မာတိကာသို့ ခုန်သွားရန်

သင်္သကရိုက်ဘာသာစကား

ဝီကီပီးဒီးယား မှ

သင်္သကရိုက်ဘာသာစကား သို့ သံသ္ကၖတသို့မဟုတ် သက္ကတဘာသာစကား (Sanskrit) သည် အိန္ဒိယ-ဥရောပ ဘာသာစကားအနွယ်ဝင် ရှေးဟောင်း အိန္ဒိယမြောက်ပိုင်းသုံး ဘာသာစကားတစ်ခု ဖြစ်သည်။ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ နှင့် ဂျိန်းဘာသာတို့၏ ကျမ်းစာအများစုကို ဤဘာသာစကားဖြင့် ရေးသားခဲ့ကြသည်။ မြန်မာဘာသာစကားတွင် အသုံးပြုနေသော ဝေါဟာရအတော်များများ (ဥပမာ - ကမ္ဘာ၊ ပဒုမ္မာ၊ သုည၊ မေတ္တာ၊ သင်္ဂြိုဟ် စသည်) သည် သက္ကတဘာသာစကားမှ ဆင်းသက်လာခြင်း ဖြစ်သည်။[]

သင်္သကရိုက်ဘာသာစကား (သက္ကတ)
သံသ္ကၖတမ် संस्कृतम् (Saṁskṛtam)
အသံထွက် [ˈsɐ̃skr̩tɐm]
ပြောဆိုသည့်ဒေသ အိန္ဒိယတိုက်ငယ် (ရှေးဟောင်းနှင့် ရှေးရိုးရာသုံး)
လူမျိုး ရှေးဟောင်းအင်ဒို-အာရိယန်များ
ပြောဆိုသူဦးရေ ၂၄,၈၂၁ ဦး (၂၀၁၁ သန်းခေါင်စာရင်းအရ မိခင်ဘာသာစကားအဖြစ် ပြောဆိုသူ)[]
ကာလအပိုင်းအခြား ဘီစီ ၁၅၀၀ ခန့်မှ စတင်ထွန်းကားခဲ့
ဘာသာစကား မိသားစု အင်ဒို-ဥရောပ
→ အင်ဒို-အီရန်နီယန်
→ အင်ဒို-အာရိယန်
သင်္သကရိုက်
အသုံးပြုသည့်အက္ခရာ ဒေဝနာဂရီအက္ခရာ (အဓိကသုံး)၊ ဗြာဟ္မီအက္ခရာ နှင့် အခြားဒေသခံအက္ခရာများ
တရားဝင်အဆင့်အတန်း အိန္ဒိယနိုင်ငံ၏ တရားဝင်သတ်မှတ်ထားသော ဘာသာစကား (၂၂) ခုအနက် တစ်ခု
ဘာသာစကား ကုဒ်များ
ISO 639-1 sa
ISO 639-2 san
ISO 639-3 san

ယနေ့ခေတ်တွင် သင်္သကရိုက်ဘာသာသည် အိန္ဒိယနိုင်ငံတွင် တရားဝင် ဘာသာစကားတစ်ခုအဖြစ်သတ်မှတ်ထားပြီး အူထရာခန်ပြည်နယ်၏ ဒုတိယရုံးသုံးဘာသာစကားဖြစ်သည်။[] အနောက်တိုင်း ဂန္ထဝင်ဘာသာဗေဒတွင် သင်္သကရိုက်ဘာသာသည် ဂရိဘာသာနှင့် လက်တင်ဘာသာတို့ကဲ့သို့သော အနေအထားမျိုးရှိသည်။[] မြန်မာနိုင်ငံတွင် "သက္ကတ" ဘာသာစကားဟူ၍ ပိုမိုသုံးကြသည်။ သက္ကတဘာသာဟူသော ပုဒ်၌ သက္ကတသဒ္ဒါသည် သံသဒ္ဒါနှင့် ကတသဒ္ဒါတွဲစပ်၍ ဖြစ်လာသော သဒ္ဒါတစ်ခုဟုယူဆကြသည်။ ထို့ကြောင့် ကောင်းစွာပြုလုပ်ထားအပ်သည်ဟု အဓိပ္ပာယ်ပြန်ဆိုကြသည်။ သို့ဖြစ်၍ ပုဒ်မှန်မှာ သက္ကတမဟုတ်၊ သင်္ခတသာ ဖြစ်သင့်သည်ဟု အချို့ပညာရှိများက ဆိုကြလေသည်။ တစ်နည်းအားဖြင့် သန္တ+ကတမှ သက္ကတပုဒ် ဖြစ်လာသည်ဟု ယူဆနိုင်ပေသည်။ ထိုသို့ယူဆရာ၌ သူတော်စင် ပညာရှိများ တီထွင်ထားအပ်သည်ဟု အဓိပ္ပာယ်ရသည်။[]

ဆန်းစကရစ်ဟုလည်းခေါ်သော ထိုသက္ကတ ဘာသာသည် အိန္ဒိယနိုင်ငံသားတို့ အမြတ်နိုးဆုံး ဖြစ်သောဘာသာဖြစ်သည်။ ယင်းဘာသာကို နတ်တို့ပြောဆို သုံးစွဲသည့် ဘာသာဟုအမွှန်းတင်ကာ ဒေဝဘာသာဟုပင် ခေါ်ဝေါ်သမုတ်ကြသည်။ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ပါဠိဘာသာတတ်ကျွမ်းသူကို လေးစားကြည်ညိုကြသကဲ့သို့ ဟိန္ဒူလူမျိုးတို့သည်လည်း သက္ကတဘာသာတတ်ကျွမ်းသူ ပဏ္ဍိတ်များကို အထူးကြည်ညိုဆည်းကပ်လေ့ရှိကြ၏။ ဤသက္ကတဘာသာကို ဂေါတမမြတ်စွာဘုရား မပွင့်မီ ရှေးကျသောအချိန်ကပင် ပုဏ္ဏားပညာရှိ၊ ရသေ့ ပညာရှိတို့သည် သဒ္ဒါနည်းတို့ဖြင့် ကောင်းစွာပြုပြင်၍ထားကြကုန်၏။[]

ထိုသဒ္ဒါနည်းတို့ကိုပြဆိုသော ကျမ်းပေါင်းများစွာ ရှိသည့်အနက် ကြီးကျယ်ခမ်းနားဆုံးဖြစ်သော ကျမ်းကား ပါဏိနိမည်သော ကျမ်းကြီးဖြစ်သည်။ ထိုကျမ်းကို ပါဏိနိ၊ ကာတျာယန၊ ပတဉ္စလိဟူသော ပညာရှိရသေ့သုံးဦးတို့ ပေါင်းစပ်ပြုစုသည်ကိုအကြောင်းပြု၍ တိမုနိဗျာကရဏဟူ၍လည်း ခေါ်ဆိုလေသည်။ ပေါင်းစပ်ပြုစုပုံမှာ ပါဏိနိရသေ့သည် ဆောင်ပုဒ်ဖြစ်သောသုတ်ကိုစီရင်ရေးသားသည်။ ကာတျာယန ရသေ့သည်သုတ်၏ အနက်အဓိပ္ပာယ်ကို ပေါ်လွင်အောင် ဖွင့်ပြသည့်ဝုတ္တိကိုပြုစု၏။ ပတဉ္စလိရသေ့သည်ကား ထိုသုတ်ဝုတ္တိ တို့နှင့်ဆီလျော်လိုက်လျောသည့် ပြယုဂ် ဥဒါဟရုဏ် ပုံစံသာဓက ပုဒ်တို့ကို ထုတ်နုတ်ဖော်ပြရေးသားလေသည်။ ဤပါဏိနိကျမ်းကြီး သည် သက္ကတဘာသာ သဒ္ဒါနည်းနာနယတို့ကို စုံစုံလင်လင် ပြဆိုထားသောကျမ်းဖြစ်သဖြင့် သက္ကတလိုက်စားသူတို့အဖို့ အထူးအားထား မှီခိုလောက်သော သဒ္ဒါကျမ်းကြီးဖြစ်ပေသည်။ ထို့ပြင် ကပ္ပဒ္ဒုမ၊ သဒ္ဒတ္ထောမ မဟာနိဓိစသော ကျမ်းများသည် သက္ကတဘာသာသုံးအမည်နာမ ဝေါဟာရတို့ကို ပြဆိုသော အဘိဓာန်ကျမ်းမျိုးဖြစ်ကုန်၏။ ရာမသမ္မစသော ကျမ်းတို့ကား ဝါကျပဗန္ဓတို့၏ ဂုဏ်အပြစ်တို့ကို စိစစ် ဝေဖန်ပြသော အလင်္ကာကျမ်းမျိုးတို့တည်း။ ဂါထာဗန္ဓ ဖွဲ့နွဲ့စီကုံးရာ၌ ဂိုဏ်း ဂရုလဟုအနေအထားကို ခွဲခြားပြသော ဆန်းကျမ်းတို့ကား ပိင်္ဂလ၊ ဝုတ္တရတနာကရစသော ကျမ်းများ ဖြစ်လေကြလေသည်။[]

ဤသို့သဒ္ဒါနည်း၊ အလင်္ကာနည်း၊ ဆန်းနည်းတို့ဖြင့် ထည်ဝါခံ့ညားစွာ မားမားမတ်မတ် တည်နေသော ဘာသာကြီးတစ်ရပ်ဖြစ်နေသည့်အလျောက် အိန္ဒိယနိုင်ငံတွင် ထိပ်တန်းသို့ ရောက်ရှိနေသည့်နှင့်အညီ ရှေးရှေးပညာရှိကြီး များသည် ယင်းဘာသာနှင့်ပင် ဆေးဝါးဘက်ဆိုင်ရာ၊ နက္ခတ်ဗေဒင်ဘက်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာစသော အဖိုးတန် ပညာရပ်များကိုရေးသားပြုစုထားခဲ့ကြပေသည်။ ထို့ကြောင့် သူငါကစ ကြားဖူးနေကြသော ဝိဇ္ဇာခေါ် နှုတ်မှုပညာ ၁၈ မျိုးကို ဗသဏုပုရာဏ်စသော သက္ကတကျမ်းစာများ၌လည်းကောင်း၊ သိပ္ပံခေါ်လက်မှုပညာ ၃၂ မျိုး၊ ၆၄ မျိုးတို့ကို သုကြနီတိစသော သက္ကတကျမ်းစာများ၌လည်းကောင်း အပြည့်အစုံတွေ့ရှိ နိုင်လေသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် ထင်ရှားကျော်စောလျက် ရှိနေသော ဗြို့ဟပ်၊ ရာဇမတ္တဏ်စသောဗေဒင်ကျမ်း၊ သုဿုတ၊ သာရကောမုဒိ စသောဆေးကျမ်းများမှာလည်း သက္ကတဘာသာ ကျမ်းများပင် ဖြစ်လေသည်။ များစွာသောဗေဒင်ကျမ်း ဆေးကျမ်းတို့မှာ မြန်မာပြန်ထားသည်တို့ကို တွေ့ရလေသည်။ ယင်းသို့မြန်မာတို့၏ ဆေးပညာဗေဒင်ပညာတို့သည်လည်း သက္ကတကိုများသောအားဖြင့် မှီငြမ်းပြုရကြောင်းထင်ရှား လေသည်။[]

သက္ကတ သရ ဗျည်း

[ပြင်ဆင်ရန်]

သက္ကတသရ

  • အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ‌ဧ၊ ‌ဧဲ၊ ဩ၊ ဩဲ၊ အံ၊ အး
  • အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အောင်၊ အံ၊ အား
  • အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အိုင်၊ အော၊ အောင်၊ အံ၊ အား

ဗျည်း

  • က၊ ခ၊ ဂ၊ ဃ၊ င
  • စ၊ ဆ၊ ဇ၊ ဈ၊ ည
  • ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ
  • တ၊ ထ၊ ဒ၊ ဓ၊ န
  • ပ၊ ဖ၊ ဗ၊ ဘ၊ မ
  • ယ၊ ရ၊ လ၊ ဝ၊ ၐ၊ ၑ၊ သ
  • ဟ၊ ဠ၊ အ

ဗျည်းတွဲ- ဗျည်းပေါင်းစပ်ပုံ- အသံထွက်

  • ၐြီ - ၐ + ြ + ဤ = ရှရီ။
  • ၑ္ဋ - ပ + ဋ = ပဋ။
  • တံ - တ + မ = တံ။
  • ဂၖ - ဂ + ၒ = ဂရိ။
  • ဒိဝျမူရ်္တေ - ဒ + ဣ + ဝ + ယ + မ + ဦ + ရ် + တ + ဧ = ဒိဝယမူရတေ။

အသတ်တွင် အသံထွက်နည်း

  • နသတ်သံထွက်သည့် အသတ်များ: လ်၊ င်၊ ည်၊ န်၊ မ်၊ ရ်
  • ကသတ်သံထွက်သည့် အသတ်များ: က်၊ ခ်၊ ရ်၊ တ်၊ ဒ်၊ ပ်

ကိုးကား

[ပြင်ဆင်ရန်]
  1. အရှင်သေဋ္ဌိလ (၁၉၇၅)။ အခြေခံသက္ကတဗျာကရုဏ်း။ သုဓမ္မဝတီစာပုံနှိပ်တိုက်။
  2. Statement 1: Abstract of speakers' strength of languages and mother tongues - 2011 Office of the Registrar General & Census Commissioner, India။
  3. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named "Uttarakhand".
  4. Burrow၊ Thomas (2001)။ The Sanskrit Language။ Motilal Banarsidass။ ISBN 978-8120817678
  5. 1 2 3 4 မြန်မာ့စွယ်စုံကျမ်း။ အတွဲ (၁၃)။ ရန်ကုန်: စာပေဗိမာန်။