သိဒ္ဓတ္ထမင်းသား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
သိဒ္ဓတ္ထမင်းသားတောထွက်ခန်းကို ပုဂံဒေသရှိ အာနန္ဒာဘုရားတွင် တွေ့ရပုံ

ဂေါတမမြတ်စွာဘုရားလောင်း ဖြစ်တော်မူသော သိဒ္ဓတ္ထမင်းသားကို သက္ကတိုင်း၊ ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော သုဒ္ဓေါဒနမင်းကြီးနှင့်မိဖုရားခေါင်ဖြစ်သော သိရီမဟာမာယာ မိဖုရားကြီးတို့မှ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့ နံနက် ၁ ချက်တီးအချိန် ဝိသာခါနက္ခတ်နှင့်စန်းအယှဉ်တွင် ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့အသွား လုမ္ဗိနီအင်ကြင်းတော (နီပေါနိုင်ငံ) ၌ ဖွားမြင်တော်မူသည်။ ဗုဒ္ဓသည် (ခရစ်တော်မပေါ်မီနှစ်ပေါင်း ၆၂၃) လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော်ကမွေးဖွားခဲ့သည်။ ဘီစီ (၅၈၈) တွင် ဗုဒ္ဓဝါဒ ကိုစတင်တည်ထောင်ခဲ့သော အမြင့်မြတ်ဆုံးသော မဟာလူသားတစ်ဦး ဖြစ်ခဲ့သည်။ တရားရှုမှတ်ခြင်း ကျင့်ကြံအားထုတ် ခဲ့သဖြင့် ဘီစီ (၅၈၈) တွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်လာခဲ့သည်။ သမိုင်းပညာရှင်များ၏ အဆိုအရ ဗုဒ္ဓ မြတ်စွာဘုရား၏ ဘိုးဘွားဘီဘင်များသည် တိဘက်-မြန်မာ (Tibeto-Burman; tribes of Himalaya) တိုင်းရင်းသား အနွယ် ဖြစ်သည်။ ထိုစဉ်က တိဘက်တို-ဘားမင်းတို့သည် မွန်ဂိုလွိုက် (Mongoloid race) ဖြစ်သည်။ [၁]

ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် ကမ္ဘာပေါ်တွင် ဝိပဿနာ ကျင့်စဉ်ကိုပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံအားထုတ် ခဲ့ သူဖြစ်သည်။ မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် (၄၅)နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။ ဗုဒ္ဓအဖြစ် (ဘီစီ ၅၈၈ - ဘီစီ ၅၄၃ ) ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တဝါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့သည်။

မယ်တော်မာယာ-၃၂ ပါးသောလက္ခဏာတော်ကြီး၊ ၈ဝသော လက္ခဏာတော်ငယ်တို့နှင့်ပြည့်စုံသော အလောင်းတော်မင်းသားသည် တစ်ပါးသောသူတို့ကဲ့သို့ လိမ်းကျံရစ်ထွေး ညစ်ကြေးသမ်းမို့ခြင်းမရှိ၊ ပကတိသွန်းသစ်သောဇမ္ဗူရာဇ်ရွှေစင်ကဲ့သို့ စင်ကြယ်စွာ ဖွားမြင်တော်မူလာသည်။ ထိုနောက်အလောင်းတော်သည် အရှေ့အရပ်မှမြောက်သို့လှည့်တော်မူလျက် ခုနစ်ဖဝါးသွား၍ မတ်မတ်ရပ်တန့်ပြီးလျှင်·

  • အဂ္ဂေါ ဟ မသ္မိ လောကဿ၊
  • ဇေဋ္ဌော ဟ မသ္မိ လောကဿ
  • သေဋ္ဌော ဟ မသ္မိ လောကဿ၊

ဟူ၍သုံးခွန်းသောစကားဖြင့် ကြုံးဝါးတော်မူလေသည်။

အဓိပ္ပါယ်ကား

  • ငါသည်လူအပေါင်းတို့ထက်အမျိုးအားဖြင့် မြတ်၏။
  • ငါသည်လောကသုံးပါးထက်ကြီး၏။
  • ငါသည်လူသုံးပါးတို့ထက်အထူးသဖြင့်ချီးမွမ်းအပ်၏

ဟူ၍ဖြစ်သည်။

ထိုနောက်အလောင်းတော်မင်းသားကိုကပိလဝတ်ပြည်သို့ ပြန်ပို့ကြလေသည်။

အလောင်းတော်ဖွားသည်နှင့်တစ်ပြိုင်နက် ဖွားဖက်တော်ခုနစ်ဦးဖြစ်သော ဘဒ္ဒကစ္စနာမင်းသမီး၊ အာနန္ဒာမင်းသား၊ ဆန္ဒအမတ်၊ ကာဠုဒါယီအမတ်၊ ကဏ္ဍကမြင်းတို့ကိုအသီးသီးဖွားမြင်ကြ၍ မဟာဗောဓိပင်နှင့် ရွှေအိုးကြီးလေးလုံးတို့လည်းပေါ်ပေါက်လာကြလေသည်။

သုဒ္ဓေါဒနမင်းကြီး၏ဆရာဖြစ်သောကာဠဒေဝီလရသေ့သည်ဘုရားလောင်းမင်းသားဖွားမြင်ကြောင်းကိုနတ်တို့ထံမှ ကြားသိရသဖြင့်မင်းကြီးနန်းတော်သို့ကြွလာ၏။ မင်းကြီးသည် သားတော်ကိုရင်ခွင်၌ထား၍ ရသေ့အားရှိခိုးစိမ့်သောငှာ လက်နှစ်ဖက်ကိုယှက်စေသော်အလောင်းမင်းသား၏၊ ဖဝါးတော်အစုံသည် လျှပ်ခြည်စက်ကဲ့သို့ပျံတက်ကာ ရသေ့၏ဦးထိပ်ပြင်ထက်၌တည်လေ၏။

ဤကဲ့သို့အံ့ဖွယ်သရဲဖြစ်သည်ကိုမြင်ရလျှင် ရသေ့သည်ထ၍ ရှိခိုးဦးတိုက်၏။ မင်းကြီးလည်းသားတော်မြတ်ကို တုပ်ဝပ်ရိုကျိုးရှိခိုးလေသည်။ ထိုနောက် ရှင်ရသေ့က ဤမင်းသားသည်စင်စစ်လျှင်ဘုရားဖြစ်လတ္တံ့။ သို့သော် ငါမူကားမင်းသားဘုရားဖြစ် သည်ကိုဖူးမျှော်ရမည်မဟုတ်ဟု မိန့်တော်မူလေသည်။

အလောင်းတော်မင်းသားကိုဖွားမြင်ပြီးသည့်နောက် ငါးရက်မြောက်နေ့၌ အမည်မှည့်ရန်ရွေးချယ်ကြရာ အလုံးစုံသောလူနတ်တို့၏အလိုခပ်သိမ်းကို ပြီးငြိမ်းစေတတ်ရကား သိဒ္ဓတ္ထကုမာရဟူ၍အမည် မှည့်၏။ ခုနစ်ရက်မြောက်သောနေ့၌ကား မယ်တော်သိရီမဟာမာယာမိဖုရားသည်စုတေ၍ ဘုရားမယ်တော် တို့၏ဖြစ်ရာ တုသိတာနတ်ပြည်ဝယ် သန္တုဿိတအမည်ရှိသောနတ်မင်းဖြစ်လေသည်။

မယ်တော် နတ်ရွာစံခဲ့သော် မိထွေးတော် မဟာပဇာပတိဂေါတမီမိဖုရားသည် သားတော်နန္ဒမင်းသားကို နို့ထိန်းတို့အားအပ်၍ အလောင်းမင်းသားကိုကိုယ်တိုင်နို့တိုက်၍ မွေးမြူတော်မူလေသည်။ သိဒ္ဓတ္ထမင်းသားကိုဖွား၍ တစ်လမြောက်သောအခါ ခမည်းတော်မင်းကြီးသည် အခြံအရံတို့နှင့် လယ်ထွန်မင်္ဂလာပြုတော်မူရာတွင် မင်းသားကို ဇမ္ဗူ့သပြေပင်ရင်းဝယ် ကောင်းမြတ်သောနေရာ၌ ထား၏။ အထိန်းမိန်းမတို့လည်းလမင်းကြီး၏လယ်ထွန်သဘင်ကို ကြည့်ရှုနေသဖြင့် မေ့လျော့နေစဉ်တွင် အလောင်းမင်းသားသည် သိပ်ထားရာမှ ထက်ဝယ်ဖွဲ့ခွေထိုင်နေတော် မူပြီးလျှင် အာနာပါန ကမ္မဋ္ဌာန်းကို စီးဖြန်းရင်း ပဌမဈာန်ကို ဝင်စားတော်မူ၏။ အလောင်းမင်းသား၏ အာနု ဘော်ကြောင့်ဇမ္ဗူ့သပြေပင်ရိပ်သည် နံနက်မှ မွန်းစောင်းသည့်တိုင်အောင်မပြောင်းမရွှေ့ပဲ ထီးဝန်းအုပ်သကဲ့သို့ တည်နေတော့၏။

ထိုအချင်းအရာကိုမြင်သော မင်းကြီးသည် ဝမ်းမြောက်လှရကား လက်အုပ်ချီမိုး၍ ရှိခိုးပူဇော်တော်မူ၏။ ဤကား ခမည်းတော်၏ နှစ်ကြိမ်မြောက် ရှိခိုးခြင်းတည်း။ အလောင်းတော်မင်းသား ၁၆ နှစ်အရွယ်သို့ရောက်သော အခါ ဒေဝဒဟပြည့်ရှင်သုပ္ပဗုဒ္ဓမင်း၏သမီးတော် ဘဒ္ဒကစ္စနာနှင့် ထိမ်းမြား၍ ယသောဓရာဗိမ္ဗာဒေဝီဟူသောအမည်ဖြင့် ဘိသိက်ခံကာ အဂ္ဂမဟေသီ ထားတော်မူသည်။ ထိုနောက် ပြာဿာဒ်သုံးခုဝယ် ဥတုအလှည့်အလည်အားဖြင့် မိန်းမအခြံအရံများဖြင့်သာလျှင် ၁၃ နှစ်တိုင်တိုင် ပျော်စံတော်မူလေသည်။


မင်းသားသက်တော် ၈ နှစ်သို့ရောက်သောအခါ တစ်နေ့၌ ဥယျာဉ်တော်သို့ထွက်တော်မူရာ ဥယျာဉ်အနီးတွင် နတ်တို့က သူအိုအသွင် ဖန်ဆင်း၍ ပြသည်။ နောက်လေးလအကြာ ဥယျာဉ်တော်သို့ ထွက်ပြန်ရာ သူနာအသွင်ကို ဖန်ဆင်း၍ ပြသည်။ နောက်လေးလအကြာထွက်တော်မူပြန်လျှင် သူသေအသွင်ကို ဖန်ဆင်း၍ပြသည်။ နောက်လေးလတစ်ကြိမ်တွင်လည်း ရဟန်းအသွင်ကိုဖန်ဆင်းပြ၏။ ဤသို့ သူအို၊ သူနာ၊ သူသေ၊ ရဟန်းတည်းဟူသော နိမိတ်လေးပါးထင်လာသည်နှင့် ကြောက်လန့်ပြီးလျှင် အလွန်သံဝေဂ ရှိတော်မူလေသည်။

ထိုအခိုက်တွင် ဘဒ္ဒကစ္စနာတွင်လည်း သားတော်ရာဟုလာကိုဖွားမြင်တော်မူပြန်ရာ ကျဉ်းကျပ်သော နှလုံးတော်ရှိလှသဖြင့် ထိုညဉ့်တွင်ပင် တောထွက်အံ့ဟု ကြံတော်မူ၏။ ကြံသည့်အတိုင်းသက်တော် ၂၉နှစ် မဟာသက္ကရာဇ် ၉၇ ခုဝါဆိုလပြည့်တနင်္လာနေ့ ညဉ့်သန်းခေါင်ယံအချိန်တွင် ဖွားဖက်တော်ကဏ္ဍကမြင်းကို စီး၍ ငယ်ဖော်ဆန္ဒကိုအမြီးကဆွဲစေလျက် တောထွက်တော်မူလေသည်။ တောထွက်၍ယူဇနာ ၃ဝကျော်မျှဝေးသော အနောမာမြစ်တစ်ဘက်ကမ်းသို့ရောက်သောအခါ ဗြဟ္မာမင်းဆက်ကပ်လှူဒါန်းသောပရိက္ခရာရှစ်ပါးနှင့် ကြာသင်္ကန်းဖြင့်ရဟန်းပြုတော်မူ၏။ ရဟန်းအဖြစ်ဖြင့် ဒုက္ကရစရိယာ ခြောက်နှစ်တိုင်အောင်ကျင့်တော်မူပြီးသည်၏ အဆုံး၌ သဗ္ဗညုတရွှေဉာဏ်တော်ကိုရ၍ သက်တော် ၃၅နှစ် သက္ကရာဇ် ၁ဝ၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့အကုန် နေအရုဏ်တက်သည်နှင့် ဘုရားအဖြစ်သို့ရောက်တော်မူလေ သည်။ ဘုရား၏အမည်ကား ဂေါတမမြတ်စွာဘုရားတည်း။

ဘုရားဖြစ်တော်မူပြီးနောက် ၄၅ ဝါပတ်လုံး လူနတ်ဗြဟ္မာအပေါင်းတို့အား တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူပြီးလျှင် သက်တော် ၈ဝသက္ကရာဇ် ၁၄၈ခု ကဆုန်လပြည့် အင်္ဂါနေ့နံနက် မိုးသောက်ယံတွင် ပရိနိဗ္ဗာန်စံဝင်တော်မူလေသည်။[၂]

ရုပ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Buddha was born in Nepal and he was Mongoloid race « Lumbini-Kapilvastu Day Blog
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)