ကဿပဘုရား
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
![]() |
ကဿပဘုရား သည် ကကုသန်ဘုရား၊ ကောဏဂုံဘုရား၊ ဂေါတမဘုရား နှင့် အရိမေတ္တေယျဘုရား စသည့် ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူမည့် ဘုရားကြီးငါးဆူမှ ပွင့်ပြီးခဲ့သောဘုရားဖြစ်သည်။
ကဿပ ဘုရား[ပြင်ဆင်ရန်]
ကဿပ အမျိုး အနွယ်ကို အစွဲပြု၍ ကဿပဟု ခေါ်သည်။ [၁] ယင်း ဘုရားရှင်သည် နှစ် ကျိပ်ရှစ်ဆူသော ဘုရားတို့တွင် ၂၇-ဆူ မြောက်, ဘဒ္ဒကမ္ဘာ ဘုရားငါးဆူတို့တွင် ၃-ဆူမြောက် ဖြစ်သည်။ လူတို့အသက် နှစ် သောင်းတမ်း၌ ပွင့်တော်မူသည်။ ခမည်းတော်မှာ ဗာရဏသီပြည်သား ဗြဟ္မဒတ္တ ပုဏ္ဏားဖြစ်၍ မယ်တော်မှာ ဓနဝတီ ပုဏ္ဏေးမ ဖြစ်သည်၊ ဣသိပတနမိဂဒါယတော၌ ဖွားမြင်တော်မူသည်၊ အနှစ် နှစ်ထောင်ပတ်လုံး ဟံသ, ယသ, သိရိနန္ဒမည်သော ပြာသာဒ် ၃-ဆောင်၌ သုနန္ဒာပုဏ္ဏေးမ အမှူးရှိသော မောင်းမပေါင်း ၄-သောင်း ၈-ထောင် ခြံရံ လျက်နေသည်၊ သားတော်မှာ ဝိဇိတသေန ဖြစ်သည်၊
ပြာသာဒ်နှင့်တကွ တောထွက်၍ ယောက်ျား ပရိသတ်အားလုံး ရဟန်းဝတ် ကြသည်၊ ၇-ရက်မျှ ပဓာနစရိယ (ကမ္မဋ္ဌာန်း အကျင့်)ကို ကျင့်သည်၊ ကဆုန်လပြည့်နေ့၌ သုနန္ဒာပုဏ္ဏေးမ လှူသော ဃနာနို့ဆွမ်းကို ဘုဉ်းပေးသုံးဆောင်၍ ညချမ်းအခါ၌ သောမ မည်သော ယဝပါလ (မုယောခင်းစောင့်)သည် ပေးလှူအပ်သော မြက် ၈-ဆုပ်ကို ခံတော်မူ၍ ၁၅-တောင် အလျား အနံ ကျယ်ဝန်းသော မြက်အခင်းကို ခင်း၍ ထိုမြက်ခင်းထက်၌ပင် သဗ္ဗညုတဉာဏ်ကိုတော်မူသည်၊ ဗောဓိပင်မှာ ညောင်ပင် ဖြစ်သည်၊ ဘုရားဖြစ်၍ ၄၉-ရက် လွန်မြောက်သောအခါ မိမိနှင့်အတူ ရဟန်းပြုသော သူများကိုပင် ဣသိပတနမိဂဒါဝုန်တော၌ ဓမ္မစကြာတရားကို ဟောတော်မူသည်၊ ထိုအခါ ကုဋေ ၂၀၀၀၀-အရေအတွက်ရှိသော နတ်လူတို့အဖို့ ပဌမအကြိမ် သစ္စာ ၄-ပါးသိမြင်သော ကျွတ်တမ်းဝင်ပွဲကြီးဖြစ်၏၊ ထို့နောက် တဖန် ၄-လပတ်လုံး ဒေသစာရီလှည့်လည်ရင်း တရား ဟောတော်မူသည့်အတွက် ကုဋေ ၁၀၀၀၀-အရေအတွက် ရှိသော နတ်လူတို့အဖို့ ဒုတိယ အကြိမ် သစ္စာ ၄-ပါးသိမြင်သော ကျွတ်တမ်း ဝင်ပွဲကြီးဖြစ်၏၊ ထို့နောင် သုန္ဒရမြို့ တံခါး အနီး ပိတောက်ပင်ရင်း၌ ရေမီးအစုံ အစုံ သော တန်ခိုးပြာဋိဟာပြတော်မူပြီးလျှင် တရားဒေသနာ ဟောတော်မူသောအခါ ကုဋေ ၅၀၀၀-အရေအတွက်ရှိသော နတ်လူတို့အဖို့ တတိယအကြိမ် သစ္စာ ၄-ပါး သိမြင်သော ကျွတ်တမ်းဝင်ပွဲကြီးဖြစ်၏၊ တဖန် တာဝတိံ သာနတ်ပြည် သုဓမ္မာနတ်သဘင်၌ မယ်တော် ဓနဝတီကိုအမှူးပြု၍ ၁-သောင်းသော လောကဓာတ်မှ လာရောက်ကြကုန်သော နတ်ဗြဟ္မာတို့အား အဘိဓမ္မာ ၇-ကျမ်းကို ဟောတော်မူခြင်းဖြင့် ကုဋေ ၃၀၀၀-အရေအတွက် ရှိသော နတ်ဗြဟ္မာတို့ကို အကျွတ်တရားရစေတော်မူသည်။
ကကုသန်ဘုရားရှင်လက်ထက်၌ တန်ခိုးကြီးသော နရဒေဝဘီလူးကဲ့သို့ ကဿပဘုရားရှင် လက်ထက်၌လည်း နရဒေဝ အမည်ရှိသော ဘီလူးသည်ရှိ၏၊ ထိုဘီလူးသည် မြို့တမြို့၌ အုပ်စိုးနေသော ဘုရင်၏ ရုပ်သွင်သဏ္ဌာန် ဟန်ပန်အမူ လေယူလေသိမ်းမှစ၍ ထိုဘုရင်နှင့် တူညီအောင် မိမိကိုယ်ကိုဖန်ဆင်းပြီးလျှင် ထိုလူသားဘုရင်ကို သတ်စားပြီးနောက် ထိုဘုရင်ဟန်ဆောင်၍ မင်းပြုနေစဉ် လွန်လွန် ကဲကဲ သားစားကြူး၏၊ မိန်းမလိုက်စားလွန်း၏၊ ထို့ကြောင့် နန်းတွင်းသူများအားလုံး ဤဘုရင်သည် ငါတို့ဘုရင်မဟုတ်, လူသား စားဘီလူးတည်း” ဟု သိကြသည့်အတွက် အရှက်ရသည်ဖြစ်၍ နန်းတွင်းသူ အားလုံးကို စားသောက်ပြီးနောက် တခြား မြို့တမြို့သို့ ပြောင်းရွှေ့၍ ရှေးနည်းအတူ ပြုလုပ်ပြန်၏၊ ဤသို့ တပြီးတမြို့ ပြုလုပ်ပြီးနောက် သန္ဒရ မြို့သို့ ထိုဘီလူးလာသောအခါ သုန္ဒရမြို့မှ ကြောက်ရွှံ့ထွက်ပြေးလာကြကုန်သော မြို့သူ မြို့သားတို့ကို မြင်တော်မူသော ဘုရားရှင်သည် နရဒေဝဘီလူး၏ရှေ့၌ ရပ်နေ ကဿပဘုရားရှင်သည် နရဒေဝဘီလူး၏ ရှေ့၌ ရပ်နေတော်မူလျက် တရားဒေသနာ ဟောတော်မူသောအခါ မရေမတွက်နိုင်သော လူနတ် ဗြဟ္မာတို့အဖို့ သစ္စာ ၄-ပါးသိမြင်သော ကျွတ်တမ်းဝင်ပွဲကြီး ဖြစ်ပြန်သည်။ [၂]
တိဿထေရ် အမှူး ရှိသော ဧဟိဘိက္ခု ရဟန္တာ ၂၀၀၀၀-ဖြင့် သာဝကသန္နိပါတ ၁-ကြိမ်သာဖြစ်၏။ [၃] ထိုသာဝကသန္နိပါတ၌ ကဿပဘုရားရှင် ပါတိမောက်ပြတော်မူ၏၊ ပြသောနေ့မှာ တပို့တွဲလပြည့်နေ့ ဖြစ်သည်။ [၄]
အဂ္ဂသာဝကတို့ကား တိဿထေရ်နှင့် ဘာရဒွါဇ၊ အဂ္ဂသာဝိကာတို့ကား အနုဠာထေရီနှင့် ဥရုဝေဠာထေရီ၊ အလုပ်အကျွေးကား သဗ္ဗမိတ္တထေရ်။ [၅]
အလုပ်အကျွေး ဒါယကာများကား သုမင်္ဂလနှင့် ဃဋိကာရ အလုပ်အကျွေး ဒါယိကာမ များကား ဝိဇိတသေနာနှင့် ဘဒ္ဒါတို့ ဖြစ်သည်။ [၆]
ကျောင်းမြေ အကျယ် အဝန်းမှာ ဥသဘ-၂၀။ ကျောင်းမြေ အဖိုးနှုန်းမှာ ဥသဘ ၂၀-လုံး ဖုံးအုပ်မိသည့် ရွှေအပိုင်းအစများဖြစ်သည်။ [၇] ([၈]-၌ ဥသဘ ၂၀-လုံးဖုံးအုပ်မိသည့် ရွှေလိပ်ရုပ်များဖြစ်သည်ဟု ဆို၏။)
ကျောင်း တကာကား သုမနသူဌေး။ [၉] ([၁၀]-၌ ကျောင်းတကာ သုမင်္ဂလ သူဌေးဟု ဆို၏။)
အရပ်တော်မှာ အတောင် ၂၀-ဖြစ်သည်။ [၁၁]
သက်တော်မှာ အနှစ် ၂-သောင်းဖြစ်သည်။ [၁၂]
ကဿပဘုရားရှင်၏ သာရီရိက ဓာတ်တော် ဌာပနာသော စေတီတော်ကား သံတောင် (= အရပ်တော်)တယူဇနာဖြစ်သည်။ [၁၃] ကာသိတိုင်း သေနဗျ မြို့ သေနဗျဥယျာဉ်၌ ပရိနိဗ္ဗာန်ပြုတော်မူသည်။ [၁၄][၁၅]
ဗုဒ္ဓဝင်[ပြင်ဆင်ရန်]
၁။ ကဿပမြတ်စွာဘုရား၏ နောက်အဖို့၌ အခြေနှစ်ချောင်းရှိသူ နတ်, လူတို့ ထက် မြတ်တော်မူသော တရားမင်း ဖြစ်တော်မူသော အလင်းရောင်ကို ပြုတော်မူ တတ်သော အနွယ်အားဖြင့် ကဿပမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၂။ ထိုမြတ်စွာဘုရားသည် အလှူခံသူတို့အား များစွာသော ထမင်း အဖျော် ဘောဇဉ်အလှူကို ပေးလှူ၍ စိတ် အလို ကို ပြည့်စေပြီးလျှင် နွားခြံကို ဖျက်ဆီး၍ သွားသော နွားလားကဲ့သို့ အမျိုးအိမ်ကို စွန့်လွှတ်လျက် မြတ်သောဗောဓိဉာဏ်သို့ ရောက်တော်မူ၏။
၃။ လောက၏ ရှေ့သွား ဖြစ်တော်မူသော ကဿပမြတ်စွာဘုရားသည် ဓမ္မစကြာ ကို ဟောတော်မူသည် ရှိသော် ကုဋေနှစ်သောင်းသော လူ နတ် ဗြဟ္မာတို့၏ သစ္စာလေးပါးကို သိခြင်းသည် ရှေးဦးစွာ (သိခြင်း)ဖြစ်လေ၏။
၄။ အကြင်အခါ မြတ်စွာဘုရားသည် လောက၌ လေးလပတ်လုံး ဒေသစာရီ လှည့်လည်တော်မူ၏၊ ထိုအခါ ကုဋေတစ်သောင်းသော လူ နတ် ဗြဟ္မာတို့၏ သစ္စာလေးပါးကို သိခြင်းသည် နှစ်ကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။
၅။ အကြင်အခါ မြတ်စွာဘုရားသည် ရေမီးအစုံ အစုံဖြစ်သော တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းကို ပြု၍ (သဗ္ဗညုတ) ဉာဏ်သဘောကို မိန့်ကြားတော်မူ၏၊ ထိုအခါ ကုဋေငါးထောင်သော လူ နတ် ဗြဟ္မာတို့၏ သစ္စာလေးပါးကို သိခြင်းသည် သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။
၆။ ပျော်မွေ့ဖွယ်ကောင်းသော တာဝတိံသာနတ်ပြည်၌ သုဓမ္မာသဘင်သည် ရှိ၏၊ ထိုသုဓမ္မာသဘင်၌ အဘိဓမ္မာတရားကို ဟောတော်မူ၏၊ ထိုအခါ မြတ်စွာဘုရား သည် ကုဋေသုံးထောင်သောနတ် (ဗြဟ္မာ)တို့အား သစ္စာလေးပါးကို သိစေတော် မူ၏။
၇။ နောက်အခါ နရဒေဝဘီလူးအား တရားဟောတော်မူရာ၌ ထိုနတ် လူတို့၏ သစ္စာလေးပါးကို သိခြင်းတို့သည် ဂဏန်းသင်္ချာအားဖြင့် မရေတွက်နိုင်ကုန်။
၈။ ထိုမြတ်စွာဘုရားအား ကိလေသာ အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးသည် တစ်ကြိမ် သာ ဖြစ်လေ၏။
၉။ ထိုအစည်းအဝေးသည် ရှက်ခြင်း ဟိရီ အကျင့် သီလ အားဖြင့် တူညီကုန်သော ပုထုဇဉ် သောတာပန်စသည်ကို လွန်မြောက်ကုန်သော နှစ် သောင်းသော ရဟန္တာတို့၏ အစည်းအဝေး ဖြစ်လေ၏။
၁၀။ ထိုအခါ ငါသည် ဇောတိပါလလုလင်ဟု ကျော်ကြားလျက် ဗေဒင်ကို သရဇ္ဈာယ်တတ်သူ၊ ဗေဒင်ကို ဆောင်နိုင်သူ၊ သုံးမျိုးသော ဝေဒကျမ်းတို့၏ တစ်ဖက်ကမ်းသို့ ရောက်သူ ဖြစ်ခဲ့၏။
၁၁။ ငါသည် လက္ခဏာကျမ်း၌ လည်းကောင်း၊ ဣတိဟာသ (ပုရာဏ်) ကျမ်း၌ လည်းကောင်း၊ မိမိ(ပုဏ္ဏားတို့) အကျင့်တရား၌ လည်းကောင်း ကမ်းတစ်ဖက်သို့ ရောက်သူ မြေ အတတ် ကောင်းကင်အတတ်၌ လိမ္မာသူ ဝိဇ္ဇာပညာကို သင်ကြားပြီးသူ အပြည့်အစုံ တတ်မြောက်သူ ဖြစ်၏။
၁၂။ ကဿပမြတ်စွာဘုရားအား ရိုသေလေးစားခြင်း ရှိသော တုပ်ဝပ်ကျိုးနွံခြင်း ရှိသော သုံးခုမြောက် (အနာဂါမိ) ဖိုလ်ကြောင့် တဏှာမီး ငြိမ်းပြီးသော ဃဋိကာရ မည်သော အလုပ် အကျွေးသည် ရှိလေ၏။
၁၃။ ဃဋိကာရသည် ငါ့ကို ခေါ်ယူ၍ ကဿပမြတ်စွာဘုရားထံသို့ ချဉ်းကပ်၏၊ (ငါသည်) ထိုမြတ်စွာဘုရား၏ တရားကို နာကြားရ၍ ထိုမြတ်စွာဘုရား၏ အထံ၌ ရဟန်း ပြုခဲ့၏။
၁၄။ ငါသည် လုံ့လဝီရိယကို အားထုတ်သူ ဖြစ်၍ ဝတ်ကြီးဝတ်ငယ်တို့၌ လိမ္မာ လျက် တစ်စုံတစ်ရာမျှ မဆုတ်ယုတ်စေဘဲ မြတ်စွာဘုရားသာသနာတော်ကို ဖြည့်ကျင့်ခဲ့၏။
၁၅။ အကြင်မျှလောက် မြတ်စွာဘုရား မိန့်တော်မူသည့် အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရား အဆုံးအမ အားလုံးကို သင်ကြား၍ မြတ်စွာဘုရား သာသနာတော် ကို တင့်တယ်စေခဲ့၏။
၁၆။ ထိုမြတ်စွာဘုရားသည်လည်း ငါ၏ အံ့ဩဖွယ်အကျင့်ကို မြင်၍ ဗျာဒိတ်စကား မိန့်ကြားတော်မူ၏- ဤရဟန်းသည် ဤဘဒ္ဒကမ္ဘာ၌ပင် ဘုရားဖြစ်လတ္တံ့။
၁၇။ ထိုအခါ ဘုရားလောင်းသည် ပျော်မွေ့ဖွယ်ကောင်းသော ကပိလမြို့မှ ထွက်၍ ကမ္မဋ္ဌာန်း စီးဖြန်းခြင်း လုံ့လကို အားထုတ်၍ ပြုနိုင်ခဲသော အကျင့်ကို ပြုကျင့်ပြီးလျှင် ဘုရား ဖြစ်လတ္တံ့။
၁၈။ မြတ်စွာဘုရားအလောင်းသည် ဆိတ်ကျောင်း ညောင်ပင်ရင်း၌ ထိုင်၍ ထိုညောင်ပင်ရင်း၌ နို့ဃနာဆွမ်းကို ခံယူပြီးလျှင် နေရဉ္ဇရာမြစ်သို့ ချဉ်းကပ်လတ္တံ့။
၁၉။ နေရဉ္ဇရာ မြစ်ကမ်း၌ နို့ဃနာကို ဘုဉ်းပေးပြီးလျှင် နတ်တို့ စီရင်အပ်သော မြတ်သော လမ်းခရီးဖြင့် ဗောဓိပင်ရင်းသို့ ချဉ်းကပ်လတ္တံ့။
၂၀။ ထို့နောက် လူတို့ထက် မြတ်သော များသော အခြံအရံ ရှိတော်မူသော မြတ်စွာ ဘုရားအလောင်းသည် ဗောဓိမဏ္ဍိုင်ကို လက်ယာရစ် လှည့်ပြီးလျှင် မာရ်ငါးပါး ကို အောင်မြင်ရာ မြတ်သော နေရာဖြစ်သော ဗောဓိပလ္လင်မြတ်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၍ ပွင့်လတ္တံ့။
၂၁။ ဤမြတ်စွာဘုရား၏ မယ်တော်အရင်းသည် မာယာ မည်သော မိဖုရားဖြစ်၍ ခမည်းတော်သည် သုဒ္ဓေါဒန မည်သော မင်း ဖြစ်လတ္တံ့၊ ဤမြတ်စွာဘုရားသည် ဂေါတမ အမည်ရှိသည် ဖြစ်လတ္တံ့။
၂၂။ ကောလိတသည် လည်းကောင်း၊ ဥပတိဿသည် လည်းကောင်း အာသဝေါ မရှိကုန်သော ရာဂကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တည်တံ့ကုန် သော မြတ်သော တပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်လတ္တံ့။ အာနန္ဒာ မည်သော ရဟန်းသည် အလုပ်အကျွေးဖြစ်၍ ဤမြတ်စွာဘုရားကို လုပ်ကျွေးလတ္တံ့။
၂၃။ ခေမာသည် လည်းကောင်း၊ ဥပ္ပလဝဏ်သည် လည်းကောင်း အာသဝေါ မရှိကုန်သော ရာဂကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တည်တံ့ကုန် သော မြတ်သောတပည့်မ အဂ္ဂသာဝိကာတို့ ဖြစ်ကုန်လတ္တံ့။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ညောင်ဗုဒ္ဓဟေပင်ဟု ခေါ်ဆိုအပ်၏။
၂၄။ စိတ္တသည် လည်းကောင်း၊ ဟတ္ထာဠဝကသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်လတ္တံ့။ နန္ဒမာတာသည် လည်းကောင်း၊ ဥတ္တရာသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ အဂ္ဂဥပဋ္ဌိကာ တို့ ဖြစ်ကုန်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။
၂၅။ လူ နတ်တို့သည် တူသောသူ မရှိသော ကဿပမြတ်စွာဘုရား၏ ဤစကားကို ကြားနာရကုန်သည်ရှိသော် ဤရဟန်းကား ဘုရားလောင်း ဖြစ်သတတ်ဟု အလွန်ဝမ်းမြောက် ကုန်လျက်-
၂၆။ ကြွေးကြော်သံတို့ကို ဖြစ်စေကြကုန်၏၊ လက်ပန်းပေါက်လည်း ခတ်ကြကုန်၏၊ ရွှင်လန်းလည်း ရွှင်လန်းကြကုန်၏၊ လောကဓာတ် တစ်သောင်း၌ နတ်နှင့်တကွ သော လူတို့သည် လက်အုပ်ချီ၍ ရှိခိုးကြကုန်၏။
၂၇။ အကယ်၍ ငါတို့သည် ဤမြတ်စွာဘုရား၏ သာသနာတော်ကို လွဲချော်ကုန်အံ့၊ အနာဂတ်အဓွန့် ကာလတွင် ဤ ဂေါတမ မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါ လိုကုန်၏။
၂၈။ မြစ်ကို ကူးကုန်သော လူတို့သည် မျက်နှာချင်းဆိုင် (တူရူ) ဆိပ်ကမ်းကို လွဲချော်ကုန်သည်ရှိသော် အောက်ဆိပ်ကမ်းတို့ကို ယူ၍ မြစ်ကြီးကို ကူးကုန် သကဲ့သို့-
၂၉။ ဤအတူပင် ငါတို့အားလုံးသည် ဤမြတ်စွာဘုရားကို အကယ်၍ လက်လွှတ်ရ ကုန်အံ့၊ အနာဂတ် အဓွန့်ကာလတွင် ဤ ဂေါတမ မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါ လိုကုန်၏ (ဟုဆုတောင်းကုန်၏)။
၃၀။ ထိုမြတ်စွာဘုရား၏ စကားကိုလည်း ကြားနာရ၍ စိတ်ကို အလွန်ကြည်ညို စေခဲ့၏၊ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက် တည်ခဲ့၏။
၃၁။ ငါသည် ဤသို့ သံသရာ၌ ကျင်လည်ရသည်ရှိသော် မလျော်သော အကျင့်ကို ရှောင်ကြဉ်လျက် သမ္မာသမ္ဗောဓိဉာဏ်၏ အကြောင်းကြောင့်သာလျှင် ပြုနိုင်ခဲသော (စွန့်ခြင်းကြီးငါးပါးစသော) အမှုကိုလည်း ပြုအပ်ခဲ့လေပြီ။
၃၂။ မြို့တော်သည် ဗာရာဏသီ မည်၏၊ မင်းသည် ကိကီ အမည်ရှိသူ ဖြစ်၏၊ မြတ်စွာဘုရား၏ ဆွေတော်မျိုးတော် အပေါင်းသည် ထိုမြို့၌ နေ၏။
၃၃။ မြတ်သော သီလစသော ဂုဏ်ကို ရှာမှီးလေ့ရှိသော ကဿပမြတ်စွာဘုရား၏ ထိုခမည်းတော်သည် ဗြဟ္မဒတ္တပုဏ္ဏား ဖြစ်၏၊ မယ်တော်သည် ဓနဝတီ မည်၏။
၃၄။ ထိုဘုရားလောင်းသည် အနှစ်နှစ်ထောင်တို့ပတ်လုံး နန်းတော်ကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) ဟံသ ယသ သိရိနန္ဒအားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင်တို့သည် ရှိကုန်၏။
၃၅။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမတို့သည်လည်း လေးသောင်း ရှစ်ထောင်ရှိကုန်၏၊ မိဖုရားသည် သုနန္ဒာ မည်၏၊ သားတော်သည် ဝိဇိတသေန မည်၏။
၃၆။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ပြာသာဒ်ဖြင့် တောထွက် တော်မူ၏၊ ခုနစ်ရက်ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်တော်မူ၏။
၃၇။ ကြီးသော လုံ့လရှိတော်မူသော၊ လူတို့ထက် မြတ်သော၊ လူတို့၏ ရှေ့သွား ဖြစ်သော ကဿပမြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည် ဖြစ်၍ မိဂဒါဝုန် (သမင်တော)၌ ဓမ္မစကြာကို ဟောတော်မူ၏။
၃၈။ တိဿသည် လည်းကောင်း၊ ဘာရဒွါဇသည် လည်းကောင်း ကဿပမြတ်စွာ ဘုရား၏ မြတ်သောတပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏။ အလုပ်အကျွေးသည် သဗ္ဗမိတ္တ မည်၏။
၃၉။ အနုဠာသည် လည်းကောင်း၊ ဥရုဝေဠာသည် လည်းကောင်း မြတ်သော တပည့်မ အဂ္ဂသာဝိကာတို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ပညောင်ပင်ဟူ၍ ခေါ်ဆို အပ်၏။
၄၀။ သုမင်္ဂလသည် လည်းကောင်း၊ ဃဋိကာရသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ အဂ္ဂဥပဋ္ဌက တို့ ဖြစ်ကုန်၏။ ဝိဇိတသေနာသည် လည်းကောင်း၊ သဒ္ဒါသည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ အဂ္ဂဥပဋ္ဌိကာ တို့ ဖြစ်ကုန်၏။
၄၁။ ထိုမြတ်စွာဘုရားသည် အမြင့်အားဖြင့် အတောင်နှစ်ဆယ် မြင့်လျက် ကောင်းကင်၌ လျှပ်စစ်နွယ်ကဲ့သို့ လည်းကောင်း၊ ဂြိုဟ်တို့ဖြင့်ပြည့် ခြံရံအပ်သော လမင်းကဲ့သို့ လည်းကောင်း တင့်တယ်တော်မူ၏။
၄၂။ ထိုမြတ်စွာဘုရား၏ အသက်တမ်းသည် အနှစ်နှစ်သောင်းရှိ၏၊ ထိုမြတ်စွာ ဘုရားသည် ထိုမျှလောက် အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်း ကို ကယ်တင်တော်မူ၏။
၄၃။ (ပရိယတ္တိ) တရားတည်းဟူသော တစ်ဖက်ဆည်ကန်ကို ဖန်ဆင်းလျက် (စတုပါရိသုဒ္ဓိစသော) သီလဟူသော နံ့သာပျောင်းကို ပေး၍ (ဟိရိ ဩတ္တပ္ပ) တရားဝတ်စုံကို ဝတ်စေကာ (ဗောဓိပက္ခိယ) တရားပန်းကို ခွဲဝေပြီးလျှင် -
၄၄။ လူများအကျိုးငှါ အညစ်အကြေးကင်းသော (သောတာပတ္တိမဂ်)တရားကြေးမုံ (မှန်)ကို တည်ထား၍ နိဗ္ဗာန်ကို တောင့်တသော အချို့သူတို့သည် ငါ၏ (သီလစသော) အဆင်တန်ဆာကို ကြည့်ရှုကုန်လော့ဟု (တိုက်တွန်းပြီးလျှင် ) -
၄၅။ သီလသင်တိုင်း (အင်္ကျီ)ကို ပေး၍ ဈာန် ချပ်ဝတ်မိန်ညိုကို (ဖွဲ့စေလျက်) မဂ္ဂင်တရားဟူသော သားရေဝတ်ရုံကို ခြုံစေပြီးလျှင် မြတ်သော လုံ့လဟူသော ချပ်ဝတ်ကို လည်းကောင်း-
၄၆။ သတိဟူသော ကာကို လည်းကောင်း၊ ထက်သော ဝိပဿနာဉာဏ် လှံမကို လည်းကောင်း၊ ကိလေသာရောယှက်ခြင်းကို နှိမ်နင်းနိုင်သော (လောကုတ္တရာ) သီလကို လည်းကောင်း၊ (အရဟတ္တမဂ်ဉာဏ်) တရားသန်လျက်မြတ်ကို လည်း ကောင်း ပေး၍-
၄၇။ ဝိဇ္ဇာသုံးပါးဟူသော အဆင်တန်ဆာကို ပေးပြီးလျှင် ဖိုလ်လေးပါးတို့ကို ဦးဆောက်ပန်း (ပြုလျက်) အဘိညာဉ်ခြောက်ပါးဟူသော အဆင်တန်ဆာကို လည်းကောင်း၊ (လောကုတ္တရာ) တရားပန်းပွင့် အဆင်တန်ဆာကို လည်းကောင်း ပေးလျက်-
၄၈။ မကောင်းမှုကို တားမြစ်နိုင်သော (အရဟတ္တဖိုလ်) သူတော်ကောင်းတရားဟူ သော ထီးဖြူကို ပေး၍ ဘေးမဲ့ရာသို့ ရောက်ကြောင်း (အဋ္ဌင်္ဂိကမဂ်) ပန်းပွင့်ကို ဖန်ဆင်းပြီးလျှင် ထိုမြတ်စွာဘုရားသည် တပည့် သာဝကနှင့်တကွ ပရိနိဗ္ဗာန် ပြုတော်မူပြီ။
၄၉။ မနှိုင်းယှဉ်နိုင်သော ဂုဏ်နှင့် ပြည့်စုံတော်မူသော (ထိပါးရန်) ချဉ်းကပ်ဝံ့သူ ရှိတော်မမူသော ဤမြတ်စွာဘုရားသည် လည်းကောင်း၊ ကောင်းစွာ ဟောကြား တော်မူအပ်သော လာလှည့် ရှုလှည့်ဟု ဆိုထိုက်သော ဤတရားရတနာသည် လည်းကောင်း-
၅၀။ ကောင်းသော အကျင့်ရှိသော ဤအမြတ်ဆုံး သံဃာရတနာသည် လည်း ကောင်း ထိုအားလုံးသည်ပင် ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါလော။
၅၁။ မာရ်ငါးပါးကို အောင်တော်မူသော မဟာကဿပ မြတ်စွာဘုရားသည် သေတဗျာရာမ ကျောင်းတိုက်၌ ပရိနိဗ္ဗာန် စံတော်မူ၏။ ထိုကျောင်းတိုက်၌ပင် ထိုမြတ်စွာဘုရား၏ ပုထိုး(စေတီ)သည် အစောက် တစ်ယူဇနာ မြင့်လျက် တည်ရှိလေသတည်း။[၁၆]
ကိုးကား[ပြင်ဆင်ရန်]
- ↑ (ဝိမာန၊ဋ္ဌ၊၂၆၃။)
- ↑ (ဗုဒ္ဓဝံ၊၃၇၆။ ဗုဒ္ဓဝံ၊ဋ္ဌ၊၃၀၈၊ ၃၁၀။)
- ↑ (ဒီ၊၂၊၅။ ဗုဒ္ဓဝံ။ ၃၇၆၊ ဗုဒ္ဓဝံ၊ဋ္ဌ၊၃၁၀။)
- ↑ (ဗုဒ္ဓဝံ၊ဋ္ဌ၊၃၁၀။)
- ↑ (ဗုဒ္ဓဝံ၊၃၇၈။ ဗုဒ္ဓဝံ၊ဋ္ဌ၊၃၁၂။)
- ↑ (ဗုဒ္ဓဝံ၊၃၇၈။)
- ↑ (ဒီ၊ဋ္ဌ၊၂၊၁၇။)
- ↑ ဝိ၊ဋ္ဌ၊၄၊၆၃
- ↑ (ဒီ၊ဋ္ဌ၊၂၊၁၇။)
- ↑ ဝိ၊ဋ္ဌ၊၄၊၆၃
- ↑ (ဗုဒ္ဓဝံ၊၃၇၈။ ဗုဒ္ဓဝံ၊ဋ္ဌ၊၃၁၂။)
- ↑ (ဒီ၊၂၊၃။ ဗုဒ္ဓဝံ၊၃၇၉။ ဗုဒ္ဓဝံ၊ဋ္ဌ၊၃၁၂။)
- ↑ (ဗုဒ္ဓဝံ၊၃၇၉။ ဗုဒ္ဓဝံ၊ဋ္ဌ၊၃၁၄။)
- ↑ (ဗုဒ္ဓဝံ၊၃၇၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၃၀၇။) ကဿပဿ ဘိက္ခဝေ ဘဂဝတော။ ဒီ၊၂၊၆။
- ↑ တိပိဋကအဘိဓာန် အတွဲ-၅
- ↑ ဗုဒ္ဓဝံသပါဠိတော်