သင်္သကရိုက်ဘာသာစကား

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

သင်္သကရိုက်ဘာသာ (ပါဠိ: သက္ကတ; အင်္ဂလိပ်: Sanskrit ) ဆိုသည်မှာ သမိုင်းဝင် အင်ဒို-အာရိယန်ဘာသာစကားတစ်ခုဖြစ်ပြီး ဟိန္ဒူဘာသာဂျိန်းဘာသာနှင့် ဗုဒ္ဓဘာသာတို့၏ ကျမ်းစာများတွင် သုံးနှုန်းသော ဘာသာစကားဖြစ်သည်။ ယနေ့ခေတ်တွင် သင်္သကရိုက်ဘာသာသည် အိန္ဒိယနိုင်ငံတွင် တရားဝင် ဘာသာစကားတစ်ခုအဖြစ်သတ်မှတ်ထားပြီး အူထရာခန်ပြည်နယ်၏ ရုံးသုံးဘာသာစကားဖြစ်သည်။ အနောက်တိုင်း ဂန္ထဝင်ဘာသာဗေဒတွင် သင်္သကရိုက်ဘာသာသည်ဂရိဘာသာနှင့်လက်တင်ဘာသာတို့ကဲ့သို့သော အနေအထားမျိုးရှိသည်။

မြန်မာနိုင်ငံတွင် "သက္ကတ"ဘာသာစကားဟူ၌ ပိုမိုသုံးကြသည်။ သက္ကတဘာသာဟူသော ပုဒ်၌ သက္ကတသဒ္ဒါသည် သံသဒ္ဒါနှင့် ကတသဒ္ဒါတွဲစပ်၍ ဖြစ်လာသော သဒ္ဒါတစ်ခုဟုယူဆကြသည်။ ထိုကြောင့် ကောင်းစွာပြုလုပ်ထားအပ်သည်ဟု အဓိပ္ပါယ်ပြန်ဆိုကြသည်။ သို့ဖြစ်၍ ပုဒ်မှန်မှာ သက္ကတမဟုတ်၊ သင်္ခတသာ ဖြစ်သင့်သည်ဟု အချို့ပညာရှိများက ဆိုကြလေသည်။ တစ်နည်း·သန္တ+ကတမှ သက္ကတပုဒ် ဖြစ်လာသည်ဟု ယူဆနိုင်ပေသည်။ ထိုသို့ယူဆရာ၌ သူတော်စင် ပညာရှိများ တီထွင်ထားအပ်သည်ဟုအဓိပ္ပါယ်ရသည်။

ဆန်းစကရစ်ဟုလည်းခေါ်သော ထိုသက္ကတ ဘာသာသည် အိန္ဒိယနိုင်ငံသားတို့ အမြတ်နိုးဆုံး ဖြစ် သောဘာသာဖြစ်သည်။ ယင်းဘာသာကို နတ်တို့ပြောဆို သုံးစွဲသည့် ဘာသာဟုအမွှန်းတင်ကာဒေဝဘာသာဟုပင် ခေါ်ဝေါ်သမုတ်ကြသည်။ ဗုဒ္ဓဝါဒီမြန်မာလူမျိုးတို့သည် ပါဠိဘာသာတတ်ကျွမ်းသူကို လေးစားကြည်ညိုကြသကဲ့သို့ ဟိန္ဒူလူမျိုးတို့သည်လည်း သက္ကတဘာသာတတ်ကျွမ်းသူ ပဏ္ဍိတ်များကို အထူးကြည်ညိုဆည်းကပ်လေ့ရှိကြ၏။ ဤသက္ကတဘာသာကို ဂေါတမမြတ်စွာဘုရား မပွင့်မီ ရှေးကျသောအချိန်ကပင် ပုဏ္ဏားပညာရှိ၊ ရသေ့ ပညာရှိတို့သည် သဒ္ဒါနည်းတို့ဖြင့်ကောင်းစွာပြုပြင်၍ထားကြ ကုန်၏။

ထိုသဒ္ဒါနည်းတို့ကိုပြဆိုသော ကျမ်းပေါင်းများစွာ ရှိသည့်အနက် ကြီးကျယ်ခမ်းနားဆုံးဖြစ်သော ကျမ်းကား ပါဏိနိမည်သော ကျမ်းကြီးဖြစ်သည်။ ထိုကျမ်းကိုပါဏိနိ၊ ကာတျာယန၊ ပတဉ္စလိဟူသောပညာရှိ ရသေ့သုံးဦးတို့ပေါင်း စပ်ပြုစုသည်ကိုအကြောင်းပြု၍ တိမုနိဗျာကရဏဟူ၍လည်း ခေါ်ဆိုလေသည်။ ပေါင်းစပ်ပြုစုပုံမှာ ပါဏိနိရသေ့သည် ဆောင်ပုဒ်ဖြစ်သောသုတ်ကိုစီရင်ရေးသားသည်။ ကာတျာယန ရသေ့သည်သုတ်၏ အနက်အဓိပ္ပါယ်ကို ပေါ်လွင်အောင် ဖွင့်ပြသည့်ဝုတ္တိကိုပြုစု၏။ ပတဉ္စလိရသေ့သည်ကား ထိုသုတ်ဝုတ္တိ တို့နှင့်ဆီလျော်လိုက်လျောသည့် ပြယုဂ် ဥဒါဟရုဏ် ပုံစံသာဓက ပုဒ်တို့ကို ထုတ်နုတ်ဖေါ်ပြရေးသားလေသည်။ ဤပါဏိနိကျမ်းကြီး သည် သက္ကတဘာသာ သဒ္ဒါနည်းနာနယတို့ကို စုံစုံလင်လင် ပြဆိုထားသောကျမ်းဖြစ်သဖြင့် သက္ကတလိုက်စားသူတို့အဖို့ အထူးအားထား မီခိုလောက်သော သဒ္ဒါကျမ်းကြီး'ဖြစ်ပေသည်။ ထိုပြင်ကပ္ပဒ္ဒုမ၊ သဒ္ဒတ္ထောမ မဟာနိဓိစသော ကျမ်းများသည် သက္ကတဘာသာသုံးအမည်နာမ ဝေါဟာရတို့ကို ပြဆိုသော အဘိဓာန်ကျမ်းမျိုးဖြစ်ကုန်၏။ ရာမသမ္မစသော ကျမ်းတို့ကား ဝါကျပဗန္ဓတို့၏ ဂုဏ်အပြစ်တို့ကို စိစစ် ဝေဖန်ပြသော အလင်္ကာကျမ်းမျိုးတို့တည်း။ ဂါထာဗန္ဓ ဖွဲ့နွဲ့စီကုံးရာ၌ဂိုဏ်း ဂရုလဟုအနေအထားကို ခွဲခြားပြသော ဆန်းကျမ်းတို့ကား ပိင်္ဂလ၊ဝုတ္တရတနာကရစသော ကျမ်းများ ဖြစ်လေကြလေသည်။

ဤသို့သဒ္ဒါနည်း၊ အလင်္ကာနည်း၊ ဆန်းနည်းတို့ဖြင့် ထည်ဝါခံ့ညားစွာ မားမားမတ်မတ် တည်နေသော ဘာသာကြီးတစ်ရပ်ဖြစ်နေသည့်အလျောက် အိန္ဒိယနိုင်ငံတွင် ထိပ်တန်းသို့ ရောက်ရှိနေသည့်နှင့်အညီ ရှေးရှေးပညာရှိကြီး များသည် ယင်းဘာသာနှင့်ပင် ဆေးဝါးဘက်ဆိုင်ရာ၊ နက္ခတ်ဗေဒင်ဘက်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာစသော အဖိုးတန် ပညာရပ်များကိုရေးသားပြုစုထားခဲ့ကြပေသည်။ ထိုကြောင့် သူငါကစ ကြားဖူးနေကြသော ဝိဇ္ဇာခေါ် နှုတ်မှုပညာ ၁၈မျိုးကို ဗသဏုပုရာဏ်စသော သက္ကတကျမ်းစာများ၌လည်းကောင်း၊ သိပ္ပံခေါ်လက်မှုပညာ ၃၂မျိုး၊ ၆၄မျိုးတို့ကို သုကြနီတိစသော သက္ကတကျမ်းစာများ၌လည်းကောင်း အပြည့်အစုံတွေ့ရှိ နိုင်လေသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် ထင်ရှားကျော်စောလျက် ရှိနေသော ဗြို့ဟပ်၊ ရာဇမတ္တဏ်စသောဗေဒင်ကျမ်း၊ သုဿုတ၊ သာရကောမုဒိ စသောဆေးကျမ်းများမှာလည်း သက္ကတဘာသာ ကျမ်းများပင် ဖြစ်လေသည်။ များစွာသောဗေဒင်ကျမ်း ဆေးကျမ်းတို့မှာ မြန်မာပြန်ထားသည်တို့ကို တွေ့ရလေသည်။ ယင်းသို့မြန်မာတို့၏ ဆေးပညာဗေဒင်ပညာတို့သည်လည်း သက္ကတကိုများသောအားဖြင့် မှီငြမ်းပြုရကြောင်းထင်ရှား လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)