ဂျပန်ဘုရား
| အောင်ဇမ္ဗူတောရဓမ္မရိပ်သာ | |
|---|---|
| အောင်ဇမ္ဗူတောရဓမ္မရိပ်သာ | |
| အချက်အလက်များ | |
| ကိုဩဒိနိတ် | 17°04′40″N 96°05′01″E / 17.0778288969°N 96.0835091118°Eကိုဩဒိနိတ်: 17°04′40″N 96°05′01″E / 17.0778288969°N 96.0835091118°E |
| ဘာသာရေး နှီးနွယ်မှု | Theravada Buddhism |
| နိုင်ငံ | Hmawbi Township, Yangon Region, Burma |
ဂျပန်ဘုရား သည် ရန်ကုန်မြို့မှ ၁၀ မိုင် ခန့်ဝေးသည့် မှော်ဘီမြို့၊ ရေပြာရွာ တွင် တည်ရှိသည်။ ဗုဒ္ဓရုပ်ပွားတော်များကို ဂျပန်လူမျိုး ကူမန်နိုက အောင်ဇမ္ဗူတောရဓမ္မရိပ်သာ တရားစခန်းသို့ လှူဒါန်းခဲ့သည်။[၁] ထို့နောက်တွင် ဘုရားသည် ဂျပန်ဘုရား ဟု လူသိများလာသည်။ ဘုရားသို့ လာရောက်ဖူးမြော်သူများသည် တစ်ပတ်လျှင် ၁၀၀၀၀ ခန့် ရှိ၏။ ထို့ပြင် ရဗုဒ္ဓရုပ်ပွားတော် ၃၀၁ ဆူကိုလည်း ဖူးမြော်နိုင်သည်။ ရုပ်ပွားတော်များကို ဖူးမြော်ရာတွင် လူဦးရေအုပ်စုလိုက် ကျုံးသွင်းကာ ဖူးမြော်ရသည့် စနစ်ဖြင့် ဖူးမြော်ရသည်။[၂]
ဘုရားဖူးပြည်သူများ ဖူးမြော်ချိန်သည် မနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ ဖြစ်သည်။ တနင်္လာနေ့မှ တနင်္ဂနွေနေ့အထိ ဖွင့်သည်။ နေ့လယ်စာစားချိန်ဖြစ်သည့် မွန်းတည့် ၁၁ နာရီမှ ၁၂ နာရီကို ပိတ်ထားသည်။[၃]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၁၂ ခုနှစ်တွင် ဂျပန်လူမျိုး ကူမန်နိုမှ အောင်ဇမ္ဗူတောရဆရာတော်ကို မိမိပိုင်ဆိုင်သည့် ရုပ်ပွားတော်များကို လှူဒါန်းခဲ့သည်။ ထိုရုပ်ပွားတော်များသည် ရှေးဟောင်းရုပ်ပွားတော်များ ဟုတ်မဟုတ် အတည်ပြုထုတ်ပြန်ထားမှု မရှိပေ။ ထို့အပြင် ထိုဂျပန်လူမျိုးသည် ရုပ်ပွားတော်များကို မည်သို့မည်ပုံ ရရှိစုဆောင်းခဲ့သည်ဟူသည်နှင့်ပတ်သက်၍လည်း မသိရှိရပေ။[၂]
ကျောင်းဝင်းရှိ နေရာများ
[ပြင်ဆင်ရန်]ကျောင်းဝင်းအတွင်းတွင် ပန်းခြံတစ်ခုလည်း ရှိသည်။ ထိုပန်းခြံထဲတွင် ကလေးငယ်များ ကစားနိုင်သည့် အရုပ်များပါသည့် ကစားကွင်းများ၊ ချစ်သူစုံတွဲများ ဓာတ်ပုံအတူရိုက်နိုင်၊ ထိုင်နိုင်သည့် နေရာများလည်း ရှိသည်။ ထို့အပြင် အပျော်စီးခြေနင်းလှေ စီးနိုင်သည့် ကန်ကြီးတစ်ခုလည်း ကျောင်းဝင်းအတွင်း တည်ရှိသည်။[၂]
စီးပွားရေးလုပ်ငန်းနှင့် ဝေဖန်ခံရမှု
[ပြင်ဆင်ရန်]အောင်ဇမ္ဗူတောရသည် ဘာသာရေးနှင့် မသက်ဆိုင်သည့် အဆောက်အဦများ၊ အပြင်အဆင်များဖြင့် ပြည့်နှက်နေသဖြင့် အများပြည်သူ၏ ဝေဖန်ခြင်းကို ခံနေရသည်။ ထို့အပြင် ဘုရားဖူးပြည်သူများထံမှ အိမ်သာခအသုံးပြုခမှစ၍ အမျိုးမျိုးသော အကြောင်းများဖြင့် အလှူခံနေသည်ကို တွေ့ရှိရသည်။ ထို့အပြင် ထီများ အတင်းအကြပ် ရောင်းချခြင်းများ၊ ပြင်ပပေါက်ဈေးထက် ဈေးတင်ကာ နှာခေါင်းစည်းများ ရောင်းချမှုများလည်း ရှိခဲ့သည်။ လူအများစိတ်ဝင်စားမှု ရှိလာစေရန်အတွက်လည်း အခါကြီးရက်ကြီးများတွင် အဆိုတော်များ ဖိတ်ခေါ်ကာ ရှိုးပွဲများ ပြုလုပ်သည်။[၂]
အောင်ဇမ္ဗူတောရဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တပဏ္ဍဝံသသည်လည်း ရန်ကုန်မြို့ရှိ Lotte ဟိုတယ်တွင် ရဟန်းတစ်ပါးအနေဖြင့် မသင့်တော်သည့် မွေးနေ့ပွဲကျင်းပခြင်း၊ ပြင်ဦးလွင်မြို့တွင် အမျိုးသမီးသုံး အလှပြင်မှန်တင်ခုံပင် ပါဝင်နေသည့် ခေတ်မီပရိဘောဂများပါဝင်သည့် စာကြည့်တိုက်အမည်ခံ စံအိမ်တော်ဖွင့်ပွဲကို ကျင်းပခဲ့ခြင်း စသည်တို့အတွက် အများပြည်သူ၏ ဝေဖန်ခြင်း ခံခဲ့ရသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ https://burma.irrawaddy.com/multimedia/2014/05/21/59236.html
- 1 2 3 4 5 https://myanmar-now.org/mm/news/14166/
- ↑ Home | Yangon Life။ 6 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 February 2021 တွင် ပြန်စစ်ပြီး။