ထားဝယ်မြို့နယ်

ဝီကီပီးဒီးယား မှ
ထားဝယ်မြို့နယ်
မြို့နယ်
ထားဝယ်ခရိုင်အတွင်းတည်နေရာ
ထားဝယ်ခရိုင်အတွင်းတည်နေရာ
ထားဝယ်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ထားဝယ်မြို့နယ်
ထားဝယ်မြို့နယ်
ထားဝယ်မြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 14°05′N 98°12′E / 14.083°N 98.200°E / 14.083; 98.200ကိုဩဒိနိတ်: 14°05′N 98°12′E / 14.083°N 98.200°E / 14.083; 98.200
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
ခရိုင်ထားဝယ်ခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ထားဝယ်မြို့
ဧရိယာ
 • စုစုပေါင်း၆၈၂၇.၆ စတုရန်းကီလိုမီတာ (၂၆၃၆.၁၄ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၃၄ မီတာ (၁၁၂ ပေ)
လူဦးရေ (၂၀၁၄)၁၂၅,၆၀၅[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ထားဝယ်မြို့နယ် သည် မြန်မာနိုင်ငံတနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ ထားဝယ်မြို့နယ်တွင် ထားဝယ်မြို့နှင့် မေတ္တာမြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ထားဝယ်မြို့ ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သမိုင်းမှတ်တမ်းများအရ ထားဝယ်မြို့နယ်သည် ထားဝယ်လူမျိုးများ နောက်ဆုံးတည်ခဲ့သော မြို့ဖြစ်သည်။[၂] ၁၇၄၈ ခုနှစ်တွင် ထားဝယ်စားဦးနဲလှသည် ဇလွန်မြို့ကို မွန်တို့ ဝင်တိုက်သဖြင့် ယခု ထားဝယ်မြို့နေရာသို့ ပြောင်းရွေ့ကာ တလိုင်းရှောင်မြို့ဟု ခေါ်သော သစ်လုံးမြို့ကို မြန်မာသက္ကရာဇ် ၁၁၁၃ ခုနှစ်၊ တပေါင်းလဆုတ် ၁၃ ရက်နေ့တွင် ထူထောင်ခဲ့သည်။ ၁၁၁၆ ခုနှစ် တပေါင်းလတွင် သာယာဝတီမြို့ဟု သမုတ်၍ အုတ်မြို့အဖြစ် တည်ထောင်ခဲ့သည်။ ထားဝယ်မြို့မည်သို့ ပြောင်းလဲခဲ့သည် ကာလကို မသိရသော်လည်း မြို့ဝန်ရာဇသင်္ကြန်လက်ထက် ရေးထိုးခဲ့သော ခေါင်းလောင်းစာတွင် သာယာဝတီမြို့ ခေါ် ထားဝယ်မြို့စားဟု တွေ့ရှိရခဲ့သည်။[၂]

ထားဝယ်မြို့တည်ထောင်သော မြို့စားဦးနဲလှသည် မြန်မာမင်းလက်အောက်ခံမဟုတ်ဘဲ ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်ခဲ့သည်။ ၁၇၅၉ ခုနှစ်တွင် ထားဝယ်မြို့စားဦးနဲလှသည် အလောင်းမင်းတရားအား ထားဝယ်မြို့မှ ပုန်ကုန်ခြားနားခဲ့ရာ အလောင်းမင်းတရား၏ သားတော်များဖြစ်သော မြေဒူးမင်းသားနှင့် မင်းခေါင်အနော်ရထာတို့ ချီတက်တိုက်ခိုက်ခဲ့ပြီး ဦးနဲလှအား ကွပ်မျက်ကာ ထားဝယ်မြို့ကို ၁၇၆၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။[၂] ထို့နောက်မြို့ဝန်များဖြင့် အုပ်ချုပ်ခဲ့ရာ နောက်ဆုံးအုပ်ချုပ်ခဲ့သော မြို့ဝန်မှာ ဦးရွှေလုတ် ခေါ် စည်သူကျော် ဖြစ်သည်။[၂]

ပထဝီဝင်[ပြင်ဆင်ရန်]

တည်နေရာအကျယ်အဝန်း[ပြင်ဆင်ရန်]

ထားဝယ်မြို့နယ်သည် မြောက်လတ္တီကျူ ၁၃ ဒီဂရီ ၁၇ မိနစ်မှ ၁၄ ဒီဂရီ ၃၆ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၉ ဒီဂရီ ၁၂ မိနစ်နှင့် ၉၈ ဒီဂရီ ၂၇ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၆၀.၈၅ မိုင် (၉၇.၉၃ ကီလိုမီတာ) နှင့် တောင်မှမြောက်သို့ ၇၁.၃၈ မိုင် (၁၁၄.၈၇ ကီလိုမီတာ) ရှည်လျားကာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၁၂ ပေတွင် တည်ရှိသည်။ မြို့နယ်ဧရိယာမှာ ၂,၆၃၆.၁၄ စတုရန်းမိုင် (၆,၈၂၇.၆ စတုရန်း ကီလိုမီတာ) ဖြစ်သည်။[၂]

နယ်နမိတ်[ပြင်ဆင်ရန်]

ထားဝယ်မြို့နယ်၏ မြောက်ဘက်တွင် ရေဖြူမြို့နယ်၊ အရှေ့ဘက်တွင် မေတ္တာမြို့၊ တောင်ဘက်တွင် သရက်ချောင်းမြို့နယ်၊ အနောက်ဘက်တွင် လောင်းလုံးမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်နေသည်။[၂]

မြေမျက်နှာသွင်ပြင်နှင့် ရေဆင်း[ပြင်ဆင်ရန်]

ထားဝယ်မြို့နယ်သည် မြေပြန့်လွင်ပြင်နည်းပါးပြီး တောင်ကုန်းတောင်တန်းများ ထူထပ်သော ဒေသဖြစ်သည်။ မြစ်ချောင်းများ ပေါများပြီး ထင်ရှားသောမြစ်မှာ ထားဝယ်မြစ်ဖြစ်သည်။[၂]

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်[ပြင်ဆင်ရန်]

ထားဝယ်မြို့သည် ပူနွေးစွတ်စိုသည့် ရာသီဥတုရှိပြီး အမြင့်ဆုံး ၃၈.၅ ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံး အပူချိန် ၁၅.၀ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။[၂]

ထားဝယ်မြို့နယ်အတွင်း ဓနိ၊ ပင်လယ်ကဗွီး၊ သီဟိုဠ်၊ သရက်၊ ဘန့်ဘွေး၊ ကညင်၊ ကဒွတ်၊ သင်္ကန်း၊ သစ်ရှို၊ စံကား၊ မှန်သင်း၊ ပျဉ်းကတိုးပင်ငယ်နှင့် အင်ဘိုပင်များ ပေါက်ရောက်ကာ လက်ရှိ သဘာဝပတ်ဝန်းကျင်အခြေအနေအရ သစ်တောဖုံးလွှမ်းမှု ၅၄.၀၉% ရှိသည်။ ထားဝယ်မြို့နယ်တွင် ကြိုးဝိုင်းတော ၃၁၃၂၀ ဧက၊ ကြိုးပြင်ကာကွယ်တော ၁၂၂,၃၂၄ ဧကနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ၁၁၆,၄၇၄ ဧက ရှိသည်။[၂]

ထားဝယ်မြို့နယ်အတွင်းတွင် ဆတ်၊ ဂျီ၊ ဝက်ဝံ၊ တောင်ဆိတ်၊ တောဝက်၊ ကြံ့သူတော်၊ ဆင်၊ ပြောင်၊ မျောက်၊ မြွေ၊ သင်းခွေချပ် စသည်တို့ကို တွေ့ရှိရသည်။

လူဦးရေပျံ့နှံ့နေထိုင်မှု[ပြင်ဆင်ရန်]

ထားဝယ်မြို့နယ်တွင် ထားဝယ်လူမျိုးအများစုနှင့်ဗမာလူမျိုး၊ ကရင်လူမျိုးများ အများဆုံး နေထိုင်ကြပြီး မွန်လူမျိုး၊ ရခိုင်လူမျိုး၊တနင်္သာရီလူမျိုး၊ ရှမ်းလူမျိုး၊ ကချင်လူမျိုး၊ ကယားလူမျိုး၊ ချင်းလူမျိုးများလည်း ရှိသည်။ ထားဝယ်မြို့နယ်တွင် ၂၀၁၉ ခုနှစ် စက်တင်ဘာစာရင်းများအရ အိမ်ထောင်စုပေါင်း ၂၇,၆၆၅ ရှိပြီး လူဦးရေ ၁၄၀,၃၃၁ ဦးရှိသည်။[၂]

ကိုးကွယ်မှု[ပြင်ဆင်ရန်]

ထားဝယ်မြို့နယ်တွင် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြပြီး ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာတို့ကိုလည်း ကိုးကွယ်ကြသည်။[၂]

စီးပွားရေး[ပြင်ဆင်ရန်]

ထားဝယ်မြိုနယ်သည် စီးပွားရေးအချက်အချာကျသော မြို့နယ်တစ်ခုဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။ အဓိကထွက်ကုန်မှာ ရာဘာ၊ ဆီအုန်း၊ သီဟိုဠ်၊ ကွမ်းသီးတို့ ဖြစ်သည်။[၂]

ပညာရေး[ပြင်ဆင်ရန်]

ထားဝယ်မြို့နယ်တွင် ထားဝယ်တက္ကသိုလ်၊ အစိုးရနည်းပညာတက္ကသိုလ်၊ အစိုးရကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကောလိပ်၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် သူနာပြုသင်တန်းကျောင်းများ တည်ရှိသည်။ အထက်တန်းကျောင်း ၁၀ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၅ ကျောင်း၊ အလယ်တန်းကျောင်း ၁၁ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၅ ကျောင်း၊ မူလတန်းလွန်ကျောင်း ၁၅ ကျောင်း၊ မူလတန်းကျောင်း ၉၄ ကျောင်း၊ မူလတန်းကြိုကျောင်း ၂၆ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၅ ကျောင်း ရှိသည်။[၂]

ကျန်းမာရေး[ပြင်ဆင်ရန်]

ထားဝယ်မြို့နယ်တွင် အစိုးရပြည်သူ့ဆေးရုံ ၁ ခု၊ တပ်မတော်ဆေးရုံ ၁ ခု၊ တိုက်နယ်ဆေးရုံ ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၄ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၂ ခု ရှိသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၄။
  2. ၂.၀၀ ၂.၀၁ ၂.၀၂ ၂.၀၃ ၂.၀၄ ၂.၀၅ ၂.၀၆ ၂.၀၇ ၂.၀၈ ၂.၀၉ ၂.၁၀ ၂.၁၁ ၂.၁၂ ၂.၁၃ ထားဝယ်မြို့နယ် ဒေသဆိုင်ရာ အချက်အလက်များထားဝယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (စက်တင်ဘာ ၂၀၁၉)။