ပုသိမ်မြို့

ဝီကီပီးဒီးယား မှ
ပုသိမ်မြို့
Pathein
မြို့
ပုသိမ်မြို့
ပုသိမ်မြို့
ပုသိမ်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပုသိမ်မြို့
ပုသိမ်မြို့
ပုသိမ်မြို့ တည်နေရာပြမြေပုံ( မြန်မာနိုင်ငံ )
ကိုဩဒိနိတ်: 16°47′N 94°44′E / 16.783°N 94.733°E / 16.783; 94.733
နိုင်ငံ မြန်မာ
ပြည်နယ်၊ တိုင်းဧရာဝတီတိုင်းဒေသကြီး
ခရိုင်ပုသိမ်ခရိုင်
မြို့နယ်ပုသိမ်မြို့နယ်
ဧရိယာ
 • မြို့၉.၇၉ စတုရန်းမိုင် (၂၅.၄ စတုရန်းကီလိုမီတာ)
လူဦးရေ (၂၀၁၉)[၁]
 • မြို့၁၇၂၉၂၃
 • သိပ်သည်းမှု၁၈၀၀၀/sq mi (၆၈၀၀/km)
 • မြို့ပြကြီး၂၈၇၀၇၁
 • လူမျိုးများဗမာကရင်မွန်ရခိုင်တရုတ်ကုလား
 • ဘာသာဗုဒ္ဓဘာသာခရစ်ယာန်အစ္စလာမ်ဟိန္ဒူ
ဧရိယာကုဒ်(များ)၀၄၂[၂]

ပုသိမ်မြို့ (မွန်: ဖာသီ)သည် ဧရာဝတီတိုင်းဒေသကြီးမြို့တော်ဖြစ်သည်။ ၂၀၁၉ တွင် မြို့တွင်းလူဦးရေ ၁၇၂၉၂၃ဦး နေထိုင်ပြီး ပုသိမ်မြို့နယ်မှာ ၂၈၇၀၇၁ဦးနေထိုင်လျက်ရှိခဲ့သည်။[၁] ရန်ကုန်မြို့၏ အနောက်ဘက် ၁၁၈မိုင် အကွာတွင် တည်ရှိသည်။ ငဝန်မြစ်ကမ်းပေါ်တွင် တည်ထားသော မြို့ဖြစ်ပြီး ပင်လယ်ဝမှ ၇၅မိုင် ကွာဝေးသော်လည်း ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ရောက်နိုင်သဖြင့် မြန်မာနိုင်ငံတွင် ကုန်းတွင်းအကျဆုံး ပင်လယ်ဆိပ်ကမ်းမြို့ကြီးဖြစ်သည်။[၃]ပုသိမ်မြို့သည် ရှေးမြို့ဟောင်းကြီး တစ်မြို့ဖြစ်ခဲ့လေသည်

ဝေါဟာရရင်းမြစ်[ပြင်ဆင်ရန်]

မွန်တို့၏ မဂဒူးမင်းဆက် ဘုရင်မကြီး ရှင်စောပု ပြီးနောက် နန်းတက်သည့် ဟံသာဝတီ မွန်နိုင်ငံဘုရင် ဓမ္မစေတီမင်းကြီး သာသနာသက္ကရာဇ် ၂၀၂၃၊ ကောဇာသက္ကရာဇ် ၈၄၀၊ ခရစ်သက္ကရာဇ် (အေဒီ) ၁၄၇၉ ခုနှစ်တွင် ရေးထိုးခဲ့သော ကလျာဏီကျောက်စာ အရ ပုသိမ်အား "ကုသိမရဋ္ဌ" ဟုခေါ်တွင်ခဲ့သည် ဟုသိရသည်။ "ကုသိမရဋ္ဌ" ကို မွန်လို အတိုကျုံ့ "ကုသိမ်" ဟုခေါ်ကြရာမှ ကာလရှည်လျားသောအခါ ပုသိမ် အခေါ်သို့ ပြောင်းလဲလာခဲ့လေသည်။[၄]

အမည်များ[ပြင်ဆင်ရန်]

ပုသိမ်မြို့သည် အလွန်ရှေးကျသော သင်္ဘောဆိပ်မြို့ကြီး ဖြစ်သည်။ ပုသိမ်မြို့သည် အမည်များစွာရှိခဲ့သည်။

  1. အတိသဉ္ဇာနဂရ
  2. ကုသိမ၊ ကုသိမ်၊ ကော့သမိန်၊ ကော့စမင် (ကုသိန)
  3. ပသိမြို့၊ ဒုံးပသီ၊ ဝေပသီ (ဗမာ-ကရင်)၊ ဝိန့်ပသိန် (မွန်-ကရင်)
  4. နဂရဝေပုလ္လ
  5. ပုသိန်၊ ပုသိမ် တို့ဖြစ်သည်။

အထက်ပါအမည်များတွင် အတိသဉ္ဇာနဂရ ဟူသော အမည်မှာ ရှေးအကျဆုံးဖြစ်သည်ဟု ရှေးမှတ်တမ်းများတွင် တွေ့ရသည်။ သာသနာနှစ် ၂၁၈-ခု သီရိဓမ္မာသောကမင်း လက်ထက်ခန့်ကပင် ခေါ်ဝေါ်သောအမည် ဖြစ်သည်ဟု ဆိုသည်။ အဓိပ္ပာယ်မှာ ရှေးလွန်လေပြီးသောအခါ၌ ဘုရားရှင်အလောင်း သူတော်ကောင်းတို့ မွေ့လျော်ဖူး၏ ဟု ဆိုသည်။

ပုသိမ်၏ နောက်အမည်တစ်ခုမှာ ကုသိမ သို့မဟုတ် ကုသိမ်ဖြစ်သည်။ ကလျာဏီကျောက်စာ၌ ကုသိမ မဏ္ဍလဟု ပါရှိသည်။ ခရစ်နှစ် ၁၅၈၆-ခုနှစ်တွင် ပုသိမ်သို့ ရောက်ရှိခဲ့သော နိုင်ငံခြားသားတစ်ဦးဖြစ်သူ ရပ်(ဖ်)ဖိုက်(ချ်)၏ မှတ်တမ်း၌ ပုသိမ်ကို ကော့စမင်း (Cosmin) ဟု ခေါ်တွင်ခဲ့သည်ဟု သိရှိရသည်။ မွန်အခေါ်အဝေါ်အရ ကော့သမှိန်ဟု ခေါ်သည်။ အဓိပ္ပာယ်မှာ (ကော့=ကျွန်း+သမှိန်=မင်းသား) မင်းသားကျွန်းဟု ဆိုသည်။ ကုသုမ ဟူသောအမည်ကို ဟံသာဝတီ ဓမ္မစေတီမင်း လက်ထက်အထိ ခေါ်တွင်နေဟန်ရှိသည်။ ထိုမင်း၏ ကလျာဏီကျောက်စာတွင် ကုသိမ ဟု အထင်အရှား ခေါ်ဝေါ်ထားသည်။ ထို့အပြင် ကောင်းမှုတော်ကျောက်စာ၊ ဘုံစံတုလွတ်ကျောင်း ကျောက်စာ စသည်တို့တွင်လည်း ကုသိမ် ဟု ရေးသားခဲ့ကြသည်။ ပုသိမ်မြို့ကို ပသီမြို့၊ ဒုံပသီ၊ ဝေပသီ ဟူ၍လည်း ခေါ်ဆိုကြသေးသည်။ မြန်မာနှစ် ၅၈၃-ခုနှစ်တွင် နန်းတက်သော ပသီမင်းကိုစွဲ၍ ဍိင်ပဆီ(ပသီ)မြို့ဟု ခေါ်တွင်ခြင်း ဖြစ်သည်ဟု ယူဆသူများလည်း ရှိသည်။ ဆရာကြီးဦးဖိုးကျား၏ ပုသိမ်ရာဇဝင် ၌လည်း ယခုခေတ်အထိ ဗမာ-ကရင်များက ဝေပသီ၊ မွန်-ကရင်များက ဝိန့်ပသိန်ဟု ခေါ်ဆိုနေဆဲပင် ဖြစ်ကြောင်း ဖော်ပြထားသည်။ ပသီမှ ပုသိမ်သို့ အသံရွေ့ရန် မခဲယဉ်းဟု ယူဆကြသည်။

ဥမ္မာဒန္တီ လက်ထက်တွင် ပုသိမ်ကို နဂရဝေပုလ္လ ဟု ခေါ်တွင်စေကြောင်းလည်း ပြဆိုထားသည်။ အဓိပ္ပာယ်မှာ နဂရ = မြို့ + ဝေပုလ္လ = စည်ပင်ပြန့်ပြောခြင်းဟု ဆိုသည်။ [၅]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပုသိမ်မြို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဟံသာဝတီ မွန်နိုင်ငံ၏ ပိုင်နက်ဖြစ်ခဲ့ပြီး စတင်တည်ထောင်ခဲ့သည့် ခုနှစ်နှင့် ပတ်သက်၍ သမိုင်းအထောက်အထား မတွေ့ရပေ။ ပုသိမ်မြို့သည်အလွန်ရှေးကျသော သင်္ဘောဆိပ်မြို့ဖြစ်ပြီး မဇ္ဈိမဒေသနှင့် သီဟိုဠ်ကျွန်းတို့ ကူးသန်းရောင်းဝယ်ရာတွင် ကြားခံမြို့တစ်မြို့ဖြစ်သည်။ ရှေးကျသောမြို့ဖြစ်သည့်အားလျော်စွာ အမည်အများအပြား မှည့်ခေါ်ခြင်း ခံခဲ့ရသည်။ အသောကမင်း လက်ထက် သာသနာသက္ကရာဇ် ၂၁၈ခုနှစ်ဝန်းကျင်တွင် အတိသဉ္စာနဂရ ဟုခေါ်တွင်ခဲ့သည်။[၃] ပုဂံခေတ် မင်းယဉ်နရသိင်္ခလက်ထက်တွင် ရန်ဖက်ဖြစ်သော အိန္ဒိယမှ ပဋိက္ခရားမင်းနှင့် စစ်ဖြစ်ရာ ထိုမင်း၏စစ်ဦးကျသော ကုသိမရဋ္ဌဒေသကို ခံတပ်မြို့တည်စေလျက် ဗေဒင်ကျမ်းများအရ အမည်ပြောင်းစေသည်။ ကုသမ သည်ကုသိမ် ဖြစ်လျှင် လောကဓာတ်အရ 'က'နှင့် 'သ' တို့ရန်ဂြိုဟ်ကျ သဖြင့် မိတ်ဖက်ဖြစ်သော 'ပ'နှင့်'သ' ကိုပြောင်းကာ ပုသိမ်ဟုအမည်ပြောင်းစေသည်။[၃]

ပုသိမ်အား မြို့ပြအဖြစ် ပြန်လည်တည်ထောင်သူမှာ ဟံသာဝတီပြည်ကို တည်ထောင်သူ ဝိမလမင်း၏ သားတော်ခြောက်ပါးဖြစ်ပြီး ကောဇာသက္ကရာဇ် (မြန်မာသက္ကရာဇ်) ၅၃၆ခုနှစ်တွင် စတင်စိုးစံသည် ဟုလည်း ဆိုသည်။ ပုဂံဘုရင် မင်းယဉ်နရသိင်္ခမှ ဘုရင်ခံအဖြစ် အုပ်ချုပ်စေသူမှာ ညီနောက်ခြောက်ဦးအနက် အကြီးဆုံးသူ ဝါသုဒတ္တဖြစ်သည်။ ထို့နောက် ပသီကုလားမင်းများဝင်ရောက်လာကာ စိုးစံသောကြောင့် ပသီမြို့ဟုခေါ်တွင်ပြန်သည်။ တဖန် ပသီကုလားမင်းတို့ကို ဂုဏ္ဏာသာရနှင့် ဂုဏ္ဏာသာရီ အမည်ရှိ မွန်ညီနောင်က လုပ်ကြံပြီး ဆက်လက်အုပ်ချုပ်ကြသည်။ အစောဆုံး ခိုင်မာသည့် သမိုင်း အထောက်အထားမှာ ခရစ်နှစ် ၁၅၈၆-၁၅၈၈အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် အင်္ဂလိပ်လူမျိုး ခရီးသွား Ralph Fitch ၏ မှတ်တမ်း ဖြစ်ပြီး ၎င်းက Cosmin မြို့ဟု မှတ်သားခဲ့သည်။ ထိုစဉ်က မွန်အမည် "ကောသမိန်" (ကော=ကျွန်း၊ သမိန်=မင်းသား) အားအင်္ဂလိပ် အသံထွက်ဖြင့် မှတ်သားသွားခြင်း ဖြစ်နိုင်သည် ဟုခန့်မှန်း ကြသည်။ မြန်မာတို့က ကောသမိန်မြို့အား "မင်းသားကျွန်း" ဟုခေါ်ကြသည်။

ပုသိမ် ဟူသောဝေါဟာရ၏ အစမှာ အာရပ်၊ အိန္ဒိယ ကုန်သည်များမှ အစပြုခဲ့ခြင်း ဟုလည်းဆိုသည်။ အာရပ်/ပါရှန်း ကုန်သည်များ များပြားရာ မြို့ဖြစ်သောကြောင့် မြန်မာဘာသာဖြင့် "ပသိ" (မြန်မာပြည်ရောက်ပသီကုလားလူမျိုးတို့၏မြို့) ဟု ခေါ်တွင်ရာမှ ကာလကြာသော် ပုသိမ်ဟူ၍ ဖြစ်လာခဲ့သည်ဟုဆိုသည်။

သို့သော် ဗြိတိသျှဘာသာဗေဒပညာရှင် ပါမောက္ခ Harry Leonard Shorto ၁၉၆၂ ခုနှစ်တွင်ရေးသားသော အောက်စ်ဖိုဒ် တက္ကသိုလ်ထုတ် သုတေသနစာတမ်းအရ ပုသိမ် ဟူသောဝေါဟာရမှာ မွန် ဝေါဟာရ "ဖာသီ ([pha sɛm])" က ဆင်းသက်ပြီး ပုသိမ် ပြောင်းလဲလာကြောင်း ဆိုသည်။[၆]

အင်းဝမင်းကြီးစွာစော်ကဲ၊ ဟံသာ၀တီပဲခူး၌ ရာဇာဓိရာဇ်တို့ စိုးစံသည့်ခေတ်မှစ၍ အလောင်းဘုရားလက်ထက်တိုင်အောင် နှစ်ပေါင်းရာပေါင်းများစွာ ပုသိမ်နယ်တစ်ဝိုက်သည် မွန်နှင့်မြန်မာတို့ အားပြိုင်ကြရာ ဒေသဖြစ်ခဲ့သည်။ ဗြိတိသျှတို့သည် အိန္ဒိယ၌ ခြေကုပ်ရပြီးသောအခါ၊ မြန်မာနိုင်ငံ၌လည်း ခြေကုပ်ရရန် ကြိုးစားကြသည်။

ခရစ်နှစ် ၁၆၈၇ တွင် ဗြိတိသျှတို့သည် ဟိုင်းကြီးကျွန်းတွင် အခြေခံစခန်းပြုပြီးနောက် ပုသိမ်မြို့တွင်လည်း အရှေ့အိန္ဒိယကုမ္ပဏီ ဌာနခွဲတစ်ခုဖွင့်သည်။[၃]

ပုသိမ်မြို့ (ခရစ်နှစ် ၁၈၇၈)

ပုသိမ်သို့ အင်္ဂလိပ်များ ပထမဆုံးရောက်ရှိချိန်မှာ အလောင်းမင်းတရား လက်ထက်တွင် ဖြစ်သည်။ မွန်-မြန်မာစစ်ပွဲတွင် မြန်မာတို့အား ကူညီခဲ့သောကြောင့် ပုသိမ်မြို့ပေါ်တွင် မြေကွက်တစ်ကွက် ရရှိခဲ့သော်လည်း နောက်တွင် မွန်သူပုန်များအား ကူညီသည်ဟုဆိုကာ အခွင့်အရေးများ ပြန်လည်ရုပ်သိမ်း ခံခဲ့ရသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်တွင် အင်္ဂလိပ်တို့ ပုသိမ်မြို့ကိုသိမ်းပိုက်ထားခဲ့ပြီး၊ ၁၈၂၆တွင် ပုသိမ်ခံတပ်မြို့ကို တည်ဆောက်ခဲ့သည်။ ထို့နောက် ရန္တပိုစာချုပ်အရ မြန်မာတို့အား ပြန်လည်ပေးအပ်ခဲ့ကာ၊ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးတွင် ဗြိတိသျှ အင်ပါယာ လက်အောက်သို့ သွတ်သွင်းနိုင်ခဲ့သည်။ ပုသိမ်မြို့အားလည်း အင်္ဂလိပ်လေသံဖြင့် Bassein ဟုခေါ်တွင်စေသည်။ ယခုအခါတွင်ပုသိမ်မြို့သည် အောက်မြန်မာပြည်အတွက် အရေးပါသော ကုန်သွယ်ဆိပ်ကမ်းမြို့ဖြစ်လာခဲ့သည်။

လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာများ[ပြင်ဆင်ရန်]

ပုသိမ်မြို့သည် ယခင်က မွန်တို့ ပိုင်နက် ဖြစ်သော်လည်း လက်ရှိတွင် မွန်လူမျိုး အနည်းငယ်သာ နေထိုင်ကြပြီး ဗမာလူမျိုးမှာ အများစုဖြစ်သည်။ ထို့အပြင် ရခိုင်လူမျိုးနှင့် ကရင်လူမျိုး အများအပြားလည်း နေထိုင်ကြသည့်အပြင် အိန္ဒိယတရုတ်အနွယ်များ လူနည်းစု အဖြစ်နေထိုင် ကြသည်။ ပုသိမ်မြို့၏ လူဦးရေ အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး ကရင်လူမျိုး ကက်သလစ်နှင့် နှစ်ခြင်းခရစ်ယာန်များ အများအပြား ရှိသည်။ ထို့အပြင် ဟိန္ဒူ နှင့် မူဆလင်များလည်း အနည်းငယ်စီ ရှိကြသည်။

မြို့တည်နေပုံ[ပြင်ဆင်ရန်]

ပုသိမ်မြို့သည် ၁၂ စတုရန်းမိုင်ခန့် ကျယ်ဝန်းသည်။ မြောက်လတ္တီကျု ၁၆ဒီဂရီ ၄၆မိနစ်နှင့် အရှေ့လောင်ဂျီကျူ ၉၄ဒီဂရီ ၄၃မိနစ်တို့ ကြားတွင် တည်ရှိသည်။ မြို့သည် ပုသိမ်မြစ်၏ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်း နှစ်ခုလုံးပေါ်၌ တည်ရှိပြီး၊ မြစ်၏ အရှေ့ဘက်ကမ်းတွင် အစိုးရရုံးကြီးများနှင့် ဈေးကြီးများ ရှိသည်။

ပုသိမ်မြို့ရှိ ထင်ရှားသည့် ရပ်ကွက်များမှာ အသည်ကြီး၊ တလိုင်းချောင်း၊ ယိုးဒယားကုန်း၊ မရမ်းချိုကုန်း၊ အတီးစု စသည်တို့ ဖြစ်သည်။ မြို့၏ လမ်းမကြီးများသည် မြစ်ကမ်းနားနှင့် ယှဉ်ပြိုင်လျက် ရှိသည်။

ကုန်ထုတ်စီးပွားရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီကြီး ဖြစ်သည့်အားလျော်စွာ ပုသိမ်မြို့သည် ဆန်စပါး ကြိတ်ခွဲ၊ တင်ပို့ရာ ဗဟိုချက်မ ဖြစ်သည်။ ထို့ကြောင့် ဆန်စက်နှင့် ဆန်သိုလှောင်ရာ ဂိုထောင်များ ပေါများလှသည်။ ကြိတ်ခွဲပြီး ဆန်များကို ရေကြောင်း၊ ကုန်းကြောင်းတို့ဖြင့် ရန်ကုန်မြို့နှင့်အခြားမြန်မာပြည် အနှံ့အပြားသို့ တင်ပို့သည်။ ပုသိမ်ဆိပ်ကမ်းသည် ဧရာဝတီတိုင်းဒေသကြီးအတွက် ပို့ကုန်၊ သွင်းကုန်များ မှာယူတင်ပို့ရာတွင် အရေးပါသော ဆိပ်ကမ်းလည်း ဖြစ်သည်။ ထို့အပြင် ပုသိမ်မြို့သည် အစိုးရပိုင်မှန်စက်ရုံရှိရာမြို့ဖြစ်ပြီး ပြည်တွင်းသုံးမှန်နှင့် ဖန်ထည်အမျိုးမျိုးကိုပါ ထုတ်လုပ်ဖြန့်ဖြူးသည်။ အသေးစားလုပ်ငန်းများ အနေဖြင့် ပုသိမ်ထီးလုပ်ငန်းများ၊ ငါးပိငါးခြောက်ငံပြာရည် လုပ်ငန်းများအပြင် နာမည်ကျော် ပုသိမ်ဟာလဝါလုပ်ငန်းများ ဖွံ့ဖြိုးသည်။

ပုသိမ်ထီးများအား နေလှန်းအခြောက်ခံထားပုံ

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

မြစ်၊ ချောင်း၊ အင်းအိုင် ပေါများရာ မြစ်ဝကျွန်းပေါ် ဒေသဖြစ်ခြင်းကြောင့် ရေကြောင်းခရီးမှာ များစွာအရေးပါလှသည်။ ရေကြောင်းခရီးအား အဓိက အားကိုးရခြင်း ကြောင့်လည်း မြေပြန့်ဒေသများ နှင့် နှိုင်းယှဉ်လျှင် လမ်းပန်းဆက်သွယ်ရေး အနည်းငယ် နောက်ကျနေခဲ့သည် ဟုဆိုနိုင်သည်။ ယခင်က ဧရာဝတီတိုင်းဒေသကြီးရှိ အခြားမြို့ရွာများနှင့် ဆက်သွယ်ရန် ရထားလမ်း၊ ကားလမ်း အချို့ ရှိခဲ့သော်လည်း ရန်ကုန်သို့ တစ်ညအိပ် ရေလမ်းခရီးဖြင့်သာ သွားလာနိုင်ခဲ့သည်။ သို့သော် လွန်ခဲ့သော ၁၅နှစ်အတွင်း လမ်း၊ တံတားအချို့ ဖောက်လုပ် ပြီးစီးခဲ့ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး နှင့် ခရီးသွားလုပ်ငန်းများ အနည်းငယ် ဦးမော့လာခဲ့သည်။ ယခုအခါတွင် ရန်ကုန်မြို့ သို့ပြေးဆွဲသော မော်တော်ယာဉ် လိုင်းပေါင်း မြောက်မြားစွာ ပေါ်ထွက်လာပြီး ခရီးသွားလာချိန်မှာ ၄နာရီခန့်သာ ကြာမြင့်သည်။ လေကြောင်းခရီးအတွက် ပုသိမ်လေဆိပ် ရှိပြီး ပြေးလမ်း ၄၄၀ဝပေရှည် ကွန်ကရစ်ခင်း အမျိုးအစား ဖြစ်သည်။ မြန်မာ့လေကြောင်းမှ ရန်ကုန်-ပုသိမ်-သံတွဲ ခရီးစဉ် နှင့် ပုဂံလေကြောင်းမှ ရန်ကုန်-ပုသိမ်ခရီးစဉ်များ ပြေးဆွဲ ပေးနေသည်။ ထို့အပြင် ရေလမ်းခရီးမှာလည်း လူသုံးများဆဲ ဖြစ်သည်။

မြို့တွင်း ခရီးသွားလာရန် အတွက် မော်တော်ယာဉ်လိုင်း အချို့ရှိပြီး စင်းလုံးငှား မော်တော်ယာဉ်များပါ ရှိသည်။ ယခင်က မြို့တွင်း သွားလာရေး အတွက် သုံးဘီးကား များကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြ သော်လည်း နောက်ပိုင်းတွင် လေးဘီးကား၊ ဒိုင်နာ၊ ဟိုင်းလပ် စသည်တို့ဖြင့် အစားထိုးခဲ့သည်။၂၀၁၈ တွင် အိုးဝေ Taxi ဟုခေါ်‌သော သုံးဘီးဆိုင်ကယ်များ လွန်စွာ တွင်ကျယ်လာခဲ့ပြီဖြစ်သည်။

ကျန်းမာရေး နှင့် အားကစား[ပြင်ဆင်ရန်]

ပုသိမ် အားကစားကွင်းသည် ပုသိမ်မြို့ထဲတွင် တည်ရှိသည်။ ပုသိမ်အားကစားကွင်းသည် ဘက်စုံသုံး အားကစားကွင်းတစ်ခု ဖြစ်သည်။ ဘောလုံးပွဲများကို အများဆုံးကျင်းပလျက်ရှိပြီး ဧရာဝတီ ယူနိုက်တက် ဘောလုံးအသင်း၏ အိမ်ကွင်းလည်း ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်စတင် တည်ထောင်ခဲ့စဉ်ကတည်းက ပါဝင်ခဲ့သော အသင်းတစ်သင်း ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးကို ကိုယ်စားပြုသည်။

တက္ကသိုလ်နှင့်ကောလိပ်များ[ပြင်ဆင်ရန်]

မြို့တွင်းစိတ်ဝင်စားဖွယ်ရာနေရာများ[ပြင်ဆင်ရန်]

ရွှေမုဋ္ဌောစေတီ

ရွှေမုဋ္ဌောဘုရား[ပြင်ဆင်ရန်]

ရွှေမုဋ္ဌောဘုရားကို သာသနာ သက္ကရာဇ် ၂၁၈ ခုနှစ် တပေါင်းလပြည့်နေ့ လငပုပ်ဖမ်းသောအခါတွင် သီရိဓမ္မာသောကမင်း တည်သည်ဟု ဆိုသည်။ သီရိဓမ္မာသောကမင်းလက်ထက် တည်စက ရွှေအာဏာစေတီဟုတွင်၍ ၄၅၇ ခုနှစ်တွင်အလောင်းစည်သူမင်းကြီး ပြန်လည် ပြုပြင်ပြီးသောအခါ ထူပါရုံစေတီဟု သမုတ်သည်။ ၆၂၅ ခုနှစ်တွင် သမုဒ္ဒဃောသမင်းနှင့် ဥမ္မာဒန္တီ မိဖုရားတို့ တိုးချဲ့တည်ပြီး သောအခါမှ ရွှေမုဋ္ဌောဟု အမည်တွင်ခဲ့ခြင်း ဖြစ်လေသည်။

ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲပြီးဆုံးသွား၍ ပုသိမ်မြို့သည် ဗြိတိသျှတို့လက် ရောက်ရှိသွားပြီးနောက် ဗြိတိသျှအစိုးရ ခန့်အပ်သည့် စစ်ကဲတော်မင်းများသည်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင် မြို့မိမြို့ဖတို့သည်လည်းကောင်း ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကိုးကွယ်ခဲ့သည်။ ယခုတည်ရှိသည့်အတိုင်းဖြစ်သော မြေမှခရားသီးအဆုံးထိ ၇၇ တောင်၊ ထီးရပ် ၂၃ တောင်၊ နှစ်ရပ်ပေါင်း အတောင်တစ်ရာ၊ လုံးပတ်တော် ၂ဝ၇ တောင်နှင့် ဖိနပ်တော် ၂၇၂ တောင် အသီးအသီးရှိသော ဉာဏ်တော်၊ လုံးဝန်းပမာဏတော်တို့ကို ဆောင်စေလျက် စိန်ဖူးတော်၊ ရွှေထီးတော်၊ ငွေထီးတော်အပြင် ရတနာ အပေါင်းဖြင့် စီခြယ်အပ်သော ရွှေသားငှက်မြတ်နားတို့ဖြင့် ခမ်းနားထည်ဝါ ကြည်ညိုဖွယ်ရာ တိုးမြှင့် တည်ထားနိုင်ခဲ့လေသည်။

လေးကျွန်းရန်အောင် ဖောင်တော်ဦးစေတီ[ပြင်ဆင်ရန်]

လေးကျွန်းရန်အောင် ဖောင်တော်ဦးစေတီသည် ပုသိမ်မြို့ ရေကြည်ဦး အရပ်တွင် တည်ရှိပြီး အလောင်းစည်သူမင်းကြီး တိုင်းခန်း လှည့်လည်ရာတွင် ဖောင်တော်ဆိုက်ရာ အရပ်၌ စေတီတည်ခဲ့ခြင်းကြောင့် ဖောင်တော်ဦးစေတီဟု အမည်တွင်ခြင်း ဖြစ်သည်။ ရေကြည်ကန်နှင့် ရေနောက်ကန် ရှိခြင်းကို အစွဲပြု၍ ရေကြည်ရေနောက်ဘုရား ဟုလည်း ခေါ်သည်။

ကန်သာယာပန်းဥယျာဉ်[ပြင်ဆင်ရန်]

ပုသိမ်တက္ကသိုလ်အနီး ကန်သုံးဆင့် ရေကန်နံဘေးတွင် တည်ဆောက်ထားသော အပန်းဖြေရန်ပန်းဥယျာဉ် ဖြစ်ပြီး ကစားကွင်းများ၊ စားသောက်ဆိုင်များ ပါဝင်သော နေရာတစ်ခုဖြစ်သည်။

ပုသိမ်ယဉ်ကျေးမှုပြတိုက်[ပြင်ဆင်ရန်]

ပုသိမ်မြို့ ယဉ်ကျေးမှုပြတိုက်သည်ဧရာဝတီတိုင်းဒေသကြီးကိုကိုယ်စားပြုသည့်ပြတိုက်ကြီးတစ်ခုဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များစွာကိုခင်းကျင်းပြသထားသည်။

ရွှေမြင်တင်စေတီတော် (ပုသိမ်မြို့)[ပြင်ဆင်ရန်]

ရွှေမြင်တင်စေတီတော်(ပုသိမ်မြို့) သည် ပုသိမ်မြို့မြောက်ဘက် ငဝံမြစ်၏အရှေ့ဘက်ကမ်း၊ ဒါးကမြစ် လက်ယာဘက်ကမ်း တောင်ထိပ်ပေါ်တွင် တည်ရှိသည်။

မြို့ဝန်းကျင်စိတ်ဝင်စားဖွယ်ရာနေရာများ[ပြင်ဆင်ရန်]

မော်တင်စွန်းဘုရား နှင့် ကမ်းခြေ[ပြင်ဆင်ရန်]

ငဝန်မြစ်ကြောင်းအတိုင်း သင်္ဘောနှင့် စုန်ဆင်းသွားပါက ကပ္ပလီပင်လယ်ဝရှိ မော်တင်စွန်းအငူသို့ ရောက်ရှိနိုင်သည်။ နှစ်စဉ် ရေကျချိန် ဖြစ်သည့် တပို့တွဲလ (ဖေဖော်ဝါရီ၊မတ်) ရောက်တိုင်း မော်တင်စွန်းဘုရားပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိသည်။ ကမ်းခြေတစ်လျှောက်တွင် ယာယီတဲများ ထိုးကာ ပင်လယ်ထွက် ပစ္စည်းများပါ ရောင်းချကြသည်။

ချောင်းသာကမ်းခြေ[ပြင်ဆင်ရန်]

ချောင်းသာကမ်းခြေသည် ပုသိမ်မြို့ မှ၄၀ကီလိုမီတာ သာကွာဝေး သော ကမ်းခြေ အပန်းဖြေ စခန်း ဖြစ်ပြီး ၁၉၉၀ခုနှစ်များတွင် စတင် လူသိများလာခဲ့သည်။ ဈေးနှုန်းနှင့် အတန်းအစား အမျိုးမျိုးသော ဟိုတယ်နှင့် တည်းခိုခန်းများ၊ ပင်လယ်စာ စားသောက်ဆိုင်များရှိသည်။

ငွေဆောင်ကမ်းခြေ[ပြင်ဆင်ရန်]

ငွေဆောင် ကမ်းခြေ

ငွေဆောင်ကမ်းခြေသည် ပုသိမ်မြို့မှ ၄၈ကီလိုမီတာ ကွာဝေးပြီး ၂၀ဝ၀ပြည့်နှစ်တွင် စတင်ဖွင့်လှစ်သော ကမ်းခြေ အပန်းဖြေစခန်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလှပဆုံးသော ကမ်းခြေများ စာရင်းတွင် ပါဝင်ပြီး ကြယ်ငါးပွင့် စံချိန်မီဟိုတယ်ကြီးများရှိရာနေရာ ဖြစ်သည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (စက်တင်ဘာ ၂၀၁၉)။ my:ပုသိမ်မြို့နယ် ဒေသဆိုင်ရာအချက်လက်များ (PDF) (အစီရင်ခံစာ)။ MIMUOctober 24, 2022 တွင် ပြန်စစ်ပြီး
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 15 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2010 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၆)၊ စာ ၃၄၉-၅၂။
  4. James Gray, ed. (1892). Buddhaghosuppatti. London: Luzac & Company. p. 11.
  5. သမိုင်းပါမောက္ခ ဒေါက်တာကျော်ဝင်း(ငြိမ်း) ရေး၊ ညောင်ရမ်းမင်းသား၏ နောက်ဆုံးနေ့ရက်များနှင့် အခြားစာတမ်းများ၊ စာ-၃၉၊ ၂၀၁၅၊ ဒီဇင်ဘာ
  6. Dictionary of Modern Spoken Mon by H.L. Shorto (1962, Oxford University Press)