မာတိကာသို့ ခုန်သွားရန်

စစ်ဆောင်ပန္နား

ဝီကီပီးဒီးယား မှ

စစ်ဆောင်ပန္နား သို့ ၁၂ဗန္နား၊ ၁၂ဗန်နာ၊ ၁၂ဗန်းနား၊ ၁၂ပန်းနား၊ သိပ်သွင်ပန်းနား၊ သိပ်သွန်ပန်းနား၊ သိသွမ်ပန္နား၊ သိသွမ်ပန်းနား၊ စိရွှမ်ပန်းနား၊ သျှိသျွှမ်ပန်းနား၊ သိႇပ်သောင်ပန္နား၊ သိပ်သောင်ပန်းနားစသည်ဖြင့် ၁၂မျိုးထက်မက အမည်များစွာရှိသည့် သိပ်သောင်ပန္နား

(တိုင်းလူ: ᩈᩥ᩠ᨷᩈ᩠ᩢ᩠ᩋᨦᨻᨶᨶᩣ; တိုင်းလူစာသစ်: ᦈᦹᧈᦈᦹᧈᦵᦋᦲᧁᧈᦘᦱᦉᦱᦺᦑ᧑᧒ᦗᧃᦓᦱ; တရုတ်: 西双版纳傣族自治州; ထိုင်း: สิบสองปันนา; လာအို: ສິບສອງພັນນາ; ရှမ်း: သိပ်းသွင်ပၼ်းၼႃး) သည် ယခုအခါတရုတ်နိုင်ငံယူနန်ပြည်တွင်ပါဝင်သည်။ မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းသွားသည်။ ကျင်းဟုံးရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိသည်။ မြန်မာနိုင်ငံနှင့် တူညီသော အပူပိုင်းမုတ်သုံရာသီဥတုရှိပြီး ခရီးသွားမှုလုပ်ငန်းဖွံ့ဖြိုးသည်။ ယင်းဒေသတွင်နေထိုင်ကြသူများမှာ လူးရှမ်းများဖြစ်ကြသည်။ ယင်းတို့သည် ကျိုင်းတုံနယ်တွင်နေထိုင်ကြသော ဂုံရှမ်းလူမျိုးများနှင့်ဘာသာစကား၊ ယဉ်ကျေးမှုတူညီကြသည်။

ဆစ်ဆောင်ပန်းနား ဒေသသည် တောင်ဘက်တွင် မြန်မာပြည်၊ အရှေ့ဘက်တွင် လောနိုင်ငံ၊ အနောက်ဘက်တွင် ယူနန်နယ်နှင့်စပ်ဆက်ရှိပြီး တရုတ်ပြည်၏ တောင်ပိုင်းတွင်ရှိသည်။ ဆစ်ဆောင်ပန်းနားဒေသတွင် နေထိုင်သောရှမ်းများကို တိုင်းလူး (လူးရှမ်း) ဟုခေါ်သည်။ ဆစ်ဆောင်ပန်းနားသည် လူးရှမ်းတို့၏ တိုင်းပြည်ဖြစ်ပြီး "ဆယ်နှစ်ပြည်ထောင်တိုင်းပြည်" ဟုအဓိပ္ပာယ်ရသည်။ ထိုကဲ့သို့ ဆယ်နှစ်ပြည်ထောင် အုပ်ချုပ်ရေးစနစ်သည် ရှေးခေတ် ရှမ်းလူမျိုးတို့၏ အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ မြန်မာပြည်ရှိ ရှမ်းတို့သည်လည်း အေဒီ ၉၅၇ ခုတွင် ကမ္ဘောဒီးယားမှ "တိုင်းခိုရတ်" (ခိုရတ်ရှမ်း) တို့ထံမှ အုပ်ချုပ်ရေးစနစ် ကိုယူ၍ (၁၂) ပြည်ထောင်စနစ်ဖြင့် အုပ်ချုပ်လာခဲ့ကြသည်။ ဘုရင့်နောင်လက်ထက်သို့ ရောက်သောအခါ (၉) ပြည်ထောင်စနစ်ဖြင့် တိုင်းပြည်ကို စီမခန့်ခွဲသည်ကို တွေ့ရသည်။ မဲခေါင်မြစ် အနောက်ဘက်တွင် (၁၂) မြို့၊ အရှေ့ဘက်တွင် (၁) မြို့ရှိသည်။ "ဆစ်ဆောင်" သည် (၁၂) ဟု အဓိပ္ပာယ်ရှိသည်။ ငါးမြို့မှ ဆယ်မြို့ ရှိသောဒေသကို "တစ်ပန်းနား" ဟုခေါ်သည်။ တစ်နည်းအားဖြင့် "ပန်း" သည် ရှစ်ဆယ်ဖြစ်ပြီး "နား" သည် လယ် ဖြစ်သည်။ တိုင်းလူးများကို တရုတ်တို့က ပါးယီ (Pa Yi) ဟုခေါ်သည်။ လူးရှမ်းများသည် ကျိုင်းတုံဒေသ၊ လမ်းပွန်ဒေသ၊ ကျိုင်းဟုံဒေသ၊ လောနိုင်ငံအတွင်းပိုင်း နမ့်ဦးဒေသ၊ လောနိုင်ငံရှိ မဲခေါင်မြစ်ဝှမ်း တလျှောက်မှ စီထန်ထရွန် (Si Tan Dorn) ကျွန်းစုလေးထောင် အထိနေထိုင်ကြသည်။ အေဒီ ၁၉၁၈ ခုတွင် တရုတ်ပြည်အတွင်၌ လူးရှမ်းဦးရေ ၃၅ဝ,ဝဝဝ ဦး၊ ကျိုင်းတုံဒေသတွင် ၅ဝဝ,ဝဝဝ ဦး၊ လောနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် ၇၅ဝ,ဝဝဝ ဆစ်ဆောင်ပန်းနား၏ မြို့တော်သည် ကျိုင်းဟုံ (Chieng Rung = အာရုံဦးမြို့တော်) ဖြစ်သည်။ ဆစ်ဆောင်ပန်းနားဒေသသည် မူလက မြန်မာပြည်ရှိ ရှမ်းလူမျိုးများနှင့် အတူရှိခဲ့ပြီး အေဒီ ၁၈၇၄ ခုတွင် ကျိုင်းတုံစော်ဘွားနှင့် မြန်မာဘုရင်တပ်များက သွားရောက်တိုက်ခိုက်သဖြင့် လူးရှမ်းများက တရုတ်တို့ကို အကူအညီ တောင်းခဲ့သည်။ နောက်ပိုင်းတွင် တရုတ်တို့နှင့်သာ အဆက်အသွယ်များခဲ့သည်။ အေဒီ ၁၈၉၂ ခုတွင် အင်္ဂလိပ်တို့က ဆစ်ဆောင်ပန်းနားဒေသကို တရုတ်ပြည်သို့ ခွဲပေးခဲ့သည်။ လူးရှမ်းတို့၏ သမိုင်းဝင်မြို့တော်များက သုံးမြို့ရှိသည်။ ၎င်းတို့မှာ ကျိုင်းတုံ (မြန်မာ)၊ မိန်းလျဲန်း (တရုတ်)၊ ကျိုင်းဟုံ (တရုတ်) တို့ဖြစ်သည်။ လူးရှမ်းများသည် အေဒီ ၁၃ ရာစုတွင် ကျိုင်းတုံမှ တဆင့် ဗုဒ္ဓဘာသာ (ထေရဝါဒ) ကိုစတင်ရရှိခဲ့သည်။ နတ်ကိုးကွယ်သူတချို့လည်း ရှိနေသေးသည်။ နှစ်သစ်ရောက်လျှင် ဝက်ဖြင့်နတ်ကို ပူဇော်ကြသည်ကို တွေ့ရသည်။ လူးရှမ်းများသည် ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်ကြ သူများဖြစ်သည်။

အမျိုးသားများသည် ပွဲတော်အခါသာမယ၌ ခေါင်းပေါင်းဖြူပေါင်းကြပြီး အမျိုးသမီးများအနေဖြင့်လည်း ရင်ဖုံးအင်္ကျီဝတ်ဆင်ပြီး ခေါင်းပေါင်းပေါင်းတတ်ကြသည်။