ခေါင်းပေါင်း

ဝီကီပီးဒီးယား မှ

ခေါင်းပေါင်း ဆိုသည်မှာ မြန်မာ = ဗမာ အမျိုးသား အသုံးအဆောင်တစ်ခုဖြစ်ပြီး ဆံစွန်း၊ ဆံထုံးအား မပေါ်အောင် ဦးခေါင်းထက်၌ ရစ်လိမ်ထားသည့် ပဝါကို ဆိုခြင်း ဖြစ်သည်။ ဆံစွန်း၊ ဆံထုံးမမြင်အောင် ဥက္ခောင်း ရင်း ပေါင်း သမျှမဆို မကိုဋ်ကိုပင် ဦးဗောင်း (ဦးပေါင်း) ဟူ၍ ဝိနည်းအဋ္ဌကထာ၌ လာသည်။ ဦးရစ်ဟုလည်း ခေါ်သည်။ နန်းတွင်းသားများမှာ သျှောင်ကို ရစ်၌ ပေါင်းကြပြီး အရပ်သားများမှာ သျှောင်ကို အုပ်၍ ပေါင်းကြသည်။ မည်ဆိုပင်ဖြစ်စေ ခေါင်းပေါင်းဟု ခေါ်သည်ချည်း ဖြစ်သည်။

ခေါင်းပေါင်းထားသော ဆရာကြီး သခင်ကိုယ်တော်မှိုင်း
ခေါင်းပေါင်းထားသော ဒေါက်တာဘမော်
ခေါင်းပေါင်းထားသော ဗိုလ်ချုပ်အောင်ဆန်း

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

ခေါင်းပေါင်းခြင်းကို အိန္ဒိယမှ ယူသည်ဟု ဆိုကြသည်။ အိန္ဒိယ၌လည်း ခေါင်းပေါင်းခြင်းမှာ ရှေးကျသော ဓလေ့တစ်ခု ဖြစ်သည်။ ဂေါတမဘုရား ဓာတ်တော်ဝေရာ၌ ဒေါန ပုဏ္ဏားသည် ဓာတ်တော်အချို့ကို ဦးရစ်ကြား၌ ဝှက်ကြောင်း ကျမ်းဂန်တွင် လာသည်။ အာနန္ဒာလိုဏ်အတွင်းရှိ သိဒ္ဓတ္ထမင်းသားပုံ၌ပင် ဗောင်းထုပ်ကို တွေ့ရသည်။ ပုဂံပြည် နရပတေ့မင်းလက်ထက် ရာဇသင်္ကြံ၏သား အုတ်လှငယ်မှာ ဗောင်းထုပ်ချွတ်ကာ ဦးဆွေးဆံမြည့် အမှုတော်ထမ်းကြောင်း ပြတင်ဖူးသည်။ သက္ကရာဇ် ၇၉၃ ခုထိုး အင်းဝခေတ် ကျောက်စာတစ်ချပ်တွင် သူကြီးများကို ဦးပေါင်းဖျင် တစ်စုံစီပေးကြောင်း သိရသည်။ မဏိရတနာပုံနှင့် ရာဇဝင်များ၌လည်း သက္ကရာဇ် ၇၀၀ ကျော်တွင် မြန်မာမင်း၊ ရခိုင်မင်းတို့ ဗောင်းထုပ်ဆင်ကြောင်း ဖော်ပြထားသည်။ ရာဇဝင်၌ အလောင်းစည်သူမင်း ဦးဗောင်းကျားနှင့် ဗောင်းထုပ်ကြောင်း ထင်ရှားရှိသည်။ သက္ကရာဇ် ၇၃၀ တွင် မင်းကြီးစွာစော်ကဲ နန်းတက်စဉ်က ကန္နားနှင့်ထိ၍ ဗောင်းတော်ကျွတ်ဖူးကြောင်း သိရသည်။ သက္ကရာဇ် ၉၀၀ ကျော်ခန့်ပေါ် အိုင်ချင်းတစ်ခုတွင် -

ထွေးတော်အိမ်ပါး

တောင်ဆီနားသို့

ယာသွားပို့ပြန်

စောင်းလျားခြံနှင့်

လက်ပံပင်ရှေ့

<ကျဉ်းမြောင်းကွေ့ တွေ့သောအခါ

ပုဝါရက်သစ်

မယ်ကပေးတဲ့

ခေါင်းပေါင်းပြာလည်မှာရစ်လို့

ဟူ၍ စပ်ဆိုထားသည်ကိုထောက်၍ ဒုတိယအင်းဝခေတ်တွင် ပုဝါကို တွင်တွင်ကျယ်ကျယ်သုံးနေကြောင်း သိရသည်။

ဝန်ကြီး ပဒေသရာဇာ ကလည်း လယ်သမားဘွဲ့ တျာချင်းတွင်

ပုဆိုးအင်္ကျီ စုတ်ပဲ့ပြီ

နီခေါင်းပေါင်း တွတ်တွတ်ကယ်နှင့်လေး

ဟု စပ်သဖြင့် တောနေလယ်သားတို့ ပဝါနီကို ခေါင်းပေါင်းခဲ့ကြောင်း ထင်ရှားသည်။

ကုန်းဘောင်ခေတ်[ပြင်ဆင်ရန်]

မင်းတို့အတွက် ဗောင်းကိုမူ ခေါင်းအရွယ်အတိုင်း အသင့်ချုပ်ထားလေ့ ရှိသည်။ နန်းမဆောင် တည့်တည့်၌ ဗောင်းတော်ဆောင် ရှိသည်။ ဗောင်းတော်၊ သရဖူတော်၊ မကိုဋ်တော်၊ ပတ္တမြားဗောင်းတော်၊ နဝရတ်ဗောင်းတော်၊ ရွှေသားဗောင်းတော်၊ ငွေသားဗောင်းတော်၊ ပကတိဗောင်းထုပ်တော်၌ ရွှေသားရွှေတွန့်တပ်ဗောင်းတော်၊ စိန်တွယ်ဗာင်းတော်၊ မြတွယ်ဗောင်းတော်များ ထားရှိသောကြောင့် ဗောင်းတော်ဆောင်ဟု ခေါ်ဝေါ်ခြင်း ဖြစ်သည်။ [၁] မင်းတို့ ဗောင်းတော်မှာ ဦးခေါင်းအနာက်ဘက်၌ တစ်စသာ မတ်မတ်ထောင်သည်။ ဖြောင့်မှန်ခြင်းကို ဖော်ပြလိုရင်း ဖြစ်သည်။ အခြား မင်းသား မှူးမတ်တို့မှာ ဗောင်းနှစ်စ ထုတ်ရသည်။ ရတနာပုံခေတ်တွင် ရွှေနန်းတော် တံခါးနီသို့ဝင်လျှင် မည်သည့်အမှုထမ်းအရာထမ်းမဆို ပေါင်းဖြူပေါင်းရရာ လွှတ်နန်းဌာနအဝဝတို့၌ တဖွေးဖွေးရှိသည် ဆို၏။ [၂]

ပေါင်းဖြူ ပေါင်းနည်းများ[ပြင်ဆင်ရန်]

ပေါင်းဖြူကို ဖော့လုံး၊ ဆင်က၊ နရန်းထုတ်၊ တစ်စထောင်၊ ဆန်အိတ်ကျနည်းတို့ဖြင့် ပေါင်းကြသည်။ ကွမ်းရည်တော် သက်ပန်း မောင်မောင်ကြီး၊ လက်ဖက်ရည်တော် ပထမတောင်သမန်လယ်စား မောင်ဘိုးကြီး၊ ဖိနပ်တော် မောင်မောင်ဂျင် တို့မှာ ပေါင်းချောင်သဏ္ဌာန် ယှက်ရသည့် ဖော့လုံးပေါင်းရာတွင် အတတ်ကျွမ်းဆုံးဟု ဣတ္တိရှိကြသည်။ ထိုအချိန်က ပုဝါစကို လက်ဝဲမှချရပြီး လက်ယာမှထုတ်လျှင် ဘုန်းကြီးလူထွက်ဟု ရယ်ခိုးတတ်ကြသေးသည်။ ခေါင်းပေါင်းနည်းကို အတန်းအစားအလိုက် ခွဲခြားကြည့်လျှင် အောက်ပါအတိုင်း တွေ့နိုင်သည် -

  • မင်းညီမင်းသားပေါင်းနှင့် နန်းတော်သား (ကွမ်းရည်တောင်၊ လက်ဖက်ရည်တော်၊ ဖိနပ်တော်) ပေါင်း - တစ်စထောင် ဆင်က (သို့) နရန်းထုတ်၍ ဖော့လုံးပေါင်းသည်။
  • လွှတ်ရုံးငါးရပ်ပေါင်း - ခေါင်းပေါင်းနှစ်စ အညီထောင်၍ ၎င်းနှစ်စကို ခပ်ထပ်ထပ်ထားပြီးလျှင် ဆင်က (သို့) နရန်းမပါဘဲ ရိုးရိုးသာပေါင်းကြသည်။
  • စာရေးစာချီပေါင်း - ပါသည်ဆိုရုံ ခပ်လိမ်လိမ်ကျစ်၍ နဖူးထက်၌ရစ်ပြီး တစ်စရှည်တစ်စတို ဖြစ်သလိုပေါင်းကြခြင်း ဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်းတွင် အနောက်တိုင်းဖြစ် ပုဝါများအား ခေါင်းပေါင်းလေ့ရှိကြောင်းကို အနောက်နန်းမိဖုရား မမြလေးက မျှော်တော်စိုက် လေးဆစ်ပါ

နေမှိန်မှိန်ဆင်

ဗောင်းတော်ရွှေပုသိမ်နှင့်

လာချိန်တန်ပေါ့

ဆိုသော စာပိုဒ်ဖြင့် သရုပ်ဖော်ထားသည်။

မင်းတုန်းမင်းလက်ထက် လယ်ဝန် သံတော်ဆင့် ဆောမြို့စား ရေးသည့် လယ်ထွန်မင်္ဂလာ ဗုံကြီးသံတွင်

ပျိုစိုက်တဲ့ လယ်ကန်သင်းမှာ

မြင်းနီနှင့် ညနေဆီကို

စိုင်သီလို့ ပြေးလေ့

မြင်လိုက်ကဲ့နော်

ခေါင်းပေါ်မှာ တရာကျေးနှင့်

ထူးလို့ယဉ် ချေ့လေး

ဟူ၍ စပ်ဆိုသောကြောင့် ကျေးရုပ် ၁၀၀ ရေးခြယ်ထားသော ကျေးတရာခေါင်းပေါင်း ခေတ်စားနေကြောင်း သိသာသည်။

ကိုလိုနီခေတ်နှင့် နှောင်းပိုင်းကာလ[ပြင်ဆင်ရန်]

ကိုလိုနီခေတ် ရောက်သောအခါ ဘိုဆံတောက်ကို လူကြိုက်များလာသည်။ ကနဦးတွင် ဆံရှည်ကိုပယ်သည်မှာ အပင်တပန်းလုပ်ရသော လူလတ်ပိုင်းများသာ ဖြစ်သော်လည်း နောင်တွင် ဦးစွန်းဖုတ်နှင့် ကြက်တောင်စည်းထားသော သူငယ်များပါ ဘိုဆံတောက်နှင့် ဖြစ်လာသည်။ ၁၉၁၇ ခု၊ ဧပြီလထုတ် သူရိယ မဂ္ဂဇင်း၏ "သတင်းစာဆရာ၏ ထင်မြင်ချက်များ" ပါ ဘိုဆံတောက်နှင့် သျှောင်ထုံးတို့ နှစ်ဖက် စကားအချေအတင်များကို ကြည့်၍ ထိုကာလမှစ၍ သျှောင်ထုံးနှင့် ဘိုကေ အတုအဖက်ဖြစ်လာကြောင်း သိနိုင်သည်။ သျှောင်ထုံး အထုံးနည်းလာသည့်နည်းတူ ခေါင်းပေါင်းခြင်းလည်း တိမ်ကောလာသည်။

ဒေါက်တာ ဘမော်၏ နည်းဆန်း[ပြင်ဆင်ရန်]

ခေါင်းပေါင်း ပေါင်းရာတွင် ရှေ့အနားသတ်ကို မျက်လုံးနှင့် မျဉ်းပြိုင်ထားမြဲ ဖြစ်သည်။ သို့သော် ဒေါက်တာဘမော် ပေါင်းသည့်အခါတိုင်း ညာဘက်သို့ ခပ်ရွေရွေအုပ်၍ ပေါင်းလေ့ရှိသည်။

ဘီအေပေါင်း[ပြင်ဆင်ရန်]

၁၉၂၀ ဝန်းကျင်က တက္ကသိုလ်ကျောင်းသားများမှာ ခေါင်းပေါင်း၍ ကျောင်းတက်သည်။ ထိုကျောင်းသား ထွင်လိုက်သည့်နည်းမှာ အစရှည်ရှည်ချသော အုပ်ပေါင်းဆန်ဆန် ပေါင်းနည်းဖြစ်သည်။ ဘီအေပေါင်းဟု ခေါ်ကြသည်။ သို့သော် ခြင်းမခံသေးပေ။ [၃]

စက္ကူစွပ် ခေါင်းပေါင်း[ပြင်ဆင်ရန်]

၁၉၃၅ ခုခန့်က တို့ဗမာသခင်များသည် ပင်နီ ဖျင်တဘက်ကို ယုန်နားရွက်ကဲ့သို့ တစ်စထုတ် ပေါင်းကြသည်။ အလွယ်တကူပေါင်းနိုင်ရန် စက္ကူခံသည့် ခေါင်းပေါင်းနမူနာကို ၁၉၃၆ ခု၊ ဖျာပုံမြို့တွင်ကျင်းပသော သခင်များအစည်းအဝေးတွင် ဦးမြဒင်က ပြခဲ့ရာ အများစု နှစ်သက်သဖြင့် ထိုပုံစံအတိုင်း သခင်များ သုံးသည်။ ၁၉၃၇ ခုတွင် ထိုနည်းကို အများသုံးစေရန် ဖျင်တဘက်အစား ပိုးပဝါသုံးကာ အငြိမ့်လာကသော လေဘာတီ မမြရင်အဖွဲ့မှ လူရွှင်တော် ဒံပေါက်နှင့် ညှပ်ကြီးကို ကြော်ငြာစေသည်။ ရက်ပိုင်းအတွင်း အမှာများစွာရသည်။ သို့သော်လည်း ခေါင်းအတိုင်းကို ယူလုပ်သဖြင့် ကြန့်ကြာပြီး လုပ်ငန်းမတွင်ပေ။

ကြိမ်ခြင်း ခေါင်းပေါင်း[ပြင်ဆင်ရန်]

စက္ကူမှာ လေလုံသဖြင့် ကြိမ်ဖြင့်ခံရန် ၁၉၃၉ နှောင်းပိုင်း၌ စသည်။ ပျော့ပျောင်းပြီး အကြွပ်အဆတ်နည်းသော ကြက်ဥကြိမ်ကို သုံးသည်။ ရွှေတောင်မြို့၊ ယောဒေါင့်ရွာ၌ အဓိကယက်လုပ်သည်။ ခွင်ချကြေးခွေကို ခေါင်းအရွယ်အစားအလိုက် တီထွင်လာနိုင်ရာ တစ်နေ့ ၅၀ ခန့်အထိ ထုတ်နိုင်ကြောင်း သိရသည်။ ရောင်းဈေးမှာ ၃ ကျပ် ၁၀ ပဲ ဖြစ်သည်။ ထိုသို့ ကြိမ်ခြင်းခံ ပေါင်းသည်ကို အုပ်ပေါင်းဟု ခေါ်ကြသည်။ ဦးမြဒင်ထုတ်သော မြ ပိုးထည်တိုက်မှ မောင့်ကျက်သရေခေါင်းပေါင်း အမည်ဖြင့် အစဉ်တစိုက် ထုတ်လုပ်ရာ ယခုအခါ၌ မောင့်ကျက်သရေခေါင်းပေါင်း ဟူသော ဝေါဟာရမှာ ခွဲမရသောစကားအဖြစ် လူသိများသည်။

ပန်းနုရောင်၊ ဖက်ဖူးရောင်၊ ရွှေဖလားရောင်၊ ထုံးခြောက်ရောင် ဗြောင် ပိုးပဝါတို့ကို ခေါင်းပေါင်းရောင်အဖြစ်အ သုံးများသည်။ ယနေ့ခေတ်တွင် ပေါင်းစကို လက်ယာဘက်တွင် အဓိကထား ဆင်မြန်းနေကြပြီ ဖြစ်သည်။

အကျိုးကျေးဇူး[ပြင်ဆင်ရန်]

အဘိဓာန်ဋီကာ၌ ခေါင်းပေါင်းခြင်းမှ အောက်ပါအကျိုးများ ရနိုင်ကြောင်း ဖော်ပြထားသည် -

  • ဆံကို စင်ကြယ်စေခြင်း
  • လေ၊ နေ၊ မြူကို ပယ်ခြင်း
  • ချမ်းသာခြင်း
  • အနံ့ကောင်းခြင်း
  • အသက်ရှည်ခြင်း
  • အကျိုးပွားခြင်း
  • ခွန်အားကြီးခြင်း

ကိုးကား[ပြင်ဆင်ရန်]

  1. ဇေယသင်္ခယာ။ "ရွှေဘုံနိဒါန်း"။ ဇွဲ စာပေရိပ်မြုံ၊ ရန်ကုန်။ စာ ၃၅။
  2. ရွှေကိုင်းသား။ "ဆင်ယင်ထုံးဖွဲ့မှု"။ ကြီးပွားရေး ပုံနှိပ်တိုက်၊ မန္တလေး။ ၂၀၀၅၊ ဒီဇင်ဘာ။
  3. ညီညီဝင်းထွန်း။ "မြန်မာ့ကျက်သရေဆောင် ခေါင်းပေါင်း ဖြစ်စဉ်သမိုင်းနှင့် သိကောင်းစရာများ"