နဂါးပေါက်တံတား (ပဲခူး)

ဝီကီပီးဒီးယား မှ

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ ဝေါမြို့နယ် ဒိုက်ဦး-စစ်တောင်းလမ်းတွင် ရှိပြီး ၂၀၀၈ ခုနှစ် ဇွန်၁ရက်က စတင်တည်ဆောက်၍ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၂၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့သစ်လက်တွက် တွင် ငါးစင်းမြောက် ဖွင့်လှစ်ခဲ့သော ပေ ၁၈၀ အထက် တံတားဖြစ်သည်။ သံကူကွန်ကရစ်အမျိုးအစား ဖြစ်ပြီး စုစုပေါင်းတံတားအရှည်ပေ ၂၄၀၊ ဒိုက်ဦးမှ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ ယာဉ်နှစ်လမ်းသွားနှင့် လူသွားလမ်းတစ်ဖက်လျှင် သုံးပေစီပါရှိကာ ယာဉ်တစ်စီးချင်း ခွင်ပြုအလေးချိန်မှာ (ယာဉ်+ကုန်) တန် ၆၀ ဖြစ်သည်။

ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး၊ ဒိုက်ဦးမြို့မှ ရန်ကုန်-ပဲခူး-မော်လမြိုင်လမ်းရှိ စစ်တောင်းတို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့် ဖြတ်လမ်းပေါ်တွင် တည်ရှိသည်။ ယခင်လမ်းကြောင်းမှာ ၄၆ မိုင်ကွာဝေးပြီး ယခုတည်ဆောက်ပေးသည့် တံတားကို အသုံးပြု၍ ဒိုက်ဦးမှ စစ်တောင်းသို့ ဖြတ်လမ်းမှသွားပါက ၂၁ မိုင် ခြောက်ဖာလုံသာဝေးသည့်အတွက် ၂၄ မိုင် နှစ်ဖာလုံ သက်သာသွားမည်ဖြစ်သည်။

ဤတံတားကြီးသည် ဖွင့်လှစ်ပေးသည့်အတွက် ပဲခူးတိုင်းဒေသကြီးမှတဆင့် မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများသို့ လည်းကောင်း၊ မွန်ပြည်နယ်ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများသို့လည်းကောင်း၊ မြန်မာပြည်အရှေ့မှအနောက်၊ တောင်မှမြောက်သို့ ကွန်ရက်သဖွယ် ယှက်သွယ်သွားလာနိုင်မည်ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Myanmar.com။ 5 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 February 2012 တွင် ပြန်စစ်ပြီး။