မင်းခေါင်နော်ရထာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မင်းခေါင်နော်ရထာ သည် ကုန်းဘောင်မင်းဆက် တည်ထောင်ဦးက အလောင်းမင်းတရား၏ ရဲဘက်တော် စစ်သူ ကြီးဖြစ်၏။ စစ်မှုရေးရာတွင် လိမ္မာကျွမ်းကျင်၍ ရွပ်ရွပ်ချွံချွံ တိုက်စွမ်းရှိသောကြောင့် တပ်ဦးမှချီ၍ တိုက်ခဲ့ရသော သူရဲ ကောင်းတစ်ယောက်လည်းဖြစ်သည်။ သို့သော် အလောင်းမင်း တရား ကံတော်ကုန်ပြီးသည့် နောက်တွင်မူကား မင်းခေါင် နော်ရထာသည် အလောင်းမင်းတရားကြီး၏ သားတော် မြေဒူးမင်း (နောင်သော် ဆင်ဖြူရှင်) နှင့် စိတ်ဝမ်းကွဲပြီးလျှင် မင်းကိုပုန်ကန်သော သူပုန်အဖြစ် သေနတ်ချက်ဖြင့် ဇာတ်သိမ်း ကျဆုံးရပေသည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

မင်းခေါင်နော်ရထာ၏ အမည်ရင်းမှာ ဗိုလ်တွန် သို့မဟုတ် မုဆိုးချုံ ဗိုလ်တွန် ဖြစ်သည်။

အလောင်းမင်းတရား အမှုထမ်းခြင်း[ပြင်ဆင်ရန်]

မင်းခေါင်နော်ရထာ သည်အလောင်းမင်းတရားကြီးနှင့် ပြည်ထောင်ဖက် ရဲဘော်ကြီး ဖြစ်သည့်အတိုင်း ပွဲလမ်းရှိသမျှကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်၍ အောင်ပွဲရသည်ကား များ၏။

ကသည်းပြည်စစ်ပွဲများ[ပြင်ဆင်ရန်]

ခရစ် ၁၇၅၈ ခုနှစ် ကသည်းပြည်သို့ သွားရောက် တိုက်ခိုက်ခဲ့စဉ်က မင်းခေါင်နော်ရထာသည် သောင်သွပ်မှ ချီတက်ရသည်။

ယိုးဒယားစစ်ပွဲများ[ပြင်ဆင်ရန်]

ယိုးဒယားသို့ ချီတက်တိုက်ခိုက်ရာတွင်လည်း ရှေ့ချီတာဝန်ခံ တိုက်ရသော ဗိုလ်မှူးကြီး ဖြစ်လေသည်။ ထိုသို့ ယိုးဒယားသို့ သွားရောက်တိုက်ခိုက်ခဲ့စဉ်က အလောင်းမင်းတရား၊ မြေဒူးမင်း၊ မင်းလှနော်ရထာတို့နှင့်အတူ ရှေ့တန်းက သွားရောက်တိုက်ခိုက်ရာ၌ အရေးပုံမလှသဖြင့် အလောင်းမင်းတရားကြီးတို့ တပ်တော်နုတ်၍ ဆုတ်ခွာရာတွင် အထူးယုံကြည်အားကိုးတော်မူသည့်အလျောက် အရေးအကြီးဆုံး ဖြစ်သည့် နောက်ခံတပ်ကို ဦးစီးကွပ်ကဲရန် မင်းခေါင်နော်ရထာ အား အပ်နှံတာဝန်ချထားခဲ့၏။

မင်းခေါင်နော်ရထာသည် အရှင် သခင်၏ ကျေးဇူးသစ္စာတော်ကို အထူးစောင့်ထိန်းသူ ဖြစ်၏။ တပ်များအားလုံး နောက်ဆုတ်၍ ခရီးတစ်တိုင် ၂ တိုင်ခန့် ရောက်လေလျှင် ယိုးဒယားတို့မြို့က အလုံးအရင်းနှင့် ထွက် ရောက် တိုက်ခိုက်၏။ မင်းခေါင်နော်ရထာ မူကား မြို့ရင်းတွင်ပင် တပ်နှင့် ကြံ့ကြံ့ခံနေ၏။ ယိုးဒယားတို့လည်း အထပ်ထပ် ဝန်းရံထားကြရာ တပ်မှူးများသည် ယိုးဒယားတို့၏ စစ်အင်အား ကို မိမိတို့ ခံနိုင်မည်မဟုတ်ဘဲ၊ ကြာလျှင် ဆုတ်ခွာနိုင်ရန်ပင် ခဲယဉ်းမည်ကို စိုးရိမ်သောကြောင့် မြောက်ကဝန်းရံထားသော ရန်သူတပ်များကို ထိုးဖောက်၍ထွက်မှ သင့်မည့်အကြောင်းပြော ဆိုသည်ကို မင်းခေါင်နော်ရထာ လက်မခံခဲ့ပေ။ မင်းခေါင် နော်ရထာကား မင်းတရားကြီးဆုတ်ခွာသည်မှာ နှစ်စခန်း သုံးစခန်းမျှသာ ရှိသေးသည်။ ယခု ငါတို့ ထိုးဖောက်၍ ထွက် လျှင် တိုက်ပွဲများဖြစ်မည်။ တိုက်ပွဲဖြစ်လျှင် ငါတို့အား ကူညီရ သည်နှင့် စခန်းနှောင့်နှေးချေတော့မည်။ မကြောက်ကြနှင့် ဆိုကာ မမာမကျန်းဖြစ်နေသော အလောင်းမင်းတရားကြီး အဆုတ်အခွာ ပျက်မည်ကို စိုး၍ အသက်ကို ပမာဏမထားဘဲ ယိုးဒယားတပ်များ၏ အဝိုင်းကိုသာခံ၍ နေလေသည်။ မြို့တွင်း မှ ထွက်၍ရံသောတပ်များကိုမူကား မိမိကိုယ်တိုင် ခေါင်းဆောင် ၍ တိုက်ရာ ယိုးဒယားတပ်များပျက်လေသည်။

မင်းခေါင်နော်ရထာ ထွက်၍ တိုက်သံကို ကြားလျှင် ဒုတိယ နောက်ခံတပ်ကို ကွပ်ကဲသော မင်းလှနော်ရထာလည်း မိမိတပ်များနှင့် အဆောတလျင်အကူအညီလာ၏။ ဤအကြိမ် တွင်လည်း မင်းခေါင်နော်ရထာသည် အရှင်သခင်ကို ငဲ့ည|ာကာ သွေးသောက်မှာ ဘဝရှင်မင်းတရားကြီးကိုသာ မီအောင်လိုက် လေ၊ နောက်ကအရေးအကြောင်းမှာ ငါ့တာဝန်ထားဟုပြောသော ကြောင့် မင်းလှနော်ရထာသည် အလောင်းမင်းတရားကြီးနောက် သို့သာ လိုက်ရလေသည်။

မြေဒူးမင်းနှင့် စိတ်ဝမ်းကွဲခြင်း[ပြင်ဆင်ရန်]

အလောင်းမင်းတရား နတ်ရွာစံကြောင်း သိသောအခါ မင်းခေါင်နော်ရထာသည် မြေဒူးမင်းနှင့် စိတ်ဝမ်းကွဲလျက်ရှိသည့် အလျောက် တပ်များကိုမီအောင်မလိုက်ဘဲ တောင်ငူကြောင်းပြန် လေသည်။ မင်းခေါင်နော်ရထာသည် မြေဒူးမင်း၏ နောင်တော် (နောင်တော်ကြီး)ထံ လူလွှတ်၍ မြေဒူးမင်းသည် ဗိုလ်မှူးတပ်မှူး တို့ဖြင့် မုတ္တမ မြသိန်းတန်ဘုရားမှာ သွေးသစ္စာ စည်းကြပ် ကြောင်း၊ နောက်တပ်များကိုလည်း မျိုးရိက္ခာ မပေးမပို့စေရ၊ စစ်တောင်းမြို့သူကြီး ခေါင်းအကြီးတို့ကို ဆင့်ဆိုကြောင်း၊ ဓားတော်ယိမ်းနွဲ့ပါးကိုလည်း သိမ်းယူကြောင်း၊ ထွတ်ချာဒေဝီနှင့် လည်း အပြောအဆိုရှိကြောင်းတို့ကို လျှောက်ထား၏။ တစ်ဖန် မြေဒူးမင်းကလည်း မင်းခေါင်နော်ရထာသည် တမင် ချန်ရစ်နေ ကြောင်း၊ လူ လက်နက် သိမ်းသွင်းကြောင်း၊ အခေါ်လွှတ်သော် လည်းမလိုက်ဘဲ တောင်ငူသို့ချီကြောင်း၊ ခမည်းတော် နတ်ပြည် စံတော်မူပြီ ကြားသည်ကစ၍ စိတ်နှလုံး မပျပ်မဝပ်ဟန် ရှိ ကြောင်းတို့ကို သံတော်ဦးတင်၏။ နောင်တော်ကြီးသည် မြေဒူးမင်းလျှောက်ထားသည်ကို ယုံကြည်တော် မမူသေး၊ ဝိုးဝါးပင် ထင်တော်မူ၏။ တောင်ငူ ကြောင်းပြန်လာသည့် မင်းခေါင်နော်ရထာကို တောင်ငူသို့ရောက် လျှင် တောင်ငူမင်းက ဖမ်းဆီးရန် ကြံသော်လည်း မင်းခေါင် နော်ရထာရိပ်မိ၍ မဖမ်းရလေ။ ဤတွင် မင်းခေါင်နော်ရထာ မင်းဧကရာဇ်ကို အထင်မှား၍ ပုန်ကန်လေတော့သသည်။

နောင် တော်ကြီးသည် အမှုထမ်းဖက် မင်းလှနော်ရထာကို စေလွှတ်၍ အသာအယာ အမိန့်တော်နှင့်ခေါ်စေသော်လည်း မင်းခေါင်နော် ရထာက ငါသည် ကျေးဇူးရှင် အလောင်းမင်းတရားကြီးဘုရား မင်းအဖြစ်ကို ယူတော်မူမည် တိုင်ပင်ကြံရည်တော်မူသည် ကာလကပင်၊ အသက်ကို သစ်ရွက်တစ်ချပ် ပန်းတစ်ပွင့်အနှိုင်း၊ မလေးမစား၊ ငါတို့သခင် မင်းအဖြစ်သို့မရောက်သမျှ လက်နက် မချဟု စိတ်နှလုံးပြဋ္ဌာန်း၍ အမှုတော်နှင့် စပ်သည်ကို သူ့ရန်သူ တစ်ထောင်စု နှစ်ထောင်စုကိုသော်လည်း တစ်ယောက်ချင်းထွက် ၍ အရေးရအောင်သာ အမှုတော်ကို ထမ်းရွက်သည်။ ငါတို့ ကျေးဇူးသခင် ဘဝရှင်မင်းတရားကြီးဘုရားမရှိလျှင် ယုံယုံကြည် ကြည် ရှိတော်မမူကြ၊ စိတ်တော်နှလုံးတော် နှောင့်နှေးရှိကြ၍ ခရီးလမ်းတစ်လျှောက် ငါတို့တပ်သားများ အစားအစာမျိုးရိက္ခာ မထောက်မလှမ်းမိအောင် မြေဒူးမင်းသား ဖျက်ဆီးမြစ်တားသည် ဖြစ်၍ အသက်မသေဝံ့၊ ရရာရမိ မြို့ရွာများမှာသာ ဖွေရှာယူစား ကြရသည်ကိုလည်း၊ ငါ မသင့်မတင့် ကြံလေသည်ဟု ညီတော် မြေဒူးမင်းသားက ကိုယ့်အပြစ်ငုပ်တိမ်လေအောင်၊ နောင်တော် ကို လျှောက်မည်မချွတ်၊ သို့လျှောက်လျှင်လည်း သူတို့မှာ ညီတော်နောင်တော်ဖြစ်ကြ၍ ညီတော်စကားကို နောင်တော် ယုံချိမ့်မည်မချွတ်၊ သို့လျှင် ကယ်ဆယ်မစမည့်သူ ငါတို့ကျေးဇူး ရှင် အလောင်းမင်းတရားကြီးဘုရားလည်း ယခုမရှိပြီ။ သွေး သောက် စကားကို ယုံကြည်၍လိုက်လေသော် ငါ့ကိုယ်နှင့်တကွ သားမယား ဆွေမျိုးပေါက်ဖော်တစ်စုတို့ ဆင်းရဲကြီးစွာ တွေ့ရ ချိမ့်မည် မချွတ်၊ ယင်းသို့ ဖြစ်သောကြောင့် ယောကျာ်းတို့ မည်သည် ကိုယ့်အသက်ကိုလုရေး၌ မထိတ်မလန့်သာပြီ၊ ဘုန်း ကံအလိုက် တစ်သက်တွင် တစ်ခါကို ဖြစ်လိုရာ ဖြစ်ပေစေ တော့၊ ငါမလိုက်ပြီ၊ သွေးသောက် ပြန်လေတော့ ဟု ပြော လိုက်၏။ ဤသို့လျှင် စစ်ကိုင်း ဇေတဝန်ဆရာတော်နှင့် ကျော်ထင်နော်ရထာတို့ကို စေလွှတ်၍ အခေါ်ခိုင်းသော်လည်း မရချေ။

အင်းဝမြို့ကိုတိုက်ခြင်း[ပြင်ဆင်ရန်]

မင်းခေါင်နော်ရထာသည် တပ်မှူးတို့နှင့် တိုင်ပင်ပြီး အဆုံးတွင် အင်းဝမြို့ကိုတိုက်၏။ အင်းဝမြို့တွင်းမှ မြို့စောင့် တပ်တို့က ခုခံကြသော်လည်း မင်းခေါင်နော်ရထာကိုကြောက်ရွံ့ ပြီး ဖြစ်ကြသည်နှင့် ကြာရှည်မခံနိုင်ဘဲ အရှုံးပေးရ၏။ နောင် တော်ကြီးသည် မင်းလှနော်ရထာကို အင်းဝမြို့တွင်းသို့ လွှတ်၍ ထပ်မံ အခေါ်ခိုင်းပြန်သော်လည်း အချည်းနှီးပင်။ နောင်တော်ကြီးသည် အင်းဝမြို့ကို ဝန်းရံပိတ်ဆို့တိုက် ခိုက်စေသည်။ သို့သော် မင်းခေါင်နော်ရထာ အသက်မသေစေ နှင့်ဟု မှာလိုက်၏။ ကိုယ်တိုင်လည်း စစ်ကိုင်းသို့ ချီတက် သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

မင်းခေါင်နော်ရထာ အင်းဝတွင်ရှိစဉ် မြို့ပြင်၌ တပ်များ ဝန်းရံနေသောကြောင့် မြို့သူမြို့သားများ မထွက်ဝံ့ကြသဖြင့် အစာရေစာငတ်မွတ်ကြ၏။ ဤသည်ကို မြင်လျှင် မင်းခေါင်နော်ရထာလည်း ကြာရှည်နေရန် မသင့်ဟု ဆင်ခြင်ပြီးလျှင် အင်းဝမြို့ တောင်မျက်နှာတံခါးမှ ထွက်သွား၏။ မင်းခေါင် နော်ရထာ ထွက်သွားသည်ကို သိသောအခါ တပ်သားများ လိုက်၍ တိုက်ခိုက်ကြရာ၊ ကျောက်ဆည် အရှေ့တောင်ခြေတွင် သေနတ်လုလင်တစ်ယောက် သေနတ်နှင့်ပစ်၍ ထိမှန်သောအနာ သည်းသည်နှင့် မည်သို့မျှ မခုခံနိုင်သည့်အတွက် ရဲမက်တော်တို့ ဝန်းရံ၍ ခေါင်းကို ဖြတ်သည်။ အလောင်းမင်းတရား၏ ရဲဘက် တော် မင်းခေါင်နော်ရထာ ဆုံးချေ၏။[၁]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)