အောင်ခမ်းထီ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မိသားစု[ပြင်ဆင်ရန်]

ဗိုလ်မှူးကြီးအောင်ခမ်းထီသည် ခရစ်သက္ကရာဇ် ၁၉၃၆ ခုနှစ် ဧပြီလ (၂၇)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးကျေးရွာအုပ်စု၊ ထီလုံရွာနေ ပအိုဝ်းပိန္တောဆေးဆရာ ဂျန်ဖာစာရိန္တနှင့် ဂျန်မွိုးလုဲင်းတို့မှ ဖွားမြင်သည့် သားသ္မီး(၁၁)ဦးအနက် ဒုတိယအငယ်ဆုံးသား ဖြစ်သည်။ အောင်ခမ်းထီ၏ ငယ်မည်မှာ ခွန်ကီး ဖြစ်သည်။ အောင်ခမ်းထီသည် (?)ခုနှစ်တွင် နန်းဖျူးနှင့် အိမ်ထောင်ကျ၍ သားသ္မီး(၆)ဦးထွန်းကားပြီး ၎င်းတို့မှာ နန်းလုံခမ်၊ ခွန်စိန်မင်း၊ ခွန်အောင်းကျေား၊ အောင်းခမ်း၊ နန်းခံရွဉ်၊ ခွန်အောင်းခမ်းကွို တို့ဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

အောင်ခမ်းထီ (ခ) ခွန်ကီးသည် အသက်(၉)နှစ်ရသောအခါ မိဘနှစ်ပါးက ကျောက်တလုံးရှိ နောင်ဆိုင်ကျောင်းထိုင်ဆရာတော် ဦးကေသာရထံ ပညာသင်ယူစေခဲ့သည်။ ၎င်း၏ အသက် (၁၀)နှစ်ရသောအခါ ဆရာတော် ဥပဇ္ဈာယ်ပြု၍ ရှင်ဂန္ဓမာ ဘွဲ့မည်ဖြင့် ရှင်ပြုခဲ့သည်။ ၁၃၀၉ တွင် ရှင်ဂန္ဓမာသည် အင်းလေးကန်ရှိ အင်းပေါခုံရွာကြီး၌ ဖွင့်လှစ်ထားသော အထက်တန်းကျောင်းသည် ပညာဆက်လက်သင်ကြားခဲ့သည်။ ထိုကျောင်းသည် နေ့ခင်းပိုင်းအချိန်တွင် လောကုတ္တရားဖြစ်သည့် သဒ္ဒါ၊ သဂြိုဟ် သင်ယူပြီး ညနေပိုင်းအချိန်တွင် လောကီပညာဖြစ်သော သင်္ချာ၊ အင်္ဂလိပ်စာကို ဆရာဦးဘိုရွှေနှင့် ဆရာဦးလှဖေတို့ထံ သင်ယူခဲ့သည်။

၁၉၅၀ တွင် ရှင်ဂန္ဓမာသည် မန္တလေးမြို့၌ မဟာနန္ဒိသေနာရာမတိုက်တွင် ပညာဆက်လက်သင်ယူပြီး ထိုမှတဆင့် ရန်ကုန်မြို့၌ ပညာဆက်လက်သင်ယူခဲ့သည်။ ၁၉၅၃ တွင် အင်းလေးကန် ကျွဲတူးကျောင်းထိုင်ဆရာတော် ဦးဂုဏထံ ပညာဆက်လက်သင်ယူခဲ့သည်။ ၁၉၅၅ တွင် ရှင်ဂန္ဒမာ၏ မိဘနှစ်ပါးမှ ပစ္စည်းလေးပါးခံယူပြီး နောင်ဆိုင်ကျောင်း သိမ်တော်၌ နောင်ခုဲင်းဆရာတော် ဘဒ္ဒန္တဂန္ဓမာထံ ဥပဇ္ဈာယ်ပြုပြီး အရှင်ကုသလ ဘွဲ့တော်ဖြင့် ရဟန်းဘဝသို့ တက်ခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှု[ပြင်ဆင်ရန်]

၁၉၅၈-၅၉ တွင် ရှင်ကုသလသည် သံဃာတော် (၉)ပါးနှင့် ကျောင်းသား (၁၆)ဦးကို ဦးဆောင်ပြီး အရှေ့တောင်တန်း ပအိုဝ်းကျောင်းသားသမဂ္ဂ ကိုဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့သည် ရည်ရွယ်ချက် (၈)ချက်နှင့် လုပ်ငန်းစဉ် (၅)ချက်ဖြင့် လှုပ်ရှားခဲ့သည်။ ထိုကာလတွင် ဖြားဗွာလှဖေနှင့် ဗိုလ်ချန်ဇုံ ခေါင်းဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ) [Pa-Oh National Liberation Army –PNLA] ၏ လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ရေးလမ်းစဉ်ဖြင့် အလင်းစဝင်သည့် ကာလဖြစ်သည်။ ၁၉၆၃ တွင် လင်းခေးမြို့နယ်ရှိ ပအိုဝ်းကျေးရွာများတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး ဟောပြောစည်းရုံးပြီး ဂျန်းဆန်းကောင် ရေဦးဘုန်းကြီးကျောင်းတွင် (၂)နှစ်သီတင်းသုံးပြီး ကလေးများကို အင်္ဂလိပ်စာ သင်ကြားပို့ချပေးခဲ့သည်။

၁၉၆၆ တွင် သံလွင်မြစ်အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာများသို့ သွားရောက်ပြီး ပအိုဝ်းလူငယ်များအား ပအိုဝ်းစာတတ်မြောက်ရေးအတွက် သင်ကြားပို့ချပေးခဲ့သည်။ ထိုနှစ်တွင် ဗိုလ်ချုပ်စံသိန်း ဦးဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး (ပအလဖ)ကို ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းပြီး တော်လှန်ရေးဆင်နွဲခဲ့သည့်နှစ် ဖြစ်သည်။

ထို့နောက် နယ်စပ်ဒေသမှတဆင့် ချင်းမိုင်ခရိုင်၊ မွိုင်ဖန်မြို့ရှိ ဝပ်ကျောင်အောက် ဆရာတော် ဦးစိဏ္ဏထံ ပညာသင်ယူခဲ့သည်။ ၁၉၆ရ တွင် နယ်စပ်တွင် အမျိုးသားရေးအတွက် လှုပ်ရှားနေသည့် အရှင်ကုသလကို ဗိုလ်ချုပ်စံသိန်း ကြားသိသောအခါ ကျောက်တလုံးကြီးသို့ ပြန်ပင့်လာခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဗိုလ်ချုပ်စံသိန်း ဦးဆောင်သည့် ပအလဖ အမည်မှ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) [Shan State Nationalities Liberation Organization- SSNLO] အမည်သို့ ပြောင်းဖွဲ့ခဲ့သည်။ ၁၉၆၈ ခုနှစ် မေလ (၁၂)ရက်နေ့တွင် ကျောက်တလုံး ဘုရားတောင်၏ ဇရပ်တွင် သံဃာ (၂၃၉)ပါးတက်ရောက်သည့် ပအိုဝ်းစာပေညီလာခံကို အရှင်ကုသလက ဦးဆောင်ကျင်းပခဲ့သည်။ ထိုနှစ်အောက်တိုဘာလ ဒုတိယပတ်တွင် မောက်မယ်မြို့နယ် ပင်ကုဲင်းရွာ၌ ရလလဖနှင့် ရှမ်းပြည်နယ်တပ်ပေါင်းစုတော်လှန်ရေးတပ်မတော် (SURA) ဖြစ်ပွားသည့်တိုက်ပွဲ၌ ဗိုလ်ချုပ်စံသိန်း ကျဆုံးသွားခဲ့သည်။

၁၉၇၁ တွင် သက်တော် (၃၅)ရသည့် အရှင်ကုသလသည် လူဝတ်လဲ၍ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ)ကို ဝင်ရောက်ပြီး လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို စတင်လုပ်ခဲ့သည်။ ၁၉၇၂ တွင် မန္တလေးထောင်၌ ထိန်းသိမ်းခံရသော ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဖြားဗွာလှဖေနှင့် ဦးကျော်စိန်တို့က ပြန်လွတ်မြောက်လာပြီး တောပြန်ခိုခဲ့သည်။ ၁၉၇၃ တွင် အင်အား ၁၅၀ဝ ကျော်သာရှိသော ရလလဖ သည် ဖြားဗွာခေါ် သထုံဦးလှဖေ ဦးဆောင်သည့် အမျိုးသားရေးအဖွဲ့နှင့် တာကလယ်ဦးဆောင်သည့် လက်ဝဲအင်းအားစုအဖွဲ့ဟူ၍ နှစ်ဖွဲ့ကွဲခဲ့သည်။ ၁၉၇၄ ဇန်နဝါရီလ (၁၂)ရက်နှင့် (၁၃)နေ့တွင် ကျင်းပပြုလုပ်သော သဘာပတိအစည်းအဝေး၌ အမျိုးသားရေးကို ဦးတည်ရေးအဖွဲ့က ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး [Shan State National Liberation Front- SSNLF] အမည်ဖြင့် ဖွဲ့စည်းခဲ့သည်။

ထိုအဖွဲ့သည် ဖြားဗွာဦးလှဖေက ဥက္ကဋ္ဌ ဖြစ်ပြီး ဗိုလ်မှူးကြီးအောင်ခမ်းထီက အထွေထွေအတွင်းရေးမှူး၊ ဦးကျော်စိန်က တွဲဖက်အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။ သို့သော်လည်း ၁၉၇၅ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ဥက္ကဋ္ဌ ဖြားဗွာလှဖေသည် တောင်ကြီးမြို့နယ် ပန်တွန်းရွာ၌ ဝမ်းရောဂါဖြင့် သေဆုံးခဲ့သည်။ ၁၉၇၅ နိုဝင်ဘာလ (၂၂)ရက်နှင့် (၃၀)ရက်နေ့တွင် ဆီဆိုင်မြို့နယ် နောင်လတ်ရွာ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေး၌ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်တင်မြောက်ခဲ့သည်။ ထိုအစည်းအဝေးမှ ဦးကျော်စိန်က ဥက္ကဋ္ဌ၊ ဗိုလ်မှူးကြီး အောင်ခမ်းထီက အထွေထွေအတွင်းရေးမှူး၊ ခင်ကျော်ညိုက တွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့သည်။

၁၉၇၅ ဩဂုတ်လ (၂၃)ရက်နေ့တွင် အမျိုးသားဟန်ပီပြင်သော ပအိုဝ်းအဖွဲ့အစည်း အမြန်ဆုံးဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီတစ်ရပ် ပြန်ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီတွင် ဆရာတော်ဦးနေမိ၊ ဦးကျော်စိန်၊ အောင်ခမ်းထီ၊ ဦးနုတပ်မှ ခွဲထွက်လာသည့် အောက်ပြည်ပအိုဝ်း PNLA အဖွဲ့မှ ခွန်ရဲနောင် တို့ ပါဝင်ခဲ့ကြသည်။ ထိုနောက် ၁၉၇၆ ဇန်နဝါရီလတွင် ဆီဆိုင်မြို့နယ် လုံးဒါဘုန်းကြီးကျောင်း၌ ပထမအကြိမ် ပအိုဝ်းအမျိုးသားညီလာခံတွင် ကန့်ကွက်သူမရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် [Pa-Oh National Organization- PNO] ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုညီလာခံတွင် ဦးကျော်စိန်- ဥက္ကဋ္ဌ၊ အောင်ခမ်းနှင့် ခွန်ရဲနောင်- ဒုဥက္ကဋ္ဌ၊ အောင်ခမ်းထီ အထွေထွေအတွင်းရေးမှူး၊ ခင်ကျော်ညို- တွဲဖက်အထွေထွေအတွင်းရေးမှူး အဖြစ် တင်မြောက်ခဲ့သည်။

၁၉၇၇ တွင် ခွန်ရဲနောင် ဦးဆောင်သည့် လူအင်အား (၆၀) ရှိသည့် PNLA အောက်ပြည်ပအိုဝ်းတပ်ဖွဲ့မှ ဆီဆိုင်အမှတ်(၉၄)ထံ လက်နက်ချ အလင်းဝင်ခဲ့သည်။ ထိုကြောင့် ၁၉၈၀ တွင် PNO ဥက္ကဋ္ဌ ဦးကျော်စိန်သည် နုတ်ထွက်စာတင်ပြီး အလင်းဝင်ခဲ့သည်။ ထိုနောက် ၁၉၇၇ တွင် ကျောင်ထို ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် အောင်ခမ်းထီ- ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဂျန်ဖာချိန်နှင့် အောင်ခမ်း- ဒု ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ခင်ကျော်ညို- အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ခွန်ဝိဇာ- တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း ပြန်လည်တင်မြောက်ခဲ့သည်။ ၁၉၇၈ မတ်လ (၃)ရက်နေ့တွင် ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ကို တောင်ကြီးမြို့နယ် နောင်ယာသုဲင်ကွင်းတွင် PNO ဦးဆောင်မှုဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည့် PNO တပ်ဖွဲ့သည် မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် Nationalities Democratic Front (NDF) သို့ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၁၉၉၁ ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည့် PNO/PNA တပ်ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)နှင့် အပစ်အခတ်ရပ်စဲရေး စသည့် ငြိမ်းချမ်းရေးပြုလုပ်ခဲ့သည်။ နဝတ စစ်အစိုးရက ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည် PNO အဖွဲ့ကို အထူးဒေသ(၆)ဖြင့် အုပ်ချုပ်ခွင့်နယ်မြေ သတ်မှတ်ပေးခဲ့သည်။

၁၉၉၃ တွင် ကျင်းပပြုလုပ်သည့် အမျိုးသားညီလာခံကို ဗိုလ်မှူးကြီး အောင်ခမ်းထီက ဧည်သည်အဖြစ် တက်ရောက်လေ့လာခွင့်ရခဲ့သည်။ ၂၀ဝ၇ တွင် ညောင်နှစ်ပင်မှ ကျင်းပသည့် အမျိုးသားညီလာခံကို ပအိုဝ်းအမျိုးသားကိုယ်စားတက်ရောက်သူများအနက် အောင်ခမ်းထီးလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ၂၀၁၀ တွင် PNO ဥက္ကဋ္ဌမှ နယကအဖြစ် ပြောင်းလဲ တာဝန်ယူခဲ့သည်။ ၂၀၁၂ မတ်လ (၁၀)ရက်နေ့တွင် အောင်ခမ်းထီသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တောင်ကြီးမြို့တွင် တွေ့ရှိပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ဒေသအတွက် ဖွံ့ဖြိုးရေးအကြောင်းကို တင်ပြဆွေးနွေးခဲ့သည်။ နဝတ စစ်အစိုးရနှင့် PNO တို့ ငြိမ်းချမ်းရေးသဘောတူပြီး နောက်ပိုင်းတွင် PNO သည် ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်းကို အဓိကလုပ်ဆောင်လာလေသည်။ PNO သည် အောင်ခမ်းထီ၏ ဦးဆောင်မှုကာလတွင် အောင်ပါလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ခဲ့သည်။

(၁) ပညာရေးကဏ္ဍတွင်

  • အခြေခံပညာအထက်တန်းကျောင်း (၁၀) ကျောင်း
  • အခြေခံပညာအလယ်တန်းကျောင်း (၁၉) ကျောင်း
  • အခြေခံမူလတန်းကျောင်း (၃၇) ကျောင်း ကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။

(၂) ကျန်းမာရေးကဏ္ဍတွင်

  • တိုက်နယ်ဆေးရုံ (၆)ခု
  • ကျေးလက်ကျန်းမာရေးဌာန (၇)ခု ကို အဆောက်အဦးနှင့်တကွ ဖွင့်လှစ်နိုင်ခဲ့သည်။

(၃) လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင်

  • တောင်ကြီးမြို့-ကျောက်တလုံး- မွေတော်ကက္ကူ၏ ကတ္တရာလမ်း (၃၂)မိုင်
  • နောင်တရား- ကျောက်တလုံး၏ ကျောက်ချောလမ်း (၃၆)မိုင် (၄)ဖာလုံ
  • ကျောက်တလုံး- နမ်းပန်၏ ကျောက်ချောလမ်း (၆) မိုင်
  • တောင်ကြီး- စလဲ - ပန်ကွဲ၏ ကျောက်ချောလမ်း (၂၁) မိုင် စသည်ဖြင့် ဖောက်လုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
  • ၂၀၁၂ တွင် ကျောက်တောင်- ကျောက်တလုံး-နောင်ယာဆိုင်- ဆိုင်ခေါဝ်-ဟိုနမ်း-မောက်မယ်၏ (၈၈)မိုင်ရှိ ကားလမ်းဖောက်လုပ်ရန် စီစဉ်ထားသည်။

(၄) ဘာသာရေး ကဏ္ဍတွင်

  • ၁၉၉၂ တွင် နိုင်ငံတော် စစ်အစိုးရထံမှ ဗုဒ္ဓပိဋကတ် (၃)ဘုံကို အစိုးရထံမှ ပင့်ဆောင်ခွင့်ရခဲ့သည်။
  • ၁၉၉၄ တွင် ရန်ကန်မြို့၌ ရွှေတိဂုံစေတီ တောင်ရင်းရှိ ဗဟန်းတွင် ပအိုဝ်းအမျိုးသားဓမ္မရုံကို တည်ဆောက်ဖွင့်လှစ် ပေးနိုင်ခဲ့သည်။
  • ၂၀ဝ၁ တွင် ကက္ကူမွေတော်ဘုရား ဂေါပကအဖွဲ့ ဖွဲ့စည်းပြီး စေတီပုထိုးများကို ပြုပြင်ခဲ့သည်။
  • ၂၀ဝ၁ ဒီဇင်ဘာလတွင် ဗုဒ္ဓမြတ်သရီရဓာတ်တော်ကို သီရိလင်္ကာနိုင်ငံမှ သွားရောက်ပင့်ယူပြီး မွေတော်ကက္ကူစေတီတွင် ပူဇော်ခဲ့သည်။
  • ၂၀ဝ၂ မေလတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရလက်ထက်၌ တန်ပေါင်း (၃၀ဝ၀)ရှိသော မဟာကျောက်စိမ်းတုံးကြီးကို နိုင်ငံတော်သို့ လွဲအပ်လှူဒါန်းခဲ့သည်။
  • ၂၀ဝ၃ တွင် သီရိလင်္ကာနိုင်ငံမှတဆင့် ဗုဒ္ဓမြတ်စွယ်တော်ပွားကို ပအိုဝ်းဒေသသို့ ပင့်ယူလာပြီး ပူဇော်ခဲ့သည်။

(၅) စိုက်ပျိုးရေး ကဏ္ဍတွင် ပတ္ထမြားနဂါး ကုမ္ပဏီအနေဖြင့်

  • တိုက်ကြီးမြို့နယ် ဖလုံကျေးရွာတွင် ဆိုးဆေး ဧက (၅၀)၊ နာနတ်-သရက် ဧက (၁၀ဝ)၊ ကျွဲကော်-သံပုရာ ဧက (၁၀ဝ)
  • မှော်ဘီမြို့နယ်တွင် ဆိုးဆေး(၃)ဧက
  • ရန်ကုန်ငွေနံသာမြို့သစ် ငွေနံသာခြံတွင် ဆိုးဆေး (၇.၂)ဧက
  • ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စုတွင် ဆိုက်ခေါဝ်စိုက်ပျိုးရေးစခန်းအဖြစ် မြေရိုင်းဧက (၅၀ဝ၀)ကို ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောက်စီ၏ ခွင့်ပြုချက်လိုင်စင်ဖြင့် ၂၀ဝ၁ မှ ၂၀၃၁ ထိ နှစ်ပေါင်း (၃၀) စိုက်ပျိုးလုပ်ကိုင်ခွင့်ရခဲ့သည်။ ၎င်းကို ဘက်စုံသီးနှံစိုက်ပျိုးရေးအတွက် ဧကပေါင်း ကို နှစ်ရှည်ပင်၊ စပါးနှင့် သီးထပ်သီးနှပ်များကို စိုက်ပျိုးခဲ့သည်။
  • ၂၀ဝ၀ ဩဂုတ်လမှ စ၍ ညောင်ရွှေမြို့နယ် နန်းသဲကျေးရွာအုပ်စုတွင် နန်းသဲစိုက်ပျိုးကွင်းအဖြစ် ရာသီသီးနှံနှင့် သစ်ခွပန်းများစိုက်ပျိုးလျက်ရှိသည်။ အခြားနေရာ စီးပွားရေးလုပ်ငန်းများအဖြစ် တိလောတွင် (၁၀၆)ဧက၊ တောင်ခြေတွင် (၁၀၄၀)ဧက၊ ကျောက်တိုင်တွင် (၃၀၁၆)ဧက၊ တိလော(၁)တွင် လျှောက်ထားဆဲ (၂၀ဝ)ဧက စုစုပေါင်း (၅၃၀၆) ဧကရှိသည်။

ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ငန်းကို ပတ္ထမြားနဂါးကုမ္ပဏီအနေဖြင့် (၁) မိုင်းရှူးရတနာမြေတွင်

  • ၁၉၉၆-၂၀ဝ၃ ထိ ဆိုင်းလျံလုပ်ကွက် ကျောက်မျက်ရိုင်း ပိဿာချိန်(၄၄၁၈.၇၃) တူးဖော်ရရှိခဲ့သည်။
  • ၂၀ဝ၀-၂၀ဝ၄ ထိလွိုင်ဆောင်ထောက်လုပ်ကွက်တွင် နိုင်ငံတော်နှင့်အကျိုးတူ(၁)တွင် လုပ်ကွက်ဧရိယာ (၅.၂၈)ဧကရှိပြီး (၄)နှစ်အတွက်း ကျောက်မျက် (၁၃၀၇.၆) ကီလိုဂရမ်ထွက်ရှိခဲ့သည်။

(၂) မိုးကုတ်ရတနာမြေတွင်

  • ၂၀ဝ၁ ဖေဖော်ဝါရီလတွင် စတင်လုပ်ကိုင်ပြီး ဧရိယာအကျယ်အဝန်းအနေဖြင့် (၂၀)ဧက လုပ်ပိုင်ခွင့်ရခဲ့သည်။ တူးဖော်ရသည့် ပတ္တမြား (၈၆၃၀ဝ)ဂရမ်ကို အခွန် (၃၆၆၅၀ဝ၀) ပေးဆောင်ရသည်။

(၃) ဖားကန့်ရတနာမြေတွင်

  • ၁၉၉၆-၂၀ဝ၄ ထိ နိုင်ငံတော်နှင့် အကျိုးတူလုပ်ကိုင်မှုဖြင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ပေါင်း (၁၅၂)ကွက်၊ (၁၅၂)ဧကရှိပြီး (၁၀)နှစ်ကာလအတွင်း တူးဖော်ရရှိသည့် ကျောက်စိမ်းအလေးချိန် စုစုပေါင်း (၁၁၂၅၂၉၈) ကီလို ရရှိခဲ့သည်။
  • ၂၀ဝ၀ ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် နမ့်မှော်(လုံးစွပ်)လုပ်ကွက်အမှတ် (၁၀၉)မှ တန် (၃၀ဝ၀) ကျောက်စိမ်းတုန်းကြီးကို တူးဖော်ရရှိခဲ့သည်။ ၎င်းကို ၂၀ဝ၂ မေလ (၂၆)ရက်နေ့တွင် PNO ဥက္ကဋ္ဌ အောင်ခမ်းထီက နိုင်ငံတော်သို့ ပေးအပ်လှူဒါန်းခဲ့သည်။

ရွှေတူးဖော်ရေးလုပ်ငန်း[ပြင်ဆင်ရန်]

Ruby Dragon Jade Co.,Ltd အနေဖြင့် ဝန်ကြီးဌာန သတလ(၂)ကို ၃၅း ၆၅ ဖြင့် တရားဝင် စာချုပ်ချုပ်ဆိုလုပ်ကိုင်ခဲ့ပြီး ကျပ်သိန်းပေါင်း (၃၆၀၂၃)ဖြင့် ရင်းနှီးမြုပ်နှံခဲ့သည်။ ၁၉၉၆-၂၀ဝ၄ ထိ လုပ်ကိုင်ပြီး ရွှေပိဿာချိန် (၂၃၃.၉၅)ရရှိ၍ ကျပ်သိန်း (၂၉၆၃၆)ဖြင့် ရောင်းရသည်။ ဟိုပုံးမြို့နယ် လိုင်ဟာဖြားနှင့် ထီချောတောင်တွင် ခနောက်စိမ်း တူးဖော်လျက်ရှိသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း[ပြင်ဆင်ရန်]

Ruby Jade Hotel ကို မြစ်ကြီးနားခရိုင်ဖားကန့်မြို့နယ်၊ ယူမားကျေးရွာတွင် တည်ဆောက်ပြီး ကျပ်သိန်းပေါင်း (၂၇၇၂)ဖြင့် ရင်းနှီးမြုပ်နှံထားသည်။ ၎င်းကို ၂၀ဝ၄ မတ်လတွင် စတင်ဖွင့်လှစ်ခဲ့သည်။ Jade Marina Resort Hotel ကို ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီရွှေဝါချိုင့်တွင် တည်ဆောက်ပြီး ကျပ်သိန်း (၂၀ဝ၀ဝ)ဖြင့် ရင်းနှီးမြုပ်နှံထားသည်။ ၎င်းကို ၂၀ဝ၅ ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့သည်။ အင်းလေးကန်တွင် ရွှေကျွန်းမျှောဟိုတယ်ကို နမ်းပန်နှင့် သလဲဦးတွင် (၂)နေရာ ဖွင့်လှစ်ထားသည်။

စက်ရုံလုပ်ငန်းများ[ပြင်ဆင်ရန်]

မန္တလေးမြို့တွင် ကျောက်စိမ်းအချောထည်စက်ရုံ၊ ဧကရီ ရွှေပန်းတိမ်လုပ်ငန်းစက်ရုံ၊ တီကျစ် နဂါးဘိလပ်မြေစက်ရုံ၊ ကလောတွင် ဝိုင်စက်ရုံ၊ သကြားစက်ရုံ လုပ်ငန်းများလည်း လုပ်ကိုင်ခဲ့သည်။

အခြားစီးပွားရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

Ruby Dragon Construction Co.,Ltd သည် အခြားစီးပွားရေးလုပ်ငန်းများအဖြစ် အဆောက်အုံများ ဆောက်လုပ်ရန် စီမံကိန်းရေးဆွဲ လျက်ရှိလျက်ရှိရာ ဗိုလ်တစ်ထောင်မြို့နယ် ဗဟာဗန္ဓုလလမ်းနှင့် ကမ်းနားလမ်း သံလျက်စွန်းနေရာတွင် လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိသည်။ ဖားကန့်တွင် Ruby Jade Hotel၊ ငပလီရွှေဝါချိုင့်တွင် Jade Marina Resort Hotel၊ တီကျစ်တွင် ဘိလပ်မြေစက်ရုံ စသည့်တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

ကျမ်းကိုး[ပြင်ဆင်ရန်]

  • ပြည်ထောင်စုထဲကပအိုဝ်း
  • ဟဝ်သေထွိုက်ငါး အားဇာနည်းခေါင်ဆောင်တန်သီး သမဲင်တဖူရဲဉ်း
  • မြန်မာ့အလင်း နေ့စဉ်သတင်းစာ- ၂၀၁၂ မတ်လ (၁၂)ရက်နေ့၊ တနင်္ဂနွေနေ့
  • PA-OH PEOPLE by Mika Rolly