အင်းလေးကန်
အင်းလေးကန် (ရှမ်း: ၼွင်ဢင်းလေး)သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးသော သဘာဝကန်ဖြစ်ပြီး ရှမ်းပြည်နယ်၏ သင်္ကေတတစ်ခု ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ မီတာ ၉၀၀ (၂,၉၀၀ ပေ) ခန့်မြင့်သော ရှမ်းကုန်းပြင်မြင့်ထက်တွင် တည်ရှိသဖြင့် "တောင်ပေါ်က နတ်ကန်" ဟု တင်စားခေါ်ဝေါ်ကြသည်။ အရှေ့ဘက်နှင့် အနောက်ဘက်တွင် တည်ရှိသော ပြိုင်ပြိုင်သွယ်တန်းနေသည့် တောင်တန်းကြီးနှစ်ခုကြားရှိ ညောင်ရွှေချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံးအပိုင်း၌ လှပစွာ အခြေတည်လျက်ရှိသည်။[၁]
| အင်းလေးကန် ရှမ်း: ၼွင်ဢင်းလေး(နောင်အင်းလေး) | |
|---|---|
ရှမ်းကုန်းပြင်မြင့်ပေါ်မှ အင်းလေးကန်၏ မြင်ကွင်း | |
| တည်နေရာ | ညောင်ရွှေမြို့နယ်၊ ရှမ်းပြည်နယ် |
| ကိုဩဒိနိတ် | 20°33′N 96°55′E / 20.550°N 96.917°Eကိုဩဒိနိတ်: 20°33′N 96°55′E / 20.550°N 96.917°E |
| အမျိုးအစား | Polymictic lake (Tectonic origin) |
| ပင်မ ရေဝင်စီးကြောင်း | နမ့်လတ်ချောင်း |
| ပင်မ ရေထွက်စီးကြောင်း | ဘီလူးချောင်း |
| ရေစုဝေးရာ နေရာ | ၃,၇၀၀ km2 (၁,၄၀၀ sq mi) |
| ရေဝေကြောရှိရာ နိုင်ငံများ | |
| အကျယ်ဆုံး အလျား | ၁၈ km (၁၁ mi) |
| အကျယ်ဆုံး အနံ | ၅ km (၃.၁ mi) |
| မျက်နှာပြင် ဧရိယာ | ၁၁၆ km2 (၄၅ sq mi) |
| ပျမ်းမျှအနက် | ၁.၅ m (၄ ft ၁၁ in) (ခြောက်သွေ့ရာသီ) |
| အနက်ဆုံး အနက်အရှိုင်း | ၃.၇ m (၁၂ ft) |
| ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၈၈၀ m (၂,၈၉၀ ft) |
| ကျွန်းများ | ကျွန်းမျောများ (Floating islands) |
| အနီးရှိမြို့များ | ညောင်ရွှေမြို့ |
အင်းလေးကန်သည် ရှမ်းတောင်တန်းကြီးများ၏ ရင်ခွင်အလယ်တွင် ခွက်ဝင်နေသော သဘာဝရေလှောင်ကန်ကြီး ဖြစ်သည်။ မိုးညှင်းခရိုင်ရှိ အင်းတော်ကြီးကန်ပြီးလျှင် မြန်မာနိုင်ငံတွင် အကြီးမားဆုံးသော ကန်ကြီးတစ်ခု ဖြစ်သည်။ပင်လယ်ရေမျက်နှာပြင်အထက် ၈၈၀ မီတာ (၂,၉၀၀ ပေ) အမြင့်တွင် တည်ရှိသဖြင့် အေးမြသော ရာသီဥတုနှင့် ကြည်လင်သော ရေပြင်ကို ပိုင်ဆိုင်ထားသည်။ ကန်အတွင်းသို့ နမ့်လတ်ချောင်းနှင့် အခြားသော စမ်းချောင်းငယ်များစွာ စီးဝင်ပြီး၊ ဘီလူးချောင်းမှတစ်ဆင့် လောပိတ ရေအားလျှပ်စစ်စက်ရုံအတွက် အဓိကကျသော ရေအရင်းအမြစ်ကို ပံ့ပိုးပေးထားသည်။ အင်းလေးကန်သည် ကမ္ဘာပေါ်တွင် အခြားမည်သည့်နေရာ၌မျှ မရှိသော ရေနေသတ္တဝါနှင့် အပင်မျိုးစိတ်ပေါင်းများစွာ တည်ရှိရာ နေရာဖြစ်သဖြင့် ၂၀၁၅ ခုနှစ်တွင် ယူနက်စကို (UNESCO) ၏ လူသားနှင့် ဇီဝအဝန်းအဝိုင်း နယ်မြေ (Man and the Biosphere Reserve) အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။[၂]
ယဉ်ကျေးမှုနှင့် လူနေမှုဘဝ
[ပြင်ဆင်ရန်]အင်းလေးရေပြင်ပေါ်တွင် ရွာကြီး၊ ရွာငယ်များစွာကို ရေပေါ်အိမ်များဖြင့် တည်ဆောက်ထားကြသည်။ ၎င်းဒေသတွင် နေထိုင်ကြသော အင်းသားလူမျိုးတို့သည် ကမ္ဘာကျော် "ခြေထောက်ဖြင့် လှေလှော်ခြင်း" (Leg-rowing) အတတ်ပညာဖြင့် ငါးဖမ်းခြင်းနှင့် ရေပေါ်စိုက်ခင်း (Floating Gardens) လုပ်ငန်းများကို လုပ်ကိုင်ကြသည်။
အင်းလေးဒေသ၏ အထင်ကရအဖြစ်ဆုံး နေရာမှာ နန်ဟူးရွာရှိ ဖောင်တော်ဦးဘုရား ဖြစ်ပြီး နှစ်စဉ်ကျင်းပမြဲဖြစ်သော ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပွဲမှာ ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်စားမှု အမြင့်ဆုံးပွဲတော် ဖြစ်သည်။
အင်းလေးကန်၏ ပထဝီဝင်ဖြစ်တည်မှုသမိုင်း
[ပြင်ဆင်ရန်]အင်းလေးကန်သည် ဘူမိဗေဒသဘောတရားအရ တက်တိုးနစ် (Tectonic origin) ကြောင့် ဖြစ်ပေါ်လာသော ရှေးဟောင်းကန်ကြီးတစ်ခု ဖြစ်သည်။ ၎င်းသည် ရှမ်းကုန်းပြင်မြင့်၏ အလယ်ဗဟိုတွင် တည်ရှိပြီး လွန်ခဲ့သော နှစ်ပေါင်း ၁.၅ သန်းခန့် (Pliocene-Pleistocene epoch) ကတည်းက ဖြစ်တည်ခဲ့သည်ဟု ပညာရှင်များက ယူဆကြသည်။[၃]
ဖြစ်တည်ပုံ အဆင့်ဆင့်
[ပြင်ဆင်ရန်]- ပြတ်ရွေ့ကြောများ ဖြစ်ပေါ်ခြင်း: အင်းလေးကန်သည် အရှေ့ဘက်နှင့် အနောက်ဘက်တွင် သွယ်တန်းနေသော ပြတ်ရွေ့ကြော (Fault lines) များအကြား မြေနိမ့်ဆင်းသွားရာမှ ဖြစ်ပေါ်လာသော "Graben" ခေါ် ချိုင့်ဝှမ်းတစ်ခု ဖြစ်သည်။[၄]
- ထုံးကျောက်မြေမျက်နှာသွင်ပြင်: အင်းလေးကန် တည်ရှိရာ ဒေသသည် ထုံးကျောက် (Limestone) များပြားသော ကာ့စ် (Karst) မြေမျက်နှာသွင်ပြင် ဖြစ်သည်။ ထုံးကျောက်များ ရေတိုက်စားခြင်းနှင့် မြေအောက်လှိုဏ်ဂူများ ပြိုကျခြင်းတို့က ကန်၏ အနက်နှင့် ပုံသဏ္ဌာန်ကို နှစ်သန်းပေါင်းများစွာအတွင်း ပြောင်းလဲစေခဲ့သည်။
- ရှေးဟောင်းကန်ကြီး၏ အကြွင်းအကျန်: သုတေသနပြုချက်များအရ ရှေးယခင်က ယခုထက် များစွာကြီးမားသော "ရှေးဦးအင်းလေးကန်ကြီး" ရှိခဲ့ဖူးပြီး၊ ရာသီဥတုပြောင်းလဲမှုနှင့် နုန်းမြေအနည်ထိုင်မှုများကြောင့် ယနေ့ မြင်တွေ့ရသော အရွယ်အစားသို့ တဖြည်းဖြည်း ကျုံ့ဝင်သွားခြင်း ဖြစ်သည်။[၅]
ပထဝီဝင်ဆိုင်ရာ ထူးခြားချက်များ
[ပြင်ဆင်ရန်]- အမြင့်ပေ: အင်းလေးကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၈၈၀ မီတာ (၂,၉၀၀ ပေ) ခန့်တွင် တည်ရှိသဖြင့် အရှေ့တောင်အာရှရှိ မြင့်မားသော ကုန်းမြင့်ကန် (Highland Lake) များထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။
- အနည်ထိုင်ခြင်းစနစ်: ကန်အတွင်းသို့ စီးဝင်သော ချောင်းပေါင်း ၃၀ ကျော်မှ နှစ်စဉ် နုန်းနှင့် သဲအမြောက်အမြား သယ်ဆောင်လာသဖြင့် ကန်၏ အနက်မှာ တဖြည်းဖြည်း တိမ်ကောလာလျက်ရှိသည်။
- Polymictic Lake: အင်းလေးကန်သည် Polymictic lake အမျိုးအစားဖြစ်ပြီး ရေအပူချိန်မှာ အနက်အလိုက် အလွှာလိုက်ကွဲပြားခြင်းမရှိဘဲ ရေထုတစ်ခုလုံး မကြာခဏ ရောနှောလှုပ်ရှားနေသည့် သဘာဝရှိသည်။[၆]
လက်ရှိရင်ဆိုင်နေရသော ဘူမိရုပ်သွင်ပြောင်းလဲမှုများ
[ပြင်ဆင်ရန်]လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း သစ်တောပြုန်းတီးမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများကြောင့် ကန်၏ ဧရိယာမှာ လျင်မြန်စွာ ကျုံ့ဝင်လာနေသည်။ ၁၉၃၄ ခုနှစ်မှ စတင်၍ တိုင်းတာချက်များအရ ကန်၏ အိတ်ပွင့်ရေပြင်ဧရိယာမှာ သိသိသာသာ လျော့နည်းလာကြောင်း တွေ့ရှိရသည်။[၇]
အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ ၄၄.၉ စတုရန်းမိုင် (၁၁၆ စတုရန်း ကီလိုမီတာ) ခန့်ရှိပြီး ပင်လယ်ရေမျက်နှာပြင် ၂၉၀၀ ပေ (၈၈၀မီတာ) တွင်တည်ရှိသည်။ ခြောက်သွေ့သော နွေရာသီတွင် အနက် ၇ ပေ (၂.၁မီတာ) ခန့်ရှိပြီး ရေနက်သောနေရာတွင် ၁၂ ပေ (၃.၇မီတာ) ခန့်ရှိသည်။ မိုးရာသီတွင် ၅ ပေ (၁.၅) မီတာ ရေမျက်နှာ မြင့်တက်သည်။ အင်းလေးကန်သည် တောင်ပေါ်ရေအိုင် တစ်ခုဖြစ်ပြီး တောင်နှင့်မြောက် အလျား ကိုးမိုင်ခန့်ရှည်သည်။ အကျယ်ဆုံးနေရာ၌ အရှေ့နှင့်အနောက် သုံးမိုင်ခွဲခန့် ရှိသည်။ ကန်သည် နမ်ပီလူးခေါ် ဘီလူးချောင်းတွင်းမှဖြတ်၍ တောင်ဘက်စွန်မှ စီးထွက်သွားသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]အေဒီ ၁၀၄၄ က ပုဂံတွင် မြန်မာ့နန်းရိုးစခဲ့သော ပထမမြို့တည်နန်းတည်ဘုရင် အနော်ရထာ၏ မြစ်တော်ကြီး ဘုရင်အလောင်းစည်သူသည် တိုင်းပြည်တနံတလျား ခရီးသွားခဲ့သည်တွင် ထားဝယ် သားတို့လည်း နောက်တော်ပါးကပါကြဆို၏။ ထားဝယ်ဆိုသည်က အောက်မြန်မာနိုင်ငံကမ်းရိုးတန်းဒေသသား တိုင်းရင်းသားတစ်မျိုးဖြစ်သည်။ အင်းလေးကန်အရောက် ထားဝယ်သားတို့အား ထိုအရပ်၌ အခြေချနေထိုင်ကြဖို့ အရပ်တစ်ခု သတ်မှတ်ပြုပေးတော်မူခဲ့သည်။ အနေအထားက ထားဝယ်သားတို့ ယခင်သူတို့နေထိုင်ကြီးပြင်းခဲ့ရာ (တနင်္သာရီ) ကမ်းရိုးတန်းအရပ်နှင့် ရေမြေအနေအထားများစွာတူသည်ဟု ထင်ဖွယ်ရာရှိသည်။
ဘုရင်အလောင်းစည်သူ ဖောင်တော်ကျောက်ချရာ အင်းလေးကန်မဟာတွင် ဗုဒ္ဓရုပ်ပွား ၅ ဆူနှင့် ဖောင်တော်ဦးစေတီတည်တော်မူခဲ့သည်။ ယင်းဆင်းထုတော်တို့မှာ မာလာယုကျွန်းစွယ်သို့ ဘုရင်မင်းမြတ် ဖောင်စင်္ကြာအရောက်တွင် ရရှိယူဆောင်ခဲ့ရာမှ ယင်းနယ်သစ်ဖွင့်ထားဝယ်သားတို့ ကိုးကွယ်ဖို့ပေးသနားခဲ့သည်ဆို၏။
ယနေ့ယခုတိုင်အောင်ပင် အင်းရေပြင်မြေပြင်အနက်၌ ကျွန်းတုံးကျွန်းသားအထပ်ထပ် မြင်နိုင်သေးသောနေရာကား ဘုရင်မင်းမြတ်၏ နန်းတော်စိုက်ရာ ဖြစ်ပုံရသည်ဟု ယနေ့ယခုတိုင် နေထိုင်လျက် ရှိနေကြသည့် ထားဝယ်သား သို့မဟုတ် အင်းသားတို့က ယုံကြည်ကြသည်။
နန်းပန်မြို့မှ တစ်မိုင်ခန့်အဝေး၌လည်း ခွဲခြမ်း မွေတော် သည်တော်နှင့် မွေတော်တဆူ အခြားအခြေစိုက်နေထိုင်ကြသူများ ကိုးကွယ်ကြဖို့ စိုက်ထူ လှူတော်မူခဲ့သေးသည်။ အင်းသားတို့ကိုယ်၌က သူတို့အချင်းချင်း ဘုံပြောပုံဆိုပုံအသံအမူမှအစ တူကြ၍ အင်းသားတို့က သူတို့မှာ ထားဝယ်သားတို့၏ ဘိုးဘွားဘီဘင်ဟု ဆိုချင်ကြသည်။ နောက်ထပ် အငြင်းပွားသည့် ဒဏ္ဍာရီတစ်ခုက အင်းသားတို့ကိုယ်၌ ယုံကြည်ကြသည်မှာ ရှေးခေတ်မြန်မာနိုင်ငံ ပုဂံအစမှ သူတို့ဘိုးဘွားဘီဘင်အစဉ်လိုက် အင်းလေးဖက်သို့ ဆင်းသက်နေထိုင်ခဲ့ကြသည်မှာ ဘုရင်အလောင်းစည်သူ မရောက်မှီကတည်းကဖြစ်သည်ဟု ဆို၏။ ဘုရင်ရောက်အလာ အင်းသားတို့ကိုယ်၌က ဖောင်စင်္ကြာအတွက် ရေတပ်မတော်သားအဖြစ် အမှုထမ်းလိုပါကြောင်း ဆန္ဒအလျောက်တင်လျှောက်ရာမှ သူတို့ကိုမြန်မာတံခွန် တောင်စွန်ရောက်အောင် လိုက်ပါလာပြီး ဘုရင်ကသနား၍ အခြေကျနေကြဖို့ ဒေသတစ်ရပ် ဖွင့်ခဲ့ရာ၊ ထိုမှနောင် ယခုတိုင်အောင် ထားဝယ်အမည်နှင့် တည်စဲရှိ၏။ ယနေ့တိုင်အောင် ဖော်ပြပါအသိရခက်သည့် ဒဏ္ဍာရီ ၂ ပုဒ်ကြောင့် ထားဝယ်နှင့် အင်းသားမည်သည်ကစကြောင်း မည်သူမှ ဆင်ခြေပေး မှတ်ချက်ပြု စောဒနာခြင်း မပြုကြတော့ချေ။
လူမျိုး
[ပြင်ဆင်ရန်]အင်းလေးကန်ကိုခြံ၍ တည်သည့်နယ်ချင်းစပ် ၄ မြို့နယ် ကန်ရေပြင်အပါအဝင် ကျေးရွာတို့၌နေကြသူပေါင်းမှာ ၇ သောင်းဟု ခန့်မှန်းသည်။ အင်းသားလူမျိုး၊ ရှမ်း၊ ပအိုဝ်(တောင်သူ)၊ ဓနု စသည့် လူမျိုးများ နေထိုင်ကြသည်။ မြေပြင်စိုက်ပျိုးအလှစိုက်ခင်းနှင့် အပင်အလှဆင်ခြင်း အင်းလေးရေပြင်အထက် ကျွန်းမျောပြု၍ ဥယျာဉ်ဈေးကွက် ထူထောင်ခြင်းနှင့် မျိုးရိုးစဉ်လာ တံငါ ငါးဖမ်းလုပ်ငန်း လုပ်ခြင်းဖြင့် အသက်မွေးကြသည်။=
ထင်ရှားသော ဘုရားပွဲများ
[ပြင်ဆင်ရန်]ဖောင်တော်ဦးစံကျောင်းတော်၌ သီတင်းကျွတ်လဆန်း(၁)ရက်၊ နံနက် (၄:၀၀) နာရီခန့်တွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီး နံနက် (၇:၀၀) နာရီ မှာစတင်က စံကျောင်းတော်ရှိ ဘုရားငါးဆူအနက် လေးဆူအား ဟင်္သာဖောင်ဖြင့် ကျေးပေါခုံရွာသို့ ရာပေါင်းများစွာသော လှေလှော်သမားများက ခြေထောက်တစ်ဖက်တည်းဖြစ် လှော်ခတ်ကာ (အင်းသားလူမျိုး ရိုးရာလှေလှော်ခတ်နည်း) ချိတ်ယူပင့်ဆောင်လာခဲ့သည်။ အင်းတိန်ရွာတွင် သီတင်းကျွတ်လဆန်း (၂)ရက် မှ (၃)ရက် နေ့အထိ ဗုဒ္ဓပူဇနိယပွဲများ ကျင်းပကြသည်။ သီတင်းကျွတ်လဆန်း (၄)ရက်တွင် ရွာမရွာ၊ သီတင်းကျွတ်လဆန်း(၅)ရက်တွင် ငါးဖယ်ချောင်းရွာ၊ သီတင်းကျွတ်လဆန်း (၆)ရက် တွင် ကြေးစားကုန်းရွာ နှင့် ပွဲစားကုန်းရွာ စသဖြင့် အင်းလေးကန်အနီးရှိရွာအသီးသီးတွင် ဗုဒ္ဓပူဇနိယကျင်းပကြသည်။ ညောင်ရွှေမြို့သို့ကြွချီလာပြီးနောက် သီတင်းကျွတ်လဆန်း (၇)ရက်မှ (၉)ရက်နေ့အထိ စံကျောင်းတော်တွင် ကိန်းဝပ်က ဗုဒ္ဓပူဇနိယပွဲကျင်းပကြသည်။
ထိုနောက် ညောင်ရွှေမြို့စံကျောင်းတော်မှ နံနက်(၇:၀၀)နာရီခန့်တွင် နန်းသဲရွာသို့ဆက်လက်ကြွချီကာ သီတင်းကျွတ်လဆန်း(၁၁)ရက်တွင် သလဲဦးရွာ၊ သီတင်းကျွတ်လဆန်း(၁၂)ရက်တွင် ဓကလာရွာ နှင့် ဇရပ်ကြီးရွာ၊ သီတင်းကျွတ်လဆန်း(၁၃)ရက်တွင် အလိုတော်ပေါက်နှင့် နန်းပန်ရွာ၊ ထိုနောက် မကျီးဆိပ်ရွာသို့လည်းကောင်း ကျိင်းခမ်းရွာသို့လည်းကောင်း သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့တွင် ကြွချီကာ ဗုဒ္ဓပူဇနိယပွဲများကျင်းပကြသည်။ သီတင်းကျွတ်လပြည်နေ့ ရောက်သော်အခါ မိုင်းပျိုးရွာ၊ သီတင်းကျွတ်လဆုတ်(၁)ရက်နေ့တွင် နောင်တောရွာ၊ သီတင်းကျွတ်လဆုတ်(၂)ရက်နေ့တွင် အင်းပေါခုံရွာ နှင့် ရေးသာရွာသို့ ကြွချီကာဗုဒ္ဓပူဇနိယပွဲများ ကျင်းပကြသည်။ သီတင်းကျွတ်လဆုတ်(၃)ရက်၊ နံနက်(၈)နာရီတွင် ဖောင်တော်ဦး စံကျောင်းတော်ကြီးသို့ရောက်ရှိလာသည် နှင့်အတူ ကျောင်းတော်ဝင်ပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိသည်။ ကျေးပေါခုန်ကျေးရွာအုပ်စု သမိုင်းဝင် အင်းတိန်ဘုရား ပွဲတော်သည် အစည်ကားဆုံးသော ပွဲတော်တစ်ခုဖြစ်သည်။
စီးပွားရေး
[ပြင်ဆင်ရန်]
အင်းလေးနယ်တဝိုက် ကုန်သွယ်ထိုက်သည့်အရာတို့က လက်လုပ်ကုန်စည်အဖြစ်များ၍ လက်နက်တန်ဆာ၊ ကိရိယာပစ္စည်း ထွင်းထုထားသည့် အလှဆင်ဝတ္တုအဝတ်အထည်နှင့် ဖက်လိပ်ခေါ် ဆေးလိပ်တို့မှာ ဒေသသုံးသက်သက်လည်းရှိ ဒေသအပနှင့်လည်း ကူးလူးဖို့ပါရှိသည်။ ယင်းတို့အနက် အတော်များများ အလားတူတို့ကို မြန်မာပြည်အရပ်ရပ်၌လည်း ဝယ်၍ရနိုင်သည်။ နေ့စဉ် အရောင်းအဝယ်မှာ ဒေသဈေးတွင် တွင်ကျယ်စွာလုပ်နိုင်၏။ သို့သော် ပျံကျဈေးဖြစ်၍ ဈေးနေရာပြောင်းသည်ကို အစဉ်အလာသမားတို့အတွက် အခက်အခဲရှိသိကြပါ၏။ ထို့ကြောင့် ပဉ္စမဈေးနေ့တိုင်း နောက်တဈေး မည်သည့်နေရာမှာဆိုသည်ကို လှည့်လည်စဉ်ထားကာ ရေးဆွဲလိုက်နာကြပါ၏။ ဈေးနေ့ကျလျှင်ဖြင့် လှေငယ်ကိုယ်စီဖြင့် ရေပေါ်ဈေးအဖြစ် ကျန် ၄ ရက်ထက်ပိုမိုများပြားသည့် ပမာဏကို ခရီးသွားဧည့်သည်တို့အတွက် ရောင်းကြဝယ်ကြသည်။ အင်းလေးကန်သည် ရှေးရိုးစဉ်လာယက္ကန်းလုပ်ငန်းအတွက်လည်း ကျော်ကြားပါသည်။ ရှမ်းလွယ်အိတ်ခေါ် ပခုံးလွယ်အိတ်မှာ မြန်မာအများနေ့စဉ်သုံး၍ ဤဒေသတွင်အထွက်များပါသည်။ ပိုးထည်ယက်ခြင်းကလည်း အများကြိုက် အရေးပါလက်မှုစက်မှုပညာလုပ်ငန်းတစ်ခုဖြစ်၍ အင်းလေးနယ်အတွင်းသာမက နိုင်ငံတနံတလျား လူသိများကြသည်။ ယင်းအရပ်ကုန်ထွက်တို့က လက်ရာကသန့် အဆင့်ကမြင့် လက်နှင့်ယက်လျှင်ပိုလှသည့်အဆင်၊ အင်းလေးဆင်ဟုလည်း ခေါ်ကြ။ ကျားမ မဟူသူသူငါငါတိုင်း ရင်တန်ဆာအဖြစ် ဆင်မြန်းကြသည်။ ယခုဆိုလျှင် ပြည်တွင်းဧည့်သည်နှင့် နိုင်ငံခြားဧည့်သည်တို့က အလှပစ္စည်း ပဏ္ဏာပစ္စည်းလို အသီးသီးဝယ်သွားလေ့ရှိကြသည်။
ထင်ရှားသောနေရာများ
[ပြင်ဆင်ရန်]- ဖောင်တော်ဦးဘုရား
- ရွာမ ရေပေါ်ဈေး
- ငါးဖယ်ချောင်းကျောင်းတိုက် (ကြောင်ခုန်ကျောင်း ဟုလူသိများသည်။)
- ရွှေအင်းတိန် ဘုရား
ဓာတ်ပုံများ
[ပြင်ဆင်ရန်]- ဖောင်တော်ဦးဘုရား
- ဖောင်တော်ဦးဘုရား
- အလိုတော်ပေါက်ဘုရား
- အင်းလေး လှေဆိပ်
ကိုးကား
[ပြင်ဆင်ရန်]- ↑ Butkus, V. (2015). Ecology and Sustainability of Inle Lake.
- ↑ UNESCO. (2015). Inle Lake Biosphere Reserve, Myanmar.
- ↑ Su, Y. & Jassby, A. (2000). The Inle Lake Ecosystem: Physical and Chemical Environment.
- ↑ Bender, F. (1983). Geology of Burma. Gebrüder Borntraeger.
- ↑ Inle Lake Conservation and Rehabilitation Project (2012). Technical Report on Geological Evolution.
- ↑ Akaishi, F. et al. (2006). Surface water quality and limnological characteristics of Inle Lake, Myanmar.
- ↑ Sidle, R.C. et al. (2007). Erosion and sedimentation in Inle Lake. Environmental Management.
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- Interesting Photos
- images from Inle Lake 29 September 2007 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Trip to Burma YouTube
- Inle Lake YouTube
- The Cotton Weaving Industry of Inle inc. video 6 October 2007 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Where Even Dead Flowers are Doomed 19 March 2008 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Kyi Wai, The Irrawaddy, September 1, 2007
- Poisoned Waters 9 March 2008 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . Kyi Wai, "The Irrawaddy", September 1, 2007