နမ့်ဆန်မြို့

ဝီကီပီးဒီးယား မှ
ဤဆောင်းပါးသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ အကြောင်း ဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိမြို့ အတွက် နမ့်စန်မြို့ ကို ကြည့်ပါ။
နမ့်ဆန်မြို့
မြို့
Skyline of နမ့်ဆန်မြို့
နမ့်ဆန်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
နမ့်ဆန်မြို့
နမ့်ဆန်မြို့
နမ့်ဆန်မြို့ တည်နေရာ
ကိုဩဒိနိတ်: 22°57′54″N 97°9′48″E / 22.96500°N 97.16333°E / 22.96500; 97.16333ကိုဩဒိနိတ်: 22°57′54″N 97°9′48″E / 22.96500°N 97.16333°E / 22.96500; 97.16333
နိုင်ငံ မြန်မာ
ပြည်နယ်ရှမ်းပြည်နယ်
ခရိုင်ကျောက်မဲခရိုင်
မြို့နယ်နမ့်ဆန်မြို့နယ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပလောင်
လူဦးရေ (၂၀၁၄)
 • မြို့ပေါ်၄,၁၃၈[၁]
 • လူမျိုးစုများပလောင်
 • ကိုးကွယ်မှုဗုဒ္ဓဘာသာဟိန္ဒူဘာသာ
အချိန်ဇုန်MST (UTC+6.30)

နမ့်ဆန်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ယခင်တောင်ပိုင်းနယ်၏ မြို့တော်ဖြစ်ပြီး ကျောက်မဲမြို့၏မြောက်ဘက် နမ္မတူမြို့၏ အနောက်တောင်ဘက်တွင် ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၅၃၃၂ ပေမြင့်သော တောင်ကြားတွင်တည်ရှိသဖြင့် ရာသီဥတုမှာ အထူးပင်သာယာအေးမြ၍ ဆောင်းရာသီတွင် အချမ်းပိုသောမြို့ ဖြစ်သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နမ့်ဆန်မြို့အား တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်က စစ်ကောင်စီတပ်များနှင့် နှစ်ပတ်ကြာ တိုက်ပွဲဖြစ်ပွားအပြီးတွင် သိမ်းပိုက်ခဲ့သည်။[၂]

အမည်ရင်းမြစ်[ပြင်ဆင်ရန်]

နမ့်ဆန်ဟူသည်မှာ ရှမ်းစကား နမ့်နှင့်ဆန်ကို ပေါင်းထားခြင်းဖြစ်သည်။ နမ့်မှာရေဖြစ်၍ ဆန်မှာတုန်လှုပ်သည် ဟူသောအဓိပ္ပာယ်ရသည်။ နမ့်ဆန်မြို့တည်ရာမြေသည် ရှေးကရေစိမ့်နေသောကြောင့် မြေကိုနင်းမိလျှင် ရေများ တုန်လှုပ်လေသည့်ပြင်၊ မြန်မာသက္ကရာဇ် ၁၂၂၈ ခု နတ်တော်လပြည့်ကျော် ၁၄ ရက်နေ့တွင် မြို့တည်သောအခါ ငလျင်ကြီးစွာတုန်လှုပ်သည်ကို အစွဲပြု၍ နမ့်ဆန်ဟုခေါ်တွင်လေသည်။

စီးပွားရေး[ပြင်ဆင်ရန်]

နမ့်ဆန်မြို့သည် လက်ဖက်စို လက်ဖက်ခြောက်တို့ထွက်၍ ကျော်ကြားသည်။ မြန်မာနိုင်ငံတွင် လက်ဖက်စို လက်ဖက်ခြောက်များအနက် နမ့်ဆန်မြို့နှင့် ယင်းမြို့တစ်ဝိုက်မှ ထွက်သည်ကများသည်။ နှစ်စဉ်လိုပင် လက်ဖက်စိုခြောက် တန်ပေါင်းသိန်းနှင့်ချီ၍ တင်ပို့နိုင်သည်။ နာမည်ကျော် အတွင်းတောင်လက်နှင့် ဇယန်းလက်ဖက်တို့ သည် နမ့်ဆန်မြို့တစ်ဝိုက်မှထွက်သည်။ ဇယမ်းတောင်တန်းကြီးသည် နမ့်ဆန်မြို့ထက်မြင့်သည်။ လက်ဖက်ပင်တို့၏ သဘာဝသည် အထက်သို့မြင့်လေ အမျိုးအစားပို၍ကောင်းလေဖြစ်ရာ ဇယမ်းလက်ဖက်သည် မျိုးကောင်းလေ၏။ စစ်မဖြစ်မီက လက်ဖက်ခြောက်လုပ်ငန်းများကို ဘုံဘေဘားမား ထရိတ်ဒင်းကုမ္ပဏီက အကြီးအကျယ်ချုပ်ကိုင်၍ လုပ်ကိုင်သည်။ ယခုတိုင်လည်း နမ့်ဆန်မြို့၌ လက်ဖက်ခြောက်စက်ရုံတစ်ရုံ တည်ထားသည်။ ပလောင်မတံဆိပ်လက်ဖက်ခြောက်သည် ယင်းစက်ရုံထွက်ဖြစ်သည်။ စစ်ပြီး နောက်ပိုင်းတွင်မူ အချိုသောက်၊ အဖန်သောက်လက်ဖက်ခြောက်များကို အိမ်တွင်း လုပ်ငန်းအဖြစ် အကြီးအကျယ် လုပ်ကိုင်ကြသည်။ တပေါင်းတန်ခူးလများတွင် လက်ဖက်ပင်များ ရွက်နုတက်ချိန်ဖြစ်သဖြင့် လက်ဖက်ခူးရန် နမ်းခမ်း၊ မူဆယ်စသော အနီးအနားရှမ်းမြို့များမှ ယာသမားများ အမြောက်အမြားလာ၍ အလုပ်လုပ်ကြရာ အထူးပင်စည်ကားသည်။ နမ့်ဆန်မြို့သည် လက်ဖက်စိုခြောက်တို့၌သာမက မုန်ညင်းချဉ်ကောင်းထွက်သဖြင့်လည်း ရပ်ဝေးရပ်နီးကပင် မှာယူကြရသည်။

သယ်ယူပို့ဆောင်ရေး[ပြင်ဆင်ရန်]

နမ့်ဆန်မြို့သည် ကျောက်မဲမြို့နှင့် ကားလမ်းဆက်သွယ်ထားရာ ၇၆ မိုင်ဝေးသည်။ ဒုဋ္ဌဝတီခေါ် မြစ်ငယ်-နမ္မတူမြစ်ကို ကူးတို့နှစ်တန်ကူး၍ သီပေါမြို့သို့ ၄၉ မိုင်ဝေးသော လမ်းတစ်လမ်းနှင့် ကူးတို့တစ်တန်ကူး၍ နမ္မတူမြို့သို့ ၅၅ မိုင်၊ လားရှိုးမြို့သို့ ၇၁ မိုင်ဝေးသော မော်တော်ကားလမ်းများရှိသည်။ ယင်းလမ်းဖြင့် ပင်လက်ဖက်ကုန်များကို တင်ပို့ရသည်။ မိုင်းငေါ့မြို့ကလေးမှ ဇယမ်းတောင်ပေါ်အရောက် တောင်တက်လမ်းခရီးသာရှိရာ အထူးပင်ရှုခင်းသာသည်။

ထင်ရှားသောနေရာများ[ပြင်ဆင်ရန်]

နမ့်ဆန်မြို့မှာ တောင်စောင်းတောင်ခါးပန်းများကို ဖြိုညှိကာတည်ထားရကာ မြို့လယ်ခေါင်၌ လမ်းမကြီး တစ်လမ်းတည်းသာ ရှိ၏။ တစ်ဖက်တွင် ချောက်ကမ္ဘားရံကြီးများနှင့် တစ်ဖက်တွင်တောင်ကုန်းများဖြစ်ရာ ချောက်ကမ်းပါးဖက်မှ အိမ်များမှာ လမ်းမနှင့်ညီစေရန် ခြေတန်ရှည်ဆောက်ရ၍ တောင်ကမ်းပါးဖက်က အိမ်များမှာမူ တောင်ကိုဖြို ကာမြေညှိ၍ ဆောက်လုပ်ကြရသဖြင့် ၃ မိုင်ခန့်ရှည်လျားသော မြို့တန်းရှည်ကြီး ဖြစ်နေသည်။ အိမ်များသည် အများအားဖြင့် ဆင်တူဖြစ်သည်။ စော်ဘွားဟော်နန်းမှာ မြို့လမ်းရှိတောင်ထိပ်ကို မြေညှိလျက်ဆောက်လုပ်ထား၍ ပြဿဒ် ၃ ဆောင် စမုတ်ဆောင်နှင့် ရာဇပလ္လင်ရှိရာ ညီလာခံခန်းမကြီးမှာ အထူးပင်ခမ်းနားလှသည်။ ဟောအနီးရှိ စော်ဘွားဆရာတော်ကျောင်းကြီးမှာလည်း ခမ်းနားလှသည်။ ရေအားဖြင့် လျှပ်စစ်ဓာတ်အားပေးသဖြင့် အိမ်တိုင်းထွန်းနိုင်အောင် ပေါများလှသည်။ မြို့၏အရှေ့တာင်ဘက် ၁၀ မိုင်ကွာဝေးသော ပေ ၆၅၀၀ ကျော်မြင့်သည့် လွယ်ဆိုင်တောင်၌ သီရိဓမ္မာသောကမင်းကြီး တည်ထားတော်မူခဲ့သည့် ရှေးဟောင်းစေတီတော်တစ်ဆူနှင့် ထိုစေတီတော်၏ အရုဏ်ခံတန်ဆောင်းတွင် ပုဂံပြည်ရှင် အလောင်းစည်သူမင်း ပေးသနားတော်မူခဲ့သည့် သရက္ခန်နံ့သာဆင်းတုတော်တစ်ဆူ ရှိသည်။ ထို့ပြင် ဤလွယ်ဆိုင်တောင်ထိပ်၌ အလောင်းစည်သူမင်းပေးသနားတော်မူခဲ့သည့် ပထမဆုံးလက်ဖက်ပင်မှ လေးဆက်မြောက်လက်ဖက်ပင် ရှိလေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ ရှမ်းပြည်နယ် သန်းခေါင်စာရင်း အစီရင်ခံစာ၊ အတွဲ(၃ - ဍ)၊ ပြည်သူ့အင်အားဦးစီးဌာန၊ May 2015၊ p. ၃၃
  2. Myanmar rebels seize town from military junta despite China-backed ceasefire (in en) (2023-12-16)။ 2023-12-16 တွင် ပြန်စစ်ပြီး။