စစ်ဆောင်ပန္နား
စစ်ဆောင်ပန္နား (သို့မဟုတ်) သိပ်သောင်ပန္နား (ရှမ်း: သိပ်းသွင်ပၼ်းၼႃး၊ တိုင်းလူ: ᩈᩥ᩠ᨷᩈ᩠ᩢ᩠ᩋᨦᨻᨶᨶᩣ; တရုတ်: 西双版纳) သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ တောင်ဘက်အစွန်းဆုံးတွင် တည်ရှိသော တိုင်းလူ (လူးရှမ်း) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဖြစ်သည်။ "စစ်ဆောင်ပန္နား" ဟူသော အမည်မှာ "ဆယ်နှစ်ပြည်ထောင် တိုင်းပြည်" ဟု အဓိပ္ပာယ်ရသည်။[၁] ဤဒေသသည် မြန်မာနိုင်ငံနှင့် လောနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး မဲခေါင်မြစ် (လန်ချန်းမြစ်) ဝှမ်းတွင် တည်ရှိသည်။ မြန်မာနိုင်ငံနှင့် ဆင်တူသော အပူပိုင်းမုတ်သုံရာသီဥတုရှိကာ တရုတ်နိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးသော ဒေသတစ်ခု ဖြစ်သည်။[၂]
| စစ်ဆောင်ပန္နား (သိပ်သောင်ပန္နား) ᩈᩥ᩠ᨷᩈ᩠ᩢ᩠ᩋᨦᨻᨶᨶᩣ | |
|---|---|
| ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု | |
ကျိုင်းဟုံမြို့၏ မြင်ကွင်းများ | |
ယူနန်ပြည်နယ်အတွင်း စစ်ဆောင်ပန္နား၏ တည်နေရာ | |
| နိုင်ငံ | တရုတ်နိုင်ငံ |
| ပြည်နယ် | ယူနန်ပြည်နယ် |
| မြို့တော် | ကျိုင်းဟုံ |
| ဧရိယာ | |
| • စုစုပေါင်း | ၁၉၁၈၄.၄၅ စတုရန်းကီလိုမီတာ (၇၄၀၇.၁၆ စတုရန်းမိုင်) |
| လူဦးရေ (2020) | |
| • စုစုပေါင်း | ၁၃၀၁၄၀၇ |
| • သိပ်သည်းမှု | ၆၈/km၂ (၁၈၀/sq mi) |
| အချိန်ဇုန် | တရုတ်စံတော်ချိန် (UTC+8) |
| ဝဘ်ဆိုက် | xsbn.gov.cn |
ဤဒေသသည် မဲခေါင်မြစ် ဝှမ်းတွင် တည်ရှိပြီး မြန်မာနိုင်ငံ နှင့် လောနိုင်ငံ တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ဒေသခံ တိုင်းလူမျိုးများသည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဂုံရှမ်းများနှင့် ယဉ်ကျေးမှုချင်း အလွန်နီးစပ်သည်။ အဓိကအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး လူးရှမ်း ရိုးရာမြန်မာ့သင်္ကြန်ပွဲတော်မှာ ကမ္ဘာလှည့်ခရီးသွားများအကြား ထင်ရှားသည်။
အမည်ရင်းမြစ်
[ပြင်ဆင်ရန်]"စစ်ဆောင်ပန္နား" ဟူသော အမည်သည် တိုင်းလူးဘာသာစကား (Tai Lue) မှ ဆင်းသက်လာခြင်းဖြစ်ပြီး ဒေသ၏ ရှေးဟောင်းအုပ်ချုပ်ရေးစနစ်နှင့် မြေယာပိုင်ဆိုင်မှုဖွဲ့စည်းပုံကို ပေါင်းစပ်ဖော်ပြနေသည်။ ဤအမည်ကို "စစ်ဆောင်" (Sipsong) နှင့် "ပန္နား" (Panna) ဟူ၍ အစိတ်အပိုင်းနှစ်ခုဖြင့် ခွဲခြားနိုင်သည်။ "စစ်ဆောင်" သည် ရှမ်းဘာသာဖြင့် "ဆယ်နှစ်" (၁၂) ဟု အဓိပ္ပာယ်ရပြီး "ပန္နား" မှာ "ပန်" (ရှစ်သောင်း) နှင့် "နား" (လယ်) ဟူသော စကားလုံးများ ပေါင်းစပ်ထားခြင်းဖြစ်ရာ "လယ်ကွင်းပေါင်း ရှစ်သောင်းစီရှိသော နယ်မြေ" ဟု အနက်ဖွင့်ဆိုနိုင်သည်။ ထို့ကြောင့် စုစုပေါင်းအဓိပ္ပာယ်မှာ "ဆယ်နှစ်ပြည်ထောင် လယ်မြေနယ်မြေ" ဟူ၍ ဖြစ်သည်။[၃]
ဤအမည်သည် အေဒီ ၁၅၇၀ ပြည့်နှစ်၊ ကျိုင်းဟုံစော်ဘွား ဖယားစီလား (Phaya Si La) လက်ထက်တွင် စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က စော်ဘွားသည် အခွန်အတုတ်များ ကောက်ခံရာတွင် စနစ်တကျရှိစေရန် တိုင်းပြည်ကို အုပ်ချုပ်ရေးနယ်မြေ (၁၂) ခု သို့မဟုတ် "ပန္နား" (၁၂) ခုအဖြစ် ခွဲခြားသတ်မှတ်ခဲ့ရာမှ ဤအမည်တွင်လာခဲ့ခြင်း ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဒေသခံ တိုင်းလူမျိုးများသည် မြန်မာနိုင်ငံ၊ ကျိုင်းတုံမြို့မှ ဂုံရှမ်းများနှင့် ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ကိုးကွယ်ယုံကြည်မှုတို့တွင် ထပ်တူနီးပါး တူညီကြသည်။[၄]
စစ်ဆောင်ပန္နား (ကျိုင်းဟုံ) သည် အေဒီ ၁၆ ရာစုမှ ၁၉ ရာစုနှောင်းပိုင်းအထိ နှစ်ပေါင်း ၃၀၀ ကျော်ကြာ မြန်မာ့သမိုင်းတွင် အရေးပါသော လက်အောက်ခံ ပဒေသရာဇ်နယ်မြေတစ်ခုအဖြစ် တည်ရှိခဲ့သည်။ ၎င်းသည် မြန်မာအင်ပါယာ၏ အရှေ့ဘက်စွန်း နယ်နိမိတ်ခံတပ်အဖြစ်လည်းကောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေး၏ အချက်အချာဒေသအဖြစ်လည်းကောင်း တည်ရှိခဲ့သည်။
စစ်ဆောင်ပန္နားဒေသကို မြန်မာအင်ပါယာအတွင်းသို့ စတင်သွတ်သွင်းခဲ့သူမှာ ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် ဘုရင့်နောင် မင်းတရားကြီး ဖြစ်သည်။ အေဒီ ၁၅၅၈ ခုနှစ်တွင် ဘုရင့်နောင်သည် ရှမ်းပြည်တစ်လွှားကို အောင်နိုင်ပြီးနောက် အရှေ့ဘက်သို့ စစ်အင်အားချဲ့ထွင်ရာမှ ကျိုင်းတုံနှင့် ကျိုင်းဟုံ (စစ်ဆောင်ပန္နား) တို့ကို သိမ်းပိုက်ခဲ့သည်။[၅] မင်းတရားကြီးသည် ကျိုင်းဟုံစော်ဘွားအား သစ္စာပေး၍ မြန်မာ့ဩဇာခံအဖြစ် ခန့်အပ်ခဲ့ပြီး အုပ်ချုပ်ရေးစနစ်သစ်များကို ချမှတ်ပေးခဲ့သည်။ ဘုရင့်နောင်သည် ဤဒေသကို အခြေပြု၍ တရုတ်နယ်စပ်တစ်လျှောက်ရှိ "ကိုးပြည်ထောင်" (Mueang ကိုးခရိုင်) ကို စီမံခန့်ခွဲခဲ့ကာ ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားစေရန် ဆောင်ရွက်ခဲ့သည်။[၆]
ညောင်ရမ်းခေတ်နှင့် ကုန်းဘောင်ခေတ်တစ်လျှောက်တွင်လည်း စစ်ဆောင်ပန္နားသည် မြန်မာဘုရင်များထံ နှစ်စဉ် အခွန်တော် ဆက်သရသော သစ္စာခံနယ်မြေအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ ဆင်ဖြူရှင်မင်း လက်ထက် (အေဒီ ၁၇၆၅-၁၇၆၉) တွင် ဖြစ်ပွားခဲ့သော တရုတ်-မြန်မာ စစ်ပွဲများအတွင်း စစ်ဆောင်ပန္နားသည် မြန်မာတပ်မတော်အတွက် အလွန်အရေးပါသော စစ်ဗျူဟာမြောက်ဒေသ ဖြစ်ခဲ့သည်။ မြန်မာတပ်များသည် ကျိုင်းဟုံကို အမာခံစခန်းအဖြစ် အသုံးပြု၍ တရုတ် (ချင်မင်းဆက်) ကျူးကျော်တပ်များကို ခုခံတိုက်ခိုက်ခဲ့သည်။[၇] စစ်ပွဲအပြီးတွင် စစ်ဆောင်ပန္နားအပေါ် မြန်မာတို့၏ ဩဇာအာဏာမှာ ပိုမိုခိုင်မာလာခဲ့ပြီး တရုတ်နှင့် မြန်မာ နှစ်နိုင်ငံစလုံးသို့ အခွန်ဆက်ရသော "နှစ်နိုင်ငံသစ္စာခံ" အခြေအနေမျိုးသို့ တစ်ခါတစ်ရံ ရောက်ရှိခဲ့သည်။[၈]
၁၉ ရာစုနှောင်းပိုင်းတွင် မြန်မာတို့၏ အင်အားချည့်နဲ့လာမှုနှင့်အတူ စစ်ဆောင်ပန္နားတွင် အုပ်ချုပ်ရေးယိုင်နဲ့မှုများ ဖြစ်ပေါ်လာခဲ့သည်။ မင်းတုန်းမင်း နှင့် သီပေါမင်း လက်ထက်များတွင် ကျိုင်းဟုံစော်ဘွားများအကြား အာဏာလုမှုများကြောင့် ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ရာ မြန်မာတပ်များ သွားရောက်နှိမ်နင်းခဲ့ရသည်။[၉]
အေဒီ ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့က မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ပြီးနောက်၊ နယ်နိမိတ် သတ်မှတ်ရေးအတွက် တရုတ်နိုင်ငံနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ အေဒီ ၁၈၉၂ ခုနှစ်မှ ၁၈၉၅ ခုနှစ်အတွင်း ချုပ်ဆိုခဲ့သော အင်္ဂလိပ်-တရုတ် နယ်နိမိတ်စာချုပ်များအရ ဗြိတိသျှတို့သည် နိုင်ငံရေးအရ အပေးအယူလုပ်ရန် စစ်ဆောင်ပန္နား (ကျိုင်းဟုံ) ဒေသကို တရုတ် (ချင်းမင်းဆက်) ထံသို့ အပြီးသတ် လွှဲပြောင်းပေးအပ်ခဲ့သည်။ သို့ဖြစ်ရာ နှစ်ပေါင်း ၃၀၀ ကျော် မြန်မာ့ဩဇာအောက်တွင် ရှိခဲ့သော စစ်ဆောင်ပန္နားသည် ခေတ်သစ်နယ်နိမိတ်သတ်မှတ်ချက်များကြောင့် တရုတ်နိုင်ငံ၏ လက်အောက်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။[၁၀]
ယဉ်ကျေးမှုနှင့် လူနေမှုစနစ်
[ပြင်ဆင်ရန်]ကိုးကွယ်ယုံကြည်မှု
[ပြင်ဆင်ရန်]စစ်ဆောင်ပန္နားသည် တရုတ်နိုင်ငံအတွင်း ဖြစ်သော်လည်း ထေရဝါဒဗုဒ္ဓဘာသာအခိုင်အမာ ထွန်းကားသည့် ဒေသဖြစ်သည်။ ကျေးရွာတိုင်းတွင် ဘုန်းတော်ကြီးကျောင်း များရှိပြီး အမျိုးသားတိုင်းသည် ရဟန်းဝတ်သည့် ဓလေ့ရှိသည်။ ဗုဒ္ဓဘာသာနှင့်အတူ ရိုးရာနတ်ကိုးကွယ်မှု ကိုလည်း ပေါင်းစပ်ယုံကြည်ကြပြီး သစ်ပင်ကြီးများနှင့် တောင်စောင့်နတ်များကို ပူဇော်လေ့ရှိသည်။[၁၁]
ဗိသုကာပညာ
[ပြင်ဆင်ရန်]တိုင်လူးတို့၏ ရိုးရာအိမ်များသည် ခြေတံရှည် ဝါးအိမ် (Stilt Houses) များ ဖြစ်ကြသည်။အိမ်ခေါင်မိုးကို ငါးကြေးခွံပုံစံ အုတ်ကြွပ်များဖြင့် မိုးလေ့ရှိပြီး ဒေသ၏ ပူအိုက်စိုစွတ်သော ရာသီဥတုကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားသည်။အိမ်ခေါင်မိုးနှင့် ဘုန်းကြီးကျောင်းဆောင်များတွင် ဒေါင်းရုပ် နှင့် ဆင်ရုပ်များကို အလှဆင်လေ့ရှိပြီး ငြိမ်းချမ်းရေးနှင့် ကံကောင်းခြင်း၏ ပြယုဂ်များ ဖြစ်သည်။[၁၂]
ပွဲတော်များ
[ပြင်ဆင်ရန်]၁။ ရေပက်ဖျန်းပွဲတော်
[ပြင်ဆင်ရန်]စစ်ဆောင်ပန္နားဒေသရှိ လူးရှမ်း တို့၏ သင်္ကြန်ပွဲတော် သည် မြန်မာနိုင်ငံမှတဆင့် ပြန့်ပွားသွားသော ထေရဝါဒဗုဒ္ဓဘာသာ နှင့်အတူ ရောက်ရှိလာခြင်း ဖြစ်သည်။[၁၃] အေဒီ (၁၁) ရာစု ပုဂံနိုင်ငံတော်တွင် ဗုဒ္ဓဘာသာ အထူးထွန်းကားခဲ့ပြီးနောက်၊ သာသနာပြုလုပ်ငန်းများနှင့် လူမျိုးစုရွှေ့ပြောင်းမှုများကြောင့် ရှမ်းပြည်နယ်မှတစ်ဆင့် စစ်ဆောင်ပန္နားဒေသသို့ ထေရဝါဒယဉ်ကျေးမှုနှင့်အတူ သင်္ကြန်ဓလေ့သည် ပါဝင်သွားခဲ့သည်။
သမိုင်းပညာရှင်အချို့၏ အဆိုအရ စစ်ဆောင်ပန္နား၏ သင်္ကြန်ပွဲတော်သည် လွန်ခဲ့သော နှစ်ပေါင်း ၇၀၀ ကျော်ခန့် (အေဒီ ၁၃ ရာစု) တွင် ခိုင်ခိုင်မာမာ စတင်တည်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။[၁၄] စစ်ဆောင်ပန္နား သင်္ကြန်သည် လွန်ခဲ့သော နှစ်ပေါင်း ၇၀၀ ကျော်ကပင် ထေရဝါဒဗုဒ္ဓဘာသာနှင့်အတူ အမြစ်တွယ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကို တရုတ်အစိုးရက ၁၉၆၁ ခုနှစ်မှစတင်၍ တရားဝင် အားပေးမြှင့်တင်ခဲ့ပြီး ယခုအခါ ယူနန်ပြည်နယ်၏ အထင်ရှားဆုံးသော ခရီးသွားလုပ်ငန်း ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။[၁၅]
ပွဲတော်၏ ပထမဆုံးနေ့ကို အဓိကအားဖြင့် မဲခေါင်မြစ် (လန်ချန်းမြစ်) ပေါ်၌ ကျင်းပသည်။ ဤနေ့တွင်နဂါးလှေပြိုင်ပွဲကျင်းပြီး၊ ရှေးဟောင်းယဉ်ကျေးမှုအရ နဂါးလှေပြိုင်ခြင်းသည် ရာသီဥတု မှန်ကန်စေရန်နှင့် မြစ်စောင့်နတ်ကို ပူဇော်ရန် ရည်ရွယ်သည်။ ပြိုင်ပွဲဝင် လှေများသည် ဆေးရောင်စုံ ခြယ်သထားသော နဂါးခေါင်းများ တပ်ဆင်ထားသည်။ ညပိုင်းတွင် ကုန်းမိန်းမီးပုံးပျံ ပေါင်း ထောင်နှင့်ချီ၍ ကောင်းကင်သို့ လွှတ်တင်ကြပြီး အတိတ်မှ ကံမကောင်းခြင်းများကို လွှင့်ပစ်ခြင်းနှင့် အနာဂတ်အတွက် ဆုတောင်းခြင်းကို ကိုယ်စားပြုသည်။[၁၆]
ဒုတိယနေ့တွင် ဒေသခံများသည် ရိုးရာဝတ်စုံများကို အပြည့်အစုံ ဆင်ယင်ကြပြီး အစုအဖွဲ့လိုက် ပျော်ပွဲရွှင်ပွဲများကို ဆင်နွှဲကြသည်။တတိယနေ့သည် ပွဲတော်၏ အထွတ်အထိပ်နေ့ ဖြစ်ပြီး "နှစ်သစ်ကူးနေ့" လည်း ဖြစ်သည်။ နံနက်စောစောတွင် ဒေသခံများသည် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ရုပ်ပွားတော်များကို နံ့သာရေဖြင့် သပ္ပာယ်ကြသည်။ ထို့နောက် သံဃာတော်များအား ဆွမ်းလောင်းလှူ၍ တရားနာကြသည်။[၁၇] ဘာသာရေး အခမ်းအနားများ ပြီးဆုံးပါက လူအချင်းချင်း ရေပက်ဖျန်းကြသည်။ စစ်ဆောင်ပန္နားတွင် ရေပက်ခြင်းမှာ "မင်္ဂလာရှိခြင်း" ဖြစ်သဖြင့် လူတိုင်းသည် ရွှဲရွှဲစိုနေအောင် ပက်ဖျန်းခြင်းကို နှစ်သက်ကြသည်။ [၁၈]
၂။ ကထိန် အလှူပွဲများ (Tan Tan Festival)
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ၏ သီတင်းကျွတ်နှင့် တန်ဆောင်တိုင် ကာလများကဲ့သို့ပင် ဘုန်းတော်ကြီးကျောင်းများသို့ လှူဖွယ်ပစ္စည်းများကို ဝါးဖြင့်ပြုလုပ်ထားသော "ပဒေသာပင်" များပေါ်တွင် ဆင်ယင်၍ စီတန်းလှည့်လည် လှူဒါန်းကြသည်။ ဤပွဲတော်တွင် ရိုးရာတေးဂီတနှင့် မောင်း၊ လင်းကွင်း တီးခတ်မှုများဖြင့် ပျော်ရွှင်စွာ ကျင်းပကြသည်။
၃။ ခါးပတ်ပွဲနှင့် အပျိုတော်အက
[ပြင်ဆင်ရန်]တိုင်လူးအမျိုးသမီးများသည် ရိုးရာဝတ်စုံအဖြစ် အင်္ကျီရင်စေ့နှင့် လုံချည်ရှည်များကို ဝတ်ဆင်ကာ ခါးတွင် လက်ရာမြောက်သော ငွေခါးပတ်များကို ပတ်ထားလေ့ရှိသည်။ ပွဲလမ်းသဘင်များတွင် ငွေခါးပတ်များကို အားပြိုင်ဝတ်ဆင်ကာ ကခုန်ကြသည့် ဓလေ့မှာ ထင်ရှားသော ရှုခင်းတစ်ခု ဖြစ်သည်။[၁၉]
စားသောက်ဖွယ်ရာ
[ပြင်ဆင်ရန်]စစ်ဆောင်ပန္နား အစားအစာသည် ရှမ်းအစားအစာနှင့် ဆင်တူပြီး စပ်သော၊ ချဉ်သော အရသာကို ဦးစားပေးသည်။
- **ထင်ရှားသော အစားအစာ:** ဝါးကျည်တောက်ဆွမ်း၊ ငါးကင် (Lemongrass Fish)၊ ဟင်းထုပ်နှင့် ဒေသထွက် လက်ဖက်ရည် (Pu-erh Tea) တို့ဖြစ်သည်။ လက်ဖက်ရည်သည် ဤဒေသ၏ အဓိကထွက်ကုန်ဖြစ်ပြီး ကမ္ဘာကျော်သည်။
စစ်ဆောင်ပန္နား (သို့မဟုတ်) ကျိုင်းရုံးကြီး တစ်ဆယ့်နှစ်ပန္နား သမိုင်းကြောင်း
[ပြင်ဆင်ရန်]စစ်ဆောင်ပန္နား (Xishuangbanna) သို့မဟုတ် မြန်မာရာဇဝင်များတွင် ကျိုင်းရုံးကြီး တစ်ဆဲ့နှစ်ပန္နား ဟု ထင်ရှားသော ဤဒေသသည် ရှမ်းဘာသာစကားအရ "လယ်တွင်းတစ်ဆယ့်နှစ်ခရိုင်" ဟု အဓိပ္ပာယ်ရကာ ရှေးယခင်ကတည်းက လူးရှမ်ဍ (Tai Lue) တို့ အစဉ်အဆက် နေထိုင်လာခဲ့သည့် အချက်အချာဒေသဖြစ်သည်။ ရှမ်းဘာသာစကားဖြင့် "စစ်ဆောင်" မှာ တစ်ဆယ့်နှစ်ဖြစ်ပြီး "ပန္နား" မှာ လယ်ကွက် သို့မဟုတ် ခရိုင်ဟု အဓိပ္ပာယ်ရသဖြင့် ယင်းအမည်သည် အုပ်ချုပ်ရေးနယ်မြေ အပိုင်းအခြားကို ရည်ညွှန်းခြင်း ဖြစ်သည်။ ကျိုင်းရုံးကြီးသည် မြို့မဗဟိုချက်ဖြစ်ပြီး ယခုအခါ တရုတ်နိုင်ငံအတွင်းရှိ ကျင်းဟုန်မြို့ (Jinghong) အဖြစ် တည်ရှိကာ မဲခေါင်မြစ်၏ အရှေ့ဘက်တွင် ခြောက်ပန္နား၊ အနောက်ဘက်တွင် ခြောက်ပန္နားဟူ၍ ပန္နားပေါင်း တစ်ဆယ့်နှစ်ခုဖြင့် ဖွဲ့စည်းထားသည်။ [၂၀]
သမိုင်းကြောင်းအရ ကျိုင်းရုံးသည် သီးခြားလွတ်လပ်သော နိုင်ငံအဖြစ် တည်ရှိခဲ့ဖူးပြီး ၎င်း၏ယဉ်ကျေးမှုမှာ ကျိုင်းတုံရှိ ဂုံလူမျိုးများနှင့်လည်းကောင်း၊ ဇင်းမယ် (ချင်းမိုင်) ယဉ်ကျေးမှုနှင့်လည်းကောင်း အလွန်နီးစပ်သည်။ မြန်မာ့သမိုင်းတွင် ဘုရင့်နောင် မင်းတရားကြီး လက်ထက်၌ ဇင်းမယ်နှင့် ကျိုင်းတုံတို့နှင့်အတူ ကျိုင်းရုံးကို သိမ်းပိုက်ခဲ့ပြီးနောက် နယ်မြေကို ခရိုင်တစ်ဆယ့်နှစ်ခု ခွဲခြားအုပ်ချုပ်ခဲ့ရာမှ "စစ်ဆောင်ပန္နား" ဟူသော အခေါ်အဝေါ်သည် ပိုမိုခိုင်မာလာခဲ့သည်။ [၂၁] ဘုရင့်နောင်လွန်ပြီးနောက်တွင် ကျိုင်းရုံးနယ်သည် တရုတ်နှင့် မြန်မာဩဇာ နှစ်ဖက်ကြားတွင် ရံဖန်ရံခါ တည်ရှိခဲ့သော်လည်း ကုန်းဘောင်ခေတ် နောင်တော်ကြီးမင်း လက်ထက်မှစ၍ မြန်မာပိုင်နက်အဖြစ် အခိုင်အမာ ပြန်လည်ရောက်ရှိခဲ့သည်။
မြန်မာမင်းများ လက်ထက်၌ ကျိုင်းရုံးကို တိုင်းကြီးတစ်တိုင်းအဖြစ် သတ်မှတ်ခဲ့ကြရာ ဆင်ဖြူရှင်မင်း၏ ဘုံစံတုလွတ်ကျောင်း ကျောက်စာတွင် ကျိုင်းရုံးကို မဟာနာဂရတိုင်း ဟုလည်းကောင်း၊ ပုဂံမင်း လက်ထက် အိမ်တော်ရာဘုရား ကျောက်စာတွင်မူ ကျိုင်းရုံးနှင့် မိုင်းစယ်မြို့တို့ကို အခြေပြု၍ ဇောတိနဂရတိုင်း ဟုလည်းကောင်း အသီးသီး ဂုဏ်ပြုဖော်ပြခဲ့ကြသည်။ [၂၂] ထို့ကြောင့် စစ်ဆောင်ပန္နား သို့မဟုတ် ကျိုင်းရုံးပြည်ကြီးသည် မြန်မာ့လက်နက်နိုင်ငံတော်၏ အရှေ့ဘက် အစွန်အဖျားတွင် အရေးပါသော နယ်မြေတစ်ခု ဖြစ်ခဲ့သည်။ သို့သော် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ချိန်တွင် ဝေးလံသော ဤနယ်မြေများကို ချန်လှပ်ခဲ့သဖြင့် ယခုအခါ စစ်ဆောင်ပန္နားသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုအဖြစ် တည်ရှိနေခြင်း ဖြစ်ပါတော့သည်။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- စစ်ဆောင်ပန္နား အစိုးရဝက်ဘ်ဆိုဒ် 7 May 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
ကိုးကားချက်များ
[ပြင်ဆင်ရန်]- ↑ သိန်းသန်းထွန်း။ ယူနန်ပြည်မှ ရှမ်းလူမျိုးများ။
- ↑ Thurgood, G., & LaPolla, R. J. (2003). The Sino-Tibetan Languages. Routledge.
- ↑ Hsieh, Shih-Chung. (1989). On the Dynamics of Tai-Lue Ethnicity. University of Washington.
- ↑ Matisoff, J. A. (2003). Handbook of Proto-Tibeto-Burman. University of California Press.
- ↑ Thant Myint-U. (2011). Where China Meets India: Burma and the New Crossroads of Asia. Faber & Faber.
- ↑ Lieberman, V. (2003). Strange Parallels: Volume 1, Integration on the Mainland: Southeast Asia in Global Context, c.800–1830. Cambridge University Press.
- ↑ Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. Longmans, Green and Co.
- ↑ Giersch, C. P. (2006). Asian Borderlands: The Transformation of Qing China's Yunnan Frontier. Harvard University Press.
- ↑ သန်းထွန်း၊ ဒေါက်တာ။ (၁၉၆၉)။ ခေတ်ဟောင်းမြန်မာရာဇဝင်။ အင်းဝထွန်းစာအုပ်တိုက်။
- ↑ Walker, A. (1999). The Legend of the Golden Boat: Regulation, Trade and Traders in the Borderlands of Laos, Thailand, China and Burma. University of Hawaii Press.
- ↑ McCarthy, Susan. (2009). Communist Multiculturalism. University of Washington Press.
- ↑ Gao, Lishi. (1999). The Traditional Architecture of Xishuangbanna. Yunnan University Press.
- ↑ Grabowsky, Volker. (2003). The Tai Lue: A Historical Perspective. Silkworm Books.
- ↑ Davis, Sara L. M. (2005). Song and Bird-Skins: A Poetics of Indigenous Revival in China. University of Washington Press.
- ↑ McCarthy, Susan. (2009). Communist Multiculturalism: Religion and the Politics of Identity in China. University of Washington Press.
- ↑ Gao, Lishi. (1999). The Traditional Architecture and Festivals of Xishuangbanna. Yunnan University Press.
- ↑ Peters, Heather A. (1990). Buddhism and Spirit Cults among the Tai Lue. University of Pennsylvania.
- ↑ Grabowsky, Volker. (2003). The Tai Lue: A Historical Perspective. Silkworm Books.
- ↑ Grabowsky, Volker. (2003). The Tai Lue: A Historical Perspective. Silkworm Books.
- ↑ Luce, G.H. (1985). Phases of Pre-Pagan Burma. Oxford University Press.
- ↑ မှန်နန်းရာဇဝင်တော်ကြီး (ပထမတွဲ)။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၂)။