စိန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စိန်

ကမ္ဘာပေါ်တွင် ကျောက်မျက်ရတနာ အမျိုးပေါင်း ၁၂၀ ကျော်ရှိသည့်အနက် စိန်သည် အဖိုးထိုက်တန်ဆုံးသော ရတနာတစ်မျိုးဖြစ်၏။ စိတ်သည် လူတို့၏ လက်ဝတ်ရတနာ တန်ဆာများအတွက်သာမက စက်မှုလုပ်ငန်းများတွင်လည်း အရေးပါသည့် ပစ္စည်းတစ်မျိုးဖြစ်သည်။ မာခြင်းအဆင့် အမြင့်ဆုံးဖြစ်သည်။ အဆင့် ၁၀ ၌ ရှိသဖြင့် စိန်ကို ကျောက်မျက်ရတနာများ၏ ဘုရင်ဟု ခေါ်စမှတ်ပြုကြသည်။

ထူးခြားသည့် တောက်ပလင်းလက်မှု[ပြင်​ဆင်​ရန်​]

လက်ကိုင်အိတ်ဆောင်မှန်ဘီလူး(10x lens)

စိန်ကိုကြည့်လျှင် စိန်၏ ပင်ကိုယ်အလင်းရောင်ဖြင့် တဖိတ်ဖိတ်တောက်ပနေသည်ဟု ထင်မှတ်ရသည်။ သို့ရာတွင် စင်စစ် ထိုအလင်းရောင်သည် စိန်၏ ပင်ကိုယ်အလင်းရောင် မဟုတ်ပေ။ အလင်းရောင်သည် ရေ၊ ဖန်ထည်ပစ္စည်း စသည်တို့တွင် ဖြတ်သန်းသွားသောအခါ မူလလမ်းကြောင်းမှ အနည်းငယ် ယိမ်းယိုင်သွားတတ်သည်။ အလင်းရောင်သည် စိန်ကိုဖြတ်သွားသောအခါတွင်မူ ပိုမိုယိမ်းယိုင်သွားလေ့ရှိသည်။ ထို့ကြောင့် အကွက်ဖော်ထားသော စိန်၏ မျက်နှာပြင်ပေါ်သို့ သက်ရောက်လာသည့်အခါ အလင်းရောင်သည် အပြင်ဘက်သို့ တစ်မဟုတ်ချင်း ထွက်မသွားဘဲ အတွင်းသို့ ရိုက်ဟပ်သွားသည်။

တစ်ဖန် ထိုအလင်းရောင်သည် စိန်၏အတွင်း၌ပင် အဆင့်ဆင့် အနည်းငယ်စီ ယိမ်းယိုင်သွားပြီး နောက်ဆုံးမှသာ အပြင်သို့ ထွက်သွားသည်။ စိန်ကို အလင်းရောင်အောက်တွင် ထုတ်ထားသောအခါ စိန်အတွင်း၌ အလင်းရောင်ခိုအောင်းလေ့ရှိရာ ထိုသို့ ခိုအောင်းနေသည့် အလင်းရောင်ကပင်လျှင် စိန်ကို အရောင်တဖိတ်ဖိတ် တောက်ပစေသည်။ ထိုသို့ အရောင်တဖိတ်ဖိတ် တောက်ပလျက်ရှိသော စိန်သည် ဓာတ်သဘော အလိုအားဖြင့် ကာဗွန် (Carbon) မျှသာ ဖြစ်သည်။

ရှေးပေ၀သဏီအချိန်က ကမ္ဘာမြေအတွင်း၌ရှိသည့် ကာဗွန်သည် အပူရှိန်ကြီးမားခြင်းကြောင့် အရည်ဘဝတွင် တည်နေခဲ့၏။ ထိုသို့ တည်ရှိနေစဉ် အထက်မှ အလွန်ကြီးမားသော ဖိအားသက်ရောက်လာမှုကြောင့် မည်းနေသော ကာဗွန်ဘဝမှ အဖိုးတန်သော စိန်ဘဝသို့ ပြောင်းလာခဲ့သည်။

လူတို့လက်လှမ်းမီရာသို့ စိန် ရောက်ရှိလာပုံ[ပြင်​ဆင်​ရန်​]

သိပ္ပံပညာရှင်တို့က စိန်သည် ကမ္ဘာ့မျက်နှာပြင်အောက် မိုင် ၈၀ မှ ၁၂၅ မိုင်ခန့်နက်သော မြေလွှာများအကြား၌ စတင်ပေါ်ခဲ့၍သာ ထိုအရပ်ရှိ ပြင်းထန်သော ဖိအားနှင့် အပူရှိန်တို့ကြောင့် ထိုမျှ မာကျောနေရခြင်းဖြစ်သည်ဟု ကောက်ချက်ချကြသည်။ သို့သော် နက်ရှိုင်းလှစွာသော အရပ်၌ မွေးဖွားခဲ့သော စိန်တို့သည် လူတို့လက်လှမ်းမီသော အနက်သို့ မည်သို့မည်ပုံ တက်ရောက်လာကြသည်ကို အစပထမ နားမလည်ခဲ့ကြချေ။ မကြာသေးမီကမှ အမေရိကန် သိပ္ပံပညာရှင်တစ်ဦး၏ သုတေသနပြုချက်အရ စိန်တို့ မြေလွှာအပေါ်ပိုင်းသို့ တက်လာပုံကို ခန့်မှန်းခဲ့ကြသည်။

သူ၏အလိုအရ စိန်တို့သည် အစိတ်စိတ် ကွဲအက်နေသော ကမ္ဘာ့မြေလွှာများ၏ လှုပ်ရှားမှုကြောင့် ကမ္ဘာ့အတွင်းပိုင်းရှိ ရေ၊ ဓာတ်ငွေ့များနှင့် အတူရောကာ မြေလွှာများအကြားမှ တဖြည်းဖြည်း တက်လာခဲ့ကြသည်။ ပြင်းထန်သော ဖိအားဖြင့် အဖိခံနေခဲ့ကြရသော ရေပူနှင့် ဓာတ်ငွေ့တို့သည် အပေါ်ပိုင်းသို့ ရောက်လာသည်နှင့်အမျှ အဖိခံနေရမှု တဖြည်းဖြည်း လျော့နည်းလာသောအခါ အပူလွန်ရေဘဝမှ ရေငွေ့ဘဝသို့ ပြောင်းလဲလာခဲ့ကြသည်။ နောက်ဆုံး မြေပြင်ပေါ်သို့ အရောက်တွင် ရေပူပန်းကြီးများပမာ ပန်းထွက်ကြရာ မြေပြင်၌ တွင်းကြီးဖြစ်၍ ကျန်ခဲ့သည်။ လေထဲသို့ ပန်းထွက်နေသော စိန်ပါဝင်သည့် မြေသားကျောက်သားတို့သည် ရေပန်းပြီး အရှိန်သေသွားသောအခါ မြေပြင်ပေါ်သို့ တဖြည်းဖြည်း ပြန်ကျ၍ တွင်းကြီးသည်လည်း မြေစာများဖြင့် ပြန်ပိတ်မိသွား၏။ ဤနည်းဖြင့် စိန်သည် လူတို့လက်လှမ်းမီသော အရပ်သို့ ရောက်ရှိလာကြခြင်းဖြစ်သည်ဟု ယူဆကြလေသည်။

စိန်နှင့်အတူ ယှဉ်တွဲ တွေ့ရှိရသော ကျောက်တုံးတို့သည် အခြားကျောက်တုံးတို့ကဲ့သို့ မဟုတ်ဘဲ လုံးဝန်းညီညာနေရခြင်းမှာ ကမ္ဘာ့အတွင်းပိုင်းမှ ပန်းထွက်လာစဉ်က တွင်း၏ ဘေးပတ်လည် မြေသားများနှင့် အခါခါ ပွတ်တိုက်မိခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ယူဆကြသည်။

အချို့စိန်တုံးများတွင် အဏုကြည့် မှန်ဘီလူးဖြင့်သာ မြင်နိုင်သော ရေမှုန်များ၊ မီသိန်းဓာတ်ငွေ့၊ အီသိုင်းအယ်လ်ကိုဟော စသည့် ဓာတ်ငွေ့များ ရော၍ ပါနေတတ်သည်ကို ကြည့်ခြင်းအားဖြင့် ယင်းဓာတ်ငွေ့များသည့် စိန်ဖြစ်ပေါ်ရာ ကမ္ဘာ့အတွင်းပိုင်း မိုင် ၈၀ မှ ၁၂၅ မိုင် အနက်ခန့်၌ ရှိသည်ဟု ယုံကြည်ရလေသည်။

စိန်ထွက်ရှိသော နိုင်ငံများ[ပြင်​ဆင်​ရန်​]

စိန်ကို မည်သည့်နှစ်က စတင်တွေ့ရှိသည်ဟု တိတိကျကျ မည်သူမျှ မခန့်မှန်းနိုင်သော်လည်း စတင်တွေ့ရှိ သုံးစွဲခဲ့သော နေရာမှာ အိန္ဒိယပြည်၊ ရိုလ်ကွန်ဒါအရပ်၌ဖြစ်ပြီး အချိန်မှာ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၈၀၀ ခန့်ကဟု ယူဆရပေသည်။

၁၈ ရာစု၌ အိန္ဒိယပြည်မှ စိန်တွင်းကြီးများ ကုန်ခမ်းခဲ့ပြီးနောက် စိန်ကို ဘရာဇီးနိုင်ငံတွင် တွေ့ရှိခဲ့သည်။ သို့သော် ထိုတွင်းများမှာလည်း မကြာမီ ကုန်ခမ်းသွားခဲ့၏။ ယခုအခါ ကမ္ဘာပေါ်တွင် ရလျက်ရှိသော စိန်တို့အနက် ရာခိုင်နှုန်း(၉၀)မှာ အာဖရိကတိုက် တောင်ပိုင်းမှ ဖြစ်သည်။

စိန်အရိုင်းပုံဆောင်ခဲ

ထိုဒေသတွင် စိန်တွင်းများ တွေ့ရှိပုံနှင့် စပ်လျဉ်း၍ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်များရှိလေသည်။ ၁၈၆၇-ခုနှစ်ခန့်က ဩရိန်း(Orange)မြစ်တစ်နေရာရှိ ဗိုးဝါး လူမျိုး ကလေးတစ်စု ကစားနေကြစဉ် ကမ်းပေါ်မှ အလွန်လေး၍ ကျောက်ချဉ်နှင့် သဏ္ဌာာန်တူသည့် ကျောက်တစ်လုံးကို တွေ့ရှိကြ၏။ ထိုကျောက်မှာ အခြားကျောက်စရစ်များထက် ကြီး၍ အရောင်လည်းတောက်ပသောကြောင့် ထိုကလေးတစ်စုသည် ထိုကျောက်ကို မိမိတို့မိခင်ထံသို့ ယူဆောင်ကာ ပြသကြသည်။ မိခင်ဖြစ်သူက အိမ်နီးနားချင်းဖြစ်သူ ဗန်နီကပ်ဆိုသူကို တစ်ဆင့်ပြ၍ ထိုသူက ကုန်သည်တစ်ဦးအား ရောင်းခိုင်းရာ ပေါင် ၅၀၀ ရရှိခဲ့၏။

ကင်ဘာလိုက်မိုင်းတွင်း

၂-နှစ်ခန့်ကြာသောအခါ သိုးကျောင်းသားတစ်ဦးထံ၌ ထူးခြားစွာ အရောင်လက်လျက်ရှိသော ကျောက်တစ်လုံးရှိကြောင်း ကြားသိရသဖြင့် ဗန်နီကပ်သည် ထိုသူထံသို့ သွားရောက်ခဲ့၏။ နောက်ဆုံး၌ သူသည် ထိုကျောက်ကို သိုး ၅၀၀၊ ကျွဲနွား ၁၀ ကောင်နှင့် မြင်းတစ်ကောင်ပေး၍ ဝယ်ခဲ့ပြီးလျှင် ကုန်သည်တစ်ဦးအား ရောင်းရာ ပေါင်(၁၁၀၀၀) ရရှိခဲ့သည်။ ထိုစိန်မှာ အရိုင်းဘဝတွင် (၈၃.၅)ရတီရှိ၏။ ထို့နောက်တွင် ဒပ်ဒလီ(Dudley) ဟူသောအမည်ဖြင့် ထင်ရှားလာ၏။

ဤသတင်းများကြောင့် ကမ္ဘာအရပ်ရပ်မှ လူတို့သည် စိန်ဖြင့် စီးပွားရှာရန် စိတ်ဝင်စားလာကြပြီးလျှင် အာဖရိကတိုက်သို့ လာရောက်၍ စိန်တွင်းများကို ရှာဖွေကြ၏။ ထိုအချိန်မှစ၍ တောင်အာဖရိက စိန်တွင်းများသည် ယနေ့တိုင် ကမ္ဘာကျော်နေပေသည်။

စိန် အသုံးဝင်မှု[ပြင်​ဆင်​ရန်​]

လူတို့သည် စိန်ကို ကျောက်မျက်ရတနာအဖြစ် အသုံးပြုကြသည်သာမက အလွန်မာကျောသောကြောင့် စက်မှုလုပ်ငန်းများတွင်ပါ အသုံးပြုလာကြသည်။ စိန်ကို ဖန်၊ မှန်၊ ကြွေထည်များကို ဖြတ်တောက်ရာတွင်လည်းကောင်း၊ သွားပေါက်ဖာရာတွင် အသုံးပြုသည့် စက်များတွင်လည်းကောင်း၊ နာရီအတွင်းရှိ ဘယ်ရင်များတွင်လည်းကောင်း၊ ရေနံတွင်းများ တူးသည့်အခါ လွန်များအဖြစ်လည်းကောင်း၊ အရောင်တင်ရာတွင်လည်ကောင်း အသုံးပြုကြသည်။

ထို့ပြင် စိန်ကို အခြားသော နေရာအများအပြား၌လည်း အကျိုးရှိစွာ အသုံးချနေသည်။ သောကြာဂြိုဟ် (Venus) ကို စူးစမ်းရာ၌ ကမ္ဘာပေါ်တွင်ထက် အဆတစ်ရာများသော ဖိအားနှင့် ၉၂၀ ဖာရင်ဟိုက် ဒီဂရီမျှရှိသော အပူဒဏ်ကို ခံနိုင်ရန်အတွက် အာကာသယာဉ်၏ ပြတင်းပေါက်ကို စိန်ဖြင့် ပြုလုပ်ခဲ့ရသည်။ ခွဲစိတ်ကိရိယာများကို စိန်ဖြင့်ပြုလုပ်ပါက အသားမျှင်များအား လိုသည်ထက် ပို၍ မပေါက်ပြဲစေခြင်း၊ နှုတ်ခမ်းသားများမှာ ဖွာလန်ကြဲမနေဘဲ တိတိရိရိ ရှိခြင်းတို့ကြောင့် မျက်လုံးအတွင်း တိမ်ကိုခွဲရာတွင် စိန်ထိပ်ဖူးတပ် ခွဲစိတ်ကိရိယာများကို သုံးကြသည်။

စိန်၏ အခြား သတ္တိထူးတစ်မျိုးမှာ အပူဓာတ်တို့ကို ကောင်းစွာ စုပ်ယူနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ကြယ်များ၏ အပူချိန်ကို တိုင်းတာရာ၌ စိန်ကို အသုံးချရသည်။ စိန်ပြတင်းပေါက် တပ်ထားသော နက္ခတ်ကြည့်မှန်ပြောင်းကို လေယာဉ်ဖြင့် သယ်ဆောင်ပြီး အမြင့်ပိုင်းသို့ ရောက်သောအခါ ကြယ်အလင်းရောင်ကို မှန်ပြောင်းအတွင်းရှိ စိန်ပြတင်းပေါက်ကို ဖြတ်သန်းစေရမည်။ ကြယ်အလင်းရောင်၏ အပူဓာတ်မှာ အလွန်တရာမှ အားလျော့လှသော်လည်း ယင်းအပူဓာတ်ကိုပင် စိန်က စုပ်ယူကာ အပူချိန်တိုင်းတာရေး ကိရိယာသို့ ပို့လွှတ်ပေးခြင်းဖြင့် ကြယ်တို့ကို လေ့လာကြသည်။

ထို့ပြင် လေယာဉ်ပြေးလမ်းများ ချောမွတ်နေပါက လေယာဉ်ဘီးချော် ပျက်စီးနိုင်သဖြင့် လမ်းတစ်လျှောက် မြောင်းငယ်များဖော်ပေးသော ကိရိယာများ၌ မာကျောသော သတ္တိပိုင်ရှင် စိန်ကို မသုံးလျှင်မဖြစ်ချေ။

အရည်အသွေးကိုတိုင်းတာပုံ[ပြင်​ဆင်​ရန်​]

စိန်၏သန့်စင်မှုပြဇယား

စိန်၏အရည်အသွေးကို အင်္ဂလိပ်အက္ခရာ ဖြစ်သော စီ(C)လေးလုံးဖြင့် မှတ်သားကြသည်။ ၄င်းတို့မှာ

  1. အရောင်(Colour)
  2. ကာရတ်ချိန်(Carat weight)
  3. သန့်စင်မှု(Clarity)
  4. သွေးကွက်(Cut) တို့ဖြစ်ကြသည်။

အရောင်[ပြင်​ဆင်​ရန်​]

စိန်၏အရောင်များခွဲခြားပုံ

စိန်၏ အရည်အသွေးကို တိုင်းတာသည့်စံနှုံးများအနက် အချက်တစ်ချက်ဖြစ်သည့်အရောင်ကိုဦးစွာရှင်းလိုပါသည်။ စိန်၏အရောင်ကို အင်္ဂလိပ် အင်္က္ခရာများဖြင့် သတ်မှတ်ကြပြီး အင်္က္ခရာ ဒီ(D) မှ ဇတ်(Z) အထိဖြစ်ပါသည်။ အဆင့် ဒီ(D)ဖြစ်သည့် အရောင်မှာ အရောင်မဲ့ဖြစ်ပြီး အဆင့် ဇတ်(Z) မှာအဝါဖြစ်ကာ အလှဝတ်ထက် ဖန်စီဝတ်အဖြစ်သာ သုံးစွဲတတ်ကြသည်။ အရောင်ပါဝင်ရခြင်းမှာ စတင်ဖွဲ့စည်းဖြစ်တည်စဉ်ကတည်းက ကာဗွန်ဒြပ်စင်တွင် အခြားသောဒြပ်များ ရောနှောပါဝင် လာခဲ့ခြင်းကြောင့်ဖြစ်သည်။ နိုက်ထရိုဂျင်ဒြပ်စင် အနည်းငယ်ပါဝင်ခဲ့လျှင် အဝါရောင်သန်းပြီး၊ ဘိုရွန်ဒြပ်စင်ပါဝင်လျှင် အပြာရောင်သန်းသွားသည်။ ထိုကဲ့သို့ ဒြပ်စင်များသာမကပဲ အခြား ကျောက်အစိုင်အခဲလိုက် ပါအောင်း ဝင်ဧည့်ကျောက် အဖြစ်ပါဝင်သည်ကို လဲရှားပါးစွာ တွေ့ရတတ်သေးသည်။ အထူးသဖြင့် စိန်အတွင်းတွင် ပါဝင်လေ့ရှိသည့် အစိုင်အခဲမှာ ကျောက်မျက်တန်း မဝင်သော်လည်း အတန်အသင့်လူကြိုက်များသည့် ဇာဂွန် (Zircon) ဖြစ်တတ်ပါသည်။

ကာရတ်ချိန်[ပြင်​ဆင်​ရန်​]

စိန်၏တန်ဖိုးကို သတ်မှတ်ပေးသည့်အခြားအချက်မှာ အလေးစီးချိန်ပင်ဖြစ်သည်။ မြန်မာ့ဈေးကွက်တွင် ၄ လုံးစီး၊ ၈လုံးစီး အစရှိသဖြင့် နားရည်၀ကြသည်။ အမှန်တွင် ကမ္ဘာသုံးသော စိန်၏အလေးယူနစ်မှာ ကာရတ်(Carat) (1 Carat = 0.2 g; 0.007055 oz) ဖြစ်သည်။ ကာရတ်ချိန်များသည်နှင့်အမျှ ဈေးနှုံးမှာလည်း စပွားမြင့်တက်သွားလေ့ရှိသည်။ ဥပမာအားဖြင့် တစ်ကာရတ်အလေးရှိသည့်စိန်တစ်ပွင့်၏ တန်ဖိုးမှာ ဒေါ်လာ တစ်ထောင်ဖြစ်လျှင် ၄င်းနှင့် အရည်အသွေးတူသည့် အလေးချိန် နှစ်ကာရတ်စိန်၏တန်ဖိုးမှာ ဒေါ်လာ သုံးထောင်ကျော်သွားပါသည်။

သန့်စင်မှု[ပြင်​ဆင်​ရန်​]

စိန်၏သန့်စင်မှုပြပုံ

သန့်စင်မှုမှာလည်း စိန်၏ဈေးနှုံးကို သတ်မှတ်သည့်အချက်တွင်အပါအဝင်ဖြစ်သည်။ အတွင်းနှင့်အပြင် မျက်နှာပြင်များပါ အပြစ်အနာကင်းပြီး အရည်အသွေး အကောင်းဆုံး စိန်မှာ ရှားပါးလှသည် ဖြစ်ရာတန်ဖိုးထားသည်မှာ မဆန်းပေ။ စိန်၏အတွင်းတွင် အောင်းဝင်သည့် လေပူပေါင်းလေးများ၊ အပ်ဖျားတစ်ထောက်စာအနာလေးများ၊ အမျှင်တန်းလေးများအစရှိသည့် အချက်များ အပါအဝင် မျက်နှာပြင်များပေါ်တွင်လည်း မလိုလားအပ်သည့် အနာအစာ၊ ခြစ်ရာများအစရှိသည်တို့ကို အသေးစိတ်ရှာဖွေပြီးမှသာ သင့်တော်သည့်တန်ဖိုးကို သတ်မှတ်ကြခြင်းဖြစ်သည်။ ထိုသို့ရှာဖွေရာတွင် အသုံးပြုသည့် စမ်းသပ်ကိရိယာမှာ ၁၀ဆချဲ့ လက်ကိုင်အိတ်ဆောင်မှန်ဘီလူး (10xLens)(Loap) ဖြစ်သည်။ အကယ်၍ အဆိုပါ အိတ်ဆောင်မှန်ဘီလူးငယ်ဖြင့် စစ်ဆေးကာ အပြစ်အနာကင်းလျှင် ထိုစိန်ကို အပြစ်အနာကင်းသောစိန် (Loapclean သို့မဟုတ် 10xclean) ဟုသတ်မှတ်သည်။ ဓာတ်ခွဲစမ်းသတ်ခန်းများတွင်မူ ထိုအဆင့်မျှမကပဲ အနုစိတ်မှန်ဘီလူး (Microscope) ဖြင့်အသေးစိတ် စစ်ဆေးပါသည်။

သွေးကွက်[ပြင်​ဆင်​ရန်​]

စိန်အတွင်းရှိအောင်းဝင်ကျောက်

သွေးကွက်မှာလည်းအလွန်အရေးပါသည့် အချက်ဖြစ်သည်။ အရောင်တောက်ပသည့်စိန်အတွက် အတောက်ပဆုံးသော အလင်းပြန်မှုမျိုးကိုရရှိပြီးဆွဲဆောင်အားကောင်းနိုင်ရန် သွေးကွက်က ထိန်းချုပ်ပုံဖေါ်ပေးသည်။ ကမ္ဘာပေါ်တွင် အထင်ရှားဆုံးသွေးကွက်မှာ ဘယ်လ်ဂျီယံသွေးကွက် ခေါ် ဘယ်လီရီးယမ့်သွေးကွက်(Brilliant cut)ဖြစ်သည်။ ထိုသွေးကွက်အပြင်ရရှိသည့်စိန်အရိုင်းတုံး၏ အရွယ်နှင့် ပုံသဏ္ထန်အနေအထား၊ ဖောက်သည်၏အကြိုက်တို့ကိုလိုက်၍သွေးဖြတ်ကြပါသေးသည်။ တွေ့ရှိရတတ်သည့် သွေးကွက်ပုံများမှာ မျက်ရည်စက်ပုံ(pear shape)၊ လှေပုံ(သို့မဟုတ်)ကျစုသီးပုံ(Boat / marquise shape cut)၊ မင်းသမီးပုံ(စတုရန်းကွက်ပေါ်အခြေခံသည့်ပုံ)(Princess cut)၊ ဘဲဥပုံ(Oval shape)၊ အသဲပုံ(Heart shape) အစရှိသည်တို့ဖြစ်ကြသည်။