက် လွှတ်တော်ဝန်ကြီးထက် အရေးပါသည်။ အရေးပါပုံမှာ ဗြဲတိုက်က ဘုရင်မင်းမြတ် ရှေ့တော်သို့ တိုက်ရိုက် သွားလာတင်လျှောက်နိုင်၍ လွှတ်တော်ကမူ ဗြဲတိုက်မှတဆင့်သာလျှင် ရှေ့တော်သို့သွားရောက် လျှောက်တင်နိုင်သည်။ ဗြဲတိုက်အရာရှိများသည် နန်းတော်တွင်းနှင့် ဘုရားကျောင်းအတွင်မှ အပ အခြားသွားလာသည့်အခါ၊ အရာရှိများရှေ့တွင် အတောင် ၃၀ ကွာလောက်မှ ရှေ့လိုက်ခေါ် အမှုထမ်း၂ဦးသည် ကြိမ်ကို ထောင်ကိုင်ကာ ဝဲယာလိုက်ရသည်။ ရှေ့လိုက်သည် ခေါင်းပေါင်းဖြူ ဖော့လုံးပေါင်း၍ ထိုင်မသိမ်းဝတ်ရသည်။ ဗြဲတိုက်ပေါ်သို့ အင်္ကျီမပါဘဲ၊ ခေါင်းပေါင်းဖြူမပါဘဲ မည်သူမျှ မတတ်ရ၊ အမိန့်တော်ခန့် ဗိုလ်များမှ တပါး အခြားသူများသည် ခါးတောင်းကျိုက်၍ ဗြဲတိုက်ပေါ်သို့ မတတ်ရချေ။ ဗြဲတိုက်ပေါ်သို့ ဖိနပ်များလည်း မတင်ရချေ။ ဗြဲတိုက်နှင့်ဆိုင်သော အရာရှိများသည် ဝဲယာ အလှည့်ခွဲ၍ တစ်ရက်ခြားတစ်ခါ ဗြဲတိုက်မှာဖြစ်စေ၊ သင့်ရာဌာနမှာ ဖြစ်စေ အလှည့်ကျ အိပ်ဖန်အိပ်ရသည်။ လုံလောက်သော အကြောင်းမရှိဘဲ အိပ်ဖန်ရက်ပျက်လျှင် အပြစ်ဒဏ်ခံရသည်။

ဗြဲတိုက်တတ်ချိန်မှာလွှတ်တော်မှာကဲ့သို့ နံနက် တချက်တီးချိန်အထိ တကြိမ်၊ နေ့ ၂ချက်တီးချိန်မှစ၍ ညနေ ၃ချက်တီးအထိ တကြိမ်အားဖြင့် ဥပုသ်နေ့ကို ချန်လှပ်၍ နေ့စဉ် တက်ရောက်စုဝေးကြသည်။ နံနက် တချက်တီးသည့်အခါ လွှတ်တော်က ဝင်လာသော အရာရှိများ၊ ဝင်းမှူးများ၊ ရှေ့ရုံး၊ တရားရုံး၊ နောက်ရုံး အရာရှိများ၊ သေနတ်ဗိုလ်များလည်း ဗြဲတိုက်တွင် ခတ္တရပ်တန့်၊ ညီလာခံ ဝင်ရန် အရာရှိများစုံလင်သည့်အခါ တညီတညာတည်း ဗြဲတိုက်က စု၍ ညီလာခံ ဝင်ကြသည်။ ညနေ ၃ချက်တီးသည့်အခါ ဗြဲတိုက်ဆင်း၍ အစုအဝေးကွဲသည်။ အတွင်းဝန်များမှာမူ ဗြဲတိုက်တွင် အမြဲနေထိုင်ကြရသည်။ ဗြဲတိုက်တက်သည့်အခါ အထက်ဗြဲတိုက် ကွန်းစင်တိုင်အတွင်းရှိ ကွမ်းသွေးပေါက်များတွင် ရာထူးအစဉ်အလိုက် စီစဉ်၍ နေရာတကျ နေထိုင်ကြရသည်။ ဗြဲတိုက်တက်သူများသည် အဝတ်အစား သစ်လွင်သန့်ပြန့်ဖို့ ဂရုစိုက်ရသည်။အင်္ကျီရှည်ပေါ်က လက်ကျယ် ဝတ်ရသည့်အပြင် စလွယ်လည်း ဆင်ရသည်။ ဗြဲတိုက်တတ်ချိန် မဟုတ်သည့်အခါ သက်ဆိုင်ရာ အလုပ်များကို အလိုရှိသော နေရာတွင် ဖြစ်စေ၊ အောက်ဗြဲတိုက်တွင်ဖြစ်စေ နေပြီးလျှင် စီရင်ခန့်ခွဲလုပ်ဆောင်ကြရသည်။

ဗြဲတိုက်နှင့် စပ်လျဉ်း၍ ဆုံးဖြတ်ရန် အမှုများကို အတွင်းဝန်များ အစုံအညီ ဆုံးဖြတ်ကြရသည်။ ရှင်ဘုရင်က ထုတ်ပြန်သော အမိန့်တော်များကိုလည်း ခွဲခြားသတ်မှတ် ကြရသည်။ လွှတ်တော်က သွင်းသော သွင်းစာများ၊ စာတမ်းများကိုလည်း လိုက်နာရန် စီမံရသည်။ လွှတ်တော်မှသွင်းသော စာများ၊ လွှတ်တော်သို့ ထုတ်ရန် စာများကို အတွင်းဝန်မင်းများထံ၊ သံတော်ဆင့်များ၊ ဗြဲတိုက် သံဆင့်များက လျှောက်ထားကြရသည်။အရေးကြီးလျှင် ကြီးသလို စီမံဆင့်ဆိုရသည်။ ရှင်ဘုရင်က ထုတ်ပြန်ထားသော အမိန့်များကိုလည်း ဗြဲတိုက်ကပင် အမိန့်တော်မှာတမ်း ထုတ်သင့်သည်၊ အမိန့်တော် မှတ်သားချက် ထားသင့်သည်၊ အမိန့်တော်ပြန်သင့်များကို ခွဲခြားဝေဖန်ရသည်။ အမိန့်တော် ထပ်မံ၍ ခံယူသင့်သော ရှုပ်ထွေးသည့် အရာပါလျှင် ၊ သို့မဟုတ် လိုနေလျှင် ပြန်လည်ပြုပြင်ရန် အတွင်းဝန်က သံတော်ဆင့်အား ဆင့်ဆိုရသည်။ လွှတ်တော်က ဘုရင့်ထံသွင်းစာများကို ဗြဲတိုက်ကပင် စစ်ဆေး၍ လွှတ်တော် ဝန်ကြီးများထံ မေးမြန်း အစီရင်ခံစရာများကို ပြန်မေးပြီးမှ ဘုရင့်ထံ သွင်းကြရသည်။ ရှင်ဘုရင်များသည်ဗြဲတိုက်တော်သို့ ထွက်တော်မူ၍ ချီးမြှင့်ခြင်း၊ နှိမ့်ချခြင်း ပြုလေ့ရှိသည်ဟု ရှေးစာဟောင်း စာတမ်းများမှာ ရှိသော်လည်း မန္တလေးမြို့တည် မင်းတုန်းမင်းတရားကြီးနှင့် သီပေါဘုရင်မင်းမြတ်တို့သည် ဗြဲတိုက်သိမ်းရန် အခမ်းအနားများနှင့် ဗြဲတိုက်သို့ သွားသည်မှတပါး အခြားကိစ္စနှင့် ဗြဲတိုက်သို့ ထွက်တော်မူ၍ ခြီးမြှင့်ခြင်း၊ နှိမ့်ချခြင်း ပြုတော်မူသည် မရှိဟု သိမီသူများက ဆိုသည်။ သို့ရာတွင် ရာဇဝင်ရှိသည်ကို ထောက်၍ ရှင်ဘုရင် ထွက်တော်မူလေ့ရှိသည် ဟူသောအချက်ကိုမူ ဟုတ်မှန်တန်ရာသည်ဟု ယူဆဖွယ်ရှိသည်။ ဗြဲတိုက်တော် ကွန်းစင်အခန်းကြီးများအတွင်းသို့ အတွင်းဝန်များမှတပါး အခြားမည်သူမျှ ဝင်ခွင့်မရချေ။ ညအိပ်ဖန်သည့်အခါမှတပါး မည်သည့်အရာရှိမျှ ဗြဲတိုက်ပေါ်တွင် သင်ဖြူးဖျာခင်း၍ ထိုင်နေခွင့် မရချေ။ နိုင်ငံခြားဧည့်သည်များပင် ဗြဲတိုက်သို့လာသည့်အခါ ကွန်းစင်တိုင်အတွင်း ကွမ်းသွေးပေါက်များကို ရှောင်၍ အပြင်၌ သင့်တင့်ရာ နေရာတွင်၌ ထိုင်ကြရသည်။ ဤသည်ကား အစဉ်အလာအားဖြင့် လိုက်နာရသော ဓလေ့ဖြစ်သည်။

အခြားနိုင်ငံများရှိ ဗြဲတိုက်သဘောဆောင် ကောင်စီများ

Functioning privy councils

Former privy councils

ကိုးကား

  1. Fundação Oswaldo Cruz - História, ciências, saúde--Manguinhos‎, 1996. Online: [၁] (ပေါ်တူဂီ)

မြန်မာ့စွယ်စုံကျမ်း အပိုင်း(၁) အတွဲ(၈)