ဂုံရှမ်းလူမျိုး
| ᨴᩱ᩠ᨿᨡᩨ᩠ᨶ | |
|---|---|
၁၉ ရာစု ကုန်းဘောင်ခေတ် သို့မဟုတ် ဗြိတိသျှခေတ်ဦးကာလ မြန်မာ့ရိုးရာ လက်ရေးဆေးပန်းချီပုရပိုက်စာမူတွင် ဖော်ပြထားသည့် ခေမာရဋ္ဌ ကျိုင်းတုံဒေသမှ ဂုံရှမ်း (တိုင်းခွန်) လူမျိုး ဇနီးမောင်နှံ၏ ရိုးရာဝတ်စုံနှင့် တော်ဝင်နန်းတွင်း ဝတ်စားဆင်ယင်မှုပုံစံ။ | |
| လူဦးရေ စုစုပေါင်း | |
| ၁၅၀,၀၀၀ ဝန်းကျင် (ခန့်မှန်းချက်)[၁] | |
| အများစု နေထိုင်သည့် နေရာ | |
| မြန်မာနိုင်ငံ (ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့) ထိုင်းနိုင်ငံ (ချင်းမိုင်ခရိုင်၊ ချင်းရိုင်ခရိုင်) တရုတ်နိုင်ငံ (ယူနန်ပြည်နယ် စီဆောင်ပန်းနားဒေသ) | |
| ဘာသာစကား | |
| တိုင်းခွန် (ဂုံရှမ်း) ဘာသာစကား၊ ရှမ်း၊ မြန်မာ | |
| ကိုးကွယ်မှု | |
| ထေရဝါဒဗုဒ္ဓဘာသာ (အများစု) | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
| တိုင်းယွန်း (လန်နာ)၊ တိုင်းလူး၊ ရှမ်းလူမျိုး၊ ထိုင်းလူမျိုး၊ လာအိုလူမျိုး |
ဂုံရှမ်းလူမျိုး သို့မဟုတ် တိုင်းခွန်လူမျိုး (အင်္ဂလိပ်: Khün သို့မဟုတ် Tai Khün; တႆးၶိုၼ်; ᨴᩱ᩠ᨿᨡᩨ᩠ᨶ) သည် အရှေ့တောင်အာရှ တိုင်လူမျိုးနွယ်စုဝင် တစ်စုဖြစ်ပြီး အဓိကအားဖြင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် ၎င်း၏ ပတ်ဝန်းကျင်လွင်ပြင်ဒေသများတွင် ရာစုနှစ်ပေါင်းများစွာကတည်းက အခြေချနေထိုင်ခဲ့ကြသည့် ရှမ်းမျိုးနွယ်စုကြီးတစ်ခု ဖြစ်သည်။[၂] ဂုံရှမ်း (တိုင်းခွန်) လူမျိုးများသည် သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအရ သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ ရှမ်း များနှင့် ကွဲပြားပြီး ထိုင်းနိုင်ငံမြောက်ပိုင်းရှိ လန်နာ ယဉ်ကျေးမှု၊ ယွန်းရှမ်း နှင့် လူးရှမ်း လူမျိုးနွယ်စုများနှင့် ဘာသာစကား၊ စာပေ နှင့် ဓလေ့ထုံးစံများ ပိုမိုနီးစပ်မှု ရှိကြသည်။[၃]
သမိုင်း
[ပြင်ဆင်ရန်]တိုင်လူမျိုးများသည် ဗုဒ္ဓမပွင့်မီ ဘီစီ ၂၁၆ ခန့်တွင် တရုတ်ပြည်တောင်ပိုင်းမှ အရှေ့တောင်အာရှဒေသ သို့ လမ်းကြောင်း (၃) ကြောင်းခွဲ၍ ဆင်းသက်လာကြရာ ဂုံရှမ်းလူမျိုးများသည် မဲခေါင်မြစ်ကြောင်းအတိုင်း မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြသည်။ ထိုတိုင်လူမျိုးနွယ်စုများတွင် ထိုင်းနှင့် ရှမ်းဟူ၍ ပင်မလူမျိုးစုကြီး (၂) စု ကွဲထွက်ခဲ့သည်။ ထို့ပြင် ဒေသအခြေစိုက်ရာကို လိုက်၍ ရှမ်းလူမျိုးများကို မြောက်ပိုင်းရှမ်း၊ အလယ်ပိုင်းရှမ်းနှင့် တောင်ပိုင်းရှမ်းဟူ၍ သုံးမျိုးခွဲနိုင်သေးသည်။ ယင်းသည် ရှေးမြန်မာမင်းတို့၏ အခေါ်အဝေါ်အရ အနောက်ရှမ်း၊ မြောက်ရှမ်းနှင့် အရှေ့ပိုင်းရှမ်းတို့ ဖြစ်ကြသည်။ ထိုရှမ်းသုံးမျိုးအနက် အလယ်ရှမ်း သို့မဟုတ် အရှေ့ရှမ်းလူမျိုးနွယ်စုတွင် ဂုံ (တိုင်းခွန်)၊ ယွန်း နှင့် လူး လူမျိုးတို့ ပါဝင်လေသည်။ အရှေ့ပိုင်းရှမ်း (ဂုံရှမ်း) သည် ဘာသာစကားနှင့် စာပေအရ ထိုင်းအုပ်စု (ချင်းမိုင်အနွယ်) တွင် ပါဝင်ပြီး မိုင်းမောလုံ (တရုတ်-မြန်မာနယ်စပ် ရှမ်းယဉ်ကျေးမှု) နှင့် ကွဲပြားကာ လန်နာ ယဉ်ကျေးမှု ဝန်းအတွင်းတွင် တည်ရှိသည်။[၂]
မဲခေါင်မြစ်အတိုင်း စုန်ဆင်းလာခဲ့သော ယွန်းရှမ်းများသည် ၁၂ ရာစုအတွင်း ကျိုင်းဆဲင်း၊ ကျိုင်းရိုင်း၊ ကျိုင်းမိုင် တို့ကို ဗဟိုပြုပြီး လန်နာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့ကြသည်။ အေဒီ ၁၂၄၃ တွင် ယွန်းရှမ်းတို့သည် ကျိုင်းတုံလွင်ပြင်ကို သိမ်းပိုက်ပြီး ခေမာရဋ္ဌခေါ် ကျိုင်းတုံမြို့ကို တည်ထောင်ခဲ့သည်။ ကျိုင်းတုံဒေသ နမ့်ခင်ချောင်းဘေးတွင် နေထိုင်ကြသော သျှမ်းများဖြစ်သည်နှင့်အညီ နမ့်ခင်ချောင်းကို အစွဲပြု၍ တိုင်းခင် (ခ) ဂုံသျှမ်း ဟုခေါ်ဝေါ်ခဲ့ကြသည်။ ဂုံသျှမ်းလူမျိုးများသည် ရှမ်းကိုးပြည်ဝင် ကျိုင်းတုံမြို့တွင် နေထိုင်လျက် ရှိသည်။ သံလွင်မြစ် အနောက်ဘက်ကမ်းတွင်မူ လူးလူမျိုးတို့ အနေများလေသည်။ ရှေးအခါက ဂုံလူမျိုးတို့နေထိုင်ရာ ကျိုင်းတုံမြို့နယ်ကို စန္ဒာရကွမ်း၊ ခေမာရဋ္ဌ၊ တုံဂပူရိ စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ်ကြပြီး ခေမာရဋ္ဌတိုင်း၊ ဂုံပြည်ဟုလည်း ရေးသားကြသည်။ ကဝိလက္ခဏာသတ်ပုံကျမ်းတွင်လည်း ဂုံနှင့် ကျိုင်းတုံကို အောက်ပါအတိုင်း စပ်ဆိုဖော်ပြထားသည် -
ကျိုင်းတောင်းကျိုင်းတုံ၊ မြို့မိုင်းလုံ၊ မော်တုံသျှမ်းတို့ကျေး
ကချင်နှင့် ဂုံ၊ ပြူနှင့်မြုံ၊ သထုံသည်ကဝေး
ဂုံရှမ်း (တိုင်းခွန်) လူမျိုးများ၏ ခေမာရဋ္ဌ ကျိုင်းတုံအာဏာပိုင်နယ်မြေသည် ပထဝီဝင်အနေအထားအရ သံလွင်မြစ်၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိသဖြင့် အနောက်ဘက် ပြည်မမြန်မာနိုင်ငံ (ဗမာမင်းနေပြည်တော်များ) နှင့် အရှေ့ဘက် လန်နာ (ဇင်းမယ်)၊ သျှံ (ယူနန်) တို့ကြား မဟာဗျူဟာမြောက် ကြားခံနယ်မြေအဖြစ် ရပ်တည်ခဲ့သည်။[၁]
အင်းဝခေတ်နှင့် တောင်ငူခေတ် ဘုရင့်နောင်မင်းတရားကြီးလက်ထက် (အေဒီ ၁၅၅၆ ဝန်းကျင်) တွင် ကျိုင်းတုံ ဂုံစော်ဘွားများသည် တပ်မတော်ကြီးထံ သစ္စာခံခဲ့ပြီးနောက်ပိုင်းတွင် ပြည်မမြန်မာနေပြည်တော်နှင့် ဆက်ဆံရေးမှာ ပိုမိုခိုင်မာလာခဲ့သည်။ ကုန်းဘောင်ခေတ်အတွင်း မြန်မာသက္ကရာဇ် ၁၁၂၇ ခုနှစ် (အေဒီ ၁၇၆၅) တွင် အင်းဝဆင်ဖြူရှင်မင်းတရားကြီး ထိုးမှတ်တော်မူသော ရွှေဘိုမြို့ "ဘုံစံတုလွတ်ကျောင်း ကျောက်စာ" ၌ ကျိုင်းတုံနှင့် ဂုံလူမျိုးတို့၏ နယ်နိမိတ်ကို အောက်ပါအတိုင်း တရားဝင် ကမ္ပည်းရေးထိုးခဲ့သည် -
မိုင်းမည်း၊ မိုင်းသတ်၊ မိုင်းချိုင်၊ မိုင်းပိုင်စသော ၃၇ မြို့တို့ဖြင့် တန်ဆာဆင်အပ်သော ဂုံလူမျိုးတို့ နေရာ ကျိုင်းတုံ ဟူသော ခေမာရဠတိုင်း၊
တရုတ်-မြန်မာစစ်ပွဲ (အေဒီ ၁၇၆၅–၁၇၆၉) များအတွင်း ကျိုင်းတုံသည် အင်းဝနေပြည်တော်အတွက် အဓိက ရှေ့တန်းစစ်စခန်းဖြစ်ခဲ့ပြီး၊ ဂုံရှမ်းစော်ဘွားများနှင့် ဂုံစစ်သည်များသည် ပြည်မတပ်မတော်နှင့် ပူးပေါင်း၍ ချင်မင်းဆက် တရုတ်ကျူးကျော်စစ်ကို တွန်းလှန်ရာတွင် သမိုင်းဝင် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့သည်။[၃] ကုန်းဘောင်ခေတ်တစ်လျှောက်လုံးတွင် ကျိုင်းတုံ ဂုံစော်ဘွားအဆက်ဆက်သည် အင်းဝနှင့် ရတနာပုံနေပြည်တော်များသို့ သမီးကညာဆက်သခြင်း၊ ရာထူးတံဆိပ်နာမံနှင့် ဘွဲ့အဆောင်အယောင်များ ခံယူခြင်းတို့ဖြင့် အချုပ်အခြာအာဏာပိုင်မှုကို အပြန်အလှန် အသိအမှတ်ပြုကာ ရင်းနှီးသော မဟာမိတ်အဖြစ် ကုန်းဘောင်ခေတ်ကုန်ဆုံးသည်အထိ ဆက်ဆံခဲ့ကြသည်။ ခေမာရဋ္ဌ ဟူ၍လည်း အမည်ရသော ကျိုင်းတုံမြို့သည် ဂုံရှမ်းစော်ဘွား အဆက်ဆက် အုပ်ချုပ်ခဲ့သော ဂုံရှမ်းတို့၏ သမိုင်းဝင်မြို့တော် ဖြစ်သည်။
ဂုံလူမျိုးများသည် တိုင်လူမျိုးစု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မျိုးရိုးဗီဇအရ ခရာ-ဒိုင် အုပ်စုဝင်များနှင့်နီးစပ်သူများဖြစ်သည်။ မျိုးရိုးဗီဇအရ ဂုံရှမ်းတို့သည် အနောက်တောင်ပိုင်း တိုင်နွယ်ဖွား မိသားစုဝင်များ ဖြစ်ပြီး မျိုးရိုးဗီဇဆိုင်ရာ လေ့လာမှုများအရ မြောက်ပိုင်းထိုင်း (တိုင်ယွန်း၊တိုင်လန်နာ) နှင့် လာအိုလူမျိုးများနှင့် မျိုးရိုးဗီဇ ဆက်စပ်မှုအလွန်မြင့်မားသည်။သံလွင်မြစ် အနောက်ပိုင်းရှိ အခြားရှမ်း(တိုင်)လူမျိုးများ နှင့် နှိုင်းယှဉ်လျှင် အရှေ့ဘက်ခြမ်းမှ တိုင်နွယ်ဖွားများ၏ ဝိသေသလက္ခဏာများ ပိုမိုပါရှိသည်။[၅]
ဘာသာစကားနှင့်စာပေ
[ပြင်ဆင်ရန်]ဂုံရှမ်းဘာသာစကားသည် ခရာ-ဒိုင် ဘာသာစကား အုပ်စုဝင်ဖြစ်ပြီး ထိုင်းဘာသာစကားနှင့် ၇၀% မှ ၈၀% အထိ အပြန်အလှန် နားလည်နိုင်စွမ်းရှိသော်လည်း မြန်မာနိုင်ငံရှိ ရှမ်းကြီးဘာသာ စကားနှင့်မူ အသံနေအသံထား ကွဲပြားမှုများ ရှိသည်။
ကောဇာသက္ကရာဇ် ၆၀၅ အေဒီ-၁၂၄၃ မှစ၍ ကောဇာသက္ကရာဇ် ၁၃၂၄ ခုနှစ် အေဒီ-၁၉၆၂ အထိ အုပ်ချုပ်ခဲ့သော စော်ဘွားဦးရေမှာ စုစုပေါင်း (၄၉)ပါးရှိသည်။ ဂုံသျှမ်း စာပေ ယဉ်ကျေးမှုမှာ ရှေးယခင်ကပင် ရှိခဲ့သည်။ ဂုံသျှမ်း စာပေများသည် အိန္ဒိယပြည်သုံး ဗြဟ္မီနှင့် သင်္သကရိုက် အက္ခရာတို့မှ တဆင့် ပလ္လဝအက္ခရာအဖြစ်အသုံးပြုပြီး ခမာလူမျိုးများမှ တဆင့် ထိုင်းနိုင်ငံ၊လာအိုနိုင်ငံ၊ဇင်းမယ်(ချင်းမိုင်)၊ကျိုင်းတုံနယ် များအထိအသုံးပြုခဲ့ကြသည်။ ထိုမှတဆင့် ဆစ်ဆောင်ပန်နား (လူးတစ်ဆယ့်နှစ်ပန္နား)ဒေသများ အထိ အသုံးပြုလာခဲ့သည်။ ဂုံလူမျိုးတို့၏ ဘာသာစကားမှာ တောင်ပိုင်း ထိုင်းဘာသာ စကားတွင် ပါဝင်သည်ဟု ဆို၏။ ရှမ်းစာပေအက္ခရာ အရေးအသား ၆ မျိုးရှိ၏။ ယင်းတို့တွင် လူးနှင့်ဂုံ တို့၏ စာပေအရေးအသားကို ခွဲခြား ထားလေသည်။ ထို့ကြောင့် စာပေအရေးအသားတွင် လူးနှင့် ဂုံကို မတူဟု ဆိုနိုင်သော်လည်း မျိုးရိုးနှင့် ဓလေ့ထုံးစံများမှာ များစွာခြားနားခြင်း မရှိလှဟု သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ဝနယ် ဟိုပန်၊ကွမ်းလုံ၊သိန္နီ နှင့် နမ့်ဆန် တို့တွင် လည်း ထိုစာပေ သုံးစွဲမှုကို တွေ့ရသည်။
ဂုံယဉ်ကျေးမှု
[ပြင်ဆင်ရန်]ခုနှစ် သန်းခေါင်စာရင်းအရ လူးနှင့် ဂုံလူမျိုး စုစုပေါင်း ၁၆၂၂၇ ရှိသည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း၌မူ ၂၂၅၈၉၄ ရှိသည်ဟု ဆိုသည်။
ဂုံရှမ်းလူမျိုးများသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြ၏။ ဝတ်စား ပုံမှာရှမ်းလူမျိုးများ၏ အဆင်တန်ဆာများဖြစ်သော ရှမ်းအင်္ကျီ၊ ဘောင်းဘီနှင့် ခေါင်းပေါင်းကြီးများကို ယောက်ျား များက ဝတ်ဆင်ကြ၏။ မိန်းမများကမူ လက်ကောက်ဝတ် ကျပ်သော ရင်သိုင်းအင်္ကျီလက်ရှည်ကိုဝတ်၍ ပိုးစခေါင်းပေါင်းများကို ပေါင်းတတ်သည်။
ဂုံရှမ်းအမျိုးသမီးဆံထုံးများကို အဓိကအနေဖြင့် ဦးထိပ်တွင် ထုံးလေ့ရှိသလို နောက်တွဲလည်းထုံးလေ့ရှိသည်။ ဆံထုံးကို ရွှေငွေဆံထိုးများဖြင့် အလှဆင်ကြသလို မူပိုင်ဟန်နှင့် ကိုယ်တိုင်တီထွင်ကြသော ပန်းကနုတ် ပုံစံဆံထိုးကိုလည်း အသုံးပြုကြသည်။ ကျောက်အနေဖြင့် အဖြူ အနီကို အဓိက အသုံးပြုကြပြီး ပုလဲမှာ ဒေသထွက်မဟုတ်သဖြင့် အသုံးပြုမှုနည်းပါးသည်။
ဂုံရှမ်းအမျိုးသမီး ခေါင်းပေါင်းအုပ်ပေါင်းပုံစံနှင့် ပေါင်းကြသည့် ဂုံရှမ်းအမျိုးသမီးခေါင်းပေါင်းမှာ ပိုးစကို အထပ်ထပ်ရစ်ပြီး ခပ်ပြားပြားအလွှာအထပ်ပုံစံဖော်သည်။ ညာဖက်မှ ဘယ်ဖက်သို့ရစ်ပြီးအဆုံးသတ်အနေဖြင့် အရှေ့နဖူးဘက်တွင် ခပ်စောင်းစောင်းပတ်သည်။ ယင်းနောက် ဘယ်ဖက်ထိပ်အပေါ်မှအနားစကို အဆုံးသတ်သည်။ အထည်စနှင့် အရောင်မှာ ရှေးခေတ်က ပိုးစစ်စစ်ကို အသုံးပြုကြသသည်။ ရှေးယခင်က ပိုးအစစ်များသည် အရောင်နုများ ဖြစ်သဖြင့် ပန်းဝါနု လိမ္မော်ရောင်နုများကို သုံးလေ့ရှိသည်။ အရောင်ရင့်ရင့်လုံးဝမသုံးသလို အနီရောင်ကိုလည်း လုံးဝရှောင်သည်။ အနီရောင်မှာ ရှေးယခင်က အာဏာရပါးကွက် သူသတ်များသာ အသုံးပြုခဲ့သည် ။ကျေးလက်နေ အမျိုးသမီးများသည် တိုင်းလုံ (ရှမ်းကြီး)ပုံစံ ပေါင်းလေ့ရှိကြသည်။
ဂုံလူမျိုးတို့၏ နေအိမ်မှာ အထူးသဖြင့် အုတ်ကြွပ်မိုးနှင့် အုတ်အင်္ဂတေအကာအရံဖြင့် ဆောက်လုပ် သောအိမ်များ ဖြစ်သည်။ [၆]
ရိုးရာဓလေ့
[ပြင်ဆင်ရန်]သင်္ကြန်အခါကျိုင်းတုံမြို့တွင် နန္ဒဘေရီ မင်္ဂလာစည်တော်ပို့ခြင်းသည်ထင်ရှားသောဂုံယဉ်ကျေးမှုဖြစ်သည်။ အေဒီ ၁၄၀၇ မှစတင်ကာ ၃ နှစ်ဆက်တိုက် မိုးခေါင်ရေရှားဖြစ်ပြီး သီးနှံများမဖြစ်ထွန်းသည့် အခက်အခဲကို ကျော်လွှားရန် ပညာရှိမှူးမတ်များနှင့် တိုင်ပင်ကာ သိကြားမင်းရုပ်တုထုလုပ်ပူဇော်ခြင်း၊နန္ဒဘေရီစည်တော် တီးခတ်ဆုတောင်းခြင်းနှင့် မိုးခေါ်ဖားရုပ်တုရေချခြင်းတို့ကို ပြုလုပ်ရာမှ အစဉ်အလာဖြစ်လာခဲ့သည်။

နန္ဒဘေရီသည်ပါဠိဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး "ကြည်နူးချမ်းမြေ့ခြင်းကို ပေးစွမ်းနိုင်သော စည်တော်" လို့ အဓိပ္ပာယ်ရပါတယ်။ ဤစည်တော်ကြီးဟာ ကျိုင်းတုံစော်ဘွားများ လက်ထက်ကတည်းက အလေးအမြတ်ထားရတဲ့ နန်းသုံးစည်တော်ကြီး ဖြစ်ပြီး သင်္ကြန်အတက်နေ့ ရောက်တိုင်း ဒီစည်တော်ကြီးကို ဟော်နန်းထဲမှ ထုတ်၍ နမ့်ခင်ချောင်း ဆီကို စီတန်းလှည့်လည် ပို့ဆောင်လေ့ရှိပါသည်။နမ့်ခင်ချောင်း လောင့်ကုတ်သို့ ရောက်သောအခါ မင်္ဂလာသုတ် ရွတ်ဆိုပြီး ရွံ့ ဖြင့် ပြုလုပ်သော ဖားရုပ်သင်္ကြန်မင်း ရုပ်တုတို့ကို ချောင်းထဲသို့ မျှောချလိုက်ပါသည်။ မင်္ဂလာစည်တော်တီး အဖွဲ့သည် လာလမ်းအတိုင်း မြို့ထဲသို့ ဝင်ကာ မြို့လယ်ရှိ ဗောဓိပင်ကြီး၌ ခေတ္တ ရပ်နားပါသည်။ ထိုအချိန်တွင် ဆွမ်တောင်း ဘုန်းတော်ကြီးကျောင်းမှ ရဟန်းတော် ၄ ပါး က အသင့်ပြင်ဆင်ထား သောပရိတ်ရေများဖြင့် ပက်ဖျန်းပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ သို့ဖြင့် ကျိုင်းတုံမြို့ သင်္ကြန်ပွဲကို ယနေ့အထိကျင်းပဆဲဖြစ်သည်။
နှစ်သစ်ကူးပွဲ
[ပြင်ဆင်ရန်]ဂုံရှမ်းတို့သည် မြန်မာ့ရိုးရာ သင်္ကြန်ကာလကို နှစ်သစ်ကူးအဖြစ် သတ်မှတ်သော်လည်း၊ မူလဂုံ ကိုယ်ပိုင်ပြက္ခဒိန်အရနိုဝင်ဘာလ (တန်ဆောင်မုန်းလဆန်း ၁ ရက်)တွင် ကျရောက်သော "ပီမိုင်" ကိုလည်း အမျိုးသားရေးဆိုင်ရာ နှစ်သစ်ကူးပွဲအဖြစ် ခန့်ညားထည်ဝါစွာ ကျင်းပကြသည်။နှစ်သစ်ကူးနေ့ နံနက်ပိုင်းတွင် ဂုံရှမ်းလူမျိုးများသည် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ ငါးပါးသီလ ခံယူခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူခြင်းတို့ကို ပြုလုပ်ကြသည်။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းချိန်တွင် မိမိတို့၏ မိဘဘိုးဘွားများနှင့် ရပ်မိရပ်ဖများကို ကန်တော့ခြင်း၊ လက်ဖွဲ့ချည်ပေးခြင်းနှင့် ဆုတောင်းမေတ္တာ ပို့သခြင်းတို့ကို ရိုးရာမပျက် လုပ်ဆောင်ကြသည်။
ကိုးကား
[ပြင်ဆင်ရန်]- 1 2 Grabowsky, V. (2003). Warfare and Politics in Southeast Asia: A View from Kengtung. MUP. p. 118. ကိုးကား အမှား - Invalid
<ref>tag; name "Grabowsky" defined multiple times with different content. - 1 2 Inthachak, S. (2014). The Tai Khun of Kengtung: History, Culture, and Identity in Contemporary Shan State. Chiang Mai University Press. pp. 12–15. ကိုးကား အမှား - Invalid
<ref>tag; name "Inthachak" defined multiple times with different content. - 1 2 Sao Sāimöng. (1969). The Shan States and the British Annexation. Cornell University. p. 42. ကိုးကား အမှား - Invalid
<ref>tag; name "Saimong" defined multiple times with different content. - ↑ တင်၊ ဦး (မဟာဇေယျသင်္ကြံ). (၁၉၆၅). ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး. ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာန. ဒုတိယတွဲ။
- ↑ Kutanan et al., "Genetic structure of Tai-speaking peoples in Northern Thailand", 2011.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)