သံတော်ဆင့်

ဝီကီပီးဒီးယား မှ

ရှင်ဘုရင်တို့ကထုတ်သော အမိန့်တော်များ၊ လွှတ်တော်မှ ဘုရင့်ထံတင်သွင်းသောစာများကို တစ်ဆင့်ဖတ်ကြားခြင်း၊တင်လျောက်ခြင်း၊ ဆင့်ဆိုခြင်းပြုရသော ပုဂ္ဂိုလ်ကို သံတော်ဆင့်ဟု မြန်မာမင်းများလက်ထက်က ခေါ်တွင်သည်။ လွှတ်တော်မှသွင်းသောစာ၊ လွှတ်တော်သို့ထုတ်ရန်စာများကို သံတော်ဆင့်များ၊ ဗြဲတိုက်သံဆင့်များက အတွင်းဝန်များထံလျှောက်ထားရသည်။

အရေးကြီးသောစာဖြစ်လျှင် ရှင်ဘုရင်ရှေ့တော်သို့အမြန်ပို့ရန်နှင့် လွှတ်တော်သို့အမြန်ထုတ်ရန်စီမံဆင့်ဆိုရသည်။ ရှင်ဘုရင်က ထုတ်သော အမိန့်တော်များကို အမိန့်တော်မှာတမ်း ထုတ်သင့်သည်၊ အမိန့်တော်မှတ်သားချက်ထားသင့်သည်။ လွှတ်တော်သို့ထုတ်၍ အမိန့်တော်ပြန်သင့်သည်များကို ခွဲခြားဝေဖန်ရသည်။ အမိန့်တော်ထပ်မံ၍ ခံယူသင့်သောရှုပ်ထွေးသောအရာပါလျှင်၊ သို့မဟုတ် အလိုအပိုရှိလျှင်သံတော်ဆင့်များသို့အတွင်းဝန်များက ဆင့်ဆိုရသည်။

ညီလာခံတွင်ဖြစ်စေ၊ အရာရှိများရှေ့တွင်ဖြစ်စေ ရှင်ဘုရင်ကအမိန့်တော်ရှိသည်ကိုသံတော်ဆင့်များ ကရေးသား၍ အမိန့်တော်ထုတ်ပြန်လေ့ရှိသည်။ တစ်ခါတစ်ရံရှင်ဘုရင်ကစံတော်မူရာဌာနမှနေ၍သင့်လျော်ရာ လူကိုစေလွှတ်၍ အတွင်းဝန်မင်းများထံ အမိန့်တော်ပြန်လာသောအမိန့်တော်များကိုမည်သည့်နေ့က မည်သူလာ၍မည်ကဲ့သို့ ဗြဲတိုက်တော်တွင် အမိန့်တော်ပြန်လာသည်ဆိုသောအကြောင်းကို မှူးမတ်များရှေ့တွင် ရှင်ဘုရင်ထံအလှည့်ကျ သံတော်ဆင့်များကထပ်မံ၍ အမိန့်တော်ခံရသည်။

သံတော်ဆင့်များသည်အလှည့်ကျဆောင်ရွက်ရသော ကြောင့်သံတော်ဆင့်တိုင်းလိုလို၌ ကိုယ်စီကိုယ်စီ မူလ မှတ်သားရင်း အမိန့်တော်ဖြစ်သောပြန်ရင်းအမိန့်တော်များထား ကြရ၏။ ထိုကဲ့သို့ပြန်ရင်းအမိန့်တော်များ ရေးသားထားပြီး နောက် လွှတ်တော်သို့ထုတ်ပြန်ရန်ပုံပြန်လက်ကိုင်ခေါ်သော သံတော်ဆင့်နှင့် ဗြဲတိုက်သံဆင့်ထံသို့ပေးအပ်ရသည်။ ပုံဟူသောစကားမှာလူပုံ၊ ဗိုလ်ပုံ၊ လူစု၊ ဗိုလ်စုစသောစကား များကဲ့သို့အများနှင့်စပ်ဆိုင်သောဝေါဟာရဖြစ်သည်။ ပုံပြန်လက်ကိုင်သံတော်ဆင့်တွင် လက်ထောက်ဗြဲတိုက် သံဆင့်တစ်ယောက်၊ စာရေးတော်နှစ်ယောက်လည်း ရမြဲဖြစ်သည်။ မည်သည့်အမိန့်တော်မျိုးမဆို အတွင်းဝန်မင်းများကြားသိပြီးမှ လွှတ်တော်သို့ထုတ်ပြန်ရစမြဲဖြစ်သည်အလျောက် ပုံပြန်ဌာနမှဗြဲတိုက် သံဆင့်ကအတွင်းဝန်မင်းများထံ တစ်ပါးစီတစ်ပါးစီလှည့်လည်ဖတ်လျှောက်ရသည်။

ရှင်ဘုရင်ရှေ့တော်သို့ သွင်းရန်လွှတ်တော်ကသွင်းသောသွင်းစာ များ၊ မှာတမ်းများကိုလည်းဆိုခဲ့သည့်နည်းပင် ပုံပြန်ဌာနမှဗြဲတိုက် သံဆင့်ကအတွင်းဝန်များစေ့အောင် တိုင်တန်းပြီးမှ အလှည့်ကျသံတော်ဆင့်သို့အပ်၍ ရှေ့တော်သို့သွင်းရ သည်။ ပုံပြန်သံတော်ဆင့်ထံရောက်ပြီးမှ ဆိုင်းထားရသော အမိန့်တော်များလည်း ရံဖန်ရံခါပေါ်ပေါက် လာတတ်သည်။

မင်းခမ်းမင်းနားနှင့်စပ်၍နေ့စဉ်မှတ်၊လစဉ်မှတ်၊ နှစ်စဉ်မှတ်၊အကြောင်းထူးမှတ်စသောအရပ်ရပ်မှတ်သားဖွယ်များ ကိုလည်းနေ့စဉ်မပြတ်မှတ်သားစေရန် သံတော်ဆင့်တယောက်ယောက်ကို တာဝန်ပေးလေ့ရှိ သည်။ သိက္ခာသမာဓိနှင့်ဝါရင့်သူကိုသာလျှင်ထားလေ့ရှိသည်။ အတွင်းဝန်မင်းလေးယောက်နှင့်သံတော် ဆင့်လေးယောက်သာကွမ်းထွေးပေါက်ရသည်။

သံတော်ဆင့်တို့တွင် လွတ်လွတ်ထွက်သောအသံရှိခြင်း၊ နာချင်ဖွယ်သာယာသောအသံရှိခြင်း၊ စကားအရာလိမ်မာခြင်း၊ ရှုချင်ဖွယ်တင့်တယ်လျောက်ပတ်သောအဆင်းရှိခြင်း၊ လျင်မြန်သောဉာဏ်ရှိခြင်းတည်းဟူသော အင်္ဂါ လက္ခဏာငါးပါးရှိရကြောင်းဖြင့် ရာဇသေဝကဒီပဏီကျမ်း၌ဆိုသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)