သုံးဆယ်မြို့

ဝီကီပီးဒီးယား မှ
သုံးဆယ်မြို့ နာရီစင်

သုံးဆယ်မြို့သည် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ စည်ကားသော မြို့တစ်မြို့ဖြစ်သည်။ သာယာဝတီမြို့သည် သုံးဆယ်မြို့နှင့်နှစ်မိုင်မျှသာကွာဝေး၍ ခရိုင်နှင့်မြို့နယ်ရုံး စိုက်ရာမြို့ဖြစ်သော်လည်း သုံးဆယ်မြို့လောက် မစည်ကားချေ။ သုံးဆယ်မျူနီစီပယ် နယ်နိမိတ်၏ဆင်ခြေဖုံးကဲ့သို့ ဖြစ်နေလေသည်။ သုံးဆယ်မြို့၏ မြို့ရွာသန့်ရှင်း စည်ပင်ရေးအတွက် မျူနီစီပယ်အဖွဲ့ကိုခရစ် ၁၈၉၇ ခုနှစ်မှစ၍ဖွဲ့စည်းဆောင်ရွက်လာခဲ့သည်။ ၁၉၆၅ ခုနှစ်သန်းခေါင်စာရင်းအရ သုံးဆယ်မြို့၏ လူဦးရေမှာ ၁၄၄၄၃ ယောက်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာ မြို့မဟုတ်သော်လည်းများစွာသောအစိုးရအမှုထမ်း အရာထမ်းတို့မှာ သုံးဆယ်မြို့တွင်နေ၍ မြောက်ဘက် နှစ်မိုင်မျှသာဝေးသော သာယာဝတီမြို့သို့မိမိ တို့ဆိုင်ရာ ရုံးကိစ္စအလုပ်ဝတ်တရားများ ဆောင်ရွက်ရန် နေ့စဉ်သွားရောက်လေ့ရှိကြသည်။

ရန်ကုန် ပြည်မီးရထားလမ်းနှင့် မော်တော်ကား လမ်းပေါ်တွင် တည်ရှိသော သုံးဆယ်မြို့သည် ရန်ကုန်မြို့မှမီးရထားလမ်းအတိုင်း ၆၆ မိုင်ဝေး၍ပြည်မှ ၉၃ မိုင်ဝေးသည်။ မော်တော်ကား လမ်းအတိုင်းဆိုသော် ရန်ကုန်မြို့မှ ၇၅မိုင်ဝေးကွာသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်၍ ပစ္စည်းများကိုမီးရထား၊ မော်တော်ကားများဖြင့် သယ်ယူပို့ဆောင်နိုင်သဖြင့်အရောင်းအဝယ် အလုပ်အကိုင်ကောင်းသည်။ သုံးဆယ်မြို့၏ ပတ်ဝန်းကျင်မှ ဆန်စပါးများစွာထွက်သည်။ သုံးဆယ်မြို့မချောင်းမှ ကျွန်းသစ်များ မျှောကာ သစ်လုပ်ငန်းလုပ်ကိုင်ကြသည်။

မြို့တွင်း၌ကိုးထပ်ကြီးဘုရား၊ မဟာစေတီလှ ပုထိုးတော်၊ ရွာပုံစည်းခုံစေတီတော်၊ ထူပါရုံကျောင်းတိုက်စသည့် စေတီပုထိုးကျောင်းတိုက်တို့ရှိကြသည့်ပြင် ကျောင်းသား ၈၀၀မှ ၁၀၀၀ခန့်မျှပညာသင်ကြားနိုင်သော အစိုးရ အထက်တန်းကျောင်းကြီးကိုလည်း ၁၉၅၃ - ၅၄ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ထို့ပြင် ပြည်သူ့ရဲတပ်ဖွဲ့စခန်း၊ စာတိုက်၊ ဆေးပေးခန်းတို့လည်းရှိသည်။ မြို့အလယ်ရှိ ရွှေဟင်္သာရေကန်ကြီးမှာ လည်း တင့်တင့်တယ်တယ် ရှုမငြီးဖွယ်ရှိလှပေသည်။ ယခုသုံးဆယ်မြို့တည်ရှိရာဒေသတွင် ရှေးအခါက သုံးဆယ်မြို့ဟူ၍မရှိသေးဘဲ ရွာမ၊စံရွေး၊ ဆင်စု စသောရွာများသာရှိသည်။ ရွာမရွာသည် ယခုသုံးဆယ်မြို့မ ချောင်းကမ်းပါး၌တည်ရှိ၍ လယ် တဲကလေး ၁၀တဲခန့်သာ ရှိခဲ့သည်။ ကျွန်းသစ်လုပ်ငန်းကြောင့် ရွာမရွာသည် တဖြည်းဖြည်း စည်ကားလာပြီး ရွာကြီးဖြစ်လာသည်။

ရွာမ၌လူအခြေစိုက်မိသောအခါ ယခင်က မြို့ကလေးအဖြစ် တည်ရှိ နေသောစံရွေးမှလူများသည် သစ်လုပ်ငန်းလုပ်ကိုင်ရန် ရွာမသို့တစ်စတစ်စ ပြောင်းရွှေ့လာကြသည်။ အချို့လူများသည်ရွာမတွင်နေထိုင်ကြပြီးလျှင် အချို့မှာ ယခုသုံးဆယ်မြို့တည်ရာ ချောင်းကမ်းဖြစ် သောဆင်စု၌ လာရောက်အခြေစိုက်ကြသည်။ သစ်လုပ်ငန်းတွင် ကျယ်လာသဖြင့် ဆင်စုရွာသည်အိမ် ခြေ ၂ဝ ခန့်လောက်ဖြစ်လာသည်။ သစ်များဖောင်ဖွဲ့ရာတွင်လည်းကောင်း၊ သစ်စွပ်ရာတွင်လည်းကောင်း ဆင်များကို အထူးအသုံးပြု ကြရာ ထိုနေရာ၌များသောအားဖြင့် ဆင်သမားများသာနေထိုင် ကြသည်။ ဆင်အကောင် ပေါင်းများစွာစု၍ ချောင်းကမ်းပါးညောင်ပင်ကြီးအောက်၌ ချည်လေ့ရှိသောကြောင့် ထိုနေရာသည် ဆင်စု ဟု အမည်တွင်ခဲ့လေသည်။ ရွာမနှင့်ဆင်စုသည် တစ်ခေါ်ခန့်လောက်သာဝေးသည်။ သစ်လုပ်ငန်းကြောင့် ထိုနေရာသည်စည်ကားလာသည်။

ထိုရွာကလေးများ သာယာသောအချိန်သည် ဘကြီးတော်ဘုရားလက်ထက် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲ ဖြစ်ပွားသည့်အခါဖြစ်ပေသည်။ ထိုအချိန်တွင် စစ်သူကြီး မဟာဗန္ဓုလ၏ အမိန့်တော်ဖြင့် အောက်ပြည် တစ်လွှားရှိနယ်ပယ်များမှ စစ်သည်တော်များစုဆောင်း ကြရသည်။ ရွာမနှင့်ဆင်စုရှိ ရွာသားများထဲမှ စစ်သည်တော်များ စုဆောင်းရာတွင် စစ်ရေး၌ စွမ်းဆောင်နိုင်မည့် ယောက်ျားအာဇာနည်ပေါင်း သုံးဆယ်ရရှိလေသည်။ ဤသို့စစ်သည် သူရဲကောင်းသုံးဆယ် ပို့ဆက်ရသောအကြောင်းကို အစွဲပြု၍ အင်္ဂလိပ်·မြန်မာ ပထမစစ်ပွဲပြီးဆုံးသွားသောအခါ ထိုရွာမနှင့်ဆင်စုကို သုံးဆယ် ဟုခေါ်တွင်လာကြလေသည်။ ဘကြီးတော်ဘုရား လက်ထက်မှ စ၍သုံးဆယ်မြို့သည် အိမ်၊ ဈေး၊ သစ်ဆိပ်တို့ဖြင့် တဖြည်းဖြည်း တိုးတက်စည်ကားလာလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)