စန္ဒာဒေဝီ မိဖုရားခေါင်ကြီး

ဝီကီပီးဒီးယား မှ
(ခင်ယွန်းစံ မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search
စန္ဒာဒေဝီ
ခင်ယွန်းစံ
မြန်မာပြည်၏မိဖုရားခေါင်ကြီး
နန်းသက် ၂၉ ဖေဖော်ဝါရီ ၁၇၅၂ - ၁၁ မေ ၁၇၆၀
ရှေ့မင်းဆက် ကုန်းဘောင်မင်းဆက်စတင်
Successor မဟာမင်္ဂလာ ရတနာဒေဝီ
မွေးဖွား ၁၀၇၅
ကွယ်လွန် ၁၁၃၃
အိမ်ထောင်ဖက် အလောင်းမင်းတရား
သားသမီးများ
  • မောင်လောက် (သီရိသုဓမ္မာရာဇာ ဘွဲ့ခံ နောင်တော်ကြီးမင်း)၊
  • မောင်ရွ (သီရိဓမ္မရာဇဘွဲ့ခံ ဆင်ဖြူရှင်မင်း)၊
  • မောင်ပိုး (သုဓမ္မရာဇာဘွဲ့ခံ အမြင့်မြို့စား)၊
  • မောင်ဝိုင်း (သတိုးမင်းလှရွှေတောင်ဘွဲ့ခံ ဗဒုံမြို့စား ဘိုးတော်ဘုရား)၊
  • မောင်စိုး (သတိုးမင်းလှ မင်းရဲကျော်စွာဘွဲ့ခံ ပုခန်းကြီးမြို့ တလုပ်မြို့စား)၊
  • မောင်ဖိုးရှင် (သတိုးမင်းလှမင်းရဲကျော်စွာဘွဲ့ခံ ပင်းတလဲ မြင်စိုင်းမြို့စား) နှင့်
  • ငယ်ကလွန်သော မင်းသားတစ်ပါး
  • မယ်သာ (သီရိမဟာမင်္ဂလာဒေဝီဘွဲ့ခံ ကန္နီမြို့စား)၊
  • မယ်မြတ်လှ (သီရိမဟာရတနာဒေဝီဘွဲ့ခံ မင်းခင်းမြို့၊ ပန်းတောင်းမြို့စား)၊
  • မယ်အိပ် (သီရိရတနာ မင်္ဂလာဒေဝီဘွဲ့ခံ စကုမြို့စား)
အမည် အပြည့်အစုံ
မဟာမင်္ဂလာရတနာဓိပတိသီရိရာဇာစန္ဒာဒေဝီ
စံအိမ် ကုန်းဘောင်ခေတ်
ခမည်းတော် မောင်ဖြိုး
မယ်တော် မယ်ညက်
ကိုးကွယ်မှု ဗုဒ္ဓဘာသာ

စန္ဒာဒေဝီသည် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ မိဖုရားခေါင်ကြီး ဖြစ်သည်။ စန္ဒာဒေဝီအမည်သည် အလောင်းမင်းတရား နန်းတက်သော အခါမှ မှည့်ခေါ်သော ဘွဲ့မည် ဖြစ်သည်။ ဘွဲ့မည် အပြည့်အစုံမှာ ‘မဟာမင်္ဂလာရတနာဓိပတိသီရိရာဇာစန္ဒာဒေဝီ’ ဖြစ်သည်။

ငယ်ဘဝနှင့်မိသားစု[ပြင်ဆင်ရန်]

မိဖုရားခေါင်ကြီး မဖြစ်မီက စန္ဒာဒေဝီ၏ နာမည်ကို မယ်ယွန်းစံ (ဝါ) ခင်ယွန်းစံ ဟု မှည့်ခေါ်ကြသည်။ အဘမျိုးရိုးမှာ ပုတ္တရာမြို့ကိုင် မောင်ပုကြီးနှင့် ဇနီးစောလှမန်တို့၏ သား၊ စည်ပုတ္တရာ ရွှေကာတစ်ထောင်မှူး သီရိရန္တဇဘွဲ့ခံ ငယ်မည် မောင်ဖြိုးသည် မယ်ယွန်းစံ ခေါ် စန္ဒာဒေဝီ၏ အဖ ဖြစ်သည်။ အမိမျိုးရိုးမှာ မုဆိုးဖို စမြင်းကြီးသား ဘုမ္မသူရနှင့် မင်းဘိုးခင် နှမ-စောသားထွေး သမီး-စောလှမျိုးတို့ အိမ်ထောင်သင့်ရာတွင် သမီး မယ်ညက်ကို မွေးဖွားသည်။ ထိုသမီးမယ်ညက်သည် မယ်ယွန်းစံ (စန္ဒာဒေဝီ) ၏ မိခင်ဖြစ်သည်။ သီရိရန္တဇ ဇနီး မယ်ညက်တို့မှ သမီးသုံးယောက် ထွန်းကားခဲ့သည်။ ၎င်းတို့မှာ မယ်ကောင်း၊ မယ်ယွန်းစံ၊ မယ်နှိုင်းစံတို့ ဖြစ်သည်။

မယ်ကောင်းစံ[ပြင်ဆင်ရန်]

မယ်ကောင်းစံသည် အိမ်ထောင်နှစ်ဆက်ရှိသည်။ ပထမ ချည်ပါရွာသား မောင်ကောင်းစံနှင့် အိမ်ထောင်ကျ၏။ မောင်တင် ခေါ် သားတစ်ယောက် မွေးသည်။ မောင်တင်သည် မြင်းရည်တက် ၆၈ ဦးဖွဲ့ရာတွင် ‘မင်းငယ်ကျော်’ ဘွဲ့ခံသည်။ ၎င်းနောက် သတိုးသီဟကျော် ဘွဲ့များ ခံသည်။ အလောင်းမင်းတရား၏ နှမငယ် မင်းဝင်၏ သမီး မယ်စွေနှင့် အိမ်ထောင်ကျသည်။

ဒုတိယ အိမ်ထောင်မှာ မောင်စည်းစိမ် ဖြစ်သည်။ ၎င်းသည် ဟံသာဝတီရောက် မင်းလက်ထက်တွင် စည်သာမြို့ကို စားရ၏။ အလောင်းမင်းတရား လက်ထက် မြင်းရည်တက် ၆၈ ဦးဖွဲ့ရာတွင် ‘မင်းလှစည်သူဘွဲ့’ ခံသည်။ ၁၁၁၇ ခုနှစ်တွင် သံလွင်၌ မွန်တို့ ဝိုင်းမိ၍ ကျဆုံးခဲ့ရသည်။ ဒုတိယ အိမ်ထောင်နှင့် မယ်ပြေနှင့် ရှင်သူဌေး ခေါ် သမီးနှစ်ယောက် ထွန်းကားသည်။ မယ်ပြေသည် အလောင်းမင်းတရားကြီး၏ မြောက်နန်းစံ မိဖုရား ဖြစ်သည်။

မယ်ယွန်းစံ[ပြင်ဆင်ရန်]

မယ်ယွန်းစံသည် ၁၀၇၅ ခုနှစ် မွေးဖွားသည်။ ဦးအောင်ဇေယျနှင့် အိမ်ထောင်ကျ၍ ဦးအောင်ဇေယျ မင်းဖြစ်သောအခါ စန္ဒာဒေဝီ ဘွဲ့ခံ မိဖုရားကြီး ဖြစ်လာသည်။မယ်ယွန်းစံသည် သက္ကရာဇ် ၁၀၉၅ ခုနှစ်ခန့်တွင် မွေးဖွားသည်။ ဦးအောင်ဇေယျနှင့် လက်ဆက်ခဲ့သည်။ ဦးအောင်ဇေယျသည် မုဆိုးဖိုဇာတိ ဖြစ်သည်။ မိဘမျိုးရိုးမှာ မြို့သူကြီးမျိုးရိုးဖြစ်သည်။ မိဘနှစ်ဖက်စလုံးမှ မျိုးရိုးစဉ်ဆက်မှာလည်း ပုဂံမင်းရိုးမှ ဆင်းသက်၍ အင်းဝမင်းဆက် မိုးညှင်းမင်း၏ အနွယ်တော် ဖြစ်သည်ဟု ရာဇဝင်ကြီးများက ဆိုကြသည်။ ဦးအောင်ဇေယျနှင့် မယ်ယွန်းစံတို့မှာ သွေးခြားသော သူစိမ်းများ မဟုတ်ကြချေ။ ဦးအောင်ဇေယျ၏ မိခင် မဟာဒေဝီ စောငြိမ်းဦးနှင့် မယ်ယွန်းစံ၏ ဖခင် သီရိရန္တတို့မှာ မောင်နှမ အရင်းအချာများ ဖြစ်ကြသည်။ ထို့ကြောင့် ဦးအောင်ဇေယျနှင့် မယ်ယွန်းစံတို့မှာ မောင်နှမ တစ်ဝမ်းကွဲလည်း တော်စပ်လေသည်။

မယ်နှိုင်းစံ[ပြင်ဆင်ရန်]

မယ်နှိုင်းစံသည် ပိတောရွာသား မင်းမြငုံနှင့် လက်ထပ်ခဲ့သည်။ မင်းမြငုံသည် အလောင်းမင်းတရားကြီး၏ မြင်းရည်တက် ခြောက်ကျိပ် ရှစ်ယောက် (၆၈) ယောက်ဖွဲ့ရာတွင် ‘နန္ဒသာရ’ ဘွဲ့ခံသည်။ ထို့နောက် မဟာသင်္ခယာ၊ ထို့နောက် သတိုးမဟာသင်္ခယာ၊ စဉ့်ကူးမင်းလက်ထက်တွင် သတိုးမဟာတရဖျားဘွဲ့နှင့် ရတနာသိင်္ဃမြို့ဝန်ဖြစ်သည်။ ၁၁၅၉ ခု၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက်နေ့တွင် ကွယ်လွန်သည်။ ၎င်းတို့မှ သမီး မယ်တလိုင်းကို မွေးသည်။

သားသမီး တစ်ကျိပ်[ပြင်ဆင်ရန်]

ဦးအောင်ဇေယျနှင့် မယ်ယွန်းစံတို့မှ သားသမီး တစ်ကျိပ် ထွန်းကားခဲ့သည်။ သားတော် ခုနှစ်ပါး၊ သမီးတော် သုံးပါး တို့ ဖြစ်သည်။ ဦးအောင်ဇေယျသည် မင်းအဖြစ်သို့ရောက်ရှိပြီးနောက် သားတော်၊ သမီးတော်တို့ကို မြို့စား၊ ရွာစားများပေး၍ မြှောက်စားခဲ့သည်။ အချို့သားတော်များ နောက်ပိုင်းတွင် မင်းဖြစ်ခဲ့ကြသည်။ မယ်ယွန်းစံက ဖွားမြင်သော သားတော်၊ သမီးတော်များကို အစဉ်အတိုင်း ဤသို့တွေ့ရသည်။

  1. သားတော် သီရိသုမဟာဓမ္မရာဇာ - ကုန်းဘောင်ဆက် ရာဇဝင်တွင် သီရိသုဓမ္မရာဇာ ဟုခေါ်သည်။ ထိုမင်းသားမှာ အလောင်းမင်းတရားကြီးလက်ထက်၌ အိမ်ရှေ့စံ ရသည်။ တပယင်း၊ ရွှေတောင်၊ ငစဉ့်ကူးမြို့များကို ကံကျွေးခံ၍ ခမည်းတော် နတ်ရွာစံပြီးနောက် မင်းဖြစ်သည်။ ရာဇဝင်တွင် ‘နောင်တော်ကြီးမင်း’ ဟု တွင်သည်။ ငယ်မည်မှာ မောင်လှောင် ဟု ခေါ်သည်။
  2. သားတော် သီရိသုဓမ္မရာဇာ - ကုန်းဘောင်ဆက် ရာဇဝင်တွင် ‘သီရိဓမ္မရာဇာ’ ပြသည်။ ခမည်းတော်၊ နောင်တော်တို့ လက်ထက် မြေဒူး၊ စလင်းမြို့များကို ကံကျွေးခံရပြီး နောက် မင်းဖြစ်လာသည်။ ရာဇဝင်တွင် ‘ဆင်ဖြူရှင်မင်း’ ဟု တွင်သည်။ ငယ်မည်မှာ မောင်ရွ ဟုခေါ်သည်။
  3. ငယ်ကလွန်သော သားတော်တစ်ပါး။
  4. သမီးတော် သီရိမဟာမင်္ဂလာဒေဝီ - သက္ကရာဇ် ၁၁၀ဝ ပြည့်နှစ်ဖွားသည်။ ခမည်းတော်နှင့် မောင်တော် နှစ်ပါးလက်ထက် ကန်နီမြို့ကို ကံကျွေးခံရသည်။ ရတနာသိင်္ဃမြို့ တုလွတ်ဘုံသာကျောင်း ဒါယိကာမ ဖြစ်သည်။ ငယ်မည်မှာ မယ်သာ။
  5. သားတော် သုဓမ္မရာဇာ - သက္ကရာဇ် ၁၁၀၂ ခုနှစ်ဖွားသည်။ ခမည်းတော်နှင့် နောင်တောင် မင်းနှစ်ပါးလက်ထက်၊ အမြင့်မြို့၊ တလုပ်မြို့များကို ကံကျွေးခံရသည်။ ငစဉ့်ကူးမင်း လက်ထက် ရေမှာ ဖျောက်ခံရသည်။ ငယ်မည်မှာ မောင်ပိုး ဖြစ်သည်။
  6. သမီးတော် သီရိမဟာရတနာဒေဝီ - သက္ကရာဇ် ၁၁၀၄ ခု ဖွားသည်။ ခမည်းတော်နှင့် မောင်တော်နှစ်ပါး လက်ထက် မင်းခမ်းမြို့၊ ဗဒုံမင်းလက်ထက် ပန်းတောင်းမြို့များကို ကံကျွေးခံရသည်။ အဝမြို့ ဘုံသာစံလွတ်ကျောင်း ဒါယိကာမ ဖြစ်သည်။ ငယ်မည်တော်မှာ မယ်မြတ်လှ ဖြစ်သည်။
  7. သားတော် သတိုးမင်းလှရွှေဘော်မှာ ခမည်းတော်နှင့် နောင်တော်နှစ်ပါးလက်ထက် ဗဒုံ၊ မြဝတီမြို့များကို ကံကျွေးခံရ၍ နောက် မင်းဖြစ်တော်မူသည်။ ငယ်မည်တော် မောင်ရွှေဝိုင်း တွင်သည်။ ဘိုးတော်ဦးဝိုင်းဟု လူသိများ၍ ဘိုးတော်ဘုရားဟု ရာဇဝင်၌ တွင်သည်။
  8. သမီးတော် သီရီရတနာမင်္ဂလာဒေဝီမှာ ခမည်းတော်နှင့် မောင်တော်နှစ်ပါးလက်ထက် အုန်းတော၊ အောင်သာရွာနှင့် စကုမြို့ကို ကံကျွေးခံရသည်။ ကုန်းဘောင်ခေတ်ရာဇဝင်တွင် သီရိမင်္လာရတနာဒေဝီ ဟု ပြသည်။ သက္ကရာဇ် ၁၁၂၉ ခုနှစ်တွင် လွန်သည်။ ငယ်မည်တော် မယ်အိပ်။
  9. သားတော် သတိုးမင်းလှ မင်းရဲကျော်စွာသည် သက္ကရာဇ် ၁၁၁၁ ခုနှစ်တွင် ဖွားသည် ။ ခမည်းတော် နှင့် နောင်တော်များလက်ထက် ပခန်းကြီးမြို့၊ တလုပ်မြို့များကို ကံကျွေးခံရသည်။ သက္ကရာဇ် ၁၁၆၄ ခုနှစ်တွင် မင်းကွန်းရှားရောင်းတွင် လွန်သည်။ ငယ်မည်တော် မောင်စိုး ဖြစ်သည်။
  10. သားတော် သတိုးမင်းလှ မင်းရဲကျော် ဖြစ်သည်။ ၁၁၁၆ ခု နန်းထက်၌ ဖွားသည်။ ခမည်းတော်နှင့် နောင်တော်နှစ်ပါးလက်ထက် ပင်းတလဲ၊ မြင်စိုင်းမြို့များကို ကံကျွေးခံရသည်။ နောင်တော် ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက် ၁၁၄၇ ခုနှစ်၊ ဝါဆိုလတွင် ရေဖျောက်ခံရသည်။ ငယ်မည်တော် မောင်ဘိုးရှင်။


မယ်ယွန်းစံက ဖွားမြင်သော သားတော်များမှာ အလောင်းမင်းတရားအတွက် လက်ရုံးသဖွယ် အားထားရသော သားတော်များ ဖြစ်ကြသည်။ ဦးအောင်ဇေယျသည် ရန်အပေါင်းကို နှိမ်နင်းပြီးနောက် သက္ကရာဇ် ၁၁၁၅ တွင် ရတနာသိင်္ဃ ကုန်းဘောင်ပြည်ကြီးကို တည်ထောင်၍ ‘အလောင်းမင်းတရား’ ဟူသောအမည်ကို ခံယူသည်။ ထိုအချိန်တွင် မယ်ယွန်းစံသည် ‘မဟာမင်္ဂလာ ရတနာ ဓိပတိသီရိရာဇာ စန္ဒာဒေဝီ’ ဟူသောဘွဲ့အမည်ဖြင့် ဘိသိက်ခံ မိဖုရားခေါင်ကြီး ဖြစ်လာသည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် ၁၁၁၅ မှစ၍ နိုင်ငံတော်စည်းရုံးရေးကို မနေမနားဆောင်ရွက်ရသည်။ အောက်မြန်မာနိုင်ငံရှိ မြို့တော်များကို စဉ်ဆက်မပြတ် သိမ်းယူ၍ နိုင်ငံတော်သစ်ကို ပြန်လည် တည်ဆောက်သည်။


အလောင်းမင်းတရားသည် နိုင်ငံတော်သစ်တည်ထောင်ရေးအတွက် နှစ်စဉ်လိုလို စစ်ထွက်၍ စည်းရုံးရသည်။ ကုန်းဘောင်ပြည်တွင် နားနေသည် ဟူ၍ မရှိ။ ဤသို့ အလောင်းမင်းတရား မရှိသည့် အခါများတွင် မိဖုရားခေါင်ကြီး စန္ဒာဒေဝီသည် ကုန်းဘောင်နေပြည်တော် အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းများကို တာဝန်ယူနေရစ်ရသည်။ အလောင်းမင်းတရားကြီးကလည်း နေပြည်တော်၌ ကျန်ရစ်သော မိဖုရားခေါင်ကြီးအား လုံခြုံရေးမှစ၍ အထွေထွေကိစ္စရပ်များကို အဂတိလေးပါး မလိုက်စားဘဲ ဆောင်ရွက်ရန် စစ်ခရီးလမ်းမှနေ၍ သဝဏ်လွှာပေးပို့ မှာလေ့ရှိသည်။ စန္ဒာဒေဝီ မိဖုရားခေါင်ကြီးကလည်း အလောင်းမင်းတရားမရှိချိန်တွင် နေပြည်တော်ရှိ လုပ်ငန်းတာဝန်များကို သားတော်တို့နှင့် အတူ လက်တွဲ၍ တာဝန်ကျေအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ကြောင့်လည်း အလောင်းမင်းတရားကြီးသည် နိုင်ငံတော် တည်ထောင်ရေးကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ မိဖုရားခေါင်ကြီး စန္ဒာဒေဝီသည် ရတနာသိင်္ဃမြို့တော်ကို တည်ထောင်ပြီးနောက် ကျောင်းတိုက်ကြီးကို တည်ဆောက်ခဲ့သည်။ မိဖုရားကြီးကျောင်းတော်ကြီးကို 'အောင်မြေဘုံသာကျောင်း’တော်ကြီး' ဟု ကမ္ပည်းတပ်ခေါ်ဆိုထားလေသည်။ မိဖုရားကြီးသည် တစ်ခါတစ်ရံတွင် အလောင်းမင်းတရားကြီးနှင့် စစ်ချီရာတွင် လိုက်ပါရသည်။ ဤသို့လိုက်ပါရင်း လမ်းခရီး၌ အခြေအနေပေးသလို ကုသိုလ်ကောင်းမှုများ ပြုလုပ်လေ့ရှိသည်။ ထိုကုသိုလ်များထဲတွင် မင်းဘူးနယ်ရှိ မန်းစက်တော်ရာ၌ ဆောက်လုပ်လှူဒါန်းသော ဇရပ်ကြီးတစ်ဆောင်လည်း ပါဝင်သည်။ မိဖုရားကြီးသည် မိမိဆောက်လုပ်သော ဇရပ်ကြီးကို ‘မှန်ကင်း’ စိုက်လိုသောကြောင့် အလောင်းမင်းတရားထံ ခွင့်ပန်ခဲ့ရသည်။ မှန်ကင်းမှာ မိမိတို့သဘောအတိုင်း စိုက်ထူနိုင်သည်မဟုတ်။ ဘုရင့် အမိန့်တော်ရမှသာ တပ်ဆင်ခွင့် ရှိသည်။


မိဖုရားကြီး၏ ခွင့်ပန်ချက်အရ အလောင်းမင်းတရားသည် ဇရပ်တော်ကြီး၌ မှန်ကင်းစိုက်ထူခွင့်ပြုသော အမိန့်တော်ကို ဤသို့တရားဝင် ထုတ်ပြန်ခဲ့သည်။ ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော အရိန္ဒမာလက်နက် စကြာရတနာ ဆင်ဖြူများသခင် တိုင်းကြီးပြည်ကြီး ထီးဆောင်းမင်းတကာတို့၏ သခင်ဖြစ်တော်မူသော အလောင်းစက်တော်ရာမှာ ဆောက်လုပ်သည့် ဇရပ်ကို မှန်ကင်းလေးဆူ စိုက်လှူစေ။ ၁၁၂၁ ခု၊ တော်သလင်းလပြည့်ကျော် ၄ ရက်နေ့ ပြန်သည့် အမိန့်တော်။ သက္ကရာဇ် ၁၁၂၇ ခုနှစ်တွင် သားတော် ဆင်ဖြူရှင်မင်းသည် ရတနာသိင်္ဃ ခေါ် ရွှေဘိုမြို့တော်မှ ရတနာပူရအင်းဝမြို့သို့ ပြောင်းရွှေ့၍ စိုးစံတော်မူသည်။ထိုအခါ မယ်တော်မိဖုရား စန္ဒာဒေဝီသည်လည်း အင်းဝမြို့တော်သို့ ရွှေ့ပြောင်းလာခဲ့ကြ၏။ စန္ဒာဒေဝီသည် အင်းဝသို့ပြောင်းရွှေ့ပြီးနောက် ရှေးအခါက မဟာသင်္ဃနာထ သီတင်းသုံးခဲ့သည့် လေးထပ်ကျောင်းဟောင်းနေရာတွင် အရံကျောင်းများနှင့် တကွ လေးထပ်ဇေတဝန် ရွှေကျောင်းတော်ကြီးကို ဆောက်လုပ်လေသည်။ စန္ဒာဒေဝီ မိဖုရားကြီးသည် ကျောင်းတော်ကြီးကို ရေစက်ချ၍ တင်လှူမသွားနိုင်ခဲ့ချေ။ ကျောင်းအမကြီးသည် သက်တော် ၅၈ နှစ်အရွယ် ၁၁၃၃ ခု၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ( ခရစ် ၁၇၇၁ ခု၊ ဇူလိုင်လ ၃၁ ရက်) ဗုဒ္ဓဟူးနေ့တွင် နတ်ပြည်စံလွန်တော်မူခဲ့လေသည်။


သားတော် ဆင်ဖြူရှင်မင်းသည် မယ်တော် ဆောက်လုပ်သော ကျောင်းတော်ကြီးကို ‘ဘုံကျော်တုလွတ်’ (ဘုံသာတုလွတ်ဟုလည်းခေါ်) ဟူ၍ ကမ္ပည်းထိုးပြီးလျှင် ‘ဉာဏသာဂရ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဘွဲ့တံဆိပ်ရ အင်ကြင်းပင် ဆရာတော်ဘုရားကြီးအား တင်လှူလေသည်။ အတုလ ဆရာတော်သည် ခမည်းတော်အလောင်းမင်းတရားကြီး ကိုယ်တိုင် ကိုးကွယ်သော ဆရာတော် ဖြစ်သည်။ မင်းတရားကြီးက ‘အတုလယသမဟာဓမ္မရာဇဂုရု’ ဘွဲ့တံဆိပ်ဖြင့် သာသနာပိုင် ခန့်အပ်ထားသူ ဖြစ်သည်။ သမီးတော်ကြီးသည် အင်းဝသို့ ပြောင်းရွှေ့သောအခါလည်း မာရ်အောင်ရတနာဘုရား ပရဝုဏ်အတွင်း၌ သုဓမ်မာရွှေဇရပ်၊ ပြသာဒ်သုံးဆောင်တို့ကို ဆောက်လုပ် လှူဒါန်းခဲ့ပြန်သည်။ သမီးတော် အလတ်ဖြစ်သော သီရီမဟာရတနာဒေဝီ မင်းသမီးသည်လည်း အင်းဝမြို့တော်၌ မယ်တော်ဆောက်လုပ်သော ဘုံကျော်တုလွတ်ကျောင်းတိုက်၏ အနောက်မြောက်ယွန်းတွင် အရံကျောင်းများနှင့်တကွ လေးထပ် ဇေတဝန်ကျောင်းတော်ကြီးကို ဆောက်လုပ်ခဲ့သည်။ ကျောင်းတော်ကြီးကို ‘ဘုံသာစံလွတ်ကျောင်းတော်ကြီး’ ဟု ကမ္ပည်းထိုး၍ 'သုမနာစာရမဟာဓမ္မရာဇာဓိရာဇဂုရု' ဘွဲ့တံဆိပ်တော်ရ ဝက်လက်ဆရာတော်အား တင်လှူတော်မူသည်။ ဆင်ဖြူရှင် မင်းတရားသည် မယ်တော်၏ ဘုံကျောင်းတုလွတ်ကျောင်းတော်ကြီးနှင့် နှမတော်၏ ဘုံသာစံလွတ်ကျောင်းတော်ကြီးကို သက္ကရာဇ် ၁၁၃၄ ခုနှစ်တွင် တစ်ချိန်တည်းမှာပင် တစ်ပြိုင်နက် ရေစက်ချ တင်လှူခဲ့ခြင်း ဖြစ်သည်။ သမီးတော် အငယ်ဆုံး သီရိရတနာမင်္ဂလာဒေဝီမှာ သက်တော် ၂၀ ခန့်တွင်ကံကုန်သွားသောကြောင့် ကုသိုလ်တော်မှုသာသနာပြုလုပ်ငန်းများကို ထင်ရှားစွာ ပြုခဲ့ရဟန်မတူပေ။ သမီးထွေး၏ ကောင်းမှုတော်တို့ကို မှတ်တမ်းမှတ်ရာ အဖြာဖြာတို့၌ ရှာဖွေ၍ မရချေ။

ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]

  • (က) စားတော်ကြီး ဦးရာကျော်၊ မြန်မာမဟာမင်္ဂလာမင်းခမ်းတော်၊ ရန်ကုန်၊ ပုညစာပေ၊ ပကြိမ်၊ ၁၉၆၈ ခု၊ စာ ၂၀၇၊ ၂၁၀။
  • (ခ) ဘုန်းနွယ် 'စန္ဒာဒေဝီနှင့် သမီးများ’၊ ဓမ္မရတနာ မဂ္ဂဇင်း၊ အမှတ် ၃၀ (၁-၆-၉၈)