ဟိုင်းကြီးကျွန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဟိုင်းကြီးကျွန်းသည် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ပုသိမ်မြို့တောင်ဘက် ၆ဝခန့်အကွာ ပင်လယ်ဝတွင် တည်ရှိသည်။ ကျွန်း၏အနေအထားသည် သုံးထောင့်ပုံ၊ သို့မဟုတ် ဗထက်ချိုင့်ပုံသဏ္ဌာန် ရှိသည်။ လခြမ်းပုံသဏ္ဌာန် အချိုင့်သည် အနောက်မြောက်ဘက်၌ တည်ရှိသည်။ လှေနှင့်သင်္ဘောများ ဆိုက်ကပ်ရန် သင့်လျော်သည်။ အရှေ့မြောက်ဘက်၌ ပြင်ခရိုင်ရွာရှိသည်။ အနောက်နှင့် အနောက် မြောက်ဘက်တို့၌ ကျောက်ချောင်းရွာ၊ ခမောက်မော်ရွာနှင့် ကန်ကြိုင်ရွာများ ရှိသည်။ ဟိုင်းကြီးကျွန်းနှင့် ခမောက်မော်ရွာတို့၏ အကြားရှိ ငဝန်မြစ်ဝသည် ကျဉ်းလေသည်။ ယင်းကို အတွင်းလမ်းဟု ခေါ်ကြသည်။ အရှေ့ဘက်ရှိ ငဝန်မြစ်ဝမှာ ကျယ်လေသည်။ ယင်းကို အပြင်လမ်းဟု ခေါ်ကြသည်။ ပင်လယ်မှ ပုသိမ်မြို့သို့ ဝင်ထွက်သွားလာကြသော ဆန်တင်သင်္ဘောကြီးများသည် အပြင်လမ်းဖြင့် သွားလာဝင်ထွက်ကြသည်။ ဟိုင်းကြီးကျွန်းတွင် ဆိုက်ကပ်လိုလျှင် အပြင်လမ်းမှ အတွင်းလမ်းသို့ အနည်းငယ် ကွေ့လိုက်ရလေသည်။ ထိုအခါ အထက်တွင် ဖော်ပြခဲ့သော လှေသင်္ဘောများ ဆိုက်ကပ်ရန်သင့်သည့် ဗထက်ချိုင့် နေရာသို့ ရောက်ရှိလေသည်။ဟိုင်းကြီးကျွန်းကို ရှေးယခင်က နဂရသာဂီကျွန်းဟု ခေါ်ကြသည်။ [၁]

ပထဝီဝင်[ပြင်ဆင်ရန်]

ဟိုင်းကြီးကျွန်း၏ တောင်ဘက်သည် ပင်လယ်ပြင်ကြီးဖြစ်သည်။ ကျွန်း၏ အရှေ့တောင်ဘက်တစ်လျှောက်တွင် တောင်တန်းကြီးများ ရှိလေသည်။ ထိုတောင်တန်းကြီးများက ပင်လယ်မှ လေပြင်းများကို ကာဆီးပေးသဖြင့် လှေသင်္ဘောဆိပ်နေရာသည် လှိုင်းလေအတွက် စိတ်ချလေသည်။ ကျွန်း၏ အနောက်မြောက်ဘက်၌ ညီညာပြန့်ပြူးသော မြေပြင်ရှိရာ ထိုမြေပြင်တွင် ဟိုင်းကြီးရွာကို တည်ထားသည်။ ရွာ၏ပတ်လည်တွင် အုန်းခြံ၊ သစ်ပင်များနှင့် လယ်ကွင်းများ ရှိလေသည်။ ဟိုင်းကြီးကျွန်းမှ မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ ကုန်ဖြန့်ဖြူးရန် ခရီးလမ်းပန်း လွယ်ကူလေသည်။ ငဝန်မြစ်အတိုင်း ပုသိမ် မြို့သို့ ဆန်တက်သွားနိုင်၍ ပုသိမ်မြို့မှတစ်ဆင့် အထက်မြန်မာနိုင်ငံတစ်လွှားသို့ ကုန်ပစ္စည်းများကို တင်ပို့နိုင်သည်။ ထိုကြောင့်လည်း ၁၈ ရာစုနှစ်အတွင်းက ပုသိမ်မြို့၌ အင်္ဂလိပ်လူမျိုးတို့၏ ကုန်တိုက်ခွဲတစ်ခုကို ထားရှိခဲ့လေသည်။ တစ်ဖန် သက်ကယ်သောင်ချောင်းကိုဝင်၍ လပွတ္တာမြို့သို့ သွားပြီးနောက် မြစ်ဝကျွန်းပေါ်တစ်ဝန်းလုံးသို့ ကုန်စည်ဖြန့်ဖြူးနိုင်လေသည်။ ထိုပြင် မော်တင်စွန်းကို ကွေ့လိုက်လျှင် ရခိုင်ပြည်နယ်ဘက်သို့ ရောက်ရှိသွားနိုင်လေသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

စီးပွားရေး၊ စစ်ရေးနှင့် နိုင်ငံရေးအကွက်ကောင်းသဖြင့် ဟိုင်းကြီးကျွန်းပေါ်တွင် အင်္ဂလိပ်တို့သည် ၁၆၈၇ ခုနှစ်ခန့်က စတင်၍ အခြေစိုက်ခဲ့ကြလေသည်။ ထိုအချိန်က မြန်မာဘုရင်မှာ ညောင်ရမ်းဆက် မင်းရဲကျော်ထင် ဖြစ်ပြီးလျှင် အင်းဝမြို့၌ နန်းခံလေသည်။ အင်္ဂလိပ်တို့သည် ခုနှစ်ခန့်မှစ၍ မြန်မာနိုင်ငံသို့ လာရောက်ကာ ကူးသန်းရောင်းဝယ်ကြသည်။ ထိုစဉ်က အင်္ဂလိပ်တို့၏ ရွက်သင်္ဘော ဆိုက်ကပ်ရာမြို့မှာ သန်လျင်မြို့ဖြစ်သည်။ ဟိုင်းကြီးကျွန်း၌ စတင်၍ အင်္ဂလိပ်တို့ အခြေစိုက်ချိန်တွင် သန်လျင်မြို့၌လည်း အင်္ဂလိပ်တို့၏ တိုက်ခွဲသည် ရှိနှင့်ပြီးဖြစ်လေသည်။ ထိုအချိန်က မြန်မာနိုင်ငံ၏ အခြေအနေသည် တောင့်တင်း ခိုင်မာခြင်း မရှိလှချေ။ မင်းရဲကျော်ထင်မှ ဟံသာဝတီရောက် မင်းတရားလက်ထက်အထိ ညောင်ရမ်း ဆက်နောက်ပိုင်းတွင် နယ်ခြားဒေသများ၌ သူပုန်များ ခြားနားလျက် ရှိကြလေသည်။ အထူးသဖြင့် မွန်တို့၏အရေးသည် မပြတ်ပေါ်ထွက်နေလေသည်။ ထိုကြောင့် နိုင်ငံရေးရှုပ်ထွေးမှုနှင့် ကင်းလွတ်သည့် ဟိုင်းကြီးကျွန်းကို အခြေခံစခန်းအဖြစ် ရွေးချယ်ခြင်းဖြစ်ဟန် ရှိသည်။

၁၇၅၂ ခုနှစ်တွင် အလောင်းဘုရား မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းသွင်းသောအခါ အလောင်းဘုရားက နိုင်ခြေရှိသဖြင့် ဟိုင်းကြီးကျွန်းမှ အင်္ဂလိပ်တို့သည် တိတ်တဆိတ် တစ်မျိုး၊ ပြောင်တစ်ဖုံ အလောင်းဘုရားကို ကူညီခဲ့လေသည်။ သို့သော် မွန်တို့နှင့်လည်း လုံးဝအဆက်မပြတ်ကြချေ။ တိတ်တဆိတ် ဆက်သွယ်လျက်ပင် ရှိကြလေသည်။ ဟိုင်းကြီးကျွန်း၌လည်း မြေကတုတ်များ၊ အုတ်ရင်တားများ၊ လက်နက်တိုက်များ၊ မျှော်စင်များ အခိုင်အမာ ဆောက်လုပ်လျက်ရှိသည်။ ထိုသို့ ခံတပ်ကို ဆောက်လုပ်ပြီးလျှင် အမြောက်များတင်လျက် အင်္ဂလိပ်တို့သည် အခိုင်အလုံ နေထိုင်ကြလေသည်။ တစ်ဘက် တွင်လည်း နိုင်ခြေရှိသော အလောင်းဘုရားထံသို့ ချည်းကပ်ပြီးလျှင် တရားဝင် ခွင့်ပြုရေးအတွက် ဆောင်ရွက်လေသည်။

၁၇၅၅ ခုနှစ် အလောင်းဘုရား အထက်မှ စုန်ဆင်း၍ မြန်အောင်၊ ဟင်္သာတ၊ ရန်ကုန်နှင့် ပုသိမ်မြို့များကို သိမ်းပိုက်ပြီးသောအခါတွင် ဟိုင်း ကြီးကျွန်း၌ အုပ်ချုပ်လျက် ရှိသော ဟင်နရီဗရု(စ)သည် အလောင်းဘုရားအား အမြောက်နှင့် သေနတ်များကို ဆက်သရလေသည်။

ထိုနောက် ဗိုလ်ကြီးဗေကာဆိုသူအား လက်ဆောင်ပဏ္ဏာများနှင့်တကွ သံအရာရှိအဖြစ်နှင့် နေပြည်တော် အထိ ထည့်လိုက်လေသည်။ အင်္ဂလိပ်တို့၏ ရည်ရွယ်ချက်မှာ အင်္ဂလိပ်တို့ ဟိုင်းကြီးကျွန်းတွင် အခိုင်အမာ နေထိုင်နေခြင်းကို တရားဝင် အသိအမှတ်ပြုပေးရေး ဖြစ်လေသည်။ အလောင်းမင်းတရားကြီးကလည်း အင်္ဂလိပ်တို့အား ဟိုင်းကြီးကျွန်းတွင် နေထိုင်ခွင့်၊ ပုသိမ်နှင့် ရန်ကုန်မြို့များတွင်လည်း ကုန်တိုက်များ ဖွင့်လှစ်ခွင့်ကို ပေးလိုက်သည်။ ထိုသို့ အခွင့်ပေးသည့်အတွက် အင်္ဂလိပ်တို့က မြန်မာတို့အား လက်နက်နှင့် ခဲယမ်းမီးကျောက်များကို ဆက်သကြရလေသည်။

၁၇၅၆ ခုနှစ်တွင် ပဲခူးမြို့ကို သိမ်းသွင်းရေးအတွက် ဟိုင်းကြီးကျွန်းရှိ အင်္ဂလိပ်တို့ထံသို့ လက်နက်ခဲယမ်း မီးကျောက်များ ထောက်ပံ့ရန် အကြောင်းကြားရာ အင်္ဂလိပ်တို့က မြန်မာဘုရင်၏ အလိုတော်ကို မဖြည့်ခဲ့ချေ။ ပဲခူးမြို့ကို အောင်မြင်ပြီးနောက် ၁၇၅၇ ခုနှစ်ကျမှာသာ အင်ဆိုင်း လက်စတာဆိုသူအား မြန်အောင်မြို့သို့ သွားရောက်၍ အလောင်းဘုရားကို ဖူးတွေ့စေသည်။ အလောင်းဘုရားက သံသယရှိသမျှကို စစ်မေးတော်မူပြီးနောက် အင်္ဂလိပ်-မြန်မာစာချုပ်တစ်ရပ်ကို ချုပ်ဆိုလေသည်။ ထိုစာချုပ်တွင် အင်္ဂလိပ်တို့အား နေထိုင်ခွင့် ပေး၍ အင်္ဂလိပ်တို့က မြန်မာတို့၏ ရန်သူတို့ကို အားမပေးရဟူသော အချက်လည်း ပါလေသည်။ သို့သော် မကြာမီ အတွင်း၌ မွန်တို့ ပုန်ကန်သောအခါ အင်္ဂလိပ်တို့က အားကော့ခေါ်သင်္ဘောဖြင့် လာရောက်၍ မွန်တို့အား တိတ်တဆိတ် အားပေးကြောင်း အထောက်အထား ခိုင်လုံစွာဖြင့် အာမေးနီးယန်းလူမျိုး ဂရေဂိုရီ ထံမှ သိရှိရလေသည်။ ထိုအခါ မြန်မာဘုရင်က အင်္ဂလိပ်တို့သည် သစ္စာမတည်ကြည်ရုံသာမက ပြည်တွင်းရေး၌လည်း ဝင်ရောက်စွက်ဘက်၍ ပိုမိုရှုပ်ထွေးအောင် လုပ်ဆောင်သဖြင့် ရန်ကုန်နှင့်ပုသိမ်ရှိ အင်္ဂလိပ်ကုန်တိုက်များကို သိမ်းယူပြီးလျှင် ဟိုင်းကြီးကျွန်းရှိ အင်္ဂလိပ်တို့၏ အခြေခံစခန်းများကို ၁၇၅၉ ခုနှစ်အောက်တိုဘာ ၆ ရက်နေ့တွင် အပြီးတိုက်ဖျက် ချေမှုန်းပစ်လိုက်လေသည်။

ထိုစဉ်က အင်္ဂလိပ်တို့ အသုံးပြုသော လက်နက်များသည် ထိုအချိန်က ခေတ်အမှီဆုံး လက်နက်များ ဖြစ်သည့်အပြင် ဟိုင်းကြီးကျွန်းကိုလည်း စစ်ရေးအတွက် အထူးခိုင်ခံ့အောင် စီမံထားပြီး ဖြစ်လေသည်။ ထိုသို့ လက်နက်အင်အား တောင့်တင်းခြင်းနှင့် နေရာအနေအထား ကောင်းခြင်းများရှိလျက်နှင့် မြန်မာတို့က ဟိုင်းကြီးကျွန်းစခန်းကို အပြီးတိုင် ချေမှုန်းပစ်နိုင်သည်ဆိုခြင်းမှာ စစ်ပရိယာယ် သာလွန်ကောင်းမွန်ခြင်းနှင့် မြန်မာများ စည်းစည်းလုံးလုံး ရှိကြခြင်းကြောင့်ဖြစ်ကြောင်း ထင်ရှားပေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. သတင်းစာဆရာ ဦးသိမ်းမောင်၏ ပင်တိုင်စံနှင့် သူရဲကောင်း စာအုပ်မှ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)