ခွန်သာဒွန်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ခွန်သာဒွန်း

ခွန်သာဒွန်း[ပြင်ဆင်ရန်]

ပအိုဝ်း ခေတ်ပေါ် တေးသီချင်းများကို ပထမဆုံး သီဆိုမွေးထုတ်ခဲ့သူ ခွန်သာဒွန်းသည် ကောဇာသက္ကရာဇ် ၁၃၀၆ ခု သီတင်းကျွတ်လာဆန်း (၈)ရက်နေ့တွင် တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာနေ ဗိုလ်ဟိန်မောင် (ပအမဖ ဥက္ကဋ္ဌ)နှင့် နန်းလွဉ်း တို့၏ ဖွားမြင်သည့် သားသမီး (၇)ဦးအနက် ဒုတိယ အကြီးဆုံးသော သားဖြစ်သည်။ ခွန်သာဒွန်းသည် အသက် (၇)နှစ်အရွယ်တွင် ကလောမြို့ ဂျိန်းစ်ဝတ် နှစ်ခြင်းခရစ်ယာန်ကျောင်း၌ စတင်ပညာသင်ကြားပြီး ပဉ္စမတန်းပညာကို သင်ယူစဉ် ဖခင်ဖြစ်သူ ဗိုလ်ဟိန်မောင်က လုပ်ကြံသတ်ဖြတ် ဖျောက်ဖျခြင်းကို ခံခဲ့ရသည်။ န၀မတန်း ပညာသင်နှစ်တွင် စာမေးပွဲကျရှုံးသဖြင့် "ကျနော်ဟာ အများထမင်းကို စားတယ်ဆိုတော့ အများရဲ့ ထမင်းကျေးဇူးကို ပြန်ဆပ်မည်ဟု" ဆိုကာ ကျောင်းထွက်ရန် သံဒိဋ္ဌာန်ချပြီး တောင်ကြီးမြို့နယ်နားဗောင်ရွာတွင် ကျောင်းဆရာလုပ်ရန် ရည်ရွယ်ခဲ့သည်။ သို့သော်လည်း ကျောင်းထွက်မည်ဟု သူ၏ ဆုံးဖြတ်ချက်ကို သူ့အဖိုး ဖြားထွဉ်က သဘောမတူသဖြင့် ပညာကို ဆက်လက်သင်ကြားစေခဲ့သည်။ အသက် (၁၈)နှစ်အရွယ်တွင် တောင်ကြီးမြို့ အထက်တန်းကျောင်း အမှတ် (၂)တွင် ပညာဆက်လက်သင်ကြားခဲ့သည်။ ခရစ်သက္ကရာဇ် ၁၉၆၆ တွင် ဆေးသက္ကသိုလ်(၂) ရန်ကုန်တွင် တက်ရောက်ပညာသင်ယူခဲ့သည်။ ၁၉၇၂ တွင် ဆေးတက္ကသိုလ်တွင် ဘီဗွီအဲစ် တိ.မွေး.ကု တိရစ္ဆာန်ဆရာဝန်ဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့သည်။၁၉၇၁-၇၂ တွင် ဆေးတက္ကသိုလ်ပညာသင်ယူစဉ် တက္ကသိုလ်များရန်ကုန်တွင် ပအိုဝ်းကျောင်းသူကျောင်းသားများ ထုတ်ဝေသည့် ပထမအကြိမ် ပအိုဝ်းစာပေမဂ္ဂဇင်းတွင် အယ်ဒီတာ (ပအိုဝ်းစာ) တာဝန်ကို ဆောင်ရွက်ခဲ့သည်။ ထိုအပြင် တက္ကသိုလ်များရန်ကုန်တွင် ကျောင်းသားသစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ဖြစ်မြောက်ရေးအတွက် အဓိကဦးဆောင်သူတဦးလည်းဖြစ်သည်။ပအိုဝ်းတေးဂီတ အဖွဲ့(၂)ဖွဲ့ဖြစ်သည့် "မျိုခွန်ခွို" နှင့် "ကောဝ်းတုဲင်မွံ" တို့ကို တည်ထောင်ပေးခဲ့သူလည်း ဖြစ်သည်။ ခွန်သာဒွန်း ပထမဆုံး ရေးသား သီဆိုသည့် သီချင်းမှာ "နောင်ရွီး" ဖြစ်ပြီး သီချင်း၏ အနှစ်သာရက ပအိုဝ်းတော်လှန်ရေးကို ဖော်ထုတ်ပေးသည့် သီချင်းဖြစ်သည်။ ယနေ့ထိတိုင် မရိုးနိုင်သေးသည့် သူ၏သီချင်းသည် "တီးရီးရီး ရျော့" ဖြစ်သည်။ ထိုသီချင်းသည် ပအိုဝ်းနေ့ထူးနေ့မြတ်နှင့် ပွဲလမ်းသဘင်များတွင် လူငယ်မောင်မယ်မက သက်ကြီးရွယ်အိုပါ အမြဲလိုလို သီဆိုဖျော်ဖြေကြသည်ကို တွေ့ရသည်။ ခွန်သာဒွန်း ပါဝင် သီဆိုထားခဲ့သည့် သီချင်းခွေ စုစုပေါင်း(၄)ခွေရှိသည်။တက္ကသိုလ်တွင် ဘွဲ့ရပြီးနောက် ၁၉၇၂ တွင် မွေးရပ်ဇာတိကို ပြန်လာပြီး တောင်ကြီးမြို့နယ် လုံးဟီးရွာတွင် စေတနာဝန်ထမ်းဖြင့် ကလေးများကို ပညာသင်ကြားပေးပြီး ကျောင်းဆရာ တစ်နှစ် လုပ်ခဲ့သည်။ ထိုနှစ်တွင် ခွန်သာဒွန်းသည် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်နေ ဆရာစံတူနှင့် နန်းဗဲတို့၏ သမီး နန်းစန်းကြည်နှင့် အိမ်ထောင်ပြုခဲ့သည်။ ၁၉၇၃ တွင် ပင်းတယမြို့နယ်ဦးစီးမှူးမှ တိရိစ္ဆာန်မွေးမြူရေး တာဝန်ကို (၄)နှစ်ကြာထမ်းဆောင်ခဲ့သည်။ ထိုနောက် ၁၉၇၆ တွင် ဘန်းယဉ်၏ တောင်ဘက် နမ်းဟူ စိုက်ပျိုးမွေးမြူရေးဌာနဦးစီးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၇၈ တွင် ဆီဆိုင်မြို့၌ နေထိုင်စဉ် မြို့နယ် လုပ်ငန်း စစ်ဆေးရေးအဖွဲ့ဝင်နှင့် ပအို၀်းစာပေယဉ်ကျေးမှုအဖွဲ့ဝင်လည်း ဆောင်ရွက်ခဲ့သည်။၁၉၇၈ ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့ ည (၇)နာရီအချိန်တွင် အသက်(၃၄)နှစ်အရွယ် ခွန်သာဒွန်းသည် ဆီဆိုင်မြို့ရှိ ၎င်းနေအိမ်၌ ဗမာပြည်ကွန်မြူနစ်ပါတီ ဩဇာလွမ်းမိုးထားသည့် ရလလဖ အဖွဲ့၏ ရဲဘော်တစ်ယောက်က ဝင်ရောက် ပစ်သတ်ခြင်းကို ခံခဲ့ရသည်။ ၎င်း၏ ဇနီးနှင့်အတူ သားသမီးများဖြစ်သော ခွန်သိန်း၊ ခွန်ဗညား နှင့် နန်းသာသာထွေး တို့ကျန်ရစ်ခဲ့သည်။ လုပ်ကြံပစ်သတ်ခြင်းခံရသော ခွန်သာဒွန်းသည် ပအိုဝ်းအမျိုးသားများအတွက် ပြန်အစားထိုးလို့မရသည့် ကြီးမားသော နစ်နာဆုံးရှုံးမှု တစ်ရပ်ဖြစ်ခဲ့ရသည်။ သို့သော်လည်း ခွန်သာဒွန်း၏ မွေးထုတ်ထားသော ခေတ်သစ် ပအိုဝ်းဂီတစာဆို အနုပညာသည် ယနေ့ထိတိုင် ရှင်သန်နေပြီး ကမ္ဘာတည်နေသရွေ့ ဆက်လက်၍ ရှင်သန်နေဦးမည် ဖြစ်သည်။