မှော်ဘီမြို့
မှော်ဘီမြို့ (အင်္ဂလိပ်: Hmawbi)သည် ရန်ကုန်တိုင်းဒေသကြီးတွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။ မွန်လူမျိုးတို့၏ ဟံသာဝတီခေတ် ပုဏ္ဏရိကမင်းက တည်ထောင်ခဲ့သော မြို့ဖြစ်ပြီး ဟံသာဝတီ ၃၂ မြို့တွင် အပါအဝင်ဖြစ်သော မြို့တစ်မြို့ဖြစ်သည်။ မွန်ဘာသာအရ မုဟ်ဗဳ ဟုခေါ်တွင်ပြီး မုဟ် - ထောင့်/ကွေ့၊ ဗဳ - ပင်လယ်၊ ပင်လယ်ကွေ့ဟု အဓိပ္ပာယ်ရသည်။[၁]
မှော်ဘီမြို့သည် ယခင်က အင်းစိန်ခရိုင်အတွင်း၌ ပါဝင်ကာ ရန်ကုန်မှ မီးရထားလမ်းအားဖြင့် ၂၅ မိုင်ကွာဝေး၍ ရန်ကုန် - ပြည် မော်တော်ကားလမ်းအားဖြင့် ၃၁ မိုင် ဝေးသော မြို့ကလေးဖြစ်သည်။ စိုက်ပျိုးရေးဌာနမှ စံပြဥယျာဉ်ရှိ၍ ကောက်ပဲသီးနှံ အမျိုးမျိုးကို စမ်းသပ်စိုက်ပျိုးသည့်နည်းမျိုးစုံသဖြင့် စိတ်ပါဝင်စားသူများ သွားရောက်ကြည့်ကြသည်။ နိုင်ငံသမိုင်းတွင် များစွာ မထင်ရှားလှသော်လည်း မြန်မာပညာရှိတစ်ဦးဖြစ်သော မှော်ဘီဆရာသိန်းကြီး၏ နေရပ်ဖြစ်ခဲ့သဖြင့် လူသိများသော မြို့ကလေးလည်း ဖြစ်သည်။[၂]
သို့သော် ၁၉၆၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ အစပြု၍ အင်းစိန်ခရိုင်ကို မှော်ဘီခရိုင်ဟု ပြောင်းလဲခေါ်ဝေါ်သတ်မှတ်လိုက်၍ မှော်ဘီမြို့ကိုလည်း ခရိုင်ဝန်ရုံးစိုက်မြို့အဖြစ် သတ်မှတ်လိုက်လေသည်။ လူဦးရေမှာ ၁၉၅၃-ခုနှစ် သန်းခေါင် စာရင်းအရ (၅၇၃၂)ယောက်ဖြစ်သည်။ ၂၀၁၆ခုနှစ် သန်းခေါင်စာရင်း အရ လူဦးရေ (၂၄၉၈၂၉)ကျော်ခန့်နေထိုင်ကြောင်းသိရသည်။
မှော်ဘီမြို့နယ်တွင် အခြခံပညာမူလတန်းကျောင်း (၂၁)ကျောင်း၊ အခြေခံအလယ်တန်းကျောင်း(၁၂)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်း ရှိသည်။ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်အနေဖြင့် နည်းပညာတက္ကသိုလ်မှော်ဘီ ရှိသည်။ မှော်ဘီမြို့နယ်လက်ရွေးစင်ဘောလုံးအသင်းသည် ၂၀၁၆-ခုနှစ် တွင်ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးမြို့နယ်ပေါင်းစုံ ဝန်ကြီးချုပ်ဖလားတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆု ရခဲ့သည်။
မှော်ဘီမြို့နယ်ရှိ မှော်ဘီမြို့မဈေးသည် အလွန်စည်ကားလှသည်။ ထင်ရှားသောစေတီပုထိုးများမှာ ရွှေမော်တင်စေတီတော်၊ ကျိုက်ဒေးဒလွန်စေတီတော်တို့ဖြစ်ကြပြီး သဲအင်းဂူဆရာတော်ဘုရားကြီး၏ ပဋိပတ္တိနိဿယ စတင်ပြန့်ပွားရာ သဲအင်းဂူဝိပဿနာဗဟိုဌာန၊ ဗုဒ္ဓသာသနာလုံးဆိုင်ရာ ရွှေကျင်နိကာယ သန္နိပါတ ဂိုဏ်းလုံးကျွတ်အစည်းအဝေးကြီးများ ကျင်းပရာ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်တို့ တည်ရှိသည်။