ဒွတ္တဘောင်မင်းကြီး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဒွတ္တဘောင် မင်းကြီးသည် သရေခေတ္တရာပြည်ကို ရှေးဦးစွာ တည်ထောင်ခဲ့သော မင်းဖြစ်သည်။ ရှေးက သရေခေတ္တရာမြို့ဟောင်း နေရာမှာ ယခုခေတ် ပြည်မြို့အနီးတွင် ရှိသော မှော်ဇာမြို့ကလေးဖြစ်သည်။

အဘညီနောင်[ပြင်ဆင်ရန်]

ဒွတ္တဘောင်မင်းကြီးသည် ဘေဒါရီ၏ သားတော်ဖြစ်သည်။ နောင်တော် မဟာသမ္ဘဝမင်း နတ်စွာစံ၍ ညီတော် စူဠသမ္ဘဝမင်း နန်းတက်သော အခါ ဘေဒါရီမိဖုရား၌ မဟာသမ္ဘဝမင်းနှင့်ရသော ပဋိသန္ဓေ ကျန်ရစ်ခဲ့သည်။ ညီတော် စူဠသမ္ဘဝမင်းလက်ထက်တွင် ဒွတ္တဘောင်မင်းကို ဖွားမြင်သောကြောင့် အဘညီနောင်၊ ဒွတ္တဘောင် ဟု ခေါ်ဆိုခဲ့ကြသည်။

သရေခေတ္တရာမြို့[ပြင်ဆင်ရန်]

ဒွတ္တဘောင်မင်းကြီးကား ဖွားမြင်တော်မူကတည်းက နဖူးပေါ်တွင် မှဲ့ရှင်ပါလာသဖြင့် အလွန်ဘုန်းတန်ခိုးကြီးမားလှသည်။ နန်းတက်စဉ်က သိကြားမင်းကိုယ်တိုင် မ, ချီ၍ ရာဇပလ္လင်ပေါ်သို့ တင်ပေးခဲ့ရသည်ဟု သိရသည်။ သရေခေတ္တရာမြို့ကြီးကို သူမြတ် ခုနှစ်ဦး၏ အကူအညီဖြင့် သာသနာ သက္ကရာဇ် ၁၀၁ ခုနှစ်တွင် တည်ထောင်တော်မူခဲ့သည်။


ဒွတ္တဘောင်မင်းနှင့် မန္တလေးတောငိ[ပြင်ဆင်ရန်]

အရှင်ဇောတိကဘိဝံသ၏ မန္တလေးတောင်သမိုင်းသစ်တွင်မူ သာသနာသက္ကရာဇ် (၁၀၁)ခုနှစ်၊ သရေခေတ္တရာ ဒွတ္တဘောင်မင်းကြီးသည် နဖူးမှည့်ရှင်ရှိ၍ ဘုန်းတန်ခိုး ကြီးသည်။ မျက်စိသုံးလုံး ဘုန်းမီးနေလထွန်းဟုလည်း ဆိုစမှတ်ပြု၏။ ဒွတ္တဘောင်မင်းအား မိုးမိတ်ဘုရင်က သမီးတော်တစ်ပါး ဆက်သ၏။ အလွန်ချော၍ စောမြဝတီ ဟူ၏။

ကျန်မိဖုရားများက စောမြဝတီအား မနာလို၊ ဘုရင်ကြီးထံ ကုန်းစကားဆင်သည်။ ဘုရင်ကြီး ဒေါသထွက်၍ အမိန့်တော်ချမည် ပြုစဉ် မိုးမိတ်ဘုရင်မှာသွားပုံကို ဆင်ခြင်စဉ်းစားမိသည်။ ကျွနု်ပ်၏ သမီးအပေါ် စိတ်ငြိုငြင်မှုဖြစ်လျှင် သေဒဏ်မပေးဘဲ ပြည်နှင်ဒဏ်ပေးရန် လျှောက်ထားခဲ့မှု ဖြစ်သည်။ စောမြဝတီကို သေဒဏ်ပေး၍ မဖြစ်၊ တိုင်းပြည်မှ နှင်စေဟု အမိန့်ထုတ်သည်။ စောမြဝတီလည်း ဧရာဝတီမြစ် အထက်ဆန်တက်ခဲ့စဉ် မန္တလေးတောင်နှင့် အနောက်တောင်ယွန်း တာနှစ်ထောင်ခန့်အကွာ၌ မင်းကြီးနှင့် ရခဲ့သော ကိုယ်ဝန်သည် နေ့စေ့ကာ သားယောက်ျား မင်းကလေး ဖွားမြင်သည်။

ဖွားမြင်သောနေရာမှာ ယခု မဟာမုနိဘုရားကြီး အောက်ဘက် သားတော်ရဘုရားနေရာတွင် ဖြစ်သည်။ ယင်းကိုစွဲ၍ ထိုနေရာ၌ အာနန္ဒာပုံ စေတီတစ်ဆူ တည်ထားရာ မန္တလေးမြို့ လူထုက သားတော်ရဘုရားဟု အသိများသည်။ ကျွန်းလုံးဥသျှောင်ရပ်ကွက်၌ တည်ရှိသည်။ မဟာမုနိဘုရား အနောက်မုခ်လမ်းမှ တောင်ဘက်သို့ အနည်းငယ်သွားလျှင် ရောက်သည်။ မင်းကလေးဖွားမြင်ရာ မနီးမဝေးရှိသော မြောက်ယွန်းယွန်းရှိ တောင်ကိုလည်း မင်းကလေးတောင်ဟု ခေါ်သည်။ ကာလညောင်း၍ မန္တလေးတောင် ဖြစ်လာသည်ဟု ဖော်ပြထားသည်။

ဒွတ္တဘောင်မင်းကြီးသည် နောင်တရ၍ စောမြဝတီနောက်လိုက်ရာ သားတော်ရဘုရားအနီး အရပ်၌ တဲထိုးနေတော်မူစဉ် တောင်ငယ်ကိုးလုံး ပတ်လည် ဝန်းရံနေသော မင်းကလေးတောင်ပေါ်သို့ တက်ရောက်ခဲ့သည်။ တောင်ငယ်ကိုးလုံး၌ တစ်လုံးအပါဖြစ်သော ပတ္တမြားတောင်ထိပ်၌ ဆုတောင်းပြည့်စေတီတည်ပြီး စောင်းတန်းများပါ ဆောက်လုပ်လှူဒါန်းသည်ဟု အဆိုရှိသည်။ စဉ်းစားချင့်ချိန် မှတ်သားလေ့လာစရာများပင် ဖြစ်သည်။ [၁]

အခွန်တော် ကောက်ခံခြင်း[ပြင်ဆင်ရန်]

ဒွတ္တဘောင်မင်းကြီးသည် သိကြားမင်းပေးသော လှံစင်္ကြာနှင့် စဉ်ကြီးများကို ရရှိသော ဘုန်းကံရှင်မင်းတပါးဖြစ်၏။ နိုင်ငံတော် အရပ်ရပ်၌ တစ်နှစ်တစ်ကြိမ် အခွန်တော် ကောက်ခံတော်မူ၏။ အခွန်တော် မဆက်သသော လက်အောက်ခံမင်းများအား လှံစင်္ကြာတွင် စာဆွဲ၍ စေလွှတ်တောင်းခံ၏။ မင်းကြီး၏ ဘုန်းတံခိုးတော် ကြီးမားလှသောကြောင့် နဂါးပြည်မှပင် လာရောက်၍ အခွန်တော်ဆက်ရ၏။

ပန်ထွာဘုရင်မအား လက်ဆက်ခြင်း[ပြင်ဆင်ရန်]

ထိုခေတ်က ခေတ်ပြိုင် တိုင်းပြည်တစ်ခုဖြစ်သော ဗိဿနိုးပြည်ကြီးအား အုပ်ချုပ်မင်းလုပ်သူမှာ ပန်ထွာဘုရင်မဖြစ်သည်။ ထိုဘုရင်မသည် အလွန်ချောမောလှပသည်ဟု သတင်းကြီးပြီး လင်ယောက်ျားမရှိပဲ တစ်ဦးတည်း တိုင်းပြည်ကို အုပ်ချုပ်သည်။ သရေခေတ္တရာကို အုပ်ချုပ်သော ဒွတ္တဘောင်မင်းကြီးသည် ပန်ထွာဘုရင်မကို လက်ဆက်ရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။

ဗိဿနိုးမှစည်တော်ကြီး[ပြင်ဆင်ရန်]

ထိုဗိဿနိုးမြို့တွင် အလွန်ထူးခြားသော စည်တော်ကြီးတစ်လုံးရှိသည်။ အကယ်၍ ဗိဿနိုးအား ရန်သူများ လာရောက်တိုက်ခိုက်ပါက ပန်ထွာဘုရင်မသည် ထိုစည်တော်ကြီးကို တီးခတ်လေ့ရှိပြီး ထိုသို့ တီးခတ်သောအခါ ဗိဿနိုးမြို့ကိုဝန်းရံထားသော ရန်ပယ်ချောင်းတွင် ရေကြီးလာလေ့ရှိပြီး ရန်သူများ ဆုတ်ခွာသွားရလေ့ရှိသည်။ ဒွတ္တဘောင်မင်းကြီးသည် ဗိဿနိုးအား သူ၏ တပ်ကို စေလွှတ်၍ တိုက်ခိုက်ရန်ကြိုးစားသော်လည်း ထိုစည်တော်ကြီး၏ အစွမ်းကြောင့် အောင်မြင်နိုင်ခြင်းမရှိပေ။

ဒွတ္တဘောင်မင်းမှ သူလျှိုစေလွှတ်ခြင်း[ပြင်ဆင်ရန်]

ဒွတ္တဘောင်မင်းသည် ထိုစည်တော်ကို ဖျက်ဆီးရန်အတွက် သူလျိုတစ်ယောက်ကို တန်ခိုးရှင် ရသေ့ယောင် ဆောင်စေပြီး ဗိဿနိုးသို့စေလွှတ်သည်။ ထိုသူ၏ လှည့်စားမှုများကို ပန်ထွာဘုရင်မက ယုံကြည်သဖြင့် တန်ခိုးရှင်ဟု ထင်မှတ်ပြီး နန်းတော်တွင် ကိုးကွယ်ထားသည်။ ထိုအခါ ထိုရသေ့က ဘုရင်မကို အယုံသွင်း၍ သူ၏ အစွမ်းဖြင့် ထိုစည်တော်ကြီးကို ပို၍အစွမ်းရှိအောင် ပြုပြင်ပေးမည်ဟု လှည့်ဖျားသည်။ နောက်တစ်ခါရန်သူများ လာတိုက်ချိန်တွင် ထိုစည်တော်ကြီးကို တီးခတ်ပါက နတ်ဒေဝါတို့လာရောက်၍ ကူညီတိုက်ခိုက်ပေးရန် စီရင်ပေးမည်ဟု ဆိုသည်။ မိဖုရားက ယုံကြည်၍ ပြင်ဆင်ရန် အပ်နှံသောအခါတွင် ထိုရသေ့က စည်တော်ကြီးကို ဖျက်ဆီး၍ ထွက်ပြေးတိမ်းရှောင်သွားလေသည်။

ဒွတ္တဘောင်မင်းမှသိမ်းပိုက်ခြင်း[ပြင်ဆင်ရန်]

စည်တော်ကြီး ပျက်စီးသွားကြောင်း သိရှိသောအချိန်တွင် ဒွတ္တဘောင်မင်းမှ သူ၏ တပ်ကို စေလွှတ်၍ တိုက်ခိုက်စေသည်။ ပန်ထွာဘုရင်မသည် ထိုအချိန်မှ စည်တော်ကြီး ပျက်စီးသွားကြောင်းသိသဖြင့် မည်သို့မျှမတတ်နိုင်တော့ပေ။ နောက်ဆုံးတွင် ဒွတ္တဘောင်မင်းသည် ဗိဿနိုးကို သိမ်းပိုက်၍ ပန်ထွာဘုရင်မနှင့် လက်ဆက်ခဲ့သည်။


မင်းကြီးသည် မည်မျှပင် ဘုန်းတန်ခိုးကြီးမားလှသော်လည်း ပန်ထွာမင်းသမီး ဆက်သလိုက်သော မျက်နှာသုတ်ပုဝါကို သုတ်မိကတည်းက မှဲ့ရှင် ကွယ်၍ ဘုန်းတန်ခိုးနိမ့်ခဲ့ရသည်။ ထိုသို့ ဘုန်းတန်ခိုး နိမ့်ခဲ့သောကြောင့် မိမိပိုင် နိုင်ငံတော်အရပ်ရပ်၌ ဘောင်တော်စီး၍ အခွန်တော် လှည့်လည်ကောက်ခံရာ ပုသိမ်မြစ်ဝအလွန် နေဂရေအငူစွန်းသို့ရောက်လျှင် ဖောင်တော် နစ်မြုပ်၍ နတ်ရွာစံလွန်တော်မူခဲ့သည်။

စေတီပုထိုးတည်ခြင်း[ပြင်ဆင်ရန်]

မင်းကြီးသည် မြတ်စွာဘုရား ဗျာဒိတ် ရသူဖြစ်သောကြောင့် စေတီပုထိုး မြောက်များစွာကို တည်ခဲ့ရာ သရေခေတ္တရာ မြို့ဟောင်းအနီးတွင် မင်းကြီးတည်တော်မူခဲ့သော စေတီပုထိုးတို့ကို ယနေ့တိုင်အောင် တွေ့မြင်နိုင်ပေသည်။[၂][၃]

ကိုးကား[ပြင်ဆင်ရန်]

  1. နတ်မောက်ထွန်းရှိန် ရေး ၊ မန္တလေး ရတနာပုံ ဘုရားစုံ၊ ဩဂုတ်လ၊ ၂၀၁၇-ခုနှစ်၊ စာ-၁၃
  2. မြန်မာ့သမိုင်းပုံပြင်
  3. မဟူရာမေတ္တာ - နိုင်ဝင်းဆွေ