ကျင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ရခိုင်ကျင်ပွဲတစ်ခု

ကျင် ဆိုသည်မှာ ကျား နှင့် ယင် ဆိုသော စကားနှစ်လုံး ပေါင်းစပ်ရာမှ ကျင်ဟူ၍ ဖြစ်လာသည်။ ကျင်အားကစားတွင် ယှဉ်ပြိုင်သူ အမျိုးသား နှစ်ဦးပါရှိပြီး တစ်ဦးက အဖမ်း တစ်ဦးက အခံဖြစ် သည်။ အဖမ်းသမားသည် ကျားကဲ့သို့ လျင်မြန်ဖြတ်လတ်ပြီး၊ အခံသမားသည် ယင်ကောင်ကဲ့သို့ လျင်မြန်သည်ဟု တင်စားရာမှ ကျားနှင့်ယင် ကစားနည်း ဖြစ်တည်ကာ နောက်ပိုင်းတွင် ကျင်ကစားနည်း ဖြစ်လာသည်။ ရခိုင်ဒေသ အခေါ်အဝေါ်အားဖြင့် ကျင်ကိုင်သည် ဟု သုံးနှုံးသည်။ အားခွန်ဗလ သန်မာမှုကို အဓိက ထားကစားသော ကစားနည်း ဖြစ်ပြီး၊ အခြားသော ကမ္ဘာ့နိုင်ငံများမှ နပန်းကဲ့သို့သော ကစားနည်းမျိုးနှင့် ကွာခြားသည်မှာ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက် သတ်ပုတ်ခြင်း မဟုတ်ဘဲ အားအင်နှင့် ပရိယာယ်ကို အသုံးပြုပြီး အဖမ်းသမားမှ ယှဉ်ပြိုင်ဖက် အခံသမားကို မြေပြင်သို့ လှဲချနိုင်စေရေး ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ရှေးရိုးရခိုင့် ရိုးရာ ကစားနည်း တစ်နည်းဖြစ်ပြီး ယခုထက်တိုင် ပျော်ပွဲရွှင်ပွဲ ကျင်းပတိုင်း ထည့်သွင်း ကျင်းပကြသည်။

အားခွန်ဗလပြည့်ဝသော ကျင်အားကစား ကစားသူများကို ကျင်သန်ဟုခေါ်ဆိုပြီး၊ အားခွန်ဗလနှင့် ပြည့်စုံသူများ ဖြစ်ရကား ရခိုင်ပြည်နယ် တစ်ဝှမ်းလုံးမှ ကျင်ပွဲပါဝင်သော မည်သည့်ပွဲလမ်းသဘင်မဆို အထူးတလည် ဖိတ်ကြားခံရသူများ ဖြစ်သည်။

ကျင်ပွဲကျင်းပရာတွင် အများအားဖြင့် ရွှေမောင်းတန်းငွေမောင်းတန်းဟူ၍ အဆင့်ခွဲခြားထားပြီး ကျင်ပွဲ စပြိုင်သူသည် ငွေမောင်းတန်းမှ စတင်ယှဉ်ပြိုင်ရကာ၊ အကယ်၍ ပွဲစဉ်တစ်ခုခုတွင် ငွေမောင်းတန်း၌ အနိုင်ရ ဗိုလ်စွဲပါမှ နောက်ပိုင်း ယှဉ်ပြိုင်သော ပြိုင်ပွဲများတွင် ရွှေမောင်းတန်း၌ တက်ရောက် ယှဉ်ပြိုင်ခွင့်ရှိသည်။

ကျင်ပွဲကျင်းပရာ ကွင်းမြေသည် ညီညာပြန့်ပြူးသော ကွင်းပြင်ဖြစ်၍ အများအားဖြင့် ဝိုင်းစက်သော ပုံသဏ္ဌာန်ရှိကာ သဲဆန်သော မြေပြင်မျိုးကို ရွေးချယ်လေ့ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ကျင်အားကစားမှာ တစ်ဦးကို တစ်ဦး မြေပြင်တွင် လှဲချရသော ကစားနည်း ဖြစ်ရကား လဲကျသည့်တိုင် ဆူးညှောင့်များ ရှိမနေရေး အထူး ဂရုစိုက်ရသည်။ ကွင်း၏ တစ်ဘက်ဘက်တွင် ဒိုင်များ၊ ပွဲကျင်းပရေးအဖွဲ့များမှ မဏ္ဍပ်ဖြင့် နေရာယူကြရပြီး မဏ္ဍပ်ရှေ့ကွင်းပြင်ကို ဝိုင်းပတ်ကာ ပွဲကြည့်ပရိသတ်များက ဝိုင်းထိုင်ကြည့်ရှုရသည်။

ကျင်ပွဲ မကျင်းပမီတွင် ကွင်းဖွင့်အထိမ်းအမှတ် အနေဖြင့် ကလေးငယ်နှစ်ဦးက ကျင်ကိုင်သည့် ဟန်လုပ်၍ ကစားပြကာ ကွင်းကို ဖွင့်လှစ်လေ့ရှိသည်။ ထိုကလေး နှစ်ယောက် ကိုင်သော ကျင်ကို မင်္ဂလာကျင်ဟု ခေါ်သည်။ ကျင်ကိုင်ကြရာ၌ နှစ်ကြိမ် နှစ်ခါ ကိုင်ရခြင်း ဖြစ်ပြီး တစ်ကြိမ် အဖမ်းအလှည့်ဖြစ်ပြီး နောက်တစ်ကြိမ် အခံအလှည့်ဖြစ်သည်။ အဖမ်းသမားမှ စတင်၍ ဖမ်းပြီးမှသာ အခံသမားက ခုခံပိုင်ခွင့်ရှိပြီး အဖမ်းသမား စတင် မဖမ်းမီ အခံသမားအနေဖြင့် လှုပ်ရှားခွင့် မရှိချေ။ အများအားဖြင့် အဖမ်းသမားသည် အသာစီးရသည်ဟု ထင်စရာရှိသော်လည်း၊ ကျွမ်းကျင်ပါးနပ်သော ကျင်သန်နှင့်တွေ့သောအခါ သူသည် အခံ အလှည့်ဖြစ်သည့်တိုင် အနိုင်ရသည်ထိ ကစားနိုင်သည်ကို တွေ့ရှိရသည်။

ကျင်ပွဲပြီးသောအခါ အနိုင်ရရှိသော ကျင်သန်သည် ကျင်ပွဲကျင်းပရာ ကွင်းပတ်လည်ရှိ ပရိသတ်တို့ ရှေ့မှောက်တွင် ခါးတောင်းကို မြောင်အောင်ကျိုက်ပြီး လှပစွာ ကသည်ကို ဒေသအခေါ် ကျင်ကွင်းသည်ဟု ခေါ်သည်။ ကျင်သန်အနေဖြင့် ပွဲကျင်းပရာ ဌာနမှ ဆုတော်ငွေ ရရှိသည့်အပြင် ကွင်းပတ်လည်တွင် ကြည့်ရှုနေကြသော ပရိသတ်များမှ ဆုချခြင်းမှလည်း ဆုတော်ငွေများ အမြောက်အမြားရတတ်သည်။