တိုင်လူမျိုးများ
တိုင်လူမျိုး (အင်္ဂလိပ်: Tai peoples) သို့မဟုတ် တိုင်းလူမျိုး တို့သည် အရှေ့တောင်အာရှ၊ တောင်အာရှနှင့် တရုတ်နိုင်ငံ တောင်ပိုင်းတို့တွင် ပြန့်နှံ့နေထိုင်ကြပြီး ဘုံဘာသာစကားမိသားစုတစ်ခုကို ပြောဆိုကြသော လူမျိုးစုကြီး ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် တိုင်နွယ်ဖွား လူမျိုးစုဝင်ပေါင်း ၉၃ သန်းခန့် ရှိမည်ဟု ခန့်မှန်းရပြီး ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ (အာသံပြည်နယ်) တို့တွင် အများစု နေထိုင်ကြသည်။[၁] ရှေးဦးတိုင်လူမျိုးများသည် တရုတ်နိုင်ငံတောင်ပိုင်းရှိ ယန်ဇီမြစ်ဝှမ်းဒေသမှ ဆင်းသက်လာခဲ့ကြသည်ဟု သမိုင်းပညာရှင်များက ယူဆကြသည်။
| |
|---|---|
တိုင်လူမျိုးများ၏ သမိုင်းဝင် ရွှေ့ပြောင်းအခြေချမှု လမ်းကြောင်းများ | |
| လူဦးရေ စုစုပေါင်း | |
| ၉၃ သန်းခန့် | |
| အများစု နေထိုင်သည့် နေရာ | |
| အရှေ့တောင်အာရှ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ အရှေ့အာရှ တရုတ်နိုင်ငံ (ယူနန်၊ ကွမ်ရှီး) တောင်အာရှ အိန္ဒိယနိုင်ငံ (အာသံ) | |
| ဘာသာစကား | |
| ခရာ-တိုင် ဘာသာစကားများ (အဓိကအားဖြင့် တိုင်ဘာသာစကားအခွဲများ) | |
| ကိုးကွယ်မှု | |
| အများစုမှာ ထေရဝါဒဗုဒ္ဓဘာသာ | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
| ခရာ-တိုင်နွယ်ဝင် လူမျိုးများ |
သမိုင်းကြောင်းနှင့် မျိုးရိုးဗီဇ
[ပြင်ဆင်ရန်]တိုင်လူမျိုးများ၏ ရွှေ့ပြောင်းအခြေချမှု သမိုင်းကြောင်းသည် ဘာသာဗေဒ၊ ရှေးဟောင်းသုတေသနနှင့် မျိုးရိုးဗီဇဗေဒဆိုင်ရာ အထောက်အထားများအရ လွန်ခဲ့သော နှစ်ပေါင်း ၅,၀၀၀ ကျော်ကပင် အမြစ်တွယ်ခဲ့ခြင်း ဖြစ်သည်။ မျိုးရိုးဗီဇဆိုင်ရာ လေ့လာမှုများအရ ရှေးဦးတိုင်လူမျိုး (Proto-Tai) များသည် တရုတ်ပြည်တောင်ပိုင်းရှိ ယန်ဇီမြစ်ဝှမ်းဒေသတွင် အခြေပြုခဲ့ကြပြီး၊ ၎င်းတို့အကြားတွင် ဖခင်ဘက်မှ ဆင်းသက်မှုကို ပြသသည့် Y-DNA Haplogroup O1a (O-M119) နှင့် O1b1 (O-M95) တို့ ထင်ရှားစွာ ပါဝင်နေခြင်းက ၎င်းတို့သည် အိမ်နီးချင်း ဩစထြိုအေးရှားတစ် (Austroasiatic) နှင့် အော်စထရိုနီးရှန်း (Austronesian) နွယ်ဝင်များနှင့် ဗီဇချင်း နီးစပ်မှုရှိကြောင်း ဖော်ပြနေသည်။[၂] အထူးသဖြင့် O1a သည် ကျောက်ခေတ်သစ်ကာလ တရုတ်ပြည် အရှေ့တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက်ရှိ စိုက်ပျိုးရေး လူ့အဖွဲ့အစည်းများနှင့် ဆက်နွှယ်နေပြီး၊ နောက်ပိုင်းတွင် တရုတ်ပြည်မကြီး၏ နယ်မြေချဲ့ထွင်မှုများကြောင့် တိုင်လူမျိုးများသည် တောင်ဘက်သို့ တဖြည်းဖြည်း ရွှေ့ပြောင်းဆင်းသက်ခဲ့ကြသည်။ ဘီစီ (၃) ရာစုနှင့် အေဒီ (၁) ရာစုအကြားတွင် ဟန်မင်းဆက်၏ နယ်မြေတိုးချဲ့မှုများကြောင့် တိုင်လူမျိုးများသည် ယနေ့ခေတ် ကွမ်ရှီးနှင့် ဗီယက်နမ်မြောက်ပိုင်းဒေသများသို့ စတင်ရောက်ရှိခဲ့ကြသည်။ ဤကာလအတွင်း မျိုးရိုးဗီဇအရ အရှေ့အာရှသားများနှင့် ဒေသရင်း အရှေ့တောင်အာရှသားများအကြား သွေးနှောပေါင်းစည်းမှုများ ပိုမိုဖြစ်ပေါ်ခဲ့ကာ၊ မိခင်ဘက်မှ ဆင်းသက်မှုကို ပြသသည့် mtDNA Haplogroups များဖြစ်သော B5a, F1a နှင့် M7b တို့သည် တိုင်လူမျိုးစုများအကြား ပျံ့နှံ့လာခဲ့သည်။[၃] အေဒီ ၈ ရာစုမှ ၁၂ ရာစုအတွင်းသည် တိုင်လူမျိုးများ၏ အကြီးမားဆုံးသော ရွှေ့ပြောင်းမှုကာလဖြစ်ပြီး၊ နန်ချောင် (Nanzhao) နိုင်ငံတော်၏ ဩဇာလွှမ်းမိုးမှုနှင့်အတူ တိုင်လူမျိုးများသည် ဧရာဝတီမြစ်ဝှမ်း၊ သံလွင်မြစ်ဝှမ်းနှင့် ကျောက်ဖယားမြစ်ဝှမ်းတစ်လျှောက်သို့ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့ကြသည်။ ဤရွှေ့ပြောင်းမှုသည် သမိုင်းပညာရှင် David Wyatt ၏ အဆိုအရ စိုက်ပျိုးရေးအတွက် မြေနုလွင်ပြင်များကို ရှာဖွေခြင်းနှင့် စစ်ရေးအရ နယ်မြေချဲ့ထွင်ခြင်းတို့ ပေါင်းစပ်နေပြီး၊ ယင်းမှတစ်ဆင့် မိုင်းမောလုံ (Mong Mao)၊ လန်နာ (Lanna) နှင့် ဆူခိုထိုင်း (Sukhothai) ကဲ့သို့သော အားကောင်းသည့် တိုင်မင်းဆက် နိုင်ငံတော်များ ပေါ်ထွန်းလာခဲ့သည်။[၄] ၁၃ ရာစုတွင် မွန်ဂိုတို့၏ ကျူးကျော်မှုနှင့် နန်ချောင်နိုင်ငံ ကျဆုံးမှုတို့သည် တိုင်လူမျိုးများ၏ ရွှေ့ပြောင်းမှုကို ပိုမိုမြန်ဆန်စေခဲ့ကာ၊ အနောက်ဘက်သို့ အာသံပြည်နယ် (အာဟုမ်) အထိလည်းကောင်း၊ တောင်ဘက်သို့ မလေးကျွန်းဆွယ်အထိလည်းကောင်း ရောက်ရှိသွားစေခဲ့သည်။ ယနေ့ခေတ် တိုင်နွယ်ဝင်များတွင် တွေ့ရှိရသော Haplogroup O2 (O-M122) သည် နောက်ပိုင်းမှ ရောက်ရှိလာသော အရှေ့အာရှ ဗီဇစီးဆင်းမှုများကို ပြသနေပြီး၊ ယင်းသည် တိုင်လူမျိုးများ၏ သမိုင်းတစ်လျှောက် အခြားလူမျိုးစုများနှင့် အပြန်အလှန် ထိတွေ့ပေါင်းစည်းခဲ့သည့် ဖြစ်စဉ်ကို ခိုင်မာစေသည်။[၅] ဤကဲ့သို့ ရှည်လျားလှသော ရွှေ့ပြောင်းမှုခရီးစဉ်တစ်လျှောက် တိုင်လူမျိုးများသည် မိမိတို့၏ ဘုံအက္ခရာ၊ စိုစွတ်စပါးစိုက်ပျိုးနည်းစနစ်နှင့် ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှုတို့ကို ဒေသအသီးသီးသို့ သယ်ဆောင်အခြေချနိုင်ခဲ့ကြသဖြင့် ယနေ့အရှေ့တောင်အာရှ၏ လူဦးရေနှင့် ယဉ်ကျေးမှု အချိုးအစားတွင် အဓိကကျသော အစိတ်အပိုင်းအဖြစ် ရပ်တည်နေခြင်း ဖြစ်လေသည်။
ယဉ်ကျေးမှု
[ပြင်ဆင်ရန်]တိုင် (Tai) လူမျိုးများ၏ ယဉ်ကျေးမှု ဖြစ်တည်လာပုံသည် အရှေ့တောင်အာရှ သမိုင်းတစ်လျှောက် လူမျိုးစုကြီးများအကြား အပြန်အလှန် ထိတွေ့ဆက်ဆံပြီး အကောင်းဆုံးသောအချက်များကို ပေါင်းစပ်စုပ်ယူခဲ့သည့် ထူးခြားသော ဖြစ်စဉ်တစ်ခုဖြစ်သည်။ တိုင်တို့သည် အေဒီ ၁၃ ရာစုဝန်းကျင်မှစ၍ တောင်ဘက်သို့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းအခြေချရာတွင် ဒေသခံ မွန်-ခမာ (Mon-Khmer) တို့ထံမှ အဆင့်မြင့် ဗိသုကာပညာ၊ စိုက်ပျိုးရေးစနစ်နှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အနှစ်သာရများကို အခြေခံအဖြစ် လက်ခံရရှိခဲ့ကြရာ ယနေ့ခေတ် ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်ရှိ တိုင်နွယ်ဝင်များတွင် ခမာတို့၏ အနုပညာလွှမ်းမိုးမှုကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။[၆] တစ်ချိန်တည်းမှာပင် အိမ်နီးချင်း တိဗက်-ဗမာ (Tibeto-Burman) အုပ်စုဝင်ဖြစ်သော ဗမာတို့ထံမှ အုပ်ချုပ်ရေး ယန္တရား၊ ဓမ္မသတ်ဥပဒေများနှင့် ပြက္ခဒိန်တွက်ချက်ပုံ နက္ခတ္တဗေဒ ပညာရပ်များကို စုပ်ယူခဲ့ကြရာ ၎င်းကို လန်နာ (ဇင်းမယ်) နှင့် မြန်မာပြည်ရှိ ရှမ်းလူမျိုးများ၏ နန်းတွင်းအစဉ်အလာများတွင် အခိုင်အမာ တွေ့ရှိရသည်။[၇] ထို့ပြင် တိုင်တို့၏ မူလဇာစ်မြစ်အရ တရုတ် ယဉ်ကျေးမှုနှင့် နီးစပ်သော ယူနန်ဒေသရှိ တိုင်လူမျိုးစုများ (ဥပမာ- တိုင်လူး၊ တိုင်လေ) သည် လက်ဖက်စိုက်ပျိုးခြင်း၊ ပိုးထည်ယက်လုပ်ခြင်းနှင့် တရုတ်တို့၏ အစားအစာ ချက်ပြုတ်ပုံ ဓလေ့များကို ပိုမိုစုပ်ယူခဲ့ကြသည်။[၈] ဤသို့ဖြင့် တိုင်တို့သည် မိမိတို့ ရောက်ရှိရာ ဒေသအလိုက် မွန်-ခမာတို့၏ အနုပညာ၊ တိဗက်-ဗမာတို့၏ နန်းတွင်းအစဉ်အလာနှင့် တရုတ်တို့၏ လူမှုစီးပွားဗဟုသုတများကို ဟန်ချက်ညီညီ ပေါင်းစပ်နိုင်ခဲ့သဖြင့် ယနေ့ခေတ် ရှမ်း၊ ထိုင်း၊ လာအို နှင့် တရုတ်ပြည်ရောက် တိုင်နွယ်ဝင် ယဉ်ကျေးမှုများသည် အရှေ့တောင်အာရှတွင် ဒေသအလိုက် ကွဲပြားခြားနားစွာ တည်တံ့နေခြင်း ဖြစ်သည်။[၉] ယနေ့ခေတ်အထိ အစားအသောက်၊ ဘာသာစကားနှင့် ကိုးကွယ်ယုံကြည်မှုများတွင် ဤပေါင်းစပ်မှုမှာ ထင်ရှားနေဆဲ ဖြစ်သည်။ ဥပမာအားဖြင့် မြန်မာပြည်ရှိ ရှမ်းတို့၏ ဝတ်စားဆင်ယင်မှုနှင့် အဆောက်အအုံများတွင် မြန်မာ့ဟန်များကို တွေ့ရသလို၊ ယိုးဒယားတိုင် (Thai) တို့တွင် ခမာဗိသုကာနှင့် ဟိန္ဒူလွှမ်းမိုးမှုများ ပါဝင်နေခြင်း၊ တရုတ်ပြည်ရှိ တိုင်လူမျိုးစုများတွင် တရုတ်ရိုးရာ နေထိုင်မှုပုံစံများ ရောယှက်နေခြင်းတို့က တိုင်လူမျိုးများ၏ သဘောထားကြီးမှုနှင့် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ရှင်သန်တတ်သော "ပေါင်းစပ်ယဉ်ကျေးမှု" (Cultural Synthesis) စွမ်းရည်ကို ပြသနေပါသည်။
ယဉ်ကျေးမှုကြိုးဝိုင်း
[ပြင်ဆင်ရန်]တိုင်-ကဒိုင် ဘာသာစကားများ ပြောဆိုသူများသည် အရှေ့တောင်အာရှတစ်လွှား ပျံ့နှံ့နေထိုင်ကြပြီး ၎င်းတို့၏ ပထဝီဝင်၊ ကိုးကွယ်သည့်ဘာသာနှင့် သမိုင်းကြောင်းအရ ယဉ်ကျေးမှုကြိုးဝိုင်း (၄) ခုအဖြစ် အဓိက ခွဲခြားနိုင်သည်။[၁၀]
၁။ လန်နာ ယဉ်ကျေးမှုကြိုးဝိုင်း
[ပြင်ဆင်ရန်]ဤကြိုးဝိုင်းသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုမြောက်ပိုင်းတို့ကို လွှမ်းခြုံထားသည်။ ဤဒေသရှိ မျိုးနွယ်စုများသည် ထိုင်းဘာသာစကား နှင့် အလွန်နီးစပ်သော ဘာသာစကားများကို ပြောဆိုကြသည်။ ဂုံရှမ်း (Tai Khun)၊ လူးရှမ်း (Tai Lue) နှင့် တိုင်ယွန်း (Tai Yuan) တို့ဖြစ်သည်။၎င်းတို့သည် ရှေးဟောင်းမွန်နှင့်ဗမာ က္ခရာမှ ဆင်းသက်လာသော တိုင်သမ် (Tai Tham) အက္ခရာကို ဘုံစာပေအဖြစ် အသုံးပြုကြသည်။[၁၁] ဂုံရှမ်းနှင့် လူးရှမ်းစကားများသည် ဗဟိုထိုင်းစကားနှင့် အသံထွက် ၈၀% ခန့် တူညီသဖြင့် အပြန်အလှန် နားလည်နိုင်စွမ်း မြင့်မားသည်။
၂။ ရှမ်း သို့မဟုတ် မိုင်းမောလုံ ကြိုးဝိုင်း
[ပြင်ဆင်ရန်]ဤကြိုးဝိုင်းသည် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ကချင်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံ အာသံပြည်နယ်အထိ ကျယ်ပြန့်သည်။ ရှမ်းကြီး (တိုင်းလုံ)၊မောရှမ်း ၊ ခန္တီးရှမ်း နှင့် တိုင်းလေ တို့ဖြစ်သည်။ဝိုင်းစက်သော ပုံသဏ္ဌာန်ရှိသည့် တိုင်တို (သို့မဟုတ်) တိုင်လုံ အက္ခရာကို အသုံးပြုသည်။ ဗမာစာအရေးအသားစနစ်၏ လွှမ်းမိုးမှုရှိသည်။ တိုင်-ကဒိုင် အရင်းခံဖြစ်သော်လည်း တိဗက်-ဗမာဘာသာစကားအုပ်စုဝင် မြန်မာစကား၏ လွှမ်းမိုးမှုကြောင့် ဂုံ/လူး/ထိုင်း စကားများနှင့် အသံနေအသံထား သိသိသာသာ ကွဲပြားသွားသည်။
၃။ ဆိုင်ယမ် ကြိုးဝိုင်း
[ပြင်ဆင်ရန်]ထိုင်းနိုင်ငံအလယ်ပိုင်း ကျောက်ဖရားမြစ်ဝှမ်းဒေသကို အခြေပြုသည်။ထိုင်း (Siamese)။ ခမာ (Khmer) ယဉ်ကျေးမှုနှင့် ပါဠိ၊ သက္ကတ ဝေါဟာရများ အများဆုံး ရောနှောနေသည်။ခမာစာပေမှာဆင်းသက်လာသော ထိုင်းအက္ခရာကို အသုံးပြုသည်။
၄။ လာအို-အီသန် ကြိုးဝိုင်း
[ပြင်ဆင်ရန်]မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ လာအိုနိုင်ငံ နှင့် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း (အီသန်ဒေသ) တို့ ပါဝင်သည်။ လာအိုလူမျိုး နှင့် အီသန်လူမျိုးတို့ပါဝင်သည်။လန်ဆန်း (လင်းဇင်) အင်ပါယာ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းထားပြီး "ခေန်း" (Khene) လေမှုတ်တူရိယာမှာ အဓိက အမှတ်အသားဖြစ်သည်။
ယဉ်ကျေးမှုကြိုးဝိုင်းများ နှိုင်းယှဉ်ချက်ဇယား
[ပြင်ဆင်ရန်]| ကြိုးဝိုင်း | မျိုးနွယ်စု | စာပေ | ဘာသာစကား ဆင်တူမှု |
|---|---|---|---|
| လန်နာ | ဂုံ၊ လူး၊ ယွမ် | တိုင်သမ် (လန်နာစာ) | ထိုင်းစကားနှင့် အလွန်တူ |
| ရှမ်း | ရှမ်းကြီး၊ ခမ်းတီး | တိုင်တို (ရှမ်းစာ) | မြန်မာသံ ဝဲသည် |
| ဆိုင်ယမ် | ထိုင်း (အလယ်ပိုင်း) | ထိုင်းစာ | (မူလရင်းမြစ်) |
| လာအို | လာအို၊ အီသန် | လာအိုစာ | ထိုင်းစကားနှင့် ၈၀% တူ |
တိုင် လူမျိုးများ၏ ဘာသာစကားနှင့် မျိုးရိုးဗီဇဆိုင်ရာ လေ့လာချက်
[ပြင်ဆင်ရန်]အနောက်တောင်တိုင် (Southwestern Tai) မျိုးနွယ်စုများသည် ခရာ-ဒိုင် ဘာသာစကားများ မိသားစု၏ အကြီးမားဆုံးသော အခွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နှင့် တရုတ်နိုင်ငံ တို့တွင် ပျံ့နှံ့နေထိုင်ကြသည်။ ၎င်းတို့အကြားတွင် ဘာသာစကားအရ နီးစပ်မှုရှိသော်လည်း မျိုးရိုးဗီဇ (Genetic) ပိုင်းတွင် ဒေသအလိုက် ကွဲပြားမှုများ ရှိနေသည်။[၁၂]
ဘာသာစကားဆိုင်ရာ ကွဲပြားမှု (Linguistic Divergence)
[ပြင်ဆင်ရန်]အနောက်တောင်တိုင် ဘာသာစကားများကို အဓိကအားဖြင့် အုပ်စု (၃) စု ခွဲခြားနိုင်သည် -
- ရှမ်း-ခန္တီး အုပ်စု (Shan-Khamti): ရှမ်းဘာသာစကား၊ ခမ်းတီးရှမ်း နှင့် တိုင်လေ သာစကားတို့ ပါဝင်သည်။ ဤအုပ်စုသည် အသံထွက်ပြတ်သားပြီး တိဗက်-ဗမာနွယ်ဝင် ဘာသာစကားများ၏ လွှမ်းမိုးမှုကို အများဆုံးခံရသည်။
- ယွန်း-လူး-ဂုံ အုပ်စု (Lanna-Lue-Khun): ဂုံရှမ်း၊ လူးရှမ်း နှင့် ယွန်းရှမ်း ပါဝင်သည်။ ဤအုပ်စုသည် အသံထွက်ပိုင်းတွင် အချင်းချင်း နားလည်နိုင်စွမ်း အလွန်မြင့်မားပြီး အသံစွဲဆိုပုံချင်း တူညီကြသည်။
- ထိုင်း-လာအို အုပ်စု (Thai-Lao): ထိုင်းဘာသာစကား နှင့် လာအိုဘာသာစကားတို့ ပါဝင်သည်။ ခမာနှင့် ပါဠိ၊ သက္ကတ ဝေါဟာရများ အများအပြား ရောနှောနေသည်။
မျိုးရိုးဗီဇဆိုင်ရာ ကွဲပြားမှု (Genetic Variation)
[ပြင်ဆင်ရန်]မျိုးရိုးဗီဇ သုတေသနပြုချက်များအရ အနောက်တောင်တိုင် လူမျိုးများသည် ၎င်းတို့အခြေချရာ ဒေသရှိ မူလဒေသခံများနှင့် သွေးနှောခဲ့ကြသည်ကို တွေ့ရှိရသည်။ [၁၃]
- မြောက်ပိုင်းနှင့် အနောက်ပိုင်းအုပ်စု (ရှမ်း၊ ဂုံ၊ လူး): ဤအုပ်စုများသည် မျိုးရိုးဗီဇအရ တိဗက်-ဗမာ (Tibeto-Burman) မျိုးနွယ်များနှင့် ပိုမိုနီးစပ်သည်။ အထူးသဖြင့် ရှမ်းလူမျိုးများသည် DNA အရ ဗမာလူမျိုးများနှင့် ပိုမိုနီးစပ်ပြီး ဘာသာစကားအရသာ တိုင်နွယ်ဝင် ဖြစ်နေခြင်းမျိုး တွေ့ရသည်။[၁၄]
- ဗဟိုနှင့် တောင်ပိုင်းအုပ်စု (ထိုင်း၊ လာအို): ဤအုပ်စုများတွင် မွန်-ခမာ (Mon-Khmer) မျိုးရိုးဗီဇ လွှမ်းမိုးမှု အားကောင်းသည်။ အထူးသဖြင့် ထိုင်းနိုင်ငံအလယ်ပိုင်းသားများတွင် ရှေးဟောင်း မွန်လူမျိုးတို့၏ မျိုးရိုးဗီဇ DNA မြင့်မားစွာ ပါဝင်နေသည်။
နှိုင်းယှဉ်ချက်ဇယား
[ပြင်ဆင်ရန်]| မျိုးနွယ်စု | ဘာသာစကားအုပ်စု | မျိုးရိုးဗီဇ နီးစပ်မှု | အဓိက လွှမ်းမိုးမှု |
|---|---|---|---|
| ရှမ်းကြီး | ရှမ်း-ခမ်းတီး | တိဗက်-ဗမာနွယ်ဝင် | မြန်မာ (ဗမာ) |
| ဂုံ / လူး | လန်နာ-လူး-ဂုံ | တိုင်-ကဒိုင် အရင်းခံ | လန်နာယဉ်ကျေးမှု |
| ထိုင်း | ဆိုင်ယမ် (Siamese) | မွန်-ခမာ (Austroasiatic) | ခမာ (Cambodian) |
| လာအို | လာအို-အီသန် | မွန်-ခမာ (Austroasiatic) | လန်ဆန်းယဉ်ကျေးမှု |
အနောက်တောင်တိုင် လူမျိုးများသည် "ဘာသာစကားအရ တူညီသော်လည်း မျိုးရိုးဗီဇအရ ကွဲပြားခြင်း" (Linguistically similar but genetically diverse) ဟူသော လက္ခဏာကို ဆောင်ကြသည်။ ၎င်းသည် ရှေးဦးတိုင်လူမျိုးများ (Proto-Tai) တောင်ဘက်သို့ ရွှေ့ပြောင်းအခြေချရာတွင် ဒေသခံလူမျိုးစုများကို ဝါးမြိုခြင်း (Assimilation) ထက် အတူတကွ သွေးနှောနေထိုင်ခဲ့ခြင်းကို သက်သေပြနေသည်။
အနောက်တောင်ပိုင်းတိုင်လူမျိုးများစာရင်း
[ပြင်ဆင်ရန်]မြောက်ပိုင်းဌာနခွဲ
[ပြင်ဆင်ရန်](မြန်မာနိုင်ငံ မြောက်ပိုင်း၊ အိန္ဒိယ အရှေ့မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အနောက်ပိုင်းတွင် နေထိုင်ကြသည်။)
- ရှမ်းကြီး (Tai Long/Shan)
- ယာရှမ်း (Tai Ya)
- တိုင်းလေ (Tai Le/Tai Nüa) — တရုတ်ရှမ်း သို့မဟုတ် တယ်ဟုန်ရှမ်းဟုလည်း ခေါ်သည်။
- ဟုံကျင်ရှမ်း (Tai Hongjin)
- ခန္တီးရှမ်း (Tai Khamti)
- ရှမ်းနီ (Tai Lai/Tai Laeng)
- ဖကေးရှမ်း (Tai Phake)
- အိတွန်ရှမ်း (Tai Aiton)
- ခမ်ယန် (Tai Khamyang)
- အဟုံရှမ်း (Ahom)
- တူရုင် (Turung)
- သာပါ (Sapa)
ကျိုင်းသေဉ်ဌာနခွဲ (Chiang Saen Branch)
[ပြင်ဆင်ရန်]- ထိုင်း (Central Thai)
- ယွန်း (Northern Thai/Lanna)
- လာအို (Lao)
- တိုင်ဒေန်း (Tai Daeng) — တိုင်နီ (Red Tai)
- ဒွန်ရှမ်း (Tai Don) — တိုင်ဖြူ (White Tai)
- ဟန်တုံရှမ်း (Tai Hang Tong)
- တိုင်လူး (Tai Lü) — စစ်ဆောင်ပန္နားရှမ်း
- တိုင်ဒမ် (Tai Dam) — တိုင်နက် (Black Tai)
- တိုင်းဂုံ (Tai Khün) — ကျိုင်းတုံရှမ်း
- ဖူအန် (Phuan)
- သောင်ထိုင်း (Thai Song)
- တိုင်တပ် (Tày Tac)
တောင်ပိုင်းအုပ်စု (Southern Group)
[ပြင်ဆင်ရန်]- ထိုင်းတောင်ပိုင်း (Southern Thai/Pak Thai)
တရုတ်အနောက်တောင်ပိုင်းတိုင်အုပ်စုများနှင့် အမည်များ
[ပြင်ဆင်ရန်]| တရုတ်အမည် | Pinyin | Tai Lü | Tai Nüa | ထိုင်း | အခြားအမည်များ | နေထိုင်ရာဒေသ |
|---|---|---|---|---|---|---|
| 傣仂 (西雙版納傣) |
Dǎilè (Xīshuāngbǎnnà Dǎi) |
tai˥˩ lɯː˩ | ลื้อ | Tai Lü, Tai Lue, တိုင်လူး | Xishuangbanna (တရုတ်) | |
| 傣哪 (德宏傣) |
Dǎinǎ (Déhong Dǎi) |
tai˥˩ nəː˥ | တိုင်လေ tai˥ lə˧˩ |
คงเหนือ, ไทใต้คง | Tai Nüa, တိုင်နူ၊ တယ်ဟုန်ရှမ်း၊ တရုတ်ရှမ်း | Dehong (တရုတ်)၊ မြန်မာနိုင်ငံ |
| 傣擔 | Dǎidān | tai˥˩ dam˥ | ไทดำ, ลาวโซ่ง | Tai Dam, Black Tai, တိုင်နက်၊ လာအိုဆုန်း | Jinping (တရုတ်)၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ | |
| 傣繃 | Dǎibèng | tai˥˩ pɔːŋ˥ | เมา | Tai Pong, တေပွန်၊ ရှမ်းမော | Ruili, Gengma (တရုတ်)၊ မဲခေါင်မြစ်တစ်လျှောက် | |
| 傣端 | Dǎiduān | tai˥˩ doːn˥ | ขาว | Tai Don, White Tai, တိုင်ဒွန်၊ တိုင်ဖြူ | Jinping (တရုတ်)၊ ဗီယက်နမ်နိုင်ငံမြောက်ပိုင်း | |
| 傣雅 | Dǎiyǎ | tai˥˩ jaː˧˥ | หย่า | Tai Ya, တိုင်ယာ | Xinping, Yuanjiang (တရုတ်) | |
| 傣友 | Dǎiyǒu | tai˥˩ jiu˩ | แดง | Tai You, တိုင်ယို | Yuanyang (တရုတ်)၊ နီမြစ် (Red River) တစ်လျှောက် | |
| * မှတ်ချက်။ ။ လာအိုဆုန်း (Lao Song) သည် "ဘောင်းဘီနက်ဝတ် လာအို" ဟု အဓိပ္ပာယ်ရသည်။ | ||||||
ကိုးကား
[ပြင်ဆင်ရန်]- ↑ Eberhard, David M., Gary F. Simons, and Charles D. Fennig (eds.). (2021). Ethnologue: Languages of the World.
- ↑ Kutanan, W., et al. (2021). Contrasting maternal and paternal genetic variation of hunter–gatherer groups in Thailand. *Scientific Reports*.
- ↑ He, J., et al. (2020). Genetic origin and linguistic affinity of the Tai–Kadai-speaking Sui people. *American Journal of Physical Anthropology*.
- ↑ Wyatt, D. K. (2003). *Thailand: A Short History*.
- ↑ Pitta, S., et al. (2021). Genetic History of Southeast Asian Populations. *Human Biology*.
- ↑ G. Coedès, "The Indianized States of Southeast Asia", 1968.
- ↑ Victor Lieberman, "Strange Parallels: Southeast Asia in Global Context", 2003.
- ↑ David K. Wyatt, "Thailand: A Short History", 2003.
- ↑ Susan Conway, "The Shan: Culture, Art and Crafts", 2006.
- ↑ Ostapirat, Weera. (2000). Proto-Kra. Linguistics of the Tibeto-Burman Area.
- ↑ Grabowsky, Volker. (2007). The Lanna Cultural Circle.
- ↑ Pittayaporn, Pittayawat. (2009). The Phonology of Proto-Tai. PhD dissertation, Cornell University.
- ↑ Kutanan, W. et al. (2017). Genetic structure of Tai-Kadai speaking groups in Thailand. Gene Journal.
- ↑ Zhang, X. et al. (2014). Genetic structure of the Tai-Kadai groups in Southern China and SE Asia.