ကျိုက်ပေါလော ရုပ်ပွားတော်

ဝီကီပီးဒီးယား မှ
ကျိုက်ပေါလော ရုပ်ပွားတော်၊ ကျိုက်ထိုမြို့

ကျိုက်ပေါလော မှဲ့ရှင် ရုပ်ပွားတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ရှိသည်။ ကျိုက်ပေါလောဘုရား၊ ရုပ်ရှင်တော်ဘုရား၊ မှဲ့ရှင်တော်ဘုရား ဟူ၍လည်း ခေါ်ကြသည်။

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

(၄) ဘီစီခန့်တွင် အာသောကမင်း၏ သားတော် အရှင်မဟိန္ဒက သီရိလင်္ကာသို့ ဗုဒ္ဓဘာသာကို စတင်ယူဆောင်လာသည်။ ထိုအချိန်တွင် သီရိလင်္ကာကို အုပ်ချုပ်သောမင်းမှာ ဒေဝါနံပိယ တိဿမင်း ဖြစ်သည်။ တိဿမင်း၏ အကြံအရ အရှင်မဟိန္ဒ၏ ကြီးကြပ်မှုဖြင့် ပန်းပုဆရာတို့က ကရမက်သား ဗုဒ္ဓဆင်းတုလေးဆူ ထုလုပ်ပူဇော်သည်။ အဆိုပါဆင်းတုလေးဆူကို အရှင်မဟိန္ဒ၏ လမ်းညွှန်ချက်အရ သာသနာပြန့်ပွားရန်အလို့ငှာ သမုဒ္ဒရာအတွင်းသို့ မျှောစေသည်။

ကျွန်းတုံးဖြင့်မျှောသော တစ်ဆူမှာ ပုသိမ်မြို့အနီးသို့ ရောက်ရှိသည်ဟု ဆိုကြသည်။

သင်္ကန်းတုံးဖြင့်မျှောသော တစ်ဆူမှာ ကျိုက္ခမီမြို့သို့ ကပ်ရာ ကျိုက္ခမီဘုရားဟူ၍ တည်ထားပူဇော်ကြသည်။

ပိန္နဲတုံးဖြင့် မျှောသော တစ်ဆူမှာ ထားဝယ်ဆိပ်ကမ်းသို့ ကပ်သည်။ ယခုမူ ရှင်မုတ္ထီးဘုရားဟု အမည်တွင်သည်။

ကျောက်ဘီးဖြင့်မျှောသော ကျန်တစ်ဆူမှာ ကျိုက်ထိုမြို့တောင်ဘက် ဆီးကုန်းချောင်း၌ ကပ်ကာ ကျိုက်ပေါလောဘုရား ဖြစ်လာသည်။

ကျိုက်ပေါလော ဟူ၍ ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

ဖက္ကလိပ်ကျေးရွာနေ လယ်သမား ဦ:ထွန်းဘော်က စတင်တွေ့ရှိပြီး ကျိုက်ထိုမြို့တွင်း၌ သတင်းဖြန့်သည်။ သူဌေးကြီ: ဦ:ဖိုးထော်၏ဇနီး ဒေါ်လုံမက ဆယ်ယူကာ ယခုတည်ရှိရာနေရာတွင် ယာယီဂန္ဓကုဋီတိုက် ဆောက်လုပ်ကိုးကွယ်သည်။ သီရိလင်္ကာမှလာသည့် ဆင်းတုဖြစ်သောကြောင့် မွန်ဘာသာဖြင့် ကျာတ်ပလော့ (ကျာတ် − ဘုရား၊ ပလော့ − အနောက်အရပ်) ဟု အမည်တွင်သည်။ နောက်သော် ကာလရွေ့လျောကာ ကျိုက်ပေါလော ဟု ခေါ်ကြသည်။

မှဲ့ရှင်တော် ဟူ၍ ခေါ်တွင်လာပုံ[ပြင်ဆင်ရန်]

ဂန္ဓကုဋီတိုက် တည်ပြီးသောအခါ ဆင်းတုတော်အား အမွှေးနံ့သာများဖြင့် ဆေးကြောကြသည်။ ထိုအခါ ညာဘက် နားထင်၌ မှဲ့တစ်လုံးကို တွေ့ရသည်။ အစွန်းကွက်ဟုယူဆကာ အထပ်ထပ်ပွတ်ဆေးသော်လည်း မပျောက်ပျက်ဘဲ ရှိနေသည်။ နောက်တနေ့တွင် ရွှေဆိုင်းရွှေသင်္ကန်းများ ကပ်လှူရာ အမည်းစက်ပျောက်အောင် အထပ်ထပ်ကပ်ကြသော်လည်း တစ်နာရီခန့်အကြာတွင် ပေါ်မြဲပြန်ပေါ်နေကြောင်း တွေ့ရသည်။ ဤအဖြစ်အပျက်ကို အစွဲပြုကာ မှဲ့ရှင်တော်ဘုရားဟု အမည်တွင်လာသည်။

ဆင်းတုတော်၏ အရွယ်အစားနှင့် တည်နေပုံ[ပြင်ဆင်ရန်]

ဉာဏ်တော်မှာ သုံးပေခြောက်လက်မ ရှိသည်။ နောက်ခံဖုံမှာ ခြောက်လက်မ၊ တင်ပျဉ်ခွေ ဒူးတော်နှစ်ဖက်အကျယ်မှာ နှစ်ပေခြောက်လက်မ ရှိပြီး ပလ္လင်အမြင့် လေးပေခုနှစ်လက်မ ရှိသည်။

တည်နေပုံမှာ ဈာနမုဒြာဟန် ဖြစ်ပြီး ဖူးမြော်သူတို့အား တရားဟောပြမည့် ပုံသွင်ဖြစ်သည်။

ကျောက်ဘီး ဇာတ်ကြောင်း[ပြင်ဆင်ရန်]

သီရိလင်္ကာမှ မျှောလိုက်စဉ်က ကျောက်ဘီးဖြင့်မျောကြောင်း သိရသော်လည်း ဆင်းတုအား ဆယ်ယူစဉ်မှစ၍ ကျောက်ဘီးဇာတ်ကြောင်းမှာ အစရှာမရပေ။ နောင်သော် မဟာဗောဓိစေတီတော် တည်ထားရန် ဂန္ဓကုဋီတိုက် အနောက်ဘက်ရှိ ချိုင့်ဝှမ်းကြီးအား မြေညှိကြရာမှာ ကျောက်ဘီးကို တူးဖော်တွေ့ရှိရသည်။ ယခုမူ ဂန္ဓကုဋီတိုက်အတွင်း၌ ထည့်သွင်းပြသထားသည်။

ကိုးကား[ပြင်ဆင်ရန်]

  • ကျိုက်ပေါလောမှဲ့ရှင်တော်သမိုင်း