မာတိကာသို့ ခုန်သွားရန်

ရှင်ဘို့မယ်ဘုရား

ဝီကီပီးဒီးယား မှ

ရှင်ဘို့မယ်ဘုရားသည် မန္တလေးမြို့ချမ်းအေးသာဇံမြို့နယ် ၈၄-လမ်း။ ၂၉နှင့် ၃၀-လမ်းကြား လမ်း အရှေ့ဘက်တွင် တည်ရှိသည်။ ထို့ကြောင့် ဈေးချိုနဲ့လည်းနီးပြီး မြို့လယ်ခေါင် လူစည်ကားရာအရပ်တွင် တည်ရှိလေသည်။ အနာက်ဘက်တွင် ခတ္တိယအနွယ်ဝင်များ နေထိုင်ရာ ခတ္တိယဝင်း တည်ရှိသည်။ အင်းဝနေပြည်တော် မင်းငါးဆက်တိုင် မိဖုရားကြီးအဖြစ် ချီးမြှင့်မြှောက်စားခြင်းခံရသူ ရုပ်ချောသူ မိဖုရားကြီး စောဘို့မယ် (ခေါ်) ရှင်ဘို့မယ်က သက္ကရာဇ် ၇၉၂ - ခုနှစ်တွင် ရှေးခေတ်အခေါ် ခတ္တိယရွာဦးထိပ်၌ တည်ထားကိုးကွယ်တော်မူခဲ့သည်။

ထိုဘုရားကို ရှေးယခင် လူများက ခတ္တိယဘို့မယ်ဘုရားဟု ခေါ်တွင်ခဲ့ကြသည်။ ယခုအခါ ခတ္တယ(ခတိယ) ပျောက်၍ ရှင်ဘို့မယ်ဘုရားဟု ခေါ်တွင်ကြသည်။ ဝင်းအတွင်း တည်ရှိသဖြင့် စေတီတန်ဆောင်း ဓမ္မာရုံတို့ ဝန်းရံပြည့်ကျပ်နေသည်။ ရာဇဝင်အရ မိဖုရားကြီး ရှင်ဘို့မယ်၏ နောက်ဆုံးကြင်ယာတော် မိုးညှင်းမင်းတရားကြီးသည် မိဖုရားရှင်ဘို့မယ် ဘုရားတည်သော (၇၉၂)ခုနှစ်တွင် မိမိစစ်စခန်းချ၍ နေထိုင်ခဲ့ဘူးသော စစ်ကိုင်းမြို့ ထန်းတောဥယျာဉ်၌ ရတနာစေတီ ဆင်များရှင် အမည်ရှိ ဘုရားစေတီတော် တစ်ဆူကိုလည်း တည်ထားခဲ့သည်။ ရှင်ဘို့မယ်သည် သီဟသူမင်း၏ မြေးတော် သိင်္ခသူနှင့် မင်းကြီးစွာစော်ကဲ၏ သမီးတော် လောကဒေဝီမှ မွေးဖွားခဲ့သဖြင့် မာနခဲ ရုပ်ချောမင်းသမီးဟု ထင်ရှားသည်။ အင်းဝမင်း (၄)ဆက်မြောက် မင်းဆွေ (ခေါ်) ပထမမင်းခေါင်းကြီးက သူမ (၈)နှစ်သမီးအရွယ်ကပင် တော်ကောက်၍ မိဖုရားခေါင်ကြီးအဖြစ် ချီးမြှင့်မြှောက်စားခဲ့သည်။ မြန်မာရာဇဝင်တွင် ရှင်ဘို့မယ်သည် အသက်အငယ်ဆုံး မိဖုရား တစ်ဦးဖြစ်သည်။

ရှင်ဘို့မယ်ဘုရားသည် မန္တလေးမြို့သက်ထက် စောသော ဘုရားတစ်ဆူဖြစ်သည်။ လိုဏ်ဂူဘုရားဖြစ်၍ ရုပ်ပွားတော် တစ်ဆူပူဇော်ထားသည်။ ဉာဏ်တော် အတောင် သုံးဆယ်ကျော် ရှိသည်။ စေတီတော်၏ ပတ်လည်တွင် ခေတ်အဆက်ဆက် ရုပ်ပွားဆင်းတုတော်များ ပူဇော်ထားရှိသည်။ နှစ်စဉ်ဘုရားပွဲတော် သီတင်းကျွတ်လပြည့်ကျော်တွင် ကျင်းပသည်။ ပဋ္ဌာန်းရွတ်ဖတ်ပွဲများလည်း ကျင်းပသဖြင့် စည်ကားသော မြို့လယ်မှ ဘုရားတစ်ဆူ ဖြစ်သည်။[]

ကိုးကား

  1. နတ်မောက်ထွန်းရှိန် ရေး မန္တလေး ရတနာပုံ ဘုရားစုံ ၊ ဩဂုတ်လ၊ ၂၀၁၇-ခုနှစ်၊ စာ-၃၅၈